ခြင်္သေ့ရိုင်း စွမ်းအင်ရပ်တည်မှု ဇယား
Vol. 31 Ch. 413
နုတ်ယူဖို့ ကျန်နေသေးတဲ့ ရေကန်နားက ဆေးပင်တွေကတော့ တိုက်ပွဲရဲ့ အရှိန်အဟုန်ကြောင့် ပျက်စီး သွားခဲ့ပါပြီ။ လီဖူချန်းတို့ ငါးယောက်ဟာ အကောင်းပကတိ အတိုင်း ရှိနေမယ့် ဆေးပင် တစ်ပင်လောက်များ ကျန်နေဦးမလား ဆိုပြီး လိုက်လံရှာဖွေခဲ့ပေမယ့်လည်း တစ်ပင်မှ မရှိတော့ပါဘူး။ အဲသည်အတွက် သူတို့ဟာ တောင်ကြားချိုင့်ဝှမ်း ဒေသထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာခဲ့ကြ ပါတော့တယ်။
တောင်ကြားလမ်းရဲ့ အပြင်ဘက်မှာတော့ မိစ္ဆာသားရဲတွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ အများစုဟာ အဆင့်နိမ့် မိစ္ဆာသားရဲတွေ ဖြစ်တဲ့အတွက် လီဖူချန်းတို့ အနေနဲ့ မှုစရာ မရှိပါဘူး။
" ငါတို့က တော်တော် ကံကောင်းတာပဲ။ ငါတို့ရခဲ့တဲ့ ဆေးပင်တွေက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ ကျော်တယ်။ တကယ်လို့ ငါတို့အနေနဲ့ မလောဘဲ အေးအေးဆေးဆေး ရောင်းမယ်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀၀၀လောက်ကိုတောင် အသာလေး ရရင် ရနေဦးမှာ "
အန်ရှင်းမိန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်ပါတယ်။
အန် ကလန်က တောင်ပိုင်းတောအုပ် ဒေသရဲ့ ထိပ်တန်းကလန်ကြီး ၁၀ခုထဲက တစ်ခု ဖြစ်ပေမယ့်လည်း အန်ရှင်းမိန်ဟာ တစ်နှစ်မှ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ထောင်ပိုင်း အနည်းငယ် လောက်သာ ရတာပါ။
ပြီးတော့ အန်ကလန်ရဲ့ ကြွယ်ဝ ချမ်းသာမှုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းပိုင်းသာ ရှိပါတယ်။ အန်ကလန်မှာ ရှိနေတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကလည်း ၂၀ကျော်တဲ့အတွက် အန်ရှင်းမိန်အနေနဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို ထောင်ပိုင်းမျှသာ ရတာကလည်း မထူးဆန်းတော့ပါဘူး။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင်တိုင်းဟာ ဝိညာဉ် ကျောက်တုံးတွေကို လိုအပ်ကြတာ မဟုတ်ပါလား။
သည်တစ်ခေါက် ခရီးဟာ အန်ရှင်းမိန်အတွက်တော့ အတော်လေး တန်သွားခဲ့ပါပြီ။ သူက သည်ခရီးစဉ်ကနေ ရမယ့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အရေအတွက်ဟာ အနည်းဆုံး ၂၀၀၀၀ ပါပဲ။
တုချင်းက အကြံပြုပါတယ်။
" ရှင်းမိန် ... သည်ဆေးပင်တွေကို ငါတို့ကိုယ်တိုင် ရောင်းမယ့်အစား နင့်ရဲ့ အန်ကလန်ကို အကူအညီတောင်းပြီး ရောင်းခိုင်းရင် မကောင်းဘူးလား။ ငါတို့က အန်ကလန်ကိုလည်း အမြတ်ရာခိုင်နှုန်း ခွဲပေးမယ်လေ "
" ငါ့ရဲ့ အန်ကလန်ကို အကူအညီ တောင်းရမှာလား "
အန်ရှင်းမိန်က လီဖူချန်းနဲ့ ကျိုးဟန်ကို တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။
သူက သည်အဖွဲ့ထဲမှာ ဆုံးဖြတ်ချက်တွေကို ချနိုင်တဲ့သူ မဟုတ်ပါဘူး။ ကျိူးဟန်နဲ့ လီဖူချန်းတို့ကသာ ဆုံးဖြတ်ချက်တွေကို ချနိုင်သူတွေပါ။
လီဖူချန်းက အန်ရှင်းမိန်ရဲ့ အကြည့်ကို သဘောပေါက်ပါတယ်။ သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး
"သည်လို လုပ်ကြရအောင်။ ငါတို့ နုတ်ယူလာတဲ့ ဆေးပင်တွေကို အန်ကလန်ကို အကူအညီ တောင်းပြီး ရောင်းခိုင်းလိုက်မယ်။ ရလာတဲ့ အကျိုးအမြတ်ထဲက ၁၀ ရာခိုင်နှုန်းကို အန်ကလန် ယူပါစေ။ အန်ကလန် ယူပြီးလို့ ကျန်တဲ့ အကျိုးအမြတ်ကိုမှ ငါတို့ ငါးယောက် ခွဲကြမယ်။ ကျိုးဟန်နဲ့ငါက တစ်ယောက်ကို ၃၀ရာခိုင်နှုန်း ၊ အန်ရှင်းမိန်က ၁၅ ရာခိုင်နှုန်း ၊ လျံတိုင်ယုနဲ့ တုချင်းက ၂၅ရာခိုင်နှုန်းကို ခွဲယူကြ။ ဘယ်လိုလဲ ... .။ ကျေနပ်ကြရဲ့လား "
" မင်းပြောတာ မဆိုးဘူး"
ကျိုးဟန်က ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။
ကျိူးဟန်နဲ့ လီဖူချန်းတို့က ဆုံးဖြတ်ပြီးသွားမှတော့ ကျန်တဲ့လူတွေက ဘာမှ မပြောတော့ပါဘူး။
ထို့နောက်မှာတော့ သူတို့တွေဟာ ခရမ်းရောင်ကြယ် တောင်တန်းကနေ ထွက်ခွာဖို့ ပြင်ဆင် လိုက်ကြပါပြီ။
အဲသည်အချိန်မှာပဲ လူတစ်အုပ်ဟာ သူတို့ရဲ့ ရှေ့ကို ရောက်လာပြီး လမ်းပိတ် ထားလိုက်ပါတယ်။
" သတိထားကြ။ သူတို့တွေက ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသားတွေပဲ "
အန်ရှင်းမိန်က သတိပေးလိုက်ပါတယ်။
ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ အဆင့်သတ်မှတ်ချက်က တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်နဲ့ သိပ်ပြီး မကွာလှပါဘူး။ ကျောင်းသားတွေရဲ့ အရည်အချင်းကလည်း အတူတူလောက်ပါပဲ။ တကယ်လို့သာ သည်ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ် အုပ်စုထဲမှာ စွမ်းအင်ဇယား အဆင့်သတ်မှတ်ချက်ထဲက လူတွေ ပါလာရင်တော့ အခြေအနေက ပိုဆိုးလာဖွယ် ရှိပါတယ်။ အဲသည်အတွက် အန်ရှင်းမိန်ဟာ အတော်လေး စိတ်မသက်မသာ ခံစားနေရပါပြီ။
" မင်းတို့ ရလာတဲ့ အရာတွေအားလုံးကို ငါတို့လက်ထဲ ထည့်ခဲ့။ အဲဒါဆိုရင် မင်းတို့ကို ထွက်သွားခွင့် ပြုမယ် "
ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ဗလတောင့်တောင့် လူငယ်က အထက်စီးကနေ ပြောလာခဲ့ပါတယ်။
" ဟမ့် ... မင်းလိုကောင်က ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ "
ကျိုးဟန်ရဲ့ မျက်လုံးတွေကတော့ အေးစက်စက် အငွေ့တွေကို ထုတ်လွှတ်နေခဲ့ပါပြီ။
" ခြိမ်းခြောက်ရဲတော့ ဘာဖြစ်လဲ။ ငါ ဘာဖြစ်လို့ ခြိမ်းခြောက်ရဲလည်း ဆိုတာကို မင်းစမ်းကြည့် ချင်လား"
ဗလတောင့်တောင့် လူငယ်က ကျိုးဟန်ကို ပေါ်တင် စိမ်ခေါ်လိုက်ပါယ်။
" လေကြီးလိုက်တဲ့ကောင် ...။ ငါ့ရဲ့ လက်ဝါးတစ်ချက်ကို အရင် မြည်းကြည့်စမ်း "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် အေးစက်စက် ရေခဲချီတစ်ခုဟာ ကျိုးဟန်ရဲ့ လက်ဝါးကနေ ထွက်ပေါ်လာပြီး ဗလတောင့်တောင့် လူငယ်ဆီကို တိုးဝင်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အပူချိန်ကလည်း လျော့ကျသွားခဲ့ပါတယ်။
" လာစမ်းပါ "
ဗလတောင့်တောင့် လူငယ်က နောက်ဆုတ်သွားခြင်း မရှိပါဘူး။ သူက လက်သီးတစ်ချက် ထုတ်လိုက်ပြီး ကျိုးဟန်ရဲ့ လက်ဝါးရိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။
ဟူး ...
သူ့ရဲ့ လက်သီးက မီးတောက်လို ပူပြင်းတဲ့ အငွေ့အသက်တွေကို သယ်ဆောင်ထားပါတယ်။ ဒါက ဥက္ကာခဲကြီး တစ်လုံးလိုပါပဲ။ သည်လက်သီးရဲ့ ပြင်းအားက ကျိုးဟန်ရဲ့ လက်ဝါးထက် လုံးဝ နိမ့်ကျနေခြင်း မရှိပါဘူး။
ဝုန်း ...
ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ ကျိုးဟန်က အနောက်ကို ခြေလှမ်းသုံးလှမ်း ဆုတ်ပေးလိုက် ရပါပြီ။ ဗလတောင့်တောင့် လူငယ်ကတော့ အနောက်ကို ခြေလှမ်းတစ်လှမ်းသာ ဆုတ်သွား ခဲ့ပါတယ်။
" ဘယ်လို ဖြစ်သွားတာလဲ "
အန်ရှင်းမိန်နဲ့ အခြားလူတွေကတော့ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။ ကျိုးဟန်က စွမ်းအင်ရပ်တည်မှု ဇယားရဲ့ အဆင့်၅ပါ။ ဒါပေမဲ့လည်း တစ်ဖက်လူက ကျိုးဟန်ကို အသာစီး ရယူထားနိုင် ခဲ့ပါတယ်။ သည်ဗလ တောင့်တောင့် လူငယ်ကလည်း ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင်ရပ်တည်မှု ဇယားထဲက ကျောင်းသား တစ်ယောက် ဖြစ်ရပါမယ်။
" ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင်ရပ်တည်မှု ဇယားမှာ မင်းရဲ့ အဆင့်သတ်မှတ်ချက် ဘယ်လောက်လဲ"
ကျိုးဟန်က ဗလတောင့်တောင့်နဲ့ လူငယ်ကို လှမ်းမေးလိုက်ပါတယ်။
ဗလတောင်တောင့်လူငယ်က ကျိုးဟန်ကို လှောင်ပြောင်လိုတဲ့ အမူအရာဖြင့် ခပ်တိုးတိုး ရယ်လိုက်ပြီး
" ငါက ပါရမီ သိပ်မကောင်းတော့ အဆင့်သတ်မှတ်ချက် ၃ပဲ ရှိတယ်ကွာ။ ငါ့ကို နည်းနည်း သက်ညှာပေးပါ "
အန်ရှင်းမိန်နဲ့ အခြားလူတွေကတော့ ကျိုးဟန် အရေးနိမ့်သွားရခြင်း အကြောင်းကို နားလည် သွားကြပါပြီ။
တစ်ဖက်လူက ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ် စွမ်းအင် ရပ်တည်မှု ဇယားရဲ့ အဆင့်၃ ဖြစ်နေတဲ့အတွက် ကျိုးဟန်တစ်ယောက် အရေးနိမ့်ခဲ့ရတာပါ။
" ကဲ ... ကဲ ...။ မင်းတို့ စဉ်းစားပြီးကြပြီလား။ မင်းတို့ ရလာတဲ့ ပစ္စည်းတွေကို မြန်မြန်ပေးခဲ့ကြ။ ငါက သိပ်ပြီး စိတ်ရှည်တဲ့လူ မဟုတ်ဘူးနော် "
ဗလတောင့်တောင့် လူငယ်က နောက်ထပ်တစ်ကြိမ်း ခြိမ်းခြောက် လိုက်ပြန်ပါတယ်။
" ဟမ့် ... မင်းက ငါတို့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"
အသံပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။ သူက ဗလတောင့်တောင့် လုငယ်ကို မထီတရီ ကြည့်ပြီး မေးလိုက်တာပါ။
" ဘာလို့ အနိုင် မယူနိုင်ရမှာလဲ "
ဗလတောင့်တောင့်နဲ့ လူငယ်က လီဖူချန်းရဲ့ မျက်နှာပေးကို ကြည့်ပြီး ဒေါသ ထွက်သွားခဲ့ပါပြီ။ သူက လီဖူချန်းကို သတိမပေးဘဲနဲ့ ရုတ်တရက် ထိုးချလိုက်ပါတယ်။
ဒါက မီးတောက် လက်သီးသာ ဖြစ်ပေမယ့်လည်း ကျိုးဟန်နဲ့တိုက်ခိုက်တုန်းက မီးတောက်လက်သီးနဲ့ တူပုံ မရပါဘူး။ ဘာဖြစ်လို့လဲ သူ့ရဲ့ မီးတောက်လက်သီးဟာ လမ်းတစ်ဝက်မှာ မီးခြင်္သေ့ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းဆီကို တိုးဝင်သွားလို့ပါပဲ။
လီဖူချန်းကတော့ ဘာမှ မလှုပ်ရှားသေးဘဲ တည်တည်ငြိမ်ငြိမ်သာ ရပ်နေခဲ့ပါတယ်။
မီးခြင်္သေ့ကြီးက သူနဲ့ လက်တစ်ကမ်းအကွာကို ရောက်လာပြီဆိုမှ သူက ဓားကို လျှပ်တစ်ပြက် ဆွဲထုတ်လိုက်ပြီး ခုတ်ချလိုက်ပါတယ်။
ရွှမ်း ...
မီးခြင်္သေ့ကြီးဟာ လီဖူချန်းရဲ့ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားပြီး ပျောက်ကွယ် သွားခဲ့ပါပြီ။
သူ့ရဲ့ ပတ်ပတ်လည် သုံးမီတာ အကွာအဝေးဟာ လီဖူချန်းရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်မှု စက်ကွင်းပါပဲ။ သည်အကွာအဝေးထဲမှာ ဆိုရင် သူ့ရဲ့ တိုက်ခိုက်မှု ပြင်းအားဟာ ကျိုးဟန်ထက်တောင် ပိုအားကောင်း ပါသေးတယ်။ ဒါကြောင့် လီဖူချန်းက မီးခြင်္သေ့ကို လက်တစ်ကမ်း အကွာ ရောက်လာတဲ့အထိ စောင့်ပြီး တိုက်ခိုက် လိုက်တာပါ။
" ဟင် "
ဗလတောင့်တောင့် လူငယ်ဟာ မျက်ခုံး ပင့်လိုက်မိပါတယ်။
သူက သည်အဖွဲ့ထဲမှာ ကျိုးဟန်ဟာ အစွမ်းအထက်ဆုံးလို့ ထင်ထားခဲ့တာပါ။ အခုတော့ ကျိုးဟန်ထက် ပိုအစွမ်းထက်တဲ့ လူငယ်တစ်ယောက် ပေါ်လာခဲ့ပါပြီ။
သူ့အနေနဲ့ လီဖူချန်းဟာ ကျိုးဟန်ထက် အစွမ်းထက်တယ်လို့ ယူဆလိုက်တာကလည်း မမှားပါဘူး။ သူ့ရဲ့ တိုက်ခိုက်မှုကြောင့် ကျိုးဟန်က ခြေလှမ်းသုံးလှမ်း နောက်ဆုတ် သွားရချိန်မှာ လီဖူချန်းက အေးအေးသက်သာ ရှိနေတာ မဟုတ်ပါလား။
ဒါပေမဲ့ သူ မသိတာကတော့ လီဖူချန်းက သူ့ရဲ့ အပြင်အား ကျင့်ကြံမှုကြောင့် အနီးကပ် တိုက်ခိုက်မှု ပိုအားကောင်း နေတယ် ဆိုတာပါပဲ။
" ကောင်းတယ် ... ကောင်းတယ်။ စွမ်းအင်ရပ်တည်မှု ဇယားက ကျောင်းသား နှစ်ယောက်လား။ ကြည့်ရတာ ငါ့ရဲ့ အစွမ်း အကုန်လုံးကို ထုတ်ပြရတော့မှာပဲ "
ဗလတောင့်တောင်နဲ့ လူငယ်က တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးဟန်ဖြင့် အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ်။
" ဟေ့ကောင် ...။ မင်းငါ့ရဲ့ သည်လက်သီးချက်ကို ခုခံနိုင်မယ်ဆိုရင် မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး "
" တိုက်မှာသာ အမြန်တိုက် "
လီဖူချန်းက သူ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ချပ်ကို ထုတ်သုံးရတော့မယ် ဆိုတာကို ရိပ်မိပြီးသားပါပဲ။ အဲသည်အတွက် သူက ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားခဲ့ပါပြီ။
" မီးတောက်ခြင်္သေ့ရဲ့ ဒေါသ "
ဗလတောင့်တောင့် လူငယ်က မြေကမ္ဘာအဆင့်နိမ့် ခြင်္သေ့ရိုင်း နတ်ဘုရားကျင့်စဉ်နဲ့ မြေကမ္ဘာ အလယ်အလတ် အဆင့်ဖြစ်တဲ့ မီးတောက်ခြင်္သေ့ ဒေါသလက်သီးကို လေ့ကျင့်ထားသူပါ။ ပြီးတော့ သူက သူ့ရဲ့ လက်သီးသိုင်းကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့်ပြီးခဲ့ပါပြီ။
ပြီးတော့ သူ့ရဲ့ မီးလျှံစွမ်းအားကလည်း အဆုံးစွန်သော ကန့်သတ်ချက် တစ်ခုမှာ ဖြစ်ပါတယ်။ သူက မီးလျှံ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ဖို့တောင် သိပ်မလိုတော့ပါဘူး။
ဟူး ... ဟူး ... ဟူး ...
ပတ်ဝန်းကျင် တစ်ခုလုံးကတော့ မီးလောင်ပြင်ကြီး တစ်ခုအလား ပါပဲ။ ဗလတောင့်တောင့် လူငယ်ရဲ့ လက်သီးချက်ကနေ ဖြစ်ပေါ်လာတဲ့ မီးခြင်္သေ့ကလည်း လီဖူချန်းဆီကို ပြေးဝင်သွားခဲ့ပါပြီ။ မီးခြင်္သေ့ထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ လက်သီးအားတွေကလည်း လီဖူချန်းကို ဖိနှိပ်ဖို့ ကြိုးစားလာကြပါတယ်။
"သည်စွမ်းအားက ... "
ကျိုးဟန်က လီဖူချန်းကို စိုးရိမ်သွားခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သည်လက်သီးချက်ကို သူကိုယ်တိုင်တောင်မှ တောင့်ခံနိုင်စွမ်း မရှိလို့ပါပဲ။
" သွားစမ်း "
ရွေးချယ်စရာ မရှိတော့တဲ့အတွက် လီဖူချန်းဟာ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်ကို အသက်သွင်းလိုက်ကာ မီးခြင်္သေ့ကြီးကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။
ရွှမ်း ...
မီးခြင်္သေ့ကြီးဟာ အလွန်အမင်း အားကောင်းပေမယ့်လည်း နေမင်းဇောင်အဟုန် ချီအတွင်းအားကို အဆင့်မြှင့်တင်ထားတဲ့ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ အတွင်းအားတွေကို တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ လီဖူချန်းရဲ့ ဓားချက်က မီးခြင်္သေ့ကို ခေါင်းကနေ အမြီးအထိ တိတိရိရိ ပိုင်းဖြတ်သွားခဲ့ပါတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ...
တိုက်ပွဲဖြစ်ပေါ်ရာ မီတာတစ်ရာ ပတ်လည်အတွင်းမှာတော့ မီးတောက်မီးလျှံတွေ အပြည့်ပါပဲ။ အဲသည်အချက်နဲ့တင် သည်လက်သီးချက်ရဲ့ စွမ်းအားကို မှန်းဆနိုင်ပါပြီ။
" ကောင်းတယ်။ ကြည့်ရတာ ငါ တုရှန်းချီက မင်းအပေါ်မှာ အထင်သေးခဲ့မိတာပဲ။ သွားကြမယ်ဟေ့ ... "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဗလတောင့်တောင့် လူငယ်ဟာ လှည့်ထွက်သွားပါတော့တယ်။
တုရှန်းချီက တကယ့် လူပါးလူနပ် တစ်ယောက်ပါပဲ။ သူက လီဖူချန်းကို တစ်ယောက်ချင်း အနိုင်မယူနိုင်ဘူး ဆိုတာ သေချာသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်း ဆုတ်ခွာ သွားပါတယ်။ သူက လီဖူချန်းကို ပြန်တိုက်ခွင့်တောင် မပေးခဲ့ပါဘူး။
" ဒါက မင်းရဲ့ အစွမ်း အစစ်အမှန်လား "
ကျိုးဟန်က ဝေခွဲမရတဲ့ လေသံနဲ့ လီဖူချန်းကို မေးလိုက်ပါတယ်။
သူက လီဖူချန်းရဲ့ ချီအတွင်းအားဟာ ရုတ်တရက် တိုးမြှင့်လာတာကို သတိပြုမိလိုက်ပုံပါပဲ။
" အင်း ... အဲလိုပဲ ပြောရမှာပေါ့ "
လီဖူချန်းက မငြင်းလိုက်ပါဘူး။
" အဲဒါက အရမ်းအစွမ်းထက်တဲ့ ကြယ်၅ပွင့် အထူး လျှို့ဝှက်နည်းစနစ် တစ်ခုပဲ ဖြစ်ရမယ် "
ကျိူးဟန်က စိတ်ထဲကနေ ခန့်မှန်းလိုက်ပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာက ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီးရင်တော့ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်တွေဟာ ချီအတွင်းအားကို ၂၀ရာခိုင်နှုန်းထက်ပိုပြီး မမြှင့်တင်ပေး နိုင်တော့ပါဘူး။ ကြယ်၅ပွင့် အထူး လျှို့ဝှက်နည်းစနစ် အချို့ကသာ ချီအတွင်းအား ၄၀ရာခိုင်နှုန်းလောက် အထိ မြှင့်တင်ပေးနိုင်စွမ်း ရှိပါတော့တယ်။ ဒါပေမဲ့လည်း အဲသည် ကြယ်၅ပွင့် အထူး လျှို့ဝှက်နည်းစနစ်တွေက တိုက်ပွဲချိန် အကြာကြီးအထိ ချီအတွင်းအားတွေကို မြှင့်တင်ပေးနိုင်စွမ်း မရှိပါဘူး။ တကယ်လို့သာ တိုက်ပွဲအချိန် ကြာမြင့် လာခဲ့မယ်ဆိုရင် အသုံးပြုသူဟာ ဘေးထွက်ဆိုးကျိူး တစ်ခုခုနဲ့ ကြုံရမှာ အသေအချာပါပဲ။
" နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် မောင်လေးဖူချန်းဟာ အတွင်းစည်း တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသား တစ်ယောက် ဖြစ်လာလိမ့်မယ် "
အန်ရှင်းမိန်က လီဖူချန်းကို လေးစားအားကျစွာနဲ့ ကြည့်နေခဲ့ပါတယ်။
ထို့နောက်မှာတော့ သူတို့ ငါးယောက်ဟာ ခရမ်းရောင်ကြယ် တောင်တန်းကနေ ပြန်ထွက်ခွာ ပါတော့တယ်။
ရက်ပေါင်း ၂၀ကျော် ကြာပြီးသွားတဲ့ နောက်မှာတော့ သူတို့ငါးယောက်ဟာ နန်လင်းမြို့ကို ပြန်ရောက်လာခဲ့ပါပြီ။
" နောက်ထပ်တစ်လကြာရင် ငါနင်တို့ကို ဝေစုခွဲတမ်းတွေ လာပေးမယ်။ တကယ်လို့ ငါ့ကို မယုံရင်တော့ ငါက အန်ကလန်ကနေ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ ချေးငှားပြီး နင်တို့ကို အရင်ပေးထားမယ် "
အန်ရှင်းမိန်က အားလုံးကို ပြောလိုက်ပါတယ်။
တုကျင်းက ခေါင်းခါလိုက်ပြီး
" မလိုပါဘူး ရှင်းမိန်ရ။ ဒါက ပြဿနာမှ မဟုတ်တာ။ ငါတို့ နင့်ကို ယုံပါတယ် "
သည်ဆေးပင်တွေကိုတော့ အန်ရှင်းမိန်နဲ့ အန်ကလန်ဟာ လိမ်ညာပြီး မောင်ပိုင်စီးမှာ မဟုတ်ပါဘူး။ ဒါက ပြဿနာအကြီးကြီး ဖြစ်သွားစေနိုင်ပါတယ်။
***
" အင်း ... ငါ့ရဲ့ ချီကျင့်ကြံမှုကို အဆင့်တက်ဖို့ လိုအပ်နေပြီ "
အစောပိုင်းတုန်းက လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို သည်အတိုင်း ကျင့်ကြံမှု သက်သက်နဲ့ ချိူးဖောက်ဝင်ရောက်ဖို့ စဉ်းစားထားခဲ့ပေမယ့်လည်း အခုတော့ အဲသည်လို မလုပ်ချင်တာ့ပါဘူး။ သူ့အနေနဲ့ ကျင့်ကြံမှုသက်သက်နဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို ချိုးဖောက် ဝင်ရောက်ဖို့ဆိုရင် နှစ်ဝက်လောက် စောင့်နေရဦးမှာပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ ထာဝရနုပျိုခြင်း ဆေးဆိုင်ကို ရောက်လာခဲ့ပါပြီ။ သူက ဆေးဆိုင်ကို ရောက်တာနဲ့ တစ်ပြိုင်နက် အချိန်ဆိုင်းမနေဘဲ အဆင့်တက်ဖို့ အထောက်အပံ့ပေးတဲ့ ဆေးတွေကို မေးလိုက်ပါတယ်။
ဆိုင်ရှင်ကလည်း လီဖူချန်းကို ကောင်းကောင်းကြီး မှတ်မိနေတဲ့အတွက် ပေရှည် မနေတော့ပါဘူး။ သူက လီဖူချန်း လိုချင်တဲ့ ဆေးတွေကိုသာ တန်းပြီး ပြလိုက်ပါတယ်။
" အဆင့်တက်တဲ့ နေရာမှာ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်တဲ့ ဆေးကတော့ ပကတိ သြဇာအာဏာ ဆေးလုံးပဲ။ ဒါက မြေကမ္ဘာ အလယ်အလတ် အဆင့် ဆေးဖြစ်ပြီး ဆေးတစ်လုံးကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၃၀၀၀ ကျသင့်တယ် "
" ဆိုင်ရှင် ... မြေကမ္ဘာအဆင့်မြင့် ဆေးတွေကော မရှိဘူးလား "
ဆေးတွေက အဆင့်မြင့်လေ မသန့်စင်မှုတွေ နည်းလေပါပဲ။ အဲသည် အတွက် လီဖူချန်းက မြေကမ္ဘာအဆင့်မြင့် ဆေးကို မေးလိုက်တာပါ။
ဆိုင်ရှင်က ခေါင်းခါလိုက်ပြီး လီဖူချန်းကို သတိပေးလိုက်ပါတယ်
" သခင်လေး ...။ သခင်လေးက ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၁မှာပဲ ရှိသေးတာလေ။ သခင်လေးအနေနဲ့ မြေကမ္ဘာအဆင့်မြင့် ဆေးတွေကို သောက်သုံးတာက ဖြုန်းတီးသလို ဖြစ်နေပါလိမ့်မယ်"
ယေဘူယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁ ပညာရှင်တွေဟာ မြေကမ္ဘာအဆင့်နိမ့် ဆေးတွေနဲ့တင် လုံလောက်နေပါပြီ။ မသန့်စင်မှုတွေက နည်းနည်းများတယ် ဆိုပေမယ့် ဈေးနှုန်းကတော့ အတော်လေး နည်းပါတယ်။
ဆိုင်ရှင်က လီဖူချန်းဟာ ထွဋ်ခေါင်ပါရမီရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို ရိပ်မိတဲ့အတွက် မြေကမ္ဘာ အလယ်အလတ် အဆင့် ဆေးတွေ ဝယ်နေတာကို ဘာမှ မပြောဘဲ နေနေတာပါ။ ဒါပေမဲ့ မြေကမ္ဘာအဆင့်မြင့် ဆေးလုံးတွေကို ဝယ်ချင်တာကတော့ အတော်လေး လွန်သွားခဲ့ပါပြီ။ ဒါက ဖြုန်းတီးတာ သက်သက်ပါပဲ။
ပြီးတော့ အဆင့်တက်ဖို့ အထောက်အပံ့ ပေးတဲ့ မြေကမ္ဘာအဆင့်မြင့် ဆေးလုံးတစ်လုံးဟာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၀၀၀၀ နီးပါး ကျသင့်ပါတယ်။ ဒါကြောင့် သူက လီဖူချန်းကို သတိပေးလိုက်တာပါ။
" ဈေးနှုန်းက အဓိက မဟုတ်ပါဘူး ဆိုင်ရှင်။ ရှိရင် ကျွန်တော့်ကို ပြပေးပါ "
ဒါပေမဲ့လည်း လီဖူချန်းက မြေကမ္ဘာအဆင့်မြင့် ဆေးလုံးကို ဝယ်ယူဖို့သာ စိတ်အား ထက်သန်နေပါတယ်။
ဆိုင်ရှင်ကတော့ ခေါင်းခါလိုက်ပြီး
" သခင်လေး လိုချင်တဲ့ ဆေးကတော့ ကျွန်တော်တို့ဆိုင်မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ နောက်သုံးရက် နေရင် နန်လင်းမြို့မှာ လေလံပွဲကြီးတစ်ခု လုပ်ပါလိမ့်မယ်။ ကျွန်တော် ကြားတာကတော့ မာန်ဟုတ် မီးတောက် နှလုံးသားဆေးကို အဲသည် လေလံပွဲမှာ ရောင်းချ ပါလိမ့်မယ်တဲ့။ အဲသည်ဆေးက ခရမ်းရောင်ပန်း နိုင်ငံတောင်ရဲ့ မဟာဆေးပညာရှင် ၁၀ဦးထဲက တစ်ဦးဖြစ်တဲ့ ဆရာသခင် မာန်ဟုန်မီးတောက် ဖော်စပ်ထားတာ ဖြစ်ပါတယ်။ အဲသည် ဆေးက မီးဓာတ် အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်သူတွေနဲ့ အထူး သင့်တော်ပါတယ်။ သခင်လေးအနေနဲ့ အဲသည်လေလံပွဲကို သွားရင် ပိုသင့်တော်ပါလိမ့်မယ် "
" မာန်ဟုန် မီးတောက်နှလုံးသား ဆေးလား "
လီဖူချန်းရဲ့ နှလုံးခုန်သံတွေက မြန်ဆန်လာခဲ့ပါပြီ။
ဓာတ်သဘာဝတွေကို အထူးပြုတဲ့ ဆေးတွေဟာ သာမန် ဆေးတွေထက် ပိုပြီး ဈေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့သင့်တော့်တဲ့ ဆေးဆိုရင်တော့ မသန့်စင်မှုတွေက သာမန်ဆေးတွေထက်ကို အဆပေါင်းများစွား နည်းပါး သွားပါလိမ့်မယ်။
" ဟုတ်ပြီ။ ကျွန်တော် အဲသည်လေလံပွဲကို သွားလိုက်မယ် "
ဆိုင်ရှင်ရဲ့ သတင်းစကားကို ကြားအပြီးမှာတော့ လီဖူချန်းရဲ့ အစီအစဉ်တွေဟာ ပြောင်းလဲ သွားခဲ့ပါပြီ။
နောက်ထပ်သုံးရက်အကြာမှာတော့ နန်လင်းမြို့ဟာ ကြက်ပျံမကျ စည်ကားလာခဲ့ပါတယ်။
ဒါက နန်လင်းမြို့မှာ ကျင်းပမယ့် လေလံပွဲကြီးကြောင့်ပါပဲ။
သည်လေလံပွဲဟာ ၂နှစ် ဒါမှမဟုတ် ၃နှစ်နေမှ တစ်ကြိမ်သာ ကျင်းပတဲ့အတွက် အနယ်နယ် အရပ်ရပ်က ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို ဆွဲဆောင်ထားခဲ့ နိုင်ပါတယ်။
လေလံပွဲကျင်းပမယ့် နေရာကတော့ နန်လင်းမြို့ရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ အရှေ့ပိုင်းကြယ် လေလံခန်းမမှာပါ။
လေလံပွဲကျင်းပမယ့် မနက်ခင်းမှာပဲ များပြားလှတဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ အရှေ့ပိုင်းကြယ် လေလံခန်းမရှေ့ကို ရောက်ရှိ နေကြပါပြီ။ ဒါပေမဲ့ လေလံခန်းမထဲကိုတော့ အလကား ဝင်လို့ မရပါဘူး။ လေလံခန်းမထဲကို ဝင်ချင်တဲ့ လူတိုင်းဟာ သတ်မှတ်ထားတဲ့ ဝိညာဉ် ကျောက်တုံးတွေကို ပေးရမှာ ဖြစ်ပါတယ်။
***