ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂
Vol. 31 Ch. 415
နောက်ဆုံးလေလံတင် ရောင်းချမယ့် ပစ္စည်းသုံးခုထဲက ဒုတိယမြောက် ပစ္စည်းကတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် သိုင်းကျမ်းတစ်ခုပါပဲ။ အဲသည်ပစ္စည်းကိုလည်း ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်က ပိုင်ဆိုင်သွားခဲ့ပါတယ်။
မြေကမ္ဘာ အလယ်အလတ် အဆင့် သိုင်ကျမ်းတွေဆိုတာက သိုင်းတက္ကသိုလ်တွေနဲ့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ လက်ရွေးစင် ကလန်ကြီးတွေ အတွက်တော့ မရှားလှပါဘူး။ ဒါပေမဲ့ အပြင်ဘက် ဈေးကွက်ထဲမှာတော့ မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းကျမ်းတွေဟာ အင်မတန် ရှားပါး လွန်းလှပါတယ်။
သည်မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းကျမ်းကိုတော့ ကြမ်းခင်းဈေး အဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀နဲ့ ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံး အပိတ်ဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀၀၀ အတိ ရခဲ့ပါတယ်။ သည်စံချိန် မှတ်တမ်းကတော့ အစောပိုင်းက တင်ရှိထားတဲ့ နဂါးစိမ်းဆေဘာရဲ့ စံချိန်ကိုတောင် ချိုးဖြတ်သွားခဲ့ပါပြီ။
သည်လိုနဲ့ပဲ မွန်းလွှဲပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။ သည်တစ်ခါ ပြသမယ့် ပစ္စည်းကတော့ သည်လေလံပွဲရဲ့ နောက်ဆုံးပိတ် ပစ္စည်းဆိုရင်လည်း မမှားပါဘူး။
ဆံဖြူအဘိုးအိုက စိတ်လှုပ်ရှားစွာနဲ့ နောက်ဆုံးပစ္စည်းကို ကြော်ငြာလိုက်ပါတော့တယ်။
" ယနေ့ အရှေ့ပိုင်းကြယ် လေလံခန်းမကို ကြွရောက်လာတဲ့ ဧည့်သည်တော်များ ခင်ဗျာ ...။ အခု ပြသမယ့် ပစ္စည်းကတော့ သည်တစ်ခေါက် လေလံပွဲမှာ နောက်ဆုံးပိတ် အနေနဲ့ လေလံတင် ရောင်းချမယ့် ပစ္စည်းပဲ ဖြစ်ပါတယ် "
သူ့ရဲ့ စကား ဆုံးသွားပြီးတဲ့ နောက်မှာတော့ လူနှစ်ယောက်ဟာ သေတ္တာကြီးတစ်လုံးကို စင်မြင့်ပေါ်ကို သယ်လာခဲ့ပါပြီ။
အဲသည်သေတ္တာကြီးက ကြည့်ရတာ အတော်လေး လေးလံမယ့် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်သေတ္တာကြီးကို သယ်နေတဲ့ လူနှစ်ယောက်ဟာ မြေကမ္ဘာ နယ်ပယ်အဆင့် ပညာရှင်တွေ ဖြစ်ပေမယ့်လည်း အတော်လေး အားစိုက်ပြီး သယ်နေရလို့ပါပဲ။
ထို့နောက်မှာတော့ ဆံဖြူအဘိုးအိုဟာ သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါတော့တယ်။ သေတ္တာထဲမှာ ရှိနေတာကတော့ သုံးမီတာနီးပါးရှိတဲ့ ဦးချို တစ်ချောင်းပါပဲ။ အဲသည်ဦးချိုရဲ့ ထိပ်ပိုင်းမှာတော့ လျှပ်စစ်စီးကြောင်းလေးတွေ ဖြစ်ပေါ်လျက် ရှိနေပါတယ်။
ဆံဖြူအဘိုးအိုက လေးနက် တည်ကြည်စွာဖြင့် ဦးချိုကြီး အကြောင်းကို ရှင်းလင်းပြောကြား လိုက်ပါတယ်။
" ဒါက အဆင့်၆ အလယ်အလတ် အဆင့် မိစ္ဆာသားရဲ ဖြစ်တဲ့ မိုးကြိုးမုန်တိုင်းကြံ့ရဲ့ ဦးချိုပါ။ သည်ကိုရောက်လာတဲ့ ဧည့်သည်အားလုံးကတော့ မိုးကြိုးမုန်တိုင်းကြံ့ အကြောင်းကို ကြားဖူးပါလိမ့်မယ်။ သည်သတ္တဝါကြီးက အင်မတန် ရန်လိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာသားရဲကြီး ဖြစ်ပါတယ်။ တိုက်ပွဲဝိညာဉ် အလယ်အလတ်ပိုင်းက ပညာရှင်တွေတောင်မှ သည်ကောင်ကြီးကို ထိပ်တိုက် ရင်မဆိုင် ရဲပါဘူး။ သည်ကောင်ကြီး ဒေါသ ထွက်လာပြီဆိုရင် မိုင်တစ်ရာပတ်လည်အတွင်းမှာ မိုးကြိုးမုန်တိုင်းတွေကို ဖြစ်ပေါ် လာတတ်ပါတယ်။ ပြီးတော့ အဲသည် မိုးကြိုးမုန်တိုင်းတွေက မြို့ကြီးတစ်မြို့ကို တောင်မှ တစ်ချက်တည်းနဲ့ ဖျက်ဆီး နိုင်ပါသေးတယ်။ မိုးကြိုးမုန်တိုင်း ကြံရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထဲမှာဆိုရင် ဦးချိုဟာ တန်ဖိုး အရှိဆုံးပါပဲ "
ဆံဖြူအဘိုးအိုက လေလံပွဲတွေကို ကြီးမှုးကျင်းပလာတာ အတေယ်လေး သက်တမ်းရင့်နေပုံပါပဲ။ သူက သူ့ရဲ့ စကားကို လူတွေအားလုံး ပိုစိတ်ဝင်စား လာအောင် ခဏ ရပ်လိုက်ပါသေးတယ်။ ပြီးမှ သူက ကြမ်းခင်းဈေးကို ပြောလိုက်ပါတယ်။
"အခု သည်ဦးချိုကို ကြမ်းခင်းဈေးအဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ သတ်မှတ် ထားပါတယ်။ ဈေးနှုန်းတစ်ခါ မြှင့်မယ်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ထက် နည်းလို့မရပါဘူး "
" ဘာလဲ ...။ အဲဒါက တကယ်ကြီး အဆင့်၆ မိစ္ဆာသားရဲ မိုးကြိုးမုန်တိုင်းကြံ့ရဲ့ ဦးချိုလား "
လူတွေအားလုံးဟာ မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး အသက်ရှူသံတွေ မြန်ဆန်လာခဲ့ပါပြီ။
အဆင့်၆ မိစ္ဆာသားရဲတွေဆိုတာက သူတို့ကိုယ်သူတို့ မိစ္ဆာဗိုလ်ချုပ်ကြီးတွေလို့ ခံယူထားကြတာပါ။ သူတို့တွေဟာ မိစ္ဆာသားရဲ နယ်မြေဒေသ တစ်ခုကို ကောင်းကောင်းကြီး အမိန့်ပေး အုပ်ချုပ်နိုင်ကြပါတယ်။ သူတို့ရဲ့ အသိဉာဏ်ကလည်း လူတွေထက် မနိမ့်ကျပါဘူး။
ပြီးတော့ အဆင့်၆ မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ရတနာတွေပါပဲ။ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လက်နက် သွန်းလုပ်ရာမှာ အသုံးပြုလို့ ရသလို ချပ်ဝတ်တန်ဆာတွေ ပြုလုပ်ရာမှာလည်း အသုံးပြုလို့ ရပါတယ်။ အချို့အစိတ်အပိုင်းတွေ ဆိုရင် ဆေးဖော်စပ်ရာမှာတောင် အသုံးပြုနိုင်ပါတယ်။ အဲသည်အတွက် အဆင့်၆ မိစ္ဆာသားရဲတွေရဲ့ အကြေးခွံတစ်ခု၊ လက်သည်းတစ်ချောင်းရဲ့ တန်ဖိုးကတောင်မှ မနည်းလှပါဘူး။ ဦးချိုတွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့။
ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို အသာထား။ တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တွေတောင်မှ သည်မိုးကြိုးမုန်တိုင်း ကြံ့ဦးချိုကို မလိုချင်ဘဲ မနေပါဘူး။
အဲသည်အတွက် သည်မိုးကြိုးမုန်တိုင်း ကြံ့ရဲ့ ဦးချိုကို လုတဲ့ လေလံပွဲထဲမှာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေလည်း ပါဝင်လာမှာ အသေအချာပါပဲ။
" ၂၀၀၀၀၀ "
တော်ဝင်ဧည့်သည် အခန်းတစ်ခုက နေပြီး အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
" အိုး ... အဲဒါက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ပဲ "
ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ပိုင်းက ပညာရှင်တွေကတော့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပါပြီ။ သူတို့ထဲက တစ်ယောက်မှ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ယောက်နဲ့ ပြိုင်ပြီး ဈေးမပေးရဲကြပါဘူး။
တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ယောက်နဲ့ ပြိုင်ပြီး လေလံဆွဲတယ်ဆိုတာက ပြဿနာကို လက်ယပ် ခေါ်တာနဲ့ အတူတူပါပဲ။
" ၂၅၀၀၀၀ "
" ၃၀၀၀၀၀ "
" ၄၀၀၀၀၀"
တော်ဝင်ဧည့်သည်အခန်းတွေမှာ ရှိနေကြတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တွေကတော့ မိုးကြိုးမုန်တိုင်း ကြံ့ချိုကို အပြိုင်အဆိုင် ဈေးပေးနေကြပါပြီ။
ဆရာသခင်တွေရဲ့ ချမ်းသာကြွယ်ဝမှု တွေကြောင့် လေလံခန်းမထဲမှာ ရှိနေတဲ့ လူတွေအားလုံးဟာ တိတ်ဆိတ်ကုန်ကြပါတယ်။ ဒါက သူတို့ဘဝမှာ တစ်ခါမှတောင် တွေးခဲ့ဖူးခြင်းမရှိတဲ့ ဝိညာဉ်ကျောက်တုံး ပမဏတွေနဲ့ လေလံဆွဲနေကြတာပါ။
" မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ ဦးချိုက သည်လောက်အထိ တန်ဖိုး ရှိတာလား "
လီဖူချန်းက လေလံပေးတဲ့ ဈေးတွေကို ကြည့်နေရင်းနဲ့ ကျိတ်မနိုင် ၊ခဲမရ ဖြစ်နေခဲ့ပါပြီ။
သူ့ဆီမှာလည်း မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ ဦးချိုတစ်ချောင်း ရှိပါတယ်။ အဲသည်ဦးချိုက မိုးကြိုမုန်တိုင်း ကြံ့ကြီးရဲ့ ဦးချိုလောက် အရှိန်အဝါ မကြီးမားပေမယ့်လည်း ဘယ်လိုဖြစ်ဖြစ် မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ ဦးချိူ ဖြစ်နေဆဲပါပဲ။
" ၄၅၀၀၀၀ "
လီဖူချန်းနဲ့ ရင်းနှီးတဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။
အသံပိုင်ရှင်ကတော့ ဆရာသခင် မအိုသောကလေးငယ် ပါပဲ။
နန်လင်းမြို့ရဲ့ အကျော်အမော်တစ်ဦးဖြစ်တဲ့ ဆရာသခင် မအိုသောကလေးငယ် အနေနဲ့ သည်လို လေလံပွဲကြီးကို မလာစရာ အကြောင်းမရှိပါဘူး။
" ၅၀၀၀၀၀"
" ၅၅၀၀၀၀ "
တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေက ဘယ်သူ့ကိုမှ မျက်နှာသာပေးမှာ မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ။ သူတို့လိုအဆင့်က လူတွေအတွက်ကတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေဟာ သိပ်ပြီး အရေးကြီးတဲ့ကဏ္ဍမှာ မရှိတော့ပါဘူး။ ပြီးတော့ သည်လို မိစ္ဆာဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ဦးချိုကို တွေ့ရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလွန်းပါတယ်။ သူတို့အနေနဲ့ သည်ဦးချိုကို လက်ဝယ် ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ဘူးဆိုရင် အချိန်အတော်ကြာအထိ နောင်တ ရနေရမှာပါ။
" မဖြစ်ဘူး ...။ ငါ့ဆီမှာရှိတဲ့ မိစ္ဆာဗိုလ်ချုပ်ကြီးရဲ့ ဦးချိုကိုလည်း လေလံတင်ဖို့ အခွင့်အရေး ရှာရမယ် "
လီဖူချန်းကတော့ သူပိုင်ဆိုင်ထားတဲ့ ဦးချိုကို လေလံတင်ရောင်းချဖို့အတွက် စိတ်ဆန္ဒ ပြင်းပြနေပါပြီ။
သူက မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ ဦးချိုဟာ သည်လောက်အထိ တန်ဖိုးရှိမယ်လို့ လုံးဝကို မထင်ထားခဲ့တာပါ။ မဟုတ်လို့ကတော့ အစောကြီးကတည်းက သူ ရထားတဲ့ ဦးချိုကို လေလံတင် ရောင်းချပြီး နေလောက်ပါပြီ။
လီဖူချန်း မသိတာကတော့ မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ဦးဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်နဲ့ ညီမျှတယ် ဆိုတာပါပဲ။ တိုက်ပွဲဝိညာဉ် နယ်ပယ်အောက်က ပညာရှင်တွေဟာ မိစ္ဆာဗိုလ်ချုပ်ကြီးတွေကို ဘယ်လိုမှ သတ်နိုင်မှာ မဟုတ်ပါဘူး။
မိစ္ဆာဗိုလ်ချုပ်ကြီး တွေဟာ အင်မတန်မှ အစွမ်းထက်လွန်းပါတယ်။ အဆင့်နိမ့် မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ဦးကို သတ်ချင်တယ်ဆိုရင် အဲသည်ပညာရှင်အနေနဲ့ အနည်းဆုံး ပြန်လည်ဝင်စားခြင်း နယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေရပါမယ်။ သာမန် ဆရာသခင်တွေကတော့ မိစ္ဆာဗိုလ်ချုပ်ကြီးတွေကို တွေ့တာနဲ့ တန်းပြီး ထွက်ပြေးရမှာပါ။ သူတို့တွေအနေနဲ့ မိစ္ဆာဗိုလ်ချုပ်ကြီးတွေကို ဘယ်လိုမှ ထိပ်တိုက် ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
ပြီးတော့ သည်တိုက်ကြီးမှာ ရှိနေတဲ့ မိစ္ဆာဗိုလ်ချုပ်ကြီးတွေကို သတ်ဖို့ဆိုတာ အင်မတန် ခဲယဉ်း လွန်းလှပါတယ်။ သည်တိုက်ကြီးမှာ ရှိတဲ့ မိစ္ဆာဗိုလ်ချုပ်ကြီးတွေဟာ မိစ္ဆာဘုရင်တွေ ရှိတဲ့နေရာမှာပဲ စုရုံး နေထိုင်ကြတာပါ။ အဲသည်အတွက် မိစ္ဆာဗိုလ်ချုပ်ကြီးတစ်ဦးကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ ဆရာသခင် စာရင်းမှာ ရှိနေတဲ့ ဆရာသခင်တွေတောင်မှ မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ယောက်ကို သတ်နိုင်ဖို့အတွက် အာမ မခံရဲပါဘူး။ ဒါက ကံအပေါ်မှာ လုံးဝ မူတည်နေတဲ့ ကိစ္စ တစ်ခုပါ။
နောက်ဆုံးမှာတော့ မိုးကြိုးမုန်တိုင်း ကြံ့ချို လုပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ဆရာသခင် မအိုသော ကလေးငယ်က အတတ်နိုင်ဆုံး ကြိုးစားပြီး လေလံ ဆွဲခဲ့ပေမယ့်လည်း မိုးကြိုးမုန်တိုင်း ကြံ့ချိုကို မရခဲ့ပါဘူး။ မိုးကြိုးမုန်တိုင်း ကြံ့ချိုကိုတော့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ မဟာဆေးပညာရှင် ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဆရာသခင် မာန်ဟုန်မီးတောက်က ပိုင်ဆိုင်သွားခဲ့ပါတယ်။
မိုးကြိုးမုန်တိုင်း ကြံ့ချိုကို လေလံတင် ရောင်းချ အပြီးမှာတော့ လေလံပွဲကလည်း ပြီးဆုံးသွားခဲ့ပါပြီ။
လီဖူချန်းကလည်း သူလေလံဆွဲထားတဲ့ ပစ္စည်းတွေ အတွက် ကျသင့်တဲ့ တန်ဖိုးကို ပေးချေပြီး အရှေ့ပိုင်းကြယ် လေလံခန်းမကနေ ထွက်လာခဲ့ပါတော့တယ်။ သူ့ရဲ့ သိုလှောင်အိတ်ထဲမှာတော့ စိတ်နှလုံး ဝိညာဉ်ဆေးရည်၊ ဝိညာဉ်သန့်စင် ဆေးလုံးနဲ့ မာန်ဟုန် မီးတောက်နှလုံးသား ဆေးလုံးတို့ ပါလာခဲ့ပါပြီ။
" သောက်ကလေး ...။ မင်းနဲ့ငါ့ရဲ့ ကိစ္စက မပြီးသေးဘူးကွ။ တစ်နေ့ကျရင် ငါ့အကြောင်း ကောင်းကောင်းကြီး ပြရသေးတာပေါ့ "
မီးလက်သီး ဖန်လုံကတော့ အမှောင်ထဲကနေ လီဖူချန်းကိုကြည့်ပြီး ကြိမ်းဝါးနေခဲ့ပါတယ်။
...
နန်လင်းမြို့ရဲ့ အထက်တန်းစား တည်းခိုခန်းတစ်ခုရဲ့ အခန်းတစ်ခု အတွင်းမှာတော့ လူငယ်တစ်ယောက် ရှိနေပါတယ်။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ။
လီဖူချန်းက မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကနေ ရလာတဲ့ ကမ္မဋ္ဌာန်းဖျာပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေပါတယ်။
( note- အရင်တုန်းက ကမ္မဋ္ဌာန်းဖျာကို တရားထိုင်တဲ့ ဖျာလို့ သုံးနှုန်းခဲ့ပါတယ်။ )
" ကဲ ... အဆင့်တက်ဖို့ အချိန်တန်ပြီ "
လီဖူချန်းက အဆင့်တက်ဖို့ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်တဲ့အတွက် မာန်ဟုန် မီးတောက်နှလုံးသား ဆေးလုံးကို သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်ပါပြီ။
သည်ဆေးလုံးကတော့ ပယင်းလုံးလေး တစ်ခုနဲ့ ဆင်တူပြီး အထဲမှာတော့ မီးတောက်ငယ်လေး တစ်ခု တည်ရှိ နေပါတယ်။ အဲဒါကို ကြည့်ရတာနဲ့တင် အင်မတန် ထူးခြားဆန်းကြယ်မယ့် ဆေးလုံးလို့ ထင်မြင်စေမိတာ အမှန်ပါပဲ။ ပြီးတော့ ဆေးလုံးထဲကနေလည်း လူကို သက်တောင့်သက်သာ ရှိစေတဲ့ ခပ်သင်းသင်း အနံ့တစ်ခု ထွက်ပေါ်နေပါသေးတယ်။
"သည်ဆေးလုံးက ကမ္မဋ္ဌာန်းဖျာနဲ့ ဆင်တူတဲ့ အငွေ့အသက်တွေ ရှိနေတာပဲ။ သည်နှစ်ခုကို ပေါင်းပြီး အသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်မှုက ပိုပြီး ကောင်းလာနိုင်လောက်တယ် "
လီဖူချန်းက သည်ကမ္မဋ္ဌာန်းဖျာပေါ်မှာထိုင်ပြီး အကြိမ်ရေ တော်တော်များများ ကျင့်ကြံခဲ့ပြီးပါပြီ။ အဲသည်အတွက် သူဟာ သည်ဖျာရဲ့ အကျိုးသက်ရောက်မှုကို ကောင်းကောင်းကြီး သိနေပါတယ်။ သည်ကမ္မဋ္ဌာန်း ဖျာပေါ်မှာ ထိုင်ပြီး ကျင့်ကြံတာက အဆင့်တက်ဖို့အတွက် ပိုပြီးလွယ်ကူစေမှာ အသေအချာပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းက မာန်ဟုန် မီးတောက် နှလုံးသားဆေးကို မျိုချပစ်လိုက်ပါပြီ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားတွေကိုလည်း လည်ပတ် စေလိုက်ပါတယ်။
အစောပိုင်းမှာတော့ လီဖူချန်း အေးအေးဆေးဆေးပါပဲ။ သည်မာန်ဟုန် မီးတောက်နှလုံးသားဆေးက သူ့ကို ချမ်းစိမ့်စိမ့်တောင် ဖြစ်နေ စေပါသေးတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာတော့ အဲသည် ချမ်းစိမ့်စိမ့် အအေးဓာတ်ဟာ အလျှံတညီးညီး တောက်လောင်နေတဲ့ နေမင်းကြီးတစ်ခုအလား ပြောင်းလဲသွားခဲ့ပါပြီ။
" အား ... ထုံးစံအတိုင်းပါပဲလား "
လီဖူချန်းက သူ့ရဲ့ စိတ်ကို တင်းလိုက်ပြီး မာန်ဟုန် မီးတောက် နှလုံးသားဆေးကို သန့်စင်လိုက်ပါတယ်။
အချိန်ကြာလာတာနဲ့ အမျှ လီဖူချန်းရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ တစ်စထက်တစ်စ ပိုပိုပြီး မြင့်တက် လာခဲ့ပါတယ်။ သူ့ရဲ့ ချက်ကနေလည်း မီးတောက်မီးလျှံတွေ ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားခဲ့ ကြပါပြီ။
ဖျစ် ... ဖျစ် ... ဖျစ် ...
ရှဲ ... ရှဲ ... ...
လီဖူချန်းက သည်မီးတောက်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မသန့်စင်မှုတွေကို လောင်ကျွမ်းပြီး သန့်စင် ပေးနေတာကို ကောင်းကောင်းကြီး ခံစားသိရှိနေရပါတယ်။
တစ်ချိန်တည်းလိုလိုမှာပဲ မီးတောက် အသိတစ်ခုဟာ သူ့ရဲ့ အသိစိတ်ထဲကို တိုးဝင် လာပြန်ပါတယ်။ ဒါက ချီအရှိန်အဝါ တစ်ခုလိုပါပဲ။ ကမ္မဋ္ဌာန်းဖျာကနေ ထွက်လာတဲ့ ချီအရှိန်အဝါနဲ့ အဲသည် မီးတောက်အသိ ပေါင်းစပ် သွားတဲ့ အခါမှာတော့ လီဖူချန်းဟာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ အခြေအနေ တစ်ခုကို ရောက်ရှိ သွားခဲ့ပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဟင်လင်းပြင် နယ်မြေတစ်ခုမှာ လွင့်မျောနေပြီး သူကိုယ်တိုင်က သူ့ရဲ့ ခန္ဓာကိုယ်ကို မတူညီတဲ့ ရှုထောင့်တစ်ခုကနေ ပြန်မြင်နေရပါတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ သည်ဟင်းလင်းပြင်နယ်မြေနဲ့ ဆက်သွယ်နေတာကိုလည်း သူ ခံစားနေရပါသေးတယ်။
တကယ်လို့ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင် တစ်ယောက်သာ သည်အဖြစ်အပျက်ကို မြင်သွားလို့ကတော့ လီဖူချန်းရဲ့ အခြေအနေကို တန်းပြီးသိမှာ အသေအချာပါပဲ။ လီဖူချန်းဟာ ကောင်းကင်ဘုံနဲ့လူ တစ်သားတည်း ကျတဲ့ အခြေအနေကို ရောက်နေခဲ့တာပါ။
မာန်ဟုန် မီးတောက်နှလုံးသား ဆေးမှာပါတဲ့ ချီစွမ်းအားတွေဟာ အင်မတန်မှ သန့်စင် လွန်းလှပါတယ်။ ဝိညာဉ် ကျောက်တုံးတွေထဲမှာ ပါတဲ့ ဝိညာဉ်ချီတွေတောင်မှ သည်ဆေးထဲမှာပါတဲ့ ချီစွမ်းအားတွေလောက် သန့်စင်ခြင်း မရှိပါဘူး။ မာန်ဟုန် မီးတောက် နှလုံးသားဆေးလုံးနဲ့ အဆင့်တက်တာက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းက ပညာရှင်တွေအတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါပဲ။ သည်ဆေးလုံးကို သောက်သုံးပြီး အဆင့်တက်တာက အနာဂတ် ကျင့်ကြံမှုကိုလည်း မထိခိုက်စေနိုင်ပါဘူး။ အဲဒါကြောင့်လည်း လီဖူချန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ပေးပြီး သည်ဆေးလုံးကို မရရအောင် လေလံဆွဲခဲ့တာပါ။
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၁ နောက်ပိုင်းအဆင့် ...။
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂ အထွတ်အထိပ်အဆင့် ...။
ဝုန်း ... ...
မီးတောက်ချီတွေက ပေါက်ကွဲသွားပြီး ချီစွမ်းအင်လှိုင်း တစ်ခုအဖြစ် ပြောင်းသွားကာ အရပ်မျက်နှာ အကုန်လုံးကို ဖြာထွက် သွားခဲ့ပါတယ်။
ကံကောင်းတာ တစ်ခုကတော့ သည်တည်းခိုခန်းဟာ နန်လင်းမြို့ရဲ့ ပထမတန်းစား တည်းခိုခန်း ဖြစ်တဲ့အတွက် အကာအကွယ် အစီအရင်တွေ ခင်းကျင်း ပေးထားတာပါပဲ။ မဟုတ်လို့ကတော့ သည်တည်းခိုခန်း တစ်ခုလုံးဟာ လီဖူချန်းရဲ့ လက်ချက်ကြောင့် ပြာကျနေလောက်ပါပြီ။
လီဖူချန်းတစ်ယောက် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို ချိုးဖောက် ဝင်ရောက် ပြီးသွားတာတောင်မှ မာန်ဟုန် မီးတောက်နှလုံးသား ဆေးလုံးရဲ့ အစွမ်းက မကုန်သေးပါဘူး။
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂ အလယ်အလတ်အဆင့်။
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂ နောက်ပိုင်းအဆင့်။
လီဖူချန်းရဲ့ ကျင့်ကြံမှုအဆင့်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ နောက်ပိုင်းအဆင့်မှာ တည်ငြိမ်သွားပြီ ဆိုမှ မာန်ဟုန် မီးတောက်နှလုံးသား ဆေးစွမ်းဟာ ကုန်သွား ပါတော့တယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေတော့ ပူပြင်းးလှတဲ့ မီးတောက်ချီတွေကို ထုတ်လွှတ်နေခဲ့ပါပြီ။ သူ့ကို ကြည့်ရတာက နေနတ်ဘုရား တစ်ပါးလိုပါပဲ။
ချီကျင့်ကြံခြင်းနဲ့ ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အခြေအနေက ပိုပြီး တိုးတက် လာပါသေးတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်အခြေအနေက ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၃ ပညာရှင်တွေနဲ့တောင်မှ သိပ်မကွာတော့ပါဘူး။
သူ့ရဲ့ မျက်လုံးကို ဖွင့်လိုက်တဲ့ အခါမှာတော့ မီးတောက် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး အကာအကွယ် အစီအရင်ကို သွားထိမှန် လိုက်ပါသေးတယ်။
" အင်း ... ငါ့အနေနဲ့ လောလို့ မဖြစ်သေးဘူး။ စိတ်နှလုံးဝိညာဉ် ဆေးရည်နဲ့ ဝိညာဉ်သန့်စင် ဆေးလုံးကို အသုံးပြုဖို့အတွက် အချိန်နည်းနည်း စောင့်လိုက်ဦးမယ် "
လီဖူချန်းရဲ့ ကျင့်ကြံမှုက တည်ငြိမ်နေပြီ ဆိုပေမယ့်လည်း သူ့ရဲ့ စိတ်ဝိညာဉ် အခြေအနေတွေကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂နဲ့ အသားကျဖို့အတွက် လိုအပ်နေဆဲပါပဲ။
သူ့အနေနဲ့ ဆေးတွေကို အသုံးပြုပြီး ဆက်တိုက် အဆင့်တက်လိုက်မယ် ဆိုရင် မမျှော်လင့်ထားတဲ့ ပြဿနာတွေနဲ့လည်း ကြုံရနိုင်ပါသေးတယ်။
အဲသည်အတွက် လီဖူချန်းဟာ နောက်နေ့တွေမှာလည်း သူ့ရဲ့ ကျင်ကြံမှုနယ်ပယ်နဲ့ အသားကျဖို့ အတွက် ဆက်လက်ပြီး ကျင့်ကြံ နေခဲ့ပါတယ်။ သူ့ရဲ့ နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ကလည်း အဆင့်တက်တော့မယ် အရိပ်အယောင်တွေ ပြနေခဲ့ပါပြီ။
ပြီးတော့ လီဖူချန်းဟာ သူ့ရဲ့ မီးတောက် အရိုးတည်ဆောက်ပုံ အင်းကွက်ကိုလည်း ပိုပိုပြီး နားလည် လာခဲ့ပါတယ်။ ဒါကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တုန်းက သူကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ အခြေအနေနဲ့ ဆိုင်ကောင်း ဆိုင်နေပါလိမ့်မယ်။ မာန်ဟုန် မီးတောက်နှလုံးသား ဆေးကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အခုဆိုရင် လီဖူချန်းဟာ မီးတောက် အရိုးတည်ဆောက်ပုံ အင်းကွက်ကို ၃၀ ရာခိုင်နှုန်းအထိ နားလည် လာခဲ့ပါပြီ။
လီဖူချန်းက ကောင်းကင်အဆင့် ကျင့်ကြံခြင်းကျင့်စဉ်တွေမှာ အရိုးတည်ဆောက်ပုံနဲ့ ပက်သက်တဲ့ အကြောင်းတွေများ ပါလာမလားလို့တောင် သံသယ ဝင်နေမိပါတယ်။ ဒါပေမဲ့လည်း ဒါက သူ့ရဲ့ ထင်မြင်ယူဆချက် တစ်ခု သက်သက်ပါပဲ။
အခုချိန်မှာတော့ ကောင်းကင်အဆင့် ကျင့်ကြံခြင်း ကျင့်စဉ်တွေဆိုတာက လီဖူချန်းအတွက် အလှမ်းဝေးလွန်း လှပါတယ်။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးတစ်ခုလုံးမှာတောင်မှ ကောင်းကင်အဆင့် ကျင့်ကြံခြင်း ကျင့်စဉ်တွေ ရှိလားဆိုတာကို ဘယ်သူမှ ရေရေရာရာ မပြောနိုင်ပါဘူး။ တကယ်လို့ ရှိခဲ့ရင်တောင်မှ အဲသည် ကျင့်စဉ်တွေဟာ မူလပင်လယ်နယ်ပယ်က ဧကရာဇ်တွေဆီမှာသာ ရှိမှာပါ။
" ဟူး ... သိုင်းတာအိုရဲ့ လမ်းကြောင်းက ရှည်လျားလွန်းလှ ပါရောလား။ ငါက အခုမှ သိုင်းတာအို လမ်းကြောင်းပေါ်မှ ခြေချမိတယ် ဆိုရုံလေးသာ ရှိနေသေးတာပဲ "
လီဖူချန်းက သူ့ရဲ့ အနာဂတ်အကြောင်းကို တွေးနေရင်းနဲ့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ စိတ်ပျက် အားလျော့ခြင်းတော့ မရှိပါဘူး။
သူဟာ တစ်နေ့ကျရင် သည်ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သက်ရှိမှန်သမျှကို ငုံ့ကြည့် နေဦးမှာပါ။ အဲသည်လို နေ့မျိုးဟာ တစ်နေ့မှာ ရောက်ကို ရောက်လာမယ်လို့လည်း လီဖူချန်း ယုံကြည် ပါတယ်။ အဲသည် အချိန်ကျရင်တော့ သူ့ရဲ့ စကားတစ်ခွန်းဟာ အကြွင်းမဲ့ အာဏာပါပဲ။ အဲဒါက ထာဝရ တည်ရှိနေမယ့် အဆုံးမဲ့အာဏာ ဆိုရင်လည်း မမှားပါဘူး။
***