← Chapters

ရွှေတောင်ထွတ်အပေါ်က တိုက်ပွဲ

Vol. 35 Ch. 482

ရွှေတောင်ထွတ်အပေါ်က တိုက်ပွဲ

Vol. 35 Ch. 482

မိစ္ဆာအခိုးအငွေ့များက ဘုန်းကြီးကျောင်းဆောင်များအတွင်းမှ တရှိန်ထိုး ထွက်လာ၍ တောင်တန်းများအထက်၌ မိစ္ဆာတိမ်ဆုပ်များ အလိပ်လိပ် ထလာသည်။ မိစ္ဆာဘုန်းကြီးများက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် တိမ်တိုက်များကို စီးနင်းရင်း ရွှေ‌တောင်ထွတ်သို့ လာနေကြ၏။

ရှင်းအန်း၏အရှိန်အဝါက သန်မာအားကောင်းလှသည့်အတွက် မိုးခြိမ်းသံကျောင်းတော်ငယ်ရှိ ဘုန်းတော်ကြီးအားလုံး သိရှိသွားကြပြီး အပြေးအလွှား လာနေကြခြင်းဖြစ်သည်။

ရှင်းအန်းက ပိုင်ရှင်မဲ့မြေပြင်သို့ ရောက်နေသကဲ့သို့ မိုးခြိမ်းသံကျောင်းတော်ငယ်၏ ရွှေတောင်ထွတ်အပေါ်၌ ပမာမခန့် ရပ်နေသည်။ အပြေးအလွှား လာနေကြသော မိစ္ဆာဘုန်းကြီးများကို အဖက်မလုပ်ဘဲ သူက ပြုံးလိုက်၏။ “အားလုံးက သေချင်လို့ ထွက်လာကြတာများလား။ ဒီတောင်ပေါ်မှာ သေသင့်တဲ့ တစ်ယောက်တည်းသောလူဆိုလို့ မဟာနတ်ဆေးသမားတော်ချင်ပဲ ရှိပါတယ်။ ကဲ နတ်ဆေးသမားတော်ချင် ငါတို့ ရန်ကြွေးကို အရင်ဖြေရှင်းကြတာပေါ့”

ပန်ကုန်းစုန် ဤအခွင့်အရေးကို ချောင်းနေခြင်းဖြစ်၍ လက်နှစ်ဖက်ဖြင့် ရှေ့နှစ်လှမ်းတက်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး မာမာထန်ထန် ပြောလိုက်၏။ “နတ်ဆေးသမားတော်ချင်၊ နောင်ကြီးရှင်းအန်း မင်းကို ခေါ်နေတယ်လေ၊ ဘာလို့ထွက်မလာတာလဲ”

ကျင်းယန်က ရှုရှန်းဟွာကို လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “သခင်လေး...”

ရှုရှန်းဟွာ မျက်မှောင်ကြုတ်သွား၏။ ဤအခြေအနေမျိုးတွင် သူလည်း မည်သို့လုပ်ရမှန်းမသိပေ။ တထာဂတငယ်အနေဖြင့် မိုးခြိမ်းသံကျောင်းတော်ငယ်မှ ဘုန်းကြီးများ၏ အသက်ကို လောင်းကြေးထပ်ကာ ကူညီမည်မဟုတ်ပေ။ သူ၏သိုင်းအဆင့်ကလည်း ရှင်းအန်းအောက် များစွာနိမ့်ကျသည့်အတွက် သူလည်း ကူကယ်ရာမဲ့နေသည်။

ချင်မူက ခေါင်းမော့လိုက်ပြီး ရှင်းအန်းဆီ သွားတော့မည့် မိစ္ဆာမျောက်ဝံအား တားလိုက်သည်။ သူက ရှေ့တစ်လှမ်းတက်ကာ သွေးတိုးစမ်းကြည့်လိုက်၏။ “နောင်ကြီးရှင်းအန်း၊ မင်း ခံစားနေရတဲ့ ဝေဒနာပျောက်အောင် ငါ ကုပေးရင် ငါ့ကို အသက်ချမ်းသာပေးမလား”

ပန်ကုန်းစုန်က အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ တဟားဟား ထရယ်သည်။ “ခွေးသူတောင်းစားလေး၊ နေ့ခင်းကြောင်တောင် အိပ်မက်....”

“အေး” ရှင်းအန်းက ဝမ်းသာစွာဖြင့် ပြောလာ၏။ “မင်း ငါ့ဝေဒနာကို ပျောက်အောင် ကုပေးနိုင်ရင် မင်းကို လွှတ်ပေးမယ်”

ပန်ကုန်းစုန် အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်မိ၏။ “နောင်ကြီးရှင်းအန်း နောက်..နောက်နေတာတော့ မဟုတ်ပါဘူးနော်”

“တကယ်တော့ ငါ သူ့ကို သတ်စရာမလိုဘူး။ သားကောင်အနေနဲ့ ပြန်တိုက်ခိုက်တာ ပုံမှန်ပဲလေ။ အရင်တစ်ခေါက်တုန်းက သူ့အပေါင်းအပါတွေက ငါ့ကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီး ထွက်သွားရအောင် ဖိအားပေးနိုင်ခဲ့တယ်။ အဲဒီအတွက် သူတို့ကို အင်မတန် လေးစားမိတယ်။ ဒါပေမဲ့ နတ်ဆေးသမားတော်ချင်၊ မသေချင်ရင် ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ပြန်ပေးရမယ်” ရှင်းအန်းက ခပ်အေးအေး ပြောလိုက်၏။

“ပေးမယ်။ ဒါပေမဲ့ တချို့အစိတ်အပိုင်းတွေကိုတော့ ပိုင်ရှင်တွေဆီ ပြန်ပေးလိုက်ပြီ” သူက အစစ်အမှန်နဂါးသိုက်ကို ထုတ်၍ ရှိနေသေးသော ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ထုတ်ပေးလိုက်သည်။

“ကိစ္စမရှိဘူး။ ပေးတာကိုပဲ ယူရမှာပေါ့”

ရှင်းအန်း ရှေ့သို့ လျှောက်လာပြီး အစိတ်အပိုင်းတစ်ခုချင်းစီကို စစ်ဆေးကြည့်ရှုသည်။ အဆိပ်ထည့်ထားသော ခြေထောက်သို့‌ ရောက်သည့်အခါ ရှင်းအန်း တွန့်သွားကာ ချင်မူ့ကို မော့ကြည့်သည်။ “ဒီခြေထောက်က အရင်နဲ့ မတူသလိုပဲ။ နတ်ဆေးသမားတော်ချင်၊ ငါလည်း ဆေးပညာမှာ ကျွမ်းကျင်ပါတယ်။ ဒီခြေထောက်ကို သေချာပေါက် ထိထားတယ်”

ချင်မူက ခြေထောက်ကို ကြည့်ပြီး‌ ခေါင်းကုတ်လိုက်၏။ “ဟုတ်သား ဒီခြေထောက်ကို တစ်ယောက်နဲ့ ဆက်ပေးဖူးတယ်။ ကြည့်၊ ဒီနားမှာ လှီးထားတာ”

ရှင်းအန်းက မျက်လုံးများ မှေးကျဉ်း၍ ချင်မူ့အမူအရာကို အကဲခတ်သော်လည်း ပြစ်ချက်မတွေ့ပေ။ သို့သော် ချင်မူ၏ဆေးပညာကို သူ ကြောက်နေသေး၏။

“မှော်ဆရာသခင်၊ ငါ မင်းကို‌ ခြေထောက်တစ်ချောင်း အကြွေးတင်ထားတာဆိုတော့ အရင်ဆုံး ဒီတစ်ခုနဲ့ ဆက်လိုက်” သူက အဆိပ်ခြေထောက်အား ပန်ကုန်းစုန်ဆီသို့ ပစ်ပေးလိုက်ရာ ပန်ကုန်းစုန်၏မျက်နှာမှာ တမုဟုတ်ချင်း ဝါထိန်သွားတော့သည်။ “ခွေးသူတောင်းစားချင်၊ မင်း ဒီခြေထောက်ကို အဆိပ်ခပ်ထားတာမလား။ ငါ့ကို အမှန်အတိုင်း ပြောစမ်း။ နောင်ကြီးရှင်းအန်း၊ ကျွန်တော် ဒီခြေထောက်ကို လက်မခံလို့ရလား။ ဒီဟာနဲ့ ဆက်လိုက်ရင် သေချာပေါက် သေရလိမ့်မယ်။ ခွေးသူတောင်းချင်အနားက ဘယ်ဟာကိုမှ ကျွန်တော် မလိုချင်ဘူး”

ရှင်းအန်းက ခြေထောက်ကို ပြန်ယူကာ မှင်သေသေ ပြောလိုက်သည်။ “ငါ မင်းကို ပေးတယ်နော်၊ မင်းဘာသာမင်း မယူတာ။ အခု ငါ မင်းကို‌ ခြေတစ်ဖက်ပဲ အကြွေးတင်တော့တယ်”

ပန်ကုန်းစုန်မှာ ညည်းတွားပြီး ဆုံးဖြတ်ရခက်နေ၏။ တခဏကြာသော် ပြောလာသည်။ “ရတယ် ပေးထားပါ။ အဆိပ်ရှိနေလား အရင်ဆုံး စစ်ဆေးကြည့်လိုက်မယ်...”

ရှင်းအန်းက ခြေထောက်ကို သူ့ဆီ ပစ်ပေးပြီးနောက် သေတ္တာဖွင့်ကာ ကျန်အစိတ်အပိုင်းများအား သိမ်းလိုက်သည်။ သူက ချင်မူ့ကို ကြည့်ပြီး ရှုရှန်းဟွာအား အကဲခတ်သည်။ နောက်ဆုံးတွင် မိစ္ဆာမျောက်ဝံဆီသို့ အကြည့်ရောက်သွားသည့်အခါ ချီးကျူးလိုက်သည်။ “ဒီက လူအားလုံးက ပါရမီရှင်တွေပါလား။ မင်းတို့နတ်ဘုရားဖြစ်တဲ့အချိန် ငါ လာသိမ်းလို့ကတော့ အချီကြီးပွမှာပဲ။ ပျော်စရာကောင်းလိုက်တာ။ မှော်ဆရာသခင်၊ မင်းလည်း ကြိုးကြိုးစားစား သိုင်းကျင့်သင့်တယ်။ အငယ်တွေ ကျော်တက်တာမခံနဲ့”

ပန်ကုန်းစုန်မှာ ဒေါသကြောင့် ဖားဖိုကြီးလို ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း မပေါက်ကွဲရဲပေ။ ညည်းတွား၍သာ တိတ်ဆိတ်နေသည်။

ရှင်းအန်းက တထာဂတနှင့် မိစ္ဆာဘုန်းကြီးများ ချင်မူ့ပန်းချီထဲမှ ထုတ်ထားသည့် ရွှေသပိတ်ဆီသို့ လှမ်းကြည့်၏။ သပိတ်က လေထဲတွင် ပျံဝဲနေပြီး မှော်ဆရာနတ်ဘုရားခွေ့က လက်ပိုက်လျက် မိစ္ဆာတိမ်တိုက်သေးသေးလေးတစ်ခုအပေါ်တွင် ရပ်နေသည်။ သူ၏ကိုယ်အောက်ပိုင်းက အနက်ရောင်တိမ်တိုက်တစ်ခုဖြစ်ပြီး သပိတ်အောက်၌ ပိနေ၏။

မှော်ဆရာနတ်ဘုရားခွေ့က ရှင်းအန်းကို ကြည့်ကာ သရော်တော်တော် ပြောလိုက်သည်။

“မှော်ဆရာနတ်ဘုရားခွေ့၊ မှော်ဆရာသခင်က မင်းရဲ့ မူလဝိညာဉ်နဲ့ ငါ့ကို တစ်ခါ ဂါဝရပြုဖူးတယ်” ရှင်းအန်းက ပြုံးလျက် ပြောသည်။ “အခု မင်းကို နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးမယ်။ ငါ့ကို ထပ်ဂါဝရပြုကြည့်။ မင်း ငါ့ကို သတ်နိုင်မလား ကြည့်ကြတာပေါ့”

“မင်းရဲ့နာမည်အစစ်က ပေါ်နေပြီးသားဆိုတော့ ငါ မင်းကို အေးဆေး သတ်နိုင်တယ်။ ဒါပေမဲ့ အလျင်မလိုပါဘူး။ မင်းရဲ့ ရက်စက်ကြမ်းတမ်းတဲ့ပုံစံတွေကို ငါ မြင်ချင်သေးတယ်။ ဒီတောင်ပေါ်က လူတိုင်း မင်းလက်ထဲကနေ မလွတ်နိုင်မှတော့ ငါလည်း ပွဲကြီးပွဲကောင်း ကြည့်ချင်မိတယ်”

ရှင်းအန်က ပြုံး၍ တထာဂတငယ်အား ကြည့်လိုက်သည်။ “အဓိကဟင်းခွက်ကို နောက်ဆုံးမှ စားသင့်တယ်တဲ့။ မှော်ဆရာနတ်ဘုရားခွေ့က အဓိကဟင်းခွက်၊ တထာဂတယွမ်တင့်ကတော့ အရန်ဟင်းခွက်ပဲ။ တထာဂတ မင်း ပြန်တိုက်ခိုက်မှာလား”

တထာဂတငယ်က လက်အုပ်ချီကာ ပြောသည်။ “နောင်တော်ရှင်းအန်းက ကိုယ်တော်ရဲ့ ဘုန်းတော်ဘွဲ့ကို မှော်ဆရာနတ်ဘုရားခွေ့ရှေ့မှာ ထုတ်ပြောခဲ့ပြီးမှတော့ ကိုယ်တော့်အတွက် ကောင်းကင်ဘုံတက်ဖို့ပဲ ရှိပါတော့တယ်။ နောင်တော်ရှင်းအန်းရဲ့ လက်ချက်နဲ့ မသေရရင်တောင်မှ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ ဂါဝရပြုမှုကြောင့် မလွဲဧကန် သေရဦးမှာပါ။ ရဟန်းတစ်ပါးအတွက် ပစ္စည်းလေးပါးဟာ ပကာသနပါပဲ။ နောင်တော်ရှင်းအန်း ကိုယ်တော်ရဲ့ သိုင်းအခြေခံကို လိုချင်ရင်လည်း လှူဖို့ အဆင်သင့်ပါ။ ဒါပေမဲ့ ကိုယ်တော် သေသွားရင် မိုးခြိမ်းသံကျောင်းတော်ငယ်လည်း သုတ်သင်ရှင်းပစ်ခံရလောက်တယ်။ မိစ္ဆာမျိုးနွယ် သုတ်သင်ခံရမှာ မကြည့်ရက်တာမလို့ နောင်တော်ရှင်းအန်း ကျေးဇူးပြုပြီး တိုက်ခိုက်ပါ”

တထာဂတငယ်၏ အရှိန်အဝါက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ့အနောက်၌ ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးတောက်ပလာကာ ကောင်းကင်ဘုံအဆင့်နှစ်ဆယ် ဖွဲ့တည်လာ၏။

တထာဂတငယ်၏အရှိန်အဝါသည် ဗုဒ္ဓရတနာများ ဖုံးလွှမ်းနေသော တောင်ကြီးတစ်လုံးပမာ အလွန်တရာ လေးလံလာ၏။ သူ့အနောက်မှ ခေါင်းကြီးပြီး ကိုယ်သေးသော မူလဝိညာဉ်တစ်ခု ထလာသည်။

သူ၏မူလဝိညာဉ်တွင် ဆိပ်ခွာများရှိသော်လည်း ခေါင်းက ချီလင်တစ်ကောင်နှင့် တူသည်။ နဖူးပေါ်မှ အထက်သို့ ချွန်ထွက်နေသော ဆိတ်ချိုကြီးတစ်ချောင်းလည်း ရှိ၏။ မူလဝိညာဉ်၏အသွင်အပြင်မှာ ထူးခြားသောဟန်ပန်ဖြင့် တည်ကြည်ခံ့ညားနေသည်။

မီးကဲ့သို့ ဝင်းတင်းတောက်နေသည့် ၎င်း၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသူတိုင်း ရင်ထဲတွင် လိပ်ပြာမလုံဖြစ်လာကာ စေ့စေ့မကြည့်ရဲကြပေ။

ချိုကြီးက ဖြောင့်တန်းနေပြီး ချွန်ထက်နေသည်။ ပန်ကုန်းစုန်မှာ မူလဝိညာဉ်ကို မြင်လျှင် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားကာ ကြောက်စိတ်တို့ ဖြစ်ပေါ်လာ၏။ သူ ကျူးလွန်ခဲ့သော မကောင်းမှုများက များလွန်းသဖြင့် ချိုကြီးဖြင့် အချိန်မရွေး ထိုးစိုက်ရတော့မလို ခံစားရနေသည်။ မူလဝိညာဉ်၏အကြည့် သူ့ဆီ ရောက်လာသည့်အခါ ကမန်းကတန်း အကြည့်လွှဲလိုက်မိသည်။

“ကိုယ်တော်က ထွက်ရပ်ပေါက်ထားတဲ့ ရှဲ့ကျစ်တစ်ကောင်ကိုး” ရှင်းအန်းက ဝမ်းသာအားရ ကြည့်ကာ ချီးကျူးလိုက်သည်။ “သိုင်းအခြေခံက ဒီလောက်ခိုင်မာတာ အံ့ဩစရာမရှိဘူးပဲ။ နတ်သားရဲတစ်ကောင်လို့တောင် ပြောလို့ရတယ်။ ငါ စုထားတာတွေက အများကြီးဆိုပေမယ့် မင်းလို နတ်သားရဲမျိုးနဲ့ မတွေ့ဖူးဘူး”

တထာဂတငယ် မာန်သွင်းအော်ဟစ်လိုက်သည့်အခါ သူ၏ချီစွမ်းအင်က တရှိန်ထိုး ပေါက်ကွဲထွက်ပေါ်လာ၏။ ကောင်းကင်ထက်တွင် လျှပ်ပန်းလျှပ်နွယ်များ ဝင်းဝင်းလက်သွားပြီး အလိပ်လိပ် ထနေသည့် မိစ္ဆာတိမ်တိုက်များအကြား၌ ကောင်းကင်တံတားတစ်စင်း ပေါ်လာသည်။ တံတား၏အရောင်အဝါကြောင့် တောင်တန်းတစ်ခုလုံး လင်းထိန်သွားသည်။

ရှဲ့ကျစ်က ကောင်းကင်တံတား၏အဆုံးပေါ် ခုန်တက်သွားသည်။ တဝင်းဝင်းလက်နေသည့် လျှပ်စီးများအကြား၌ ရှဲ့ကျစ်သည် ရှဲ့ကျစ်နတ်ဘုရားတစ်ပါး ဖြစ်နေသည့်အလား ဗုဒ္ဓတစ်ပိုင်းရှဲ့ကျစ်တစ်ပိုင်း အသွင်ရှိနေ၏။ သူက ကြီးသထက် ကြီးမားလာပြီး သူ့လက်ဝါးက မြင်းမိုရ်တောင်ငယ်၏ တစ်ဝက်ကျော်အား အုပ်မိုးနေသည်။

ရှင်းအန်း၏ ကောင်းကင်တံတားလည်း ကောင်းကင်ကို ဖြတ်၍ သွယ်တန်းသွားသည်။ သူ၏မူလဝိညာဉ်က ကောင်းကင်တံတားကို နင်းကာ ဗုဒ္ဓရှဲ့ကျစ်ဆီသို့ တရှိန်ထိုး ပြေးဝင်သွား၏။

ချင်မူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ ရှင်းအန်း၏ မူလဝိညာဉ်ကား ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် တည်ဆောက်ထားသည့် အဘွားစစ်၏နေရာတွင် တိုက်ခိုက်ခဲ့တုန်းက ‌ပေါ်လာခဲ့သည်နှင့် မတူပြန်ပေ။

ဤတစ်ကြိမ်တွင် ရှင်းအန်း၏ မူလဝိညာဉ်က လိပ်ခွံရှိသော တာအိုရသေ့တစ်ပါးအသွင် ဖြစ်သည်။ မြွေပျံတစ်ကောင်က သူ့ကို ရစ်သိုင်းထား၏။

ဂျုန်း

မိုးကြိုးတစ်သောင်း တဟုန်ထိုး ဖြာထွက်လာပြီး မူလဝိညာဉ်များ ဝင်တိုက်သွား၏။ နှင်းကဲ့သို့ ဖြူဆွတ်တောက်ပသော အလင်းတန်းများ အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။ သိုင်းကွက်တိုင်းက မိုးကြိုးကွန်ရက်များ ဖန်တီးနေရာ မတူညီသော ဓာတ်သတ္တိနှစ်ခုအား ကွဲပြားထင်ရှားနေစေတော့သည်။

အမည်းရောင်က တောင်တန်းများ၊ သစ်ပင်များနှင့် ကျောင်း‌ဆောင်များ၏ အရိပ်ဖြစ်နေသည့်အချိန် အဖြူရောင် မိုးကြိုးလျှပ်စီးတို့၏ အလင်းဖြစ်နေသည်။

တထာဂတငယ် လှုပ်ရှားသည်နှင့် ရှင်းအန်းလည်း ငြိမ်ငြိမ်မနေပေ။ ကောင်းကင်ယံရှိ ကောင်းကင်တံတားနှစ်စင်းကလည်း သူတို့နှင့်အတူ ရွေ့လျားနေပြီး မူလဝိညာဉ်များလည်း လိုက်ပါပြောင်းလဲနေကြသည်။

တခဏကြာသော် ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရှဲ့ကျစ်သည် ကောင်းကင်တံတားအပေါ်မှ ပြုတ်ကျလာပြီး ရွှေတောင်ထွတ်အား ဝင်တိုက်လိုက်၏။ ကြောက်မက်ဖွယ်လေလှိုင်းများ ဖြာထွက်လာ၍ အားလုံး တုန်ခါသွားကြသည်။

တထာဂတငယ်၏ နှုတ်ခမ်း‌ထောင့်မှ သွေးများ စီးကျလာပြီး သူက သင်္ကန်းစကို လှုပ်ခါကာ လေလှိုင်းများကို သင်္ကန်းလက်အိုးထဲ ပြန်ဆွဲယူ၍ ‌တောင်ပေါ်ရှိ မိစ္ဆာဘုန်းကြီးများ ဒဏ်ရာမရအောင် ကာကွယ်ပေးလိုက်သည်။

“ငါ ရှုံးသွားပါပြီ။ နောင်တော်ရှင်းအန်း၊ ငါ့သိုင်းအခြေခံကို ယူလိုက်ပါတော့”

တထာဂတငယ်က မျက်နှာဖြူဆုပ်နေပြီး သူ၏မူလဝိညာဉ်နှင့် ကောင်းကင်တံတားအား ပြန်ရုပ်သိမ်းလိုက်သည်။ ကျောင်း‌ဆောင်ထဲရှိ မိစ္ဆာဘုန်းကြီးများက သတ်ဖြတ်လိုစိတ်များဖြင့် မိစ္ဆာတောင်ထွတ်ဆီသို့ ကပျာကယာ တက်လာကြသည်။

တထာဂတငယ် တင်ပျဉ်ဖွဲ့ထိုင်လိုက်သည့်အခါ သူ၏ရုပ်ခန္ဓာကိုယ်သည် ကြီးမားလာပြီး အားလုံးကို တားလိုက်၏။ “ညီတော်တို့၊ နောင်တော်ရဲ့ ကောင်းကင်ရတနာတွေ အယူခံလိုက်ရတာနဲ့ သေဘေးက လွတ်မှာမဟုတ်တော့ဘူး။ နောင်တော် ကံကုန်သွားရင် မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားကြပါ။ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတမာက ငါ့တပည့်ရဲ့ တူတော်ပဲ။ သူက စိတ်သဘောကြီးမားတဲ့အတွက် ညီတော်တို့ကို လက်ခံပေးလိမ့်မယ်”

မိစ္ဆာဘုန်းကြီးများမှာ ဝမ်းနည်းပူဆွေးစွာဖြင့် တထာဂတငယ်ကို ရှိခိုးကန်တော့ကာ ငိုကြွေးကြသည်။

ရှင်းအန်းက သူ၏မူလဝိညာဉ်နှင့် ကောင်းကင်တံတားကို ပြန်သိမ်း၍ သွေးအေးအေး ပြောလိုက်သည်။ “ဘာလို့အားလုံး ပူဆွေးနေကြတာတုန်း။ ငါ လူသတ်ရတာ မကြိုက်ပါဘူး။ တထာဂတယွမ်တင့်ရဲ့ အသက်မဟုတ်ဘဲ သိုင်းအခြေခံပဲ ယူမှာပါ။ ပူဆွေးစရာမလိုပါဘူး။ ပြီးတော့ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မူလဝိညာဉ်ကိုလည်း ယူပေးဦးမှာ။ မပူကြနဲ့ မင်းတို့ တထာဂတ မသေဘူး။ တထာဂတယွမ်တင့်၊ ကျေးဇူးပြုပြီး ကောင်းကင်ရတနာတွေ ဖွင့်ပေးပါဦး”

တထာဂတငယ်က တည်ငြိမ်အေးဆေးစွာဖြင့် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ တဒုန်းဒုန်း မြည်သံများ ထွက်ပေါ်လာ၏။ သူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာများ ပွင့်လာ၍ သူ့ခန္ဓာကိုယ်မှ ရတနာအလင်းရောင်များ ဖြာထွက်လာပြီး တစ်တောင်လုံး လင်းထိန်သွားတော့သည်။ သူက လေးနက်စွာ ပြောလိုက်သည်။ “နောင်‌တော်ရှင်းအန်း၊ ကျေးဇူးပြုပြီး ယူပါ”

ရှင်းအန်း သူ့ဆီ လျှောက်သွားနေစဉ် မိုးကောင်းကင်မှာ မည်းမှောင်သွားပြီး အနောက်အရပ်မှ အမှောင်ထုကြီး ပျံ့နှံ့လာ၏။ အမှောင်ထုက တောင်တန်းများ၊ မြစ်ချောင်းများကို ဝါးမြိုကာ မဟာမြို့ပျက်အား လွှမ်းခြုံသွားသည်။

ရှင်းအန်းက မြင်းမိုရ်တောင်ငယ်အပေါ်ရှိ အမှောင်ထုကို ကြည့်ကာ ပြောလိုက်၏။ “မဟာမြို့ပျက် အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်တာပဲ”

သူ့လက်ဝါးမှ ဓားရောင်များ ထွက်လာပြီး တထာဂတငယ်၏ ကောင်းကင်ရတနာများကို ခုတ်ဖြတ်တော့မည့်အချိန် မှော်ဆရာနတ်ဘုရားခွေ့က ကျယ်လောင်စွာ ရယ်လိုက်သည်။ “ယွမ်တင့်၊ ငါ ဂါဝရပြုတာ ခံလိုက်စမ်း”

ရွှေသပိတ်အပေါ်ရှိ မိစ္ဆာတိမ်တိုက်သေးသေးလေးက ယဇ်ပလ္လင်အသွင် ပြောင်းသွားသည်။ မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်က ဦးညွှတ်အရိုအသေပေးလိုက်သည်။

တထာဂတငယ်၏မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ရှင်းအန်းက သရော်တော်တော် ပြောလိုက်၏။ “ငါ့ရှေ့မှာ သူ့ကို သတ်ဖို့ ကြိုးစားတယ်ပေါ့လေ။ အိပ်မက်တောင် မမက်နဲ့”

သူ့လက်ထဲရှိ ဓားရောင်များ ခုတ်ပိုင်းချလိုက်သည့်အခါ လျှို့ဝှက်ဆန်းကြယ်သော အလင်းမျှင်များက တထာဂငယ်၏ခန္ဓာကိုယ်ကို တမုဟုတ်ချင်း ရစ်ပတ်လိုက်သည်။ စည်းတံဆိပ်အလွှာအထပ်ထပ် ဖွဲ့တည်လာပြီး မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများက တထာဂတငယ်ကို ချုပ်ထားလိုက်၏။

မှော်ဆရာနတ်ဘုရားခွေ့ ယဇ်ပလ္လင်ထက်မှ ဂါဝရပြုလိုက်သည့်အချိန်တွင် တထာဂတငယ်မှာ ညည်းတွားလိုက်ရသည်။ ရှင်းအန်း၏အစီအရင်များဖြင့်ပင် သူ့မူလဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်လုဆဲဆဲ ဖြစ်သွား၏။ ထို့နောက် မူလဝိညာဉ်နှစ်ခြမ်းကွဲသွားပြီး ဝိညာဉ် ကွဲထွက်လုနီးနီး ဖြစ်လာသည်။

ရှင်းအန်း၏အမူအရာ ပြောင်းလဲသွားပြီး သူက ယဇ်ပလ္လင်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

မှော်ဆရာနတ်ဘုရားခွေ့က ကျယ်လောင်စွာ ရယ်၍ ပြန်ထကာ သူ့ကို ဂါဝရပြုသည်။ ရှင်းအန်း၏မူလဝိညာဉ် တုန်ခါသွားပြီး တမုဟုတ်ချင်း ဝိညာဉ်ပြိုကွဲသွား၏။ သူ့မှာ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး အသက်မရှူတော့ပေ။

ရွှေသပိတ်မှ အက်ကွဲသံများ ထွက်လာကာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။ မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ် ခုန်ထွက်လာပြီး တဟားဟား ရယ်နေ၏။ “အပြောကြီးတဲ့ သေမျိုးတွေ။ ဂါဝရပြုတာလေးတောင် မခံနိုင်ဘူး။ ငါ ယွမ်တင့်ကို သတ်ချင်တာမဟုတ်ဘူး မင်းကို သတ်ချင်တာကွ။ တပည့်လေး၊ လာပါဦး”

ပန်ကုန်းစုန်မှာ ရှင်းအန်းပေးခဲ့သည့် ခြေထောက်ကို ဖက်ကာ တဆတ်ဆတ် တုန်နေသည်။

ထိုအခိုက်အတန့်တွင် ရှင်းအန်း၏သေတ္တာ လှုပ်သွားပြီး သူ့မျက်လုံးများ ပွင့်လာ၏။ သူက ပြုံးလျက် ထလာသည်။ “သိပ်ကောင်းလိုက်တဲ့ မှော်ဆရာအစီအရင်”

https://mmxianxia.com/wp-content/uploads/2023/11/Untitled.jpeg

(ရှဲ့ကျစ်ဟု ပုံဖော်ထားကြပုံ)

All Chapters