အခက်အခဲများကို ကျော်လွန်ခြင်း
Vol. 31 Ch. 412
မြူထုထဲမှာတော့ ကိုယ့်လက်ကိုတောင် ကိုယ်မမြင်နိုင်တော့တဲ့ အထိပါပဲ။ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းနေတဲ့ အဖြူရောင် မြူခိုးမြူငွေ့တွေက ဦးတည်ရာ အရပ်ကိုတောင် ဝေခွဲမရ ဖြစ်စေပါတေယ်။ ပြီးတော့ တစ်ခါတရံမှာ ဆိုရင်လည်း ပုံရိပ်ယောင်တွေ ထွက်ပေါ်လာပါသေးတယ်။
တကယ်လို့ လီဖူချန်းရဲ့ ဦးဆောင်မှုသာ မရှိခဲ့ဘူး ဆိုရင်တော့ ကျိုးဟန်နဲ့ အခြားလူတွေဟာ ဘယ်ကိုသွားလို့ သွားရမှန်းတောင် သိမှာ မဟုတ်ပါဘူး။ သူတို့ဟာ သည်မြူခိုးထုတွေထဲမှာ သေချာပေါက် လမ်းပျောက် နေကြမှာပါ။
ဘယ်လောက်အထိ ကြာလို့ကြာသွားမှန်း မသိတော့တဲ့ အချိန်တစ်ခုကို အရောက်မှာတော့ သူတို့ ငါးယောက်ဟာ စိမ်းလန်းစိုပြေတဲ့ တောင်ကြားချိုင့်ဝှမ်း ဒေသတစ်ခုဆီကို ရောက်လာခဲ့ပါပြီ။
သည်နေရာက သိပ်ပြီးတော့ မကျယ်ဝန်းလှပါဘူး။ တောင်ကြား ချိုင့်ဝှမ်းဒေသရဲ့ အလယ် တည့်တည့်မှာတော့ ရေကန်တစ်ကန် ရှိနေပြီး အဲသည်ရေကန်ရဲ ပတ်ပတ်လည်မှာတော့ ဆေးပင်တွေဟာ ထူထပ်စွာ ပေါက်ရောက် နေကြပါတယ်။
အဲဆေးပင်တွေထဲမှာ အပေါများဆုံး ဆေးပင်တွေကတော့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးပင်တွေပါပဲ။ ပြီးတော့ မြေကမ္ဘာအဆင့် ဆေးပင်တွေလည်း ရှိနေပါတယ်။ အဲသည် မြေကမ္ဘာအဆင့် ဆေးပင်တွေထဲက တချို့ဆိုရင် ကြောက်စရာ ကောင်းတဲ့ ချီစွမ်းအင်လှိုင်းတွေကို ထုတ်လွှတ်နေပါသေးတယ်။ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ အဲသည် ဆေးပင်တွေထဲက တချို့ကတော့ သေချာပေါက် မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆေးပင်တွေပါပဲ။
" ဝါး ... များလိုက်တဲ့ ဆေးပင်တွေ "
အန်ရှင်းမိန်နဲ့ တုချင်းတို့ကတော့ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတော့ပါဘူး။ သည်ဆေးပင်တွေရဲ့ အကြမ်းဖျင်း တန်ဖိုးကတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းမက တန်နေပြီ မဟုတ်ပါလား။
မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးပင်တစ်ပင်ဟာ အနည်းဆုံး အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ထောင်နဲ့ချီပါတယ်။ ပြီးတော့ အခုသည်မှာ ရှိနေတာက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင် အချို့ပါ။ သည်ဆေးပင်တွေကို ရောင်းတာနဲ့တင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း၊ နှစ်သောင်းလောက်က ပြေးမလွတ်ပါဘူး။
ပြီးတော့ဒါက ဈေးကွက်ထဲက အခြေခံ သတ်မှတ်ဈေးနှုန်းသာ ရှိနေပါသေးတယ်။ တကယ်လို့ သူတို့သာ အမှန်တကယ် ရောင်းမယ်ဆိုရင် ဈေးနှုန်းက သည်ထက် မြှောက်လာဦးမှာ အသေအချာပါပဲ။ ကံများ ကောင်းခဲ့မယ် ဆိုရင်တော့ မြေကမ္ဘာ အထွတ်အထိပ် ဆေးပင်တစ်ပင်ကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်သောင်းနဲ့တောင် ရောင်းလို့ ရရင် ရနိုင်လောက်မှာပါ။
" ဆေးပင်တွေကို အရင် နုတ်လိုက် ကြရအောင် "
လီဖူချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဆေးပင် အတော်များများဟာ မြေကြီး ထဲကနေ အမြစ်ပါမကျန် ကျွတ်ထွက်လာပြီး သူ့ရဲ့ သိုလှောင်အိတ်ထဲကို ဝင်သွားပါတော့တယ်။
ကျိူးဟန်နဲ့ အခြားလူတွေကလည်း လက်နှေးမနေတော့ပါဘူး။ သူတို့ကလည်း ဆေးပင်တွေကို အလျင်အမြန် နုတ်ယူလိုက်ကြပါတယ်။
သည်လိုနဲ့ပဲ သူတို့ငါးယောက်ဟာ တောင်ကြား ချိုင့်ဝှမ်းထဲမှာ ရှိနေတဲ့ ဆေးပင်တစ်ဝက်လောက်ကို နုတ်ယူပြီးသွားခဲ့ပါပြီ။ သူတို့ဟာ ရေကန်အနားကိုလည်း ရောက်မှန်းမသိ ရောက်လာခဲ့ကြပါတယ်။
ဝုန်း ... ...
ရုတ်တရက် ဆိုသလို တည်ငြိမ်နေတဲ့ ရေကန်မျက်နှာပြင်ဟာ လှိုင်းလုံးကြီးတွေ ထလာခဲ့ပြီး ချိုတစ်ချောင်း စပါးအုံးမြွေကြီး တစ်ကောင် ထွက်ပေါ်လာခဲ့ပါတယ်။
ရှူး ... ...
သည်ချိုတစ်ချောင်း စပါးအုံးမြွေကြီးဟာ ပေတစ်ရာကျော်လောက်သာ ရှိတဲ့အတွက် အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးနဲ့ အရွယ်အစားချင်း သိပ်မကွာလှပါဘူး။ ဒါပေမဲ့ သည်မြွေကြီးရဲ့ ခန္ဓာကိုယ်ကနေ ထွင်နေတဲ့ မိစ္ဘာ္ဆချီ အငွေ့အသက် တွေကတော့ အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးထက် အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းပါတယ်။
" ဆုတ်ကြဟေ့ "
လီဖူချန်းတို့ ၅ယောက်စလုံးကတော့ အနောက်ကို အလျင်အမြန် ဆုတ်ခွာလိုက်ကြပါပြီ။
" သေပြီဟေ့။ သည်ကောင်ကြီးက အဆင့်၅ အဆင့်မြင့် သန္ဓေပြောင်း မိစ္ဆာသားရဲဖြစ်တဲ့ ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးဟ "
လျံတိုင်ယုက အသံတုန်တုန်ယင်ယင်ဖြင့် အခြားလူတွေကို သတိပေးလိုက်ပါတယ်။
အဆင့်၅ အဆင့်မြင့် သန္ဓေပြောင်းမိစ္ဆာသားရဲ ...
သည်ကောင်ကြီးတွေကတော့ အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတွေထက်တောင်မှ အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ သားရဲကြီးတွေပါ။
" မင်းတို့လို ဘာမဟုတ်တဲ့ ပမွှားလေးတွေက ငါ့ရဲ့ဆေးပင်တွေကို နုတ်ယူရဲတယ်ပေါ့လေ "
" သေကြစမ်း "
ဆေးပင်တွေ အကုန်လုံးနီးပါး နုတ်ယူခံလိုက်ရတာကို တွေ့ပြီးတဲ့နောက်မှာတော့ ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပုံပါပဲ။
ဟူး ... ဟူး ... ဟူး ...
စပါးအုံးမြွေကြီးက နှာတစ်ချက် မှုတ်လိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုဟာ အေးစိမ့်သွားပြီး မြေပြင်ကနေလည်း ရေခဲဆူးချွန်တွေ ဖြစ်ပေါ်လာခဲ့ပါပြီ။
" ဆုတ်ကြ "
လီဖူချန်းတို့ ငါးယောက်ဟာ အနောက်ကို နောက်ထပ်တစ်ကြိမ် ဆုတ်လိုက်ကြ ပြန်ပါတယ်။ ဒါပေမဲ့လည်း သူတို့တွေရဲ့ သည်တစ်ကြိမ်ဆုတ်နှုန်းက အေးစိမ့်စိမ့် အငွေ့အသက်တွေလောက် မမြန်ခဲ့ပါဘူး။
ထန် ... ထန် ... ထန် ...
လီဖူချန်းက သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး ဒါဇင်နဲ့ ချီတဲ့ ရေခဲဆူးချွန်တွေကို ခုတ်ပိုင်းပစ်လိုက် ရပါတယ်။
ဖန်း ... ဖန်း ... ဖန်း ...
ပူလောင်တဲ့ မီးလျှံဓားချီတွေနဲ့ အေးစက်စက် ရေခဲဆူးချွန်တွေ ထိပ်တိုက် တွေ့ဆုံမိတဲ့ နောက်မှာတော့ ပေါက်ကွဲမှု အသေးစားလေးတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။
ကျိုးဟန်ကလည်း သူ့ရဲ့ လက်ဝါးကို မြှောက်လိုက်ပြီး ရေခဲတံတိုင်းတစ်ခု ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကလည်း ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီး မှုတ်ထုတ်လိုက်တဲ့ ရေခဲငွေ့တွေကို ခုခံဖို့ပါပဲ။
လျံတိုင်ယုရဲ့ လက်ထဲကနေလည်း မရေမတွက်နိုင်တဲ့ ကြေးဝါတုတ်ရိပ်တွေ ပေါ်ထွက်လာပြီး ရေခဲဆူးချွန်တွေကို ရိုက်ခွဲထားနိုင် ခဲ့ပါတယ်။
သူတို့ ငါးယောက်ထဲမှာ အားအနည်းဆုံးလို့ ပြောရမယ့် အန်ရှင်းမိန်နဲ့တုချင်း တို့ကတော့ ပူးပေါင်း ထားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ ဓားနဲ့ဆေဘာ ပေါင်းစပ်မှုဟာလည်း ရေပက်မဝင်အောင် အကွက်စေ့ပါတယ်။
သူတို့ ငါးယောက်စလုံးဟာ ဘာမှ မဖြစ်ခဲ့ပေမယ့်လည်း ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ သည်နှာမှုတ်ချက် တစ်ခုနဲ့ အတော်လေး အလုပ်များသွားတယ် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ သည်အဆင့်၅ အဆင့်မြင့် သန္ဓေပြောင်း မိစ္ဆာသားရဲကြီးက သူတို့ကို အမှန်တကယ် ဖိအားပေးနိုင်ခဲ့ပါတယ်။
" ငါ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှု အဆင့်က အရမ်း နိမ့်နေတာပဲ "
အအေးဓာတ်ကို ရင်ဆိုင်ရာမှာတော့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးက အသင့်တော်ဆုံးပါပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှု အဆင့်က လုံလောက်တဲ့ အဆင့်တစ်ခုမှာ ရှိမနေပါဘူး။ သူက အခုမှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁မှာသာ ရှိနေပါသေးတယ်။ တကယ်လို့သာ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ ဒါမှမဟုတ် အဆင့်၄လောက် ရှိခဲ့ရင်တော့ လက်ဝါး ရိုက်ချက် တစ်ချက်တည်းနဲ့တင် သည်ရေခဲ အငွေ့အသက်တွေကို ဖြိုခွဲပစ်လိုက် နိုင်မှာပါ။
ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးကတော့ အင်မတန် ရန်လိုတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ။ သူက ရေခဲငွေ့တွေကို မှုတ်ထုတ် ပြီးတာတောင်မှ ကျေနပ်ဟန် မတူဘဲ သူ့ရဲ့ အမြီးကို ဆန့်ထုတ် လိုက်ပြီး ရိုက်ပစ် လိုက်ပါသေးတယ်။
" လာစမ်းပါ "
လီဖူချန်းကတော့ သည်အနေအထားအတွက် ကြိုတင်ပြင်ဆင် ပြီးခဲ့ပါပြီ။ သူက သည်ရိုက်ချက်ကို ရှောင်ထွက်ဖို့ ရပေမယ့်လည်း ရှောင်ထွက် မသွားခဲ့ပါဘူး။ သူက ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ တိုက်ခိုက်မှုစွမ်းအားကို စမ်းသပ်ကြည့်ချင်နေပါသေးတယ်။
ထန် ...
လီဖူချန်းက အားကုန်သုံးပြီး ခုတ်ချလိုက်ပေမယ့်လည်း ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးရဲ့ အမြီးကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါက လုံးဝ ဖျက်ဆီးလို့ မရတဲ့ သတ္တုတုံးကြီး တစ်တုံးကို ခုတ်လိုက် ရသလိုပါပဲ။
လီဖူချန်းက သည်ဓားချက်ထဲမှာ သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအား၊ မီးလျှံစွမ်းအားနဲ့ ဆင်နဂါး စွမ်းအားတွေကို ထည့်သွင်း ထားခဲ့တာပါ။ သူ့အနေနဲ့ မသုံးဘဲ ကျန်နေတာဆိုလို့ အဓိကပင်မ မီးလျှံစွမ်းအားပဲ ကျန်ပါတယ်။
ဟူး ... ဟူး ...
ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ အမြီးဟာ လီဖူချန်းကို ဖြတ်ကျော်သွားပြီး ကျန်တဲ့ သူတွေဆီကို တိုးဝင်သွားခဲ့ပါပြီ။
ဘန်း ...
အန်ရှင်းမိန်နဲ့ တုချင်းကတော့ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ အမြီးရိုက်ချက်ကို မခုခံနိုင်ခဲ့ပါဘူး။
အား ...
သူတို့ နှစ်ယောက် စလုံးဟာ သွေးစိမ်းရှင်ရှင် အန်လိုက်ရပါပြီ။
ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ အမြီးရိုက်အားက လီဖူချန်း ကြောင့် လျော့ကျ သွားခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲသည် လျော့ကျသွားခဲ့တဲ့ အမြီးရိုက်အားဟာ အန်ရှင်းမိန်နဲ့ တုချင်းတို့ကို ဖိနှိပ်နိုင်စွမ်း ရှိနေပါသေးတယ်။
ပြီးတော့ သူတို့နှစ်ယောက်ဟာ လီဖူချန်းကို ကောင်းကောင်း ကျေးဇူးတင်သင့်ပါတယ်။ တကယ်လို့ လီဖူချန်းသာ သည်အမြီးရိုက်ချက်ကို အရှိန်လျော့ချပေးခြင်း မလုပ်ခဲ့ရင်တော့ သူတို့နှစ်ယောက်ဟာ အခုချိန်ဆိုရင် အလောင်း ဖြစ်နေလောက်ပါပြီ။
အမြီးရိုက်ချက်က ကျိုးဟန်ဆီကိုလည်း ရောက်သွား ပါသေးတယ်။
" သွားစမ်း "
ကျိူးဟန်က လီဖူချန်းနဲ့ အစွမ်းအစ သိပ်မကွာပါဘူး။ အဲသည်အတွက် သူဟာ အရှိန်လျော့ကျ နေပြီ ဖြစ်တဲ့ အမြီးရိုက်ချက်ကို ရပ်တန့်စေလိုက် နိုင်ပါတယ်။
ဟူး ... ဟူး ...
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးက နောက်ထပ် ရေခဲငွေ့တွေကို မှုတ်ထုတ်ပစ်လိုက် ပြန်ပါပြီ။
သည်တစ်ကြိမ်မှာတော့ ရေခဲစူးချွန်တွေဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာပြီး လီဖူချန်းတို့ဆီကို အရှိန်အဟုန် ပြင်းစွာ ကျရောက် လာခဲ့ပါတယ်။
အား ... ...
ရေခဲစူးချွန်တွေကို ပထမဦးဆုံး မြည်းစမ်း ကြည့်လိုက်ရသူကတော့ လျံတိုင်ယုပါပဲ။ ရေခဲစူးချွန်တွေက သူ့ရဲ့ ခန္ဓာကိုယ်ကို တောင့်တင်း သွားစေခဲ့ပါတယ်။ တစ်ချိန်တည်းလိုလိုမှာပဲ ရေခဲ အလွှာပါးလေး တစ်ခုဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တည် လာခဲ့ပါပြီ။
" မင်းတို့သုံးယောက် နောက်ဆုတ်ကြ။ သည်ကောင်ကြီးကို ငါနဲ့ကျိုးဟန် တာဝန်ယူလိုက်မယ် "
လီဖူချန်းက ပြန်တိုက်ဖို့ ကြိုးစားနေတဲ့ လျံတိုင်ယု၊ အန်ရှင်းမိန်နဲ့ တုချင်းတို့ကို တိုက်ပွဲ စက်ကွင်းထဲကနေ နောက်ဆုတ်ဖို့ ပြောလိုက်ပါတယ်။
သည် ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးကို အနိုင်ယူဖို့က လုံးဝ မလွယ်ပါဘူး။ တကယ်လို့သာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို အဆင့်၁၂ဆင့် ခွဲထားမယ်ဆိုရင် သည်မြွေကြီးဟာ သာမန်အဆင့်၁၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ အစွမ်းနဲ့ ညီမျှလောက်ပါတယ်။
အန်ရှင်းမိန်တို့ သုံးယောက်ဟာ သည်ကောင်ကြီးနဲ့ တိုက်ခိုက်ဖို့အတွက် လုံးဝ အဆင့်မမီပါဘူး။ သူတို့ သုံးယောက် ရှိနေတာက လီဖူချန်းနဲ့ ကျိုးဟန်အတွက် အကူအညီ မရတဲ့အပြင် အနှောင့်အယှက်တောင် ဖြစ်နေပါသေးတယ်။ အဲသည်အတွက် သူက အန်ရှင်းမိန်တို့ သုံးယောက်ကို နောက်ဆုတ် ခိုင်းလိုက်တာပါ။
သူရဲ့ အေးစိမ့်ရေခဲစွမ်းအားနဲ့ လက်ဝါးသိုင်းကလည်း တကယ့် အံ့မခန်းပါပဲ။ သူက ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးနဲ့ အကြိမ်ရေအနည်းငယ် ထိပ်တိုက် တွေ့ခဲ့ပေမယ့်လည်း အောက်စည်းကို မရောက်ခဲ့ပါဘူး။ သူက ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးကို လက်ရည်တူ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
စိတ်မကောင်းစရာပါပဲ။ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ ခန္ဓာကိုယ်ဟာ အင်မတန် မာကျော ကြံ့ခိုင်နေတဲ့ အပြင် သက်လုံကလည်း ကျိုးဟန်နဲ့ လီဖူချန်းတို့ နှစ်ယောက်ထက် သာလွန်နေပါတယ်။ သည်အတိုင်း ရေရှည် ဆက်သွားမယ် ဆိုရင်တော့ သူတို့ နှစ်ကောင်ဟာ ချီအတွင်းအားတွေကုန် လက်ပန်းကျပြီး ရှုံးနိမ့်သွားတော့မှာပါ။
" မဟုတ်သေးဘူး။ သည်ကောင်ကြီးမှာ သေချာပေါက် အားနည်းချက် ရှိရမယ် "
လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို အစွမ်းကုန် ထုတ်သုံးပြီး ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးရဲ့ အားနည်းချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်ပါတယ်။
အရာအားလုံးမှာ အားနည်းချက်ဆိုတာ ရှိတာပါပဲ။ အဲသည်အတွက် သည်မြွေကြီးမှာလည်း သေချာပေါက် အားနည်းချက် ရှိရပါမယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ မျက်လုံးတို့၊ ဝမ်းဗိုက်တို့ပေါ့။ ဒါပေမဲ့လည်း ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ အဲသည်နေရာတွေကို လုံးဝ မလှစ်ဟခဲ့ပါဘူး။
" အဲသည်နေရာပဲ "
လီဖူချန်းရဲ့ မျက်လုံးတွေက အရောက်တောက်သွား ခဲ့ပါပြီ။
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ ရေခဲငွေ့တွေကို မှုတ်ထုတ်လိုက်တိုင်းမှာ သူ့ရဲ့ ညာဘက် နံကြားမှာ အဖုလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲသည်နေရာက ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ အဆုတ်တည်ရှိရာ နေရာပဲ ဖြစ်ရပါမယ်။
" ကျိုးဟန် "
လီဖူချန်းက ကျိုးဟန်ကို မျက်စတစ်ချက် ပစ်လိုက်ပါတယ်။ ကျိုးဟန်ကလည်း ချက်ခနဲဆိုရင် နားခွက်ကနေ မီးတောက်တဲ့ လူစားမျိုးပါပဲ။ အဲသည်အတွက် သူဟာ လီဖူချန်း ပြောချင်တာကို ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။ လီဖူချန်းက ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးကို အာရုံလွှဲဖို့ အတွက် သူ့ကို တည်ကြက်အဖြစ် လုပ်စေချင်တာပါ။
ကျိုးဟန်က လီဖူချန်းကို သိပ်ပြီး မကြိုက်ပေမယ့်လည်း အဓိကနဲ့သာမကို ကောင်းကောင်းကြီး ခွဲခြားနိုင်ပါတယ်။ အဲသည်အတွက် သူဟာ လီဖူချန်းရဲ့ အကြံအစည်ကို မငြင်းပယ်ခဲ့ပါဘူး။
" မိုင်ပေါင်းတစ်ထောင်ကို အေးခဲစေခြင်း "
ကျိုးဟန်က သူ့ရဲ့ အဓိကပင်မ အေးစိမ့်ရေခဲ စွမ်းအားတွေကို ထုတ်သုံးလိုက်ပြီး လက်ဝါးရိုက်ချက် နှစ်ချက်ကို ဆင့်ကာ ရိုက်ချလိုက်ပါတယ်။ ဒါက သူလေ့ကျင့်ထားတဲ့ ရေခဲဝိညာဉ် နတ်ဘုရားလက်ဝါးသိုင်းရဲ့ အကောင်းဆုံး သိုင်းကွက် တစ်ခုပါ။
ကျိုးဟန်ရှိရာ ပေတစ်ရာပတ်လည်မှာတော့ အရာအားလုံးဟာ အေးခဲသွားခဲ့ပါပြီ။ ဒါက ရေခဲငရဲကြီး တစ်ခုလိုပါပဲ။
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ ရေခဲဓာတ်ကို အထူးပြုတဲ့ သန္ဓေပြောင်း မိစ္ဆာသားရဲကြီး တစ်ကောင် ဖြစ်ပေမယ့်လည်း ကျိုးဟန်ရဲ့ သိုင်းကွက်ကြောင့် လှုပ်ရှားမှု အနည်းငယ် တုံ့နှေး သွားခဲ့ပါတယ်။
" ပျက်စီးစမ်း "
လီဖူချန်းက အဓိကပင်မ မီးလျှံစွမ်းအားတွေကို ထုတ်သုံးလိုက်ပြီး ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ အဆုတ် ရှိရာဆီကို ဓားရောလူပါ တိုးဝင်သွားခဲ့ပါပြီ။
စွပ် ... ...
သည်ဓားချက်ကတော့ လီဖူချန်းရဲ့ ကန့်သတ်ချက်ပါပဲ။
ဒါပေမဲ့လည်း သူ ကံကောင်းပါတယ်။ သွေးနီရောင်ဓားက ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ အဆုတ်ကို အတားအဆီးမရှိ ထိုးစိုက်သွားခဲ့ပါပြီ။
ဂါး ... ဂရား ...
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ တီကောင်ကို ဆားတွန့်သလို တွန့်လိမ့်သွားပြီး အသံနက်ကြီးဖြင့် အော်ဟစ် နေပါတော့တယ်။
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သွေးနီဓားကို ဆွဲထုတ်ပြီး ပြန်ဆုတ်သွားခဲ့ပါပြီ။
" မောင်လေးဖူချန်းရဲ့ တိုက်ခိုက်စွမ်းရည်က တကယ်ကို ကောင်းကင်ဘုံကနေ ကောင်းချီး ပေးထာတာပဲ "
ဒါက အန်ရှင်းမိန်ဟာ လီဖူချန်းနဲ့ပက်သက်ပြီး တွေးမိလိုက်တဲ့ အတွေးအမြင် ပါပဲ။
အရင်တုန်းက လီဖူချန်းဟာ ရှောင်ခွန်းကို သူ့ရဲ့ စွမ်းအားတွေနဲ့ ဖိနှိပ်ပြီး အနိုင်ယူခဲ့တာပါ။
ဒါပေမဲ့ သည်တစ်ခေါက်ကတော့ မတူညီဘဲ ကွဲပြားနေပါတယ်။ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ အစွမ်းဟာ ကျိုးဟန်နဲ့ လီဖူချန်းထက် သိသိသာသာကြီးကို အစွမ်းထက်နေတာပါ။ သည်မြွေကြီးကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။
ခရက် ... ခရပ် ...
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ သူ့ရဲ့ ဒဏ်ရာကို ပိုဆိုးမလာစေဖို့အတွက် ရေခဲတွေနဲ့ အေးခဲ စေလိုက်ပါတယ်။ တစ်ချိန်တည်းလိုလိုမှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေခဲအလွှာတစ်ခု ဖြစ်တည် လာခဲ့ပါသေးတယ်။ အဲဒါက ရေခဲ ချပ်ဝတ်တန်ဆာ တစ်ခုလိုပါပဲ။
အဆုတ်မှာ ဒဏ်ရာအကြီးအကျယ် ရသွားတဲ့ ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးဟာ ရေခဲငွေ့တွေကိုတော့ မှုတ်ထုတ်နိုင်စွမ်း မရှိတော့ပါဘူး။ အဲသည်အတွက် သူဟာ မိစ္ဆာသားရဲ မျိုးဆက်သွေး စွမ်းရည်တွေကို အသုံးပြုလိုက်ပြီး ရေခဲလှံတံတွေကို ဖြစ်တည်စေကာ လီဖူချန်းနဲ့ ကျိူးဟန်ကို တိုက်ခိုက် လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...
မျက်စိတစ်မှိတ် အတွင်းမှာပဲ ရေခဲလှံတံတွေဟာ ကောင်းကင်ပေါ်ကနေ မိုးသီး၊ မိုးပေါက်တွေသဖွယ် ကျဆင်းလာခဲ့ပါပြီ။
" လီဖူချန်း ... ငါခုခံပေးထားမယ်။ မင်းက တိုက်ခိုက်ဖို့ကိုပဲ တာဝန်ယူ "
ကျိုးဟန်က သူ့ရဲ့ အဓိကပင်မ အေးစိမ့်ရေခဲ စွမ်းအားတွေကို ထပ်သုံးလိုက်ပြီး ရေခဲလှံတံတွေကို ဖျက်ဆီး ပစ်လိုက်ပါတယ်။
" အေး"
လီဖူချန်းက ကျိုးဟန်ပေးတဲ့ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူက ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ခုန်တက်သွားပြီး နောက်ထပ်အားနည်းချက် နေရာတစ်နေရာကို တိုက်ခိုက် လိုက်ပြန်ပါတယ်။
ဒါပေမဲ့လည်း သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ တိုက်ခိုက်မှုဟာ သိပ်ပြီး အရာမရောက်ခဲ့ပါဘူး။ သူက အားနည်းချက်နေရာကို သွေးနီရောင်ဓားနဲ့ ၆လက်မလောက်သာ ထိုးစိုက်နိုင်ခဲ့ပါတယ်။
သည်တစ်ကြိမ် ချိုတစ်ချောင်း အေးခဲ စပါးအုံးမြွေကြီးရဲ့ ရေခဲအကာအကွယ်နဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ ထို့နောက်မှာတော့ စပါးအုံးမြွေကြီးက သူ့ကိုယ်ပေါ်မှာ ရောက်နေတဲ့ လီဖူချန်းကို အလျင်အမြန် ကိုက်ခဲပစ်လိုက်ပါတယ်။
လီဖူချန်းကလည်း ငြိမ်ခံနေခြင်း မရှိပါဘူး။ သူက ဘယ်လက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မြွေကြီးရဲ့ ဦးခေါင်းကို ထိုးထည့် ပစ်လိုက်ပါတယ်။
ဒေါင် ...
သတ္တုအချင်းချင်း ရိုက်မိသံတစ်ခု ထွက်ပေါ်လာပြီး နောက်မှာတော့ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ ဦးခေါင်းဟာ အနောက်ကို ပြန်ဆုတ်သွားခဲ့ပါပြီ။
" လီဖူချန်း ... ငါ့ကို အခွင့်အရေး ဖန်တီးပေးဦး "
ကျိုးဟန်က အဓိကပင်မ အေးစိမ့်ရေခဲ စွမ်းအား အတော်များများကို ထုတ်သုံးပြီးသွားပြီ ဖြစ်တဲ့အတွက် ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်လိုခြင်း မရှိတော့ပါဘူး။
" အေး "
လီဖူချန်းကလည်း ကျိုးဟန်ရဲ့ အခြေအနေကို သဘောပေါက်ပါတယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း ... ရွှမ်း ...
လီဖူချန်းက ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးကို စက်ဝိုင်းပတ် ပတ်လိုက်ပြီး အဝေးကနေ ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေ ပစ်လွှတ် လိုက်ပါတယ်။
လီဖူချန်းရဲ့ ဓားအလင်းတန်း ထောင်ချီကို ရင်ဆိုင်လိုက်ရတဲ့ အခါမှာတော့ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးဟာ ကျိုးဟန်ကို အာရုံမထားနိုင်တော့ပါဘူး။ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက များပြား လွန်းလှပါတယ်။ အဲသည်အတွက် ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးဟာ သည်ဓားအလင်းတန်းတွေကို ခုခံမှ ဖြစ်ပါလိမ့်မယ်။
" ပျက်စီးစမ်း "
အသံပိုင်ရှင်ကတော့ ကျိုးဟန်ပါပဲ။ သူက ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ အနားကို ရောက်လာမှန်း မသိပါဘူး။ သူက ညာဘက်လက်ဝါစောင်းကို ဓားသဖွယ် အသုံးပြုလိုက်ပြီး ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။
ဖန်း ... ဖန်း ... ဖန်း ...
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးရဲ့ ရေခဲအကာအကွယ်ကတော့ ပျက်စီး သွားခဲ့ပါပြီ။ ထို့နောက်မှာတော့ ကျိုးဟန်ဟာ အချိန်ဆိုင်းမနေဘဲ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ နဂိုမူလ ဒဏ်ရာထဲကို အေးစိမ့် ရေခဲစွမ်အားတွေ ထိုးသွင်းလိုက်ပါတယ်။
အေးစိမ့်ရေခဲ စွမ်းအားရဲ့ ပြင်းထန်မှု ကတော့ တကယ့်ကို ကြောက်စရာပါပဲ။ ဒါတောင်မှ ကျိုးဟန်ဟာ သူ့ရဲ့ အေးစိမ့်ရေခဲ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်စေဖို့ အများကြီး လိုနေပါသေးတယ်။
ကျိုးဟန်ရဲ့ အေးစိမ့်ရေခဲ စွမ်းအားကြောင့် ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ လှုပ်ရှားမှုတွေဟာ နဂိုကထက် အဆပေါင်းများစွာ နှေးကွေးသွားခဲ့ပါပြီ။
သည်မြွေကြီးက ရေခဲဓာတ်ကို အထူးပြုတဲ့ မိစ္ဆာသားရဲတစ်ကောင့် ဖြစ်တဲ့အတွက် ရေခဲစွမ်းအား တိုက်ခိုက်မှုတွေကို အတော်အသင့် ခံနိုင်ရည် ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အတွင်းပိုင်း အင်္ဂါ အစိတ်အပိုင်းတွေ ကတော့ ရေခဲစွမ်းအားသုံး တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိပုံ မရပါဘူး။
" ဒါ အခွင့်အရေးပဲ "
ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးရဲ့ လှုပ်ရှားမှု တုံ့နှေးသွားတာကို အခွင့်အရေး ကောင်းကောင်းကြီး ယူလိုက်သူကတော့ လီဖူချန်းပါပဲ။ သူက ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးရဲ့ ခေါင်းပေါ်ကို ခုန်တက်လိုက်ပြီး မျက်လုံးအစုံကို သွေးနီဓားနဲ့ ထိုးစိုက်လိုက်ပါတယ်။
ဂါး ... ဂရား ...
ဝုန်း ... ဝုန်း ... ဝုန်း ...
ဒဏ်ရာအကြီးအကျယ် ရသွားတဲ့အပြင် မျက်စိပါ ကန်းသွားတဲ့ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးဟာ သွေးရူးသွေးတန်းဖြစ်ပြီး သူ့ရဲ့ အမြီးကို စကြာလှည့်သလို လှည့်လိုက်ကာ အရပ်မျက်နှာ ပေါင်းစုံကို တိုက်ခိုက်လိုက်ပါပြီ။
ကျိုးဟန်တောင်မှ အဲသည် အမြီးရိုက်ချက်တွေကို မခန့်မှန်းနိုင်တော့တဲ့ အတွက် အမြီးရိုက်ချက် တစ်ချက် ထိမှန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာ ကြီးကြီးမားမားတော့ မရခဲ့ပါဘူး။
" ကျိုးဟန် ... မလောနဲ့ "
လီဖူချန်းက အော်ဟစ်ပြီး သတိပေးလိုက်ပါတယ်။
" အေး "
ကျိုးဟန်ကလည်း ခေါင်းညိတ် ပြလိုကိပါတယ်။
သူတို့အနေနဲ့ လောစရာ မလိုတော့ပါဘူး။ သည်တိုက်ပွဲဟာ သူတို့နှစ်ယောက်ဟာ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးကို အသာစီး ရသွားခဲ့ပါပြီ။
သူတို့အနေနဲ့ အချိန်ဆွဲပြီး တိုက်ခိုက်ဖို့သာ လိုပါတော့တယ်။
အချိန်ကြာလာတာနဲ့အမျှ ချိုတစ်ချောင်း အေးခဲစပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ပိုပို များလာခဲ့ပါပြီ။
" လူသားတွေ ... နောက်တစ်ခါ တွေ့ကြသေးတာပေါ့ "
နောက်ဆုံးမှာတော့ သူ့ရဲ့အခြအနေကို ကောင်းကောင်းကြီး သဘောပေါက်သွားတဲ့ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးဟာ လီဖူချန်းနဲ့ ကျိုးဟန်တို့ကို ဆက်မတိုက်တော့ဘဲ ရေကန်ထဲကို ဆင်းပြေး သွားပါတော့တယ်။
ကျိုးဟန်နဲ့ လီဖူချန်းတို့ကတော့ လိုက်မသွားခဲ့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ သူတို့ နှစ်ယောက်စလုံးဟာ သူတိုရဲ့ အေးစိမ့်ရေခဲ စွမ်းအားနဲ့ မီးလျှံစွမ်းအား တွေကို ကုန်သလောက်နီးပါး အသုံးပြုပြီး နေလု့ိပါပဲ။ ပြီးတော့ ရေကန် အောက်ခြေမှာ ဘာတွေ ရှိနေဦးမယ် ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ချိုတစ်ချောင်း အေးခဲစပါးအုံး မြွေကြီးကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
***