မမျှော်လင့်ထားသော
Vol. 84 Ch. 1174
ထို့နောက် ဆံနီလူငယ်က ထန်ရှုအား လေးနက်သောအကြည့်နှင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ဆရာမရှိဘူး၊ ဒါပေမယ့် သူဌေးတစ်ယောက်ရှိတယ်”
ထန်ရှု၏စိတ်ဝင်စားမှုက မြင့်တက်သွားပြီး သူက ထပ်မေးလိုက်၏ “မင်းတစ်ခုခုတော့ သိတယ်မလား”
“အရက်မူးနေချိန်မှာ ဝံပုလွေနက်ခန်းမသခင်မာဆာအိုဆာခါဆီကနေ တစ်ခု ကြားခဲ့တယ်။ အဲဒါ နာမည်တစ်ခုပဲ”ဆံနီလူငယ်က ပြောလိုက်သည်။
“ငါ့ကို မျှဝေပေးလို့ရမလား”ထန်ရှုက အလေးအနက်ထားကာ မေးလိုက်သည်။
“ပျော်ရွှင်ခြင်းနန်းတော်”လူငယ်က ပြန်ဖြေသည်။ ထို့နောက် သူက အနက်ရောင်လက်ကိုင်ပဝါအား ယူထုတ်ကာ ဓားမြှောင်အား သုတ်လိုက်၏။ ဓားမြှောင်အား သူ့လက်ကောက်ဝတ်ထဲသို့ ပြန်သိမ်းပြီးနောက် သူက ပြောလိုက်သည် “ငါ့ကိုယ်ငါ အမြဲတမ်း ပိုသန်မာအောင် လုပ်ချင်ခဲ့တာ။ ငါ့ခေါင်းကို သေနတ်နဲ့ ချိန်တာမျိုးကို မလိုချင်သလို ငါ့မျက်စိရှေ့မှာ ငါ့ဆွေမျိုးတွေ အသတ်ခံရတာကိုလဲ ငါ မမြင်ချင်ဘူး”
“မင်းမှာ ရန်ငြိုးဟောင်းတစ်ခု ရှိတာလား”ထန်ရှုက မေးလိုက်သည်။
“ငါ့ရန်သူတွေက သေသွားပြီ”သူက အေးစက်သောအသံနှင့် ပြန်ဖြေသည်။
“ကောင်းတယ်။ ဒါ မဆိုးဘူး”ထန်ရှုက ချီးကျူးလိုက်သည် “မင်းက သတ်ဖြတ်ခြင်းဉာဉ်နဲ့ မမွေးဖွားလာပေမယ့် လှုံ့ဆော်မှုကြောင့် နိုးထလာခဲ့တာပဲ။ ငါ့လက်အောက်မှာ လုပ်ရင်ရော ဘယ်လိုလဲ။ မင်း လိုချင်လား”
ဆံနီလူငယ်က အနည်းငယ် တုန်ယင်သွားသည်။ သူက ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ မေးလိုက်သည် “မင်းက ငါ့ကို ပိုသန်မာအောင် လုပ်ပေးနိုင်လား”
“နောက်နှစ်အနည်းငယ်အတွင်း လက်ရှိမင်းထက် ဆယ်ဆပိုသန်မာလာစေရမယ်”ထန်ရှုက ပြောလိုက်သည်။
“ဆရာ”
လူငယ်က ထန်ရှုရှေ့မှောက်တွင် တန်းကာ ဒူးထောက်လိုက်သည်။
“မင်းက ငါ့ကို ဒီလိုပဲ ယုံကြည်တာလား”ထန်ရှုက မေးငေါ့လျက် မေးလိုက်သည်။
“မယုံပါဘူး၊ ဒါပေမယ့် ငါ မင်းအပေါ်မှာ အလောင်းအစားလုပ်ချင်တယ်”လူငယ်က ခေါင်းခါယမ်းလိုက်သည်။
လက်မထောင်လျက် ထန်ရှုက သူ့အား ချီးကျူးလိုက်သည် “မင်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ။ ဒါပေမယ့် ငါ မင်းကို သဘောကျတယ်၊ ဒီနေ့က စပြီး မင်းက ငါ့နောက်လိုက်ဖြစ်ပြီ။ ကုန်းဝမ်အာ၊ သူ့ကို ခေါ်လာခဲ့”
“ကျေးဇူးပြုပြီး ငါ့ကိုလဲ ခေါ်သွားပါ”
အမျိုးသမီးက ကုပ်ကပ်ထကာ ထန်ရှုထံ လျှောက်လာ၏။ တုန်ယင်နေသောခန္ဓာကိုယ်နှင့်အတူ သူမက ဒူးထောက်ကာ ပြောလိုက်သည် “ပိုသန်မာတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲဆိုတာ မသိပေမယ့် ရှင်က ကျွန်မအသက်ကို ကယ်ခဲ့တယ်ဆိုတာတော့ ကျွန်မ သိတယ်။ ရှင်က ကျွန်မအသက်ကို ပိုက်ဆံနဲ့ ဝယ်ပေးခဲ့တယ်၊ ရှင်က ခေါ်သွားမယ်ဆိုရင် ကျွန်မအသက်က ရှင့်အပိုင်ပဲ”
ထန်ရှုက မှင်တက်သွားကာ သူမအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သူမ၏လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ သွေးကြောအား စစ်ဆေးကြည့်၏။ သူမက ကျင့်ကြံခြင်းနည်းစနစ်တစ်ခုမှ မရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည်ကို တွေ့လိုက်ရသည်။ စောစောက ပြင်းထန်သောရိုက်နှက်မှုများကြောင့် သူမ၏အတွင်းအင်္ဂါများပင် ဆိုးဆိုးဝါးဝါးထိခိုက်ထား၏။
“မင်းလဲ ငါ့နောက် လိုက်ချင်တာလား”
“ရှင်က ကျွန်မကို ဝယ်ခဲ့တယ်၊ ဒါကြောင့် ရှင့်အတွက် ကျွန်မ အလုပ်လုပ်ပေးမယ်။ ရှင်က မကယ်ခဲ့ရင် ကျွန်မက သနားစရာကောင်းတဲ့ကံကြမ္မာနဲ့ အဆုံးသတ်သွားရလိမ့်မယ်။ ရှင်က ကျွန်မကို ပိုသန်မာအောင် လုပ်ပေးနိုင်တယ်ဆိုတာ ကျွန်မလဲ သိတယ်၊ ဒါကြောင့် ကျွန်မအနေနဲ့ နောက်ထပ်ဘယ်ယောကျ်ားကိုမှ မှီခိုစရာမလိုတော့ဘူး”
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည် “မင်းက လူသတ်ရဲလား”
အမျိုးသမီးက တုံ့ဆိုင်းသွားသည်။ သို့သော် များမကြာမီ သူမက ပြတ်သားစွာ ခေါင်းညိတ်ကာ ပြောလိုက်၏ “ရှင်က အမိန့်ပေးရင် ကျွန်မ သတ်မယ်”
ထန်ရှုက ကုန်းဝမ်အာဘက် လှည့်ကာ ပြုံးလျက် မေးလိုက်သည် “မင်း ဘယ်လိုထင်လဲ။ ငါ သူတို့ကို လက်ခံသင့်လား”
“ငါသာဆိုရင် လက်ခံမှာ မဟုတ်ဘူး။ သူတို့က အားနည်းလွန်းတယ်”ကုန်းဝမ်အာက ပြောလိုက်သည်။
ထန်ရှုက အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။ သူ့ရှေ့တွင် ဒူးထောက်နေသော လူနှစ်ယောက်အား ကြည့်ကာ သူက ပြော၏ “ဒါက မင်းတို့ရဲ့ရွေးချယ်မှုဆိုမှတော့ ငါ မင်းတို့ကို လက်ခံမယ်။ မင်းတို့တွေ ပိုသန်မာလာဖို့အတွက် ငါ မင်းတို့ကို ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ချီးမြှင့်မယ်။ မင်းတို့ရဲ့ကျင့်ကြံခြင်းကို ကူညီဖို့အတွက် မင်းတို့က ဆေးလုံးနဲ့ပိုက်ဆံတွေကိုလဲ လက်ခံရရှိလိမ့်မယ်။ ဒါပေမယ့် မင်းတို့ရဲ့ခန္ဓာကိုယ်ထဲက ချီဒါမှမဟုတ်စွမ်းအင်လှည့်ပတ်မှုစီးကြောင်းကို အာရုံခံဖို့ အချိန်လဝက်ပေးမယ်။ မင်းတို့က ကျရှုံးမယ်ဆိုရင် ငါ့လက်အောက်မှာ အလုပ်လုပ်တဲ့လူမရေမတွက်များစွာထဲက တစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် မင်းတို့အနေနဲ့ ငါ့ရဲ့အသိအမှတ်ပြုမှုကို ရရှိဖို့က မဖြစ်နိုင်တော့ဘူး”
“စွမ်းအင်လည်ပတ်တာကို အာရုံခံခြင်းရဲ့အဓိပ္ပါယ်က ဘာလဲဆိုတာ သိလို့ရမလား”လူငယ်က မေးလိုက်သည်။
“အဲဒါကို ငါ မင်းတို့ကို သင်ကြားပေးမယ့် ကျင့်ကြံခြင်းစာအုပ်ထဲမှာ ဖော်ပြထားတယ်။ မင်းတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအင်စီးကြောင်းကို အာရုံခံဖို့ ကြိုးစားပါ။ မင်းတို့က အာရုံခံနိုင်ပြီး မင်းတို့ရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့စွမ်းအင်ကို လှည့်ပတ်နိုင်တာ၊ အချိန်တိုအတွင်း ထိန်းချုပ်လာနိုင်ပြီးဆိုရင် မင်းတို့က အောင်မြင်ပြီလို့ ဆိုလိုတယ်”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထန်ရှုက ဖုန်းထုတ်ကာ သူ့ဆီလာရန် ထန်ကွမ်းအား ဖုန်းခေါ်လိုက်သည်။ ထိုလူရောက်လာပြီးနောက် သူ့အား အမိန့်အနည်းငယ် ပေးကာ ကုန်းဝမ်အာနှင့်အတူ ထွက်ခွာလာခဲ့၏။
သို့သော် မထွက်ခွာခင် သူက ဆံနီလူငယ်နှင့်အမျိုးသမီးတို့၏နာမည်အစစ်အမှန်အား သိလိုက်ရသည်။ ရှေ့လူက အိုမင်ဒီထိုအန်ဒိုဖြစ်ပြီး နောက်လူက မိန်နာနိုမူရာဖြစ်၏။
****
ထိုက်ဂါဆိပ်ကမ်း။
နေက အနောက်ဘက်သို့ အခြေချသွားပြီးဖြစ်၏၊ သို့သော် ဆိပ်ကမ်းက သင်္ဘောများ၊ သွားလာလှုပ်ရှားနေသောလူများနှင့် စည်ကားရှုပ်ထွေးနေလေသည်။
ဟွန်း…ဟွန်း…
သင်္ဘောဟွန်းသံက အဝေးမှ ထွက်ပေါ်လာပြီး ဇိမ်ခံသင်္ဘောတစ်စီးက ဆိပ်ကမ်းသို့ တဖြည်းဖြည်းချဉ်းကပ်လာသည်။ စပိဘုတ်ငါးစင်းက သင်္ဘောဆီသို့ လျင်မြန်စွာ ခုတ်မောင်းလာနေသည်ကိုပင် ကုန်းပတ်ပေါ်ရှိလူများက မမြင်နိုင်ခဲ့ပေ။ ထို့နောက် စပိဘုတ်နှစ်စင်းပေါ်ရှိ လူအချို့က သင်္ဘောပေါ် ခုန်တက်သွားကြ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် သင်္ဘောတတိယအထပ်ရှိ အနီရောင်ကော်ရီဒါပေါ်တွင် ရွှယ်ရှနှင့်ဟေးရှောင်တို့က လမ်းလျှောက်လာနေသည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကော်ရီဒါ၏အဆုံးသို့ လျင်မြန်စွာ ခြေသုတ်နှင်သွား၏။
“ကျုပ်တို့က ထန်ဂိုဏ်းကပါ။ ဟေးရှောင်က ဆရာသခင်တို့ကို ဒီနေရာမှာ လာတွေ့တာပါ”
ဟေးရှောင်က သူ့အဟုန်အား ရပ်လိုက်ပြီး အရှိန်အဝါထုတ်လွှတ်ကာ ကြည်လင်စွာ ပြောလိုက်သည်။
အခန်းတံခါးကိုးခုက တစ်ခုပြီးတစ်ခု ပွင့်သွား၏။ တုတ်ချောင်းအသီးသီးကိုင်ထားသည့်ဘုန်းကြီးကိုးယောက်က အခန်းကိုးခန်းမှ ထွက်လာကြသည်။ ကျောက်စိမ်းဗုဒ္ဓက ဟေးရှောင်နှင့်ရွှယ်ရှတို့အား ခဏလေ့လာလိုက်ပြီး သူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ဒကာတို့က ထန်ဂိုဏ်းကလို့ ပြောခဲ့တယ်နော်၊ အဲအတွက် အထောက်အထားတစ်ခုခုများရှိမလား”
ရွှယ်ရှက ထန်ဂိုဏ်းအကြီးအကဲတိုကင်ကို ယူထုတ်ကာ ပြောလိုက်သည် “မြင့်မြတ်တဲ့ဆရာသခင်တွေ စီးနင်းလာမယ့် သင်္ဘောနဲ့ ပတ်သက်ပြီး မစ္စတာမြောင်ဆီကနေ တပည့်တော်တို့ဂိုဏ်းချုပ်က ကြားသိခဲ့ရတယ်၊ ဒါကြောင့် ဆရာသခင်တို့ကို ကြိုတင်လာခေါ်ဖို့ တပည့်တော်တို့ကို လွှတ်လိုက်တာ။ လက်ရှိမှာ ဂျပန်က ဖရိုဖရဲဖြစ်နေတယ်၊ ပျော်ရွှင်ခြင်းနန်းတော်ဖြစ်စေဒါမှမဟုတ်ဂျပန်အာဏာပိုင်တွေဖြစ်စေ၊ သူတို့က တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြတယ်။ ဆရာသခင်တို့အားလုံးက ဂျပန်ကို ပွင့်ပွင့်လင်းလင်းဝင်သွားရင် သူတို့က သတိပြုမိသွားလိမ့်မယ်၊ အဲဒါဆိုရင် ဆရာသခင်တို့ လှုပ်ရှားရတာ အနှောင့်အယှက်ဖြစ်လာလိမ့်မယ်”
ကျောက်စိမ်းဗုဒ္ဓနှင့်မျက်နှာဗုဒ္ဓတို့က အကြည့်ချင်း ဖလှယ်လိုက်ကြကာ တစ်ပြိုင်နက်တည်း ပြောလိုက်သည် “ဒါဆို ဒကာတို့ကို ဒုက္ခဖြစ်စေမိပြီ”
“တပည့်တော်တို့တွေ စပိဘုတ်ကို အသင့်ပြင်ထားပြီးသားပါ။ ဆရာသခင်တို့ လိုက်လာခဲ့ပေးပါ”ဟေးရှောင်က ပြောလိုက်၏။
များမကြာမီ စပိဘုတ်ငါးစင်းက လှိုင်းဂယက်များအား ထိုးဖောက်ကာ ပင်လယ်ပြင်၌ ပျောက်ကွယ်သွားခဲ့သည်။ နာရီဝက်ကြာ မောင်းနှင်ပြီးနောက် သူတို့က နောက်ထပ်ဆိပ်ကမ်းငယ်တစ်ခု၌ ဆိုက်ကပ်သွား၏။ ဤဆိပ်ကမ်းတွင် ငါးဖမ်းလှေများကလွဲပြီး ကုန်သင်္ဘောများ၊ လူတင်သင်္ဘောများ မရှိပေ။ ဆိပ်ကမ်းတွင် လူအနည်းငယ်သာ မြင်တွေ့နိုင်ပေသည်။
ထန်ရှုက ကုန်းဝမ်အာကို ဉီးဆောင်ကာ ကမ်းစပ်ပေါ်တွင် တည်ငြိမ်စွာ ရပ်ရင်း စပိဘုတ်ငါးစင်းအား ကြည့်နေလေသည်။ ဟေးရှောင်နှင့်ရွှယ်ရှတို့က ဘုန်းကြီးဆယ့်ရှစ်ပါးအား ကမ်းစပ်သို့ ခေါ်လာပြီးနောက် သူတို့ထံ လျင်မြန်စွာ လျှောက်သွားကာ နှုတ်ဆက်လိုက်သည် “ဆရာသခင်တို့အားလုံး အတော်လေးပင်ပန်းခက်ခဲနေမှာပေါ့”
မျက်နှာမည်းဘုန်းကြီးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ထန်ရှုနောက်ရှိ ကုန်းဝမ်အာအား လေ့လာလိုက်သည်။ သူက ထန်ရှုအား ချက်ချင်း ကြည့်ကာ မေးလိုက်သည် “ဒီဒကာက ဘယ်သူလဲဆိုတာ သိလို့ရမလား”
ထန်ရှုက ပြုံးကာ သူ့မျက်နှာအား မူလသို့ ပြန်ပြောင်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “တပည့်တော်တို့ မတွေ့ရတာ အချိန်အနည်းငယ် ကြာပြီ။ အဆင်ပြေပါရဲ့လား၊ ဆရာသခင်မျက်နှာမည်းဗုဒ္ဓ”
မျက်နှာမည်းဗုဒ္ဓက အံ့ဩဝမ်းမြောက်သွား၏။ “အား၊ ဂိုဏ်းချုပ်ထန်ကိုး။ ဒီဘုန်းကြီးက အဆင်ပြေပါတယ်။ ဒကာတော်ကြောင့် အခြားသူတွေနဲ့ဘုန်းကြီးက ဂျပန်ကို ရောက်လာကြတာ၊ ဒါကြောင့် ဒီနေရာမှာ ပျော်ရွှင်ခြင်းဂိုဏ်းရဲ့လက်ကျန်တွေ ရှိတယ်ဆိုတာကို သတိပေးတဲ့အတွက် ဂိုဏ်းချုပ်ထန်ကို ကျေးဇူးတင်ပါတယ်”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “တပည့်တော်တို့အားလုံးက ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့လူတွေပဲ၊ ဒါကြောင့် ဘာတစ်ခုမှ ဖုံးကွယ်စရာမလိုဘူး၊ မျက်နှာမည်းဗုဒ္ဓ။ ပြောရမယ်ဆိုရင် ပျော်ရွှင်ခြင်းဂိုဏ်းက ကင်ဆာဆဲလ်တွေလိုပဲ၊ ဂျပန်က ကျုပ်ရဲ့တပည့်တွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေတယ်။ ဒါကြောင့် ကျုပ်က ဒီကင်ဆာဆဲလ်ကို ဖယ်ရှားဖို့ လိုအပ်နေတာပဲ။ ဒါ့အပြင် ပျော်ရွှင်ခြင်းဂိုဏ်းနဲ့ဗုဒ္ဓဂိုဏ်းကြား နက်ရှိုင်းတဲ့ရန်ငြိုးကိုလဲ ကျုပ် သိခဲ့ရတယ်၊ ဒါကြောင့် ကျုပ်ကို ကူညီဖို့ ဆရာသခင်တို့ကို ဒီကို လာခိုင်းလိုက်တာ”
“ဂျပန်မှာလဲ ဂိုဏ်းချုပ်ထန်ရဲ့နောက်လိုက်တွေရှိတာလား”မျက်နှာမည်းဗုဒ္ဓက အံ့အားသင့်စွာ ပြောလိုက်သည်။
“ကျင့်ကြံခြင်းအရင်းအမြစ်ကင်းမဲ့တာက ကျုပ်တို့အတွက် ဖြစ်နေကျအရာတစ်ခုပဲလေ၊ ဂျပန်က အရင်းအမြစ်တွေ ကြွယ်ဝတယ်။ ဒါကြောင့် ကျုပ်လူတွေကို လွှတ်ပြီး ဒီနေရာက ကျင့်ကြံခြင်းအရင်းအမြစ်တွေကို စုဆောင်းခိုင်းထားတာ”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
မျက်နှာမည်းဗုဒ္ဓက ချက်ချင်း နားလည်လိုက်ပြီး ပြုံးကာ ပြန်ပြော၏ “အော်မီတော်ဖော်၊ ဂိုဏ်းချုပ်ထန်က ငယ်ပေမယ့် အရမ်းအမြော်အမြင်ရှိတာပဲ။ အနာဂတ်မှာ ထန်ဂိုဏ်းက ကျင့်ကြံခြင်းကမ္ဘာကို တုန်လှုပ်စေနိုင်မယ်ဆိုတာ သေချာတယ်။ ဒီအချိန်မှာ ဒကာတော်နဲ့ ဘေးချင်းယှဉ်တိုက်ခိုက်ရတာ ဘုန်းကြီးအတွက် တကယ်ကို ကောင်းချီတစ်ခုပဲ”
“ကျေနပ်စရာလေးတွေ နောက်မှ ပြောကြာတာပေါ့လား။ ကျေးဇူးပြုပြီး ဆရာသခင်တို့အားလုံး ဘတ်စ်ကားပေါ် တက်ပေးကြပါ။ ကားပေါ်မှာ အဝတ်အစားတွေ ရှိတယ်၊ ဆရာသခင်တို့အနေနဲ့ အဝတ်အစားလဲဖို့ လိုမယ်၊ ဒီလိုမှ ပျော်ရွှင်ခြင်းနန်းတော်နဲ့ဂျပန်အာဏာပိုင်တွေရဲ့မျက်လုံးနဲ့နားတွေကို ရှောင်တိမ်းနိုင်မှာ”
အဝတ်အစားလဲရမှာလား။
ဘုန်းကြီးဆယ့်ရှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး အားလုံးက ထူးဆန်းသောအမူအရာများ ဖြစ်သွားကြ၏။ ဟေးရှောင်က သူတို့အား ကမ်းစပ်တွင် ရပ်ထားသော ကားပေါ်သို့ ခေါ်သွားပြီး အထဲတွင် ပြင်ဆင်ထားပေးသောအဝတ်အစားများအား မြင်လိုက်ရသည်။
“ငါတို့က ဒီအဝတ်တွေ ဝတ်ရမှာလား”
မျက်နှာမည်းဗုဒ္ဓက ဟေးရှောင်အား ကြည့်လိုက်ပြီး ထိုင်ခုံပေါ်ရှိ အဝတ်အစားများအား လက်ညှိုးထိုးရင်း မေးလိုက်၏။
“အချိန်က ကပ်လွန်းတော့ ဒီအဝတ်အစားတွေပဲ ပြင်ဆင်ထားနိုင်တော့တယ်၊ ဆရာသခင်တို့။ အဆင်ပြေမယ်လို့တော့ တပည့်တော် မျှော်လင့်ပါတယ်၊ ကျေးဇူးပြုပြီး…”ဟေးရှောင်က ပြောလိုက်သည်။
“အော်မီတော်ဖော်…”
အရိုးသားဆုံးပြောရလျှင် ဘုန်းကြီးဆယ့်ရှစ်ယောက်လုံးက ဆန္ဒမရှိပေ၊ သို့သော် သူတို့က အဝတ်အစားဝတ်ဆင်လိုက်ပါသေး၏။ လက်ရှိတွင် ဘုန်းကြီးအားလုံးက ဝတ်စုံအသစ်၊ နက်ကတိုင်နှင့် သားရေရှုးဖိနပ်တို့ဖြင့် လွှမ်းခြုံထားသည်။ ဟေးရှောင်နှင့်ရွှယ်ရှတို့က သူတို့အတွက် ဉီးထုပ်နှင့်နေကာမျက်မှန်များလည်း ပြင်ဆင်ထားပေ၏။
ထန်ရှုနှင့်ကုန်းဝမ်အာတို့က နောက်မှ ကားထဲသို့ လိုက်ဝင်လာသည်။ ဘုန်းကြီးဆယ့်ရှစ်ယောက်၏အသွင်အပြင်အသစ်ကို မြင်ပြီး ပျော်ရွှင်သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သက်ပြင်းချကာ ထန်ရှုက ပြော၏ “ဆရာသခင်တို့၊ စိတ်ချရတဲ့နေရာတစ်ခုကို အရင်ဆုံးသွားကြရအောင်။ ပြီးရင် ပျော်ရွှင်ခြင်းနန်းတော်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆွေးနွေးကြတာပေါ့၊ တပည့်တော်ရဲ့နောက်လိုက်ကလဲ သူတို့နဲ့ပတ်သက်ပြီး အကျဉ်းချုပ်ရှင်းပြပေးပါ့မယ်”
“အော်မီတော်ဖော်”
ဘုန်းကြီးဆယ့်ရှစ်ယောက်က လက်အုပ်ချီကာ ခေါင်းညိတ်လိုက်ကြသည်။
သို့နှင့် ခရီးတွင် ပျော်ရွှင်ခြင်းနန်းတော်နှင့် ပတ်သက်၍ ကုန်းဝမ်အာက ရှင်းပြလိုက်လေသည်၊ သို့သော် ရလဒ်က ဘုန်းကြီးဆယ့်ရှစ်ယောက်လုံးအား မှင်တက်တုန်လှုပ်သွားစေသည်။
“ဒါ မယုံနိုင်စရာပဲ”ကျောက်စိမ်းဗုဒ္ဓက ရှုံ့မဲ့ပြုံးလျက် အရင်ဆုံးမှတ်ချက်ချလိုက်သည်။
“တပည့်တော်အတွက်လဲ အတော်လေးလက်ခံရခက်ခဲပါတယ်”ထန်ရှုက သက်ပြင်းချလိုက်၏ “ပြီးတော့ လူဆယ့်ရှစ်ယောက်ခွန်အားလောက်နဲ့ ပျော်ရွှင်ခြင်းနန်းတော်ကို ရိတ်သိမ်းဖို့က မဖြစ်နိုင်ဘူးလို့ တပည့်တော် ယုံကြည်တယ်”
ကျောက်စိမ်းဗုဒ္ဓက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒကာမရဲ့ဖော်ပြချက်က အမှန်ဆိုရင် ဒီမစ်ရှင်ကို ဘုန်းကြီးတို့က အောင်မြင်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဂိုဏ်းချုပ်ထန်မှာ နက်ရှိုင်းသောကျင့်ကြံခြင်းနဲ့ခွန်အားရှိတယ်။ ဒကာထန်ရဲ့ကြံရည်ဖန်ရည်နဲ့ပါ ပေါင်းထည့်လိုက်ရင် ဘုန်းကြီးတို့တွေ လက်တွဲပြီး ဒီကင်ဆာကို ဖယ်ရှားနိုင်မှာ သေချာတယ်”