← Chapters

မည်းနေသော နှလုံးသား

Vol. 35 Ch. 483

မည်းနေသော နှလုံးသား

Vol. 35 Ch. 483

“မဟုတ်သေးဘူး ငါ အခုလေးတင် မင်း သေအောင် ဂါဝရပြုလိုက်တာ သေချာပါတယ်။ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ” မှော်ဆရာနတ်ဘုရားခွေ့က ထရပ်လိုက်သော ရှင်းအန်းကို ကြည့်ကာ မယုံနိုင်စွာ မေးလိုက်သည်။ “မင်းနာမည်က ရှင်းအန်းမဟုတ်တာများလား။ အဲဒါလည်း မဟုတ်နိုင်ဘူး။ မင်းဝိညာဉ် ပြိုကွဲသွားတာကို ငါ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရာတာပါ။ ဝိညာဉ်ပြိုကွဲသွားရင် အသက်မရှင်နိုင်တော့ဘူးလေ။ မင်းက ဘယ်နည်းလမ်းနဲ့ ဝိညာဉ်ကို ပြန်စုစည်းလိုက်တာလဲ။ မင်းရဲ့ကောင်းကင်နတ်သိုင်းက ....”

သူက ရှင်းအန်းကို လှည့်ပတ်ကာ စဉ်းစားနေသည်။ “စောစောက မင်းဝိညာဉ် ပြိုကွဲသွားတဲ့အချိန် မင့်သေတ္တာထဲကနေ ‌နောက်တစ်ခု ထွက်လာပြီး မင့်အလောင်းထဲ ဝင်သွားတာ ငါ ခံစားခဲ့ရတယ်။ ဒါပေမဲ့ သိပ်မရှင်းဘူး။ ဝိညာဉ်သေသွားရင် ဝိညာဉ်နောက်တစ်ခု ခန္ဓာကိုယ်ထဲ ဝင်လာရင်တောင် မင်းဟုတ်တော့မှာ မဟုတ်ဘူးလေ။ ဘယ်လိုနည်းလမ်းနဲ့ မင်းရဲ့အသိစိတ်ကို ထိန်းသိမ်းထားတာလဲ”

ရှင်းအန်းက ထရပ်ပြီး မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်ကို ကြည့်ကာ စတင်လှုပ်ရှားသည်။

မှော်ဆရာနတ်ဘုရားခွေ့က သူ့ကို လှည့်ပတ်နေပြီး သူကလည်း မှော်ဆရာနတ်ဘုရားခွေ့ကို လှည့်ပတ်နေသည်။ တစ်ယောက်၏ ပတ်လမ်းစက်ဝိုင်းကြီးက ကြီးပြီး တစ်ခုက သေးသည်။ ကြယ်နှစ်စင်း တစ်ခုကိုတစ်ခု လှည့်ပတ်နေသည့်နှယ် ရှိနေ၏။

ရှုရှန်းဟွာ ချင်မူ့ကို လှည့်ကြည့်ပြီး သူ ရှုံးခဲ့တုန်းကအချိန်ကို သတိရလိုက်မိသည်။ ထိုစဉ်တုန်းက ချင်မူက ချီစွမ်းအင်ဖြင့် သူ့ကို လမ်းကြောင်းပေးကာ၊ အရှိန်အဝါဖြင့် ဖိနှိပ်ခဲ့၍ သူ့မှာ ချင်မူ၏ခြေလှမ်းများအတိုင်း လျှောက်ခဲ့ရပြီး အားအင်ကုန်ခမ်းသွားခဲ့သည်။

ထိုအချိန်တုန်းက ရှုရှန်းဟွာ မရှုမလှ ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။ သိုင်းကွက်များပင် မဖလှယ်နိုင်ခင် သူ့မှာ သွေးအန်ကာ သတိလစ်သွားခဲ့သည်။ ဆေးကုသစရိတ်အတွက် ချင်မူ့အပေါ် အကြွေးတင်ခဲ့သောကြောင့် ပန်းပဲလုပ်ငန်းဖြင့်ပင် ငွေရှာခဲ့ရသေးသည်။

ယခုတွင် မှော်ဆရာနတ်ဘုရားခွေ့နှင့် ရှင်းအန်းတို့ သုံးနေသော နည်းလမ်းကလည်း ချင်မူ၏နည်းလမ်းနှင့် ဆင်ပြီး ပို၍နက်ရှိုင်း၏။

ရှင်းအန်းက မှော်ဆရာနတ်ဘုရားခွေ့ကို တလေးတစား ကြည့်နေသည်။ “သိပ်တော်တာပဲ။ မှော်ဆရာနတ်ဘုရားခွေ့၊ မင်းက တကယ့်အနုပညာပဲကွ။ ငါ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ မူလဝိညာဉ်တစ်ခုမှ မင်းလောက် မသန်မာဘူး။ မှော်ဆရာနတ်ဘုရားခွေ့ မင်းက ငါ့ရဲ့ အကောင်းဆုံးအစိတ်အပိုင်း ဖြစ်လာလိမ့်မယ်”

“ငါ့ကို စုဆောင်းမယ်ဟုတ်လား” သူတို့နှစ်ယောက်က မြေပြင်‌ပေါ်မှ လေထဲသို့ လမ်းလျှောက်တက်သွားကြသည်။ မှော်ဆရာနတ်ဘုရားခွေ့က သရော်တော်တော် ပြုံးကာ ပြောလိုက်၏။ “ငါက ရွှံ့နဲ့ ထုထားတဲ့ နတ်ဘုရားရုပ်တုလို့ ထင်နေလား။ ငါ့မှော်စွမ်းအင်က ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းတယ်။ ငါ့သိုင်းစွမ်းအားကလည်း တုနှိုင်းမဲ့ပဲ။ ငါက ကောင်းကင်နတ်ဘုံအတုက နတ်ဘုရားအတုမဟုတ်ဘူး။ ကောင်းကင်နတ်ဘုံအစစ်က နတ်ဘုရားအစစ်ကွ

“ငါ့လက်ချက်နဲ့ ကောင်းကင်နတ်ဘုံအတုတွေနဲ့ မရေမတွက်နိုင်တဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေကို သေခဲ့ပြီးပြီ။ ငါ ဖြတ်လာတဲ့နေရာတိုင်း အလောင်းတွေ ပြည့်နှက်သွားပြီး သွေးပင်လယ်တွေ ဖြာဆင်းကုန်တယ်။ မင်းက ထူးဆန်းတဲ့ကျင့်စဉ်တစ်ခု ကျင့်ကြပြီး သူများပစ္စည်း လိုက်ခိုးနေတဲ့ လူသားလေးတစ်ယောက်ထက် မပိုဘူး

“မင်းရဲ့လှည့်ကွက်တွေကို ငါ သိတယ်။ စောစောက သေတ္တာထဲက ထွက်လာတာက ယင်ဝိညာဉ်ခုနစ်ခုပဲ။ ယန်ဝိညာဉ်သုံးခု မပါဘူး။ မင်းရဲ့ယန်ဝိညာဉ်တွေက မင်းအပိုင်ဆိုပေမယ့် မင်းက တခြားသူတွေရဲ့ ယင်ဝိညာဉ်ခုနစ်ခုကို ယူထားခဲ့တာ”

ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ‘ရှင်းအန်းရဲ့မူလက ယန်ဝိညာဉ်သုံးခုလား။ သူက ယန်ဝိညာဉ်သုံးခုကို နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားပြီးပြီပေါ့။ ဒါဆို သူ့ဝိညာဉ်သုံးခုက သေတ္တာထဲမှာ ပုန်းနေမှာမဟုတ်ဘူး”

ရှင်းအန်း၏အမူအရာလည်း မသိမသာ ပြောင်းလဲသွားပြီး သူက ချီးကျူးလိုက်သည်။ “တော်ချက်။ မှော်ဆရာနတ်ဘုရားခွေ့ ၊ ငါတော့ မင်းကို လေးစားပြီးရင်း လေးစားနေမိပြီ။ မင်း စောစောက ငါ့ကို သေအောင် ဂါဝရပြုလိုက်တုန်းက မင်းစွမ်းရည်ရဲ့ ဆန်းကြယ်တဲ့ သဘောတရားတွေကိုလည်း ငါ မြင်ခဲ့တယ်။ ဝိညာဉ်ဂါဝရပြုကျင့်စဉ်ဆိုတဲ့ မှော်အစီအရင်က ရန်သူရဲ့ ဝိညာဉ်ကို ဖြိုခွဲပစ်တာမဟုတ်ဘူး။ ယင်ဝိညာဉ်ခုနစ်ခုကို ခွဲထုတ်ပစ်လိုက်တာ

“မင်း သေအောင် ဂါဝရပြုခဲ့တဲ့ လူတွေမှာ ယန်ဝိညာဉ်တွေ ရှိသေးတယ်။ မင်း အတင်းအကြပ် ထိန်းချုပ်ထားလို့သာ သူတို့ ဘာမှမလုပ်နိုင်တာ။ မဟုတ်ရင် မင်းကို မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်တွေ ဘယ်လိုလုပ်အုံနေမှာလဲ။ မင်းရဲ့ မှော်ဆရာအစီအရင်ဆိုတာ ထူးထူးဆန်းဆန်း အားကောင်းနေတဲ့ ကောင်းကင်နတ်သိုင်းလေးတစ်ခုပဲ”

တထာဂငယ် တုန်ရီသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အဲဒီလိုကိုး”

တထာဂငယ် အချိန်မရွေး ပြိုကွဲသွားနိုင်သည့် ယန်ဝိညာဉ်များနှင့် ယင်ဝိညာဉ်များကို ဖိနှိပ်နေသည့်အချိန် သူ့ကို စောင့်ရှောက်ပေးနေသော မိစ္ဆာဘုန်းကြီးများစွာ ရှိသည်။ ရှင်းအန်း၏စကားကို ကြားလျှင် သူတို့အားလုံး အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ ဉာဏ်အလင်းပွင့်ကုန်ကြသည်။

‌ဗုဒ္ဓ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် ပုံမှန်နှင့်မတူညီပေ။ ဗုဒ္ဓမျက်လုံးက သူတို့ကို မကျွတ်မလွတ်သေးသည့် ဝိညာဉ်များအား ပြသပေး၍ မှော်ဆရာနတ်ဘုရားခွေ့အား ဝိုင်းအုံနေသော ဝိညာဉ်များအား မြင်ခဲ့ရ၏။ ထို့ကြောင့် မှော်ဆရာနတ်ဘုရားခွေ့ကို ချေချွတ်နိုင်လျှင် ကုသိုလ်အကြီးကြီး ရပြီး ဗုဒ္ဓအဆင့် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကို ဖွင့်ကာ ဗုဒ္ဓများ ဖြစ်လာနိုင်မည်ဟု ခံစားခဲ့ကြရခြင်းဖြစ်သည်။

မှော်ဆရာနတ်ဘုရားခွေ့က နာမည်သိရုံဖြင့် ရန်သူကို ဂါဝရပြုကာ ယင်ဝိညာဉ်များအား ခွဲထုတ်ပစ်နိုင်သည်။ သူ၏မှော်ဆရာအစီအရင်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းသော်လည်း သူ့ကို ဝိုင်းအုံနေသည့် ဝိညာဉ်များနှင့် မဆက်သွယ်နိုင်ပေ။

ချင်မူ စိတ်လှုပ်ရှားသွားသည်။ ရှင်းအန်းသည် အမှန်ပင် ထူးချွန်၏။

မှော်ဆရာနတ်ဘုရားခွေ့က သူ့ကို နှစ်ကြိမ် ဂါဝရပြုခဲ့ဖူးသည်။ ပထမတစ်ကြိမ်က ပန်ကုန်းစုန် ဝိညာဉ်ဂါဝရပြုအစီအရင်ကို သုံးခဲ့ခြင်းဖြစ်ပြီး သူ့အား သေအောင် ဂါဝရမပြုနိုင်ခဲ့ပေ။ ဒုတိယအကြိမ်ကမူ ရှင်းအန်းကို တမုဟုတ်ချင်း ‘သတ်’ ပစ်နိုင်ခဲ့သည်။

ရှင်းအန်းက မှော်ဆရာနတ်ဘုရားခွေ့၏ ကောင်းကင်နတ်သိုင်းကို နှစ်ကြိမ် မြင်တွေ့ပြီးနောက် ဆန်းကြယ်‌သော သဘောတရားအား ထိုးဖောက်မြင်နိုင်သွား၏။

ထိုကဲ့သို့ ထိုးထွင်းသိမြင်ဉာဏ်နှင့် အတွေးအခေါ်မှာ အမှန်တကယ်ပင် ထူးခြားပြောင်မြောက်လှသည်။

“သူ့ဉာဏ်ရည်နဲ့ အတွေးအခေါ်က ဧကရာဇ်အတိုင်ပင်ခံအောက် မနိမ့်ကျဘူး။ နှမြောဖို့ကောင်းတာက ဒီလူ ကိုယ့်ကိုကိုယ် အားကိုးပြီး နတ်ဘုရားအဆင့်အထိ ရောက်အောင် ကြိုးစားမယ့်အစား သူများတွေရဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို အသုံးချနေတာပဲ။ သူသာ အားသွန်ခွန်စိုက် ကျင့်ကြံရင်... အင် သူ အသက်ကြီးပြီး သေသွားမှာဟ။ ကောင်းကင်တံတားက ကျိုးနေတာကိုး.. နေပါဦး”

ချင်မူ တုန်လှုပ်သွားပြီး မယုံနိုင်သောအရိပ်အယောင်က သူ့မျက်ဝန်းများ၌ ထင်ဟပ်လာသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် သူ မြင်ခဲ့ဖူးသမျှထဲ ဉာဏ်အကောင်းဆုံး၊ အတွေးအခေါ်အမြင့်မားဆုံး ဖြစ်၏။ သတ္တိကလည်း ပြိုင်ဘက်ကင်းပြီး ပြုပြင်ပြောင်းလဲမှုမစတင်ခင်မှာပင် သူ့နာမည်က ကမ္ဘာတစ်ဝှမ်း၌ ကျော်ကြေားနေခဲ့ပြီဖြစ်သည်။ တထာဂတနှင့် တာအိုသခင်က သူ့အား နှစ်ငါးရာမှ တစ်ခါပေါ်သော ပါရမီရှင်ဟု ခေါ်ခဲ့သည်။

လက်ရှိအချိန်က ဧကရာဇ်အတိုင်ပင်ခံ ရွှေထီးဆောင်းနေသည့်အချိန် ဖြစ်လျှင် သူ့အရှေ့၌ သူ့လိုလူတစ်ယောက်လည်း ရှိခဲ့လိမ့်မည်။

“မဟုတ်မှ...”

ချင်မူ့အမူအရာက တစ်မျိုးတစ်မည် ဖြစ်လာသည်။ ရှင်းအန်း၏ဉာဏ်ရည်က အလွန်မြင့်မားလှသဖြင့် ဧကရာဇ်အတိုင်ပင်ခံတစ်ယောက်တည်းသာ သူ့ကို ယှဉ်နိုင်သည်။ သို့ဆိုလျှင် ရွာလူကြီး၏ခေတ်တုန်းက နှစ်ငါးရာမှ တစ်ခါပေါ်သည့် ပါရမီရှင်က ရှင်းအန်း ဖြစ်မနေဘူးလော။

‘သိပ်ဖြစ်နိုင်တယ်။ ဧကရာဇ်အတိုင်ပင်ခံလည်း သူများတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စုဆောင်းရတာ ဝါသနာပါတယ်’

ချင်မူ လက်သီးဆုပ်လိုက်မိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် ထော့ကျိုး၏ခြေထောက်ကို သိမ်းထားခဲ့ဖူး၏။

လေလယ်တွင် မှော်ဆရာနတ်ဘုရားခွေ့က ရှင်းအန်းကို ရုတ်တရက် တိုက်ခိုက်လိုက်၍ မြင်းမိုရ်တောင်ငယ်၏အပေါ်ရှိ ကောင်းကင်မှာ ကွဲထွက်သွားသည်။ မှော်ဆရာနတ်ဘုရားခွေ့အနေဖြင့် ရှင်းအန်းကို သေအောင် ဂါဝရမပြုနိုင်သော်လည်း သူသည် နတ်ဘုရားတစ်ပါး၏ မူလဝိညာဉ်ဖြစ်နေသေး၏။ ပြိုင်ဘက်ကင်းသော ကျင့်စဉ်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းများ သူ့တွင် ရှိသည်။ သူ၏ကောင်းကင်နတ်သိုင်းအများစုကလည်း ဝိညာဉ်ကောင်းကင်နတ်သိုင်းများ ဖြစ်သည်။

သူ၏အစီအရင်ကောင်းကင်နတ်သိုင်းများက မယုံနိုင်လောက်အောင် ပြင်းထန်ပြီး အမှောင်ထုကိုပင် ဖြိုခွင်းပစ်နိုင်၍ အမှောင်ထုအတွင်းမှ ထူးဆန်းသောမျက်နှာများပင် ထွက်လာတတ်သည်။

ရုပ်ခန္ဓာပင် မရှိသည့် မူလဝိညာဉ်၏ အစီအရင်ကောင်းကင်နတ်သိုင်းက ထိုအဆင့်သို့ပင် ရောက်နေလျှင် သူ၏သိုင်းစွမ်းရည်ကလည်း တထာဂငယ်ထက် များစွာမြင့်မားလိမ့်မည်။

သို့တိုင်အောင် သူ၏ကောင်းကင်နတ်သိုင်းတစ်ခုမှ ရှင်းအန်းကို မထိနိုင်ပေ။

ရှင်းအန်းကား မြန်လွန်း၏။ တဖျတ်ဖျတ် လင်းနေသော အလင်းတန်းပမာ အရိပ်များအကြား ဖြတ်ပြေးနေသည်။ သူ၏အမြန်နှုန်းက ထော့ကျိုးနှင့် ယှဉ်နိုင်ပေသည်။

မှော်နတ်ဘုရားခွေ့ပင် သူ့ကို လိုက်မမှီပေ။

ထော့ကျိုး၏အမြန်နှုန်းသည် တစ်လောကလုံးတွင် နံပါတ်တစ် ဖြစ်၏။ သူ အသားကုန်ပြေးလျှင် မည်သူမျှ သူ့အား လိုက်မမှီပေ။ သူ့ဘဝတွင် နှစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးသည်။ ပထမအကြိမ်က သူ ဧကရာဇ်တံဆိပ်ပြား လာခိုးသည်ကို ဧကရာဇ်အတိုင်ပင်ခံ သိသွားသည့်အချိန် ဖြစ်သည်။ သူ ထွက်ပင်မပြေးနိုင်ခင် ခြေတစ်ဖက် အဖြတ်ခံခဲ့ရ၏။

ဒုတိယအကြိမ်က ရှင်းအန်းနှင့် တွေ့ခဲ့သည့်အချိန် ဖြစ်သည်။

ထော့ကျိုးသည် မယုံနိုင်အောင် မြန်သော်လည်း ကျင့်စဉ်စွမ်းအင်က ရှင်းအန်းလောက် မသိပ်သည်းပေ။ ရှင်းအန်းက သူ့နောက်သို့ ရက်ပေါင်းများစွာ လိုက်ဖမ်းခဲ့သော်လည်း သူ၏ကျင့်စဉ်စွမ်းအင် ကုန်သွားသည့်အချိန်မှ ခြေနှစ်ဖက်လုံး ဖြတ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့အမြန်နှုန်းဖြင့် ရှင်းအန်းအား မှော်ဆရာနတ်ဘုရားခွေ့ မထိုးနှက်နိုင်သည်မှာ မထူးဆန်းပေ။

ဘုန်း

လေလယ်တွင် ရှင်းအန်း၏ ပထမဆုံးလက်သီးချက်ကြောင့် မှော်ဆရာနတ်ဘုရားခွေ့ တုန်ရီသွားသည်။ သူ၏ဝိညာဉ်သန္ဓေသားမှာ မူလဝိညာဉ်ထဲမှ ရိုက်ထုတ်ခံရလုနီးနီး ဖြစ်သွား၍ မှော်ဆရာနတ်ဘုရားခွေ့ ထိတ်ပျာသွားတော့သည်။

ထို့နောက် ဒုတိယလက်သီးချက် ရောက်လာသည်။ မှော်ဆရာနတ်ဘုရားခွေ့၏ မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်မှ မီးလျှံများ သျှံထွက်လာသည်။ သူ၏ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်မှာ တဖြည်းဖြည်း ကွာထွက်နေချေပြီ။

ဘုန်း ဘုန်း ဘုန်း

အားလှိုင်းများ စုစည်းထားသည့် လက်သီးချက်များ ဆင့်ကဲ့ရောက်ရှိလာသည့်အခါ မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်ထဲရှိ ဝိညာဉ်သန္ဓေသားမှာ ယိုင်ထိုးလာတော့သည်။ ပုံရိပ်ယောင်များ ဖွဲ့တည်လာပြီး မျက်နှာများက တွန့်လိမ်ရှုံ့တွလာသည်။

မှော်ဆရာနတ်ဘုရားခွေ့အနေဖြင့် မခုခံနိုင်တော့ပေ။

‘ဧကရာဇ်အတိုင်ပင်ခံ အဲဒီမြေခွေးအိုကြီးတောင် လက်ရှိရှင်းအန်းအတွက် ပြိုင်ဘက်မဟုတ်ဘူး” ချင်မူ အံ့အားသင့်နေပြီး မလှမ်းမကမ်းရှိ ရှင်းအန်း၏သေတ္တာအား လှမ်းကြည့်လိုက်မိသည်။

ရှင်းအန်းက သေတ္တာကို မြေကြီးပေါ်တွင် ချထား၏။

သေတ္တာဘေးတွင် ပန်ကုန်းစုန်မှာ ခြေထောက်ကို ရင်တွင် ပိုက်ထားလျက် ပုန်းနေသည်။

‘သွားပြီ... ငါ့ဆရာတော့ သွားပြီပဲ။ သူက ရှင်းအန်းအတွက် ပြိုင်ဘက်မဟုတ်ဘူး။ အစတုန်းကတော့ အကျိုးအမြတ်ရမလား ချောင်းနေတာ၊ အခုအခြေအနေအရ ဘာမှရမှာမဟုတ်တော့ဘူး...’

သူ ထောင်ကျယ်အိတ်ထုတ်၍ ခြေထောက်အား ထိုးထည့်လိုက်သည်။ ‘ရှင်းအန်းက ဉာဏ်ကောင်းသလို၊ ကောက်ကျစ်တယ်။ ငါ့ကို ဒီခြေထောက်နဲ့ အတင်းဆက်ခိုင်းမှာပဲ။ ဂိုဏ်းသခင်ချင်သာ အဆိပ်ခတ်ထားရင် ငါ သေချာပေါက် သေမှာ။ ဒါပေမဲ့ အဆိပ်မခပ်ထားရင်တောင်မှ ရှင်းအန်းက သေချာပေါက် ပြန်ဖြတ်ယူမှာပဲ။ ငါ့ကို ပေးမှာမဟုတ်ဘူး။ ဒါဆို ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ထွက်သွားရင် မကောင်းဘူးလား။ ဒါပေမဲ့ အမှောင်ထုကြီး ရှိနေတော့ သွားလို့မရပြန်ဘူး...”

သူ တွေးနေသည့်အချိန် လက်သီးဆုပ်မျှ ရှိသော ပုတီးစေ့တစ်လုံးအား ချင်မူ ကိုင်ထားသည်ကို လှမ်းမြင်လိုက်ရသည်။ ချင်မူက တစ်ခုခုရွတ်ဖတ်ရင်း အစီအရင်တစ်ခု ထုတ်လွှတ်နေပုံရ၏။

သို့သော် ရှင်းအန်းက မှော်ဆရာနတ်ဘုရားခွေ့ကို ထိုးနှက်ရင်း အလုပ်များနေသဖြင့် ထိုခွေးသူတောင်းစားလေး ရွတ်နေသည်ကို မကြားပေ။

“လိပ်နက်ပုတီးစေ့”

ပန်ကုန်းစုန် မျက်လုံးများပြူးလျက် စိုက်ကြည့်လိုက်မိသည်။ ချင်မူ့လက်ထဲရှိ ပုတီးစေ့ကို သူ မှတ်မိ၏။ အစစ်အမှန်ကောင်းကင်နန်းတော်၏ ဝိညာဉ်ရတနာလေးပါးအနက်မှ လိပ်နက်ပုတီးစေ့ ဖြစ်သည်။ သူ၏အတိတ်ဘဝများတုန်းက ထိုပုတီးစေ့ကို မြင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ ထိခွင့်မရခဲ့ပေ။

‘ဒီခွေးသူတောင်းစားလေးက တကယ်ကံကောင်းတဲ့ ခွေးသူတောင်းစားပဲ။ အစစ်အမှန်ကောင်းကင်နန်းတော် ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ လိပ်နက်ပုတီးစေ့ကို ခိုးလာနိုင်တယ်’

ချင်မူ့ဘယ်လက်၏ လက်ဟန်နည်းစနစ်များက ခန့်မှန်းမရအောင် ပြောင်းလဲနေသည်။ တံလျှပ်များ ကောင်းကင်ထက်၌ ပြိုးပြုက်လက်နေပြီး နောက်ဆုံးတွင် ဓားကွက်တစ်ကွက်အသွင် ဖွဲ့တည်ကာ လိပ်နက်ပုတီးစေ့အား အသာအယာ တို့ထိလိုက်၏။

‘ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်’

ပန်ကုန်းစုန် ရင်ထဲ ထိတ်သွားသည်။ ရုတ်တရက် သူ့ဘေးရှိ သေတ္တာက လှုပ်လာသဖြင့် သူ့ခေါင်းမွှေးများ ထောင်သွား၏။ သေတ္တာ၏အောက်မှ ခြေတစ်ချောင်း ထွက်လာလေသည်။

ပန်ကုန်းစုန် ကြောက်လန့်တကြား အော်မိတော့မည့်အချိန် သေတ္တာအောက်ခြေမှ ခြေထောက်များစွာ ထပ်ထွက်လာသည်။ ထို့နောက် သေတ္တာကြီးက ကိုယ်ကို လှုပ်ခါကာ မတ်တပ်ရပ်လိုက်သည်။

ပန်ကုန်းစုန် စိတ်နှင့်ကိုယ် ပြန်မကပ်သေးခင် ချင်မူက တောင်အောက် ‌ပြေးဆင်းသွားသော သေတ္တာကြီးပေါ် ခုန်တက်သွား၏။ နဂါးချီလင်ကလည်း ကိုယ်ကို တတ်နိုင်သမျှ ကျုံလိုက်ပြီး သေတ္တာကြီး သူ့ဘေးမှ ဖြတ်သွားသည့်အခါ ခုန်တက်ပြီး ထိုင်ချလိုက်သည်။

ပန်ကုန်းစုန် မှင်သက်သွားသည်။ သူ ရှုရှန်းဟွာကို လှမ်းကြည့်လိုက်သည့်အခါ ရှုရှန်းဟွာက ကျင်းယန်၏လက်ကို ဆွဲလျက် သေတ္တာပေါ်ရှိ ချင်မူအား လက်ယမ်းနှုတ်ဆက်နေသည်ကို တွေ့လိုက်ရ၏။ သူလည်း သိနေသည်မှာ အသိသာကြီးပင်။

‘ဉာဏ်များချက်ပဲ။ ရှင်းအန်းရဲ့ သေတ္တာကိုတောင် ခိုးရဲတယ်’

ပန်ကုန်းစုန်မှာ ရှင်းအန်းကို လှမ်းအော်ရန် တွေးလိုက်သော်လည်း စိတ်ပြောင်းပြီး လက်နှစ်ဖက်ဖြင့် တောင်အောက် ပြေးဆင်းသွားသည်။

သေတ္တာကား အလွန်မြန်သော်လည်း အမှောင်ထုထဲ ဝင်တော့မည့်ဆဲဆဲအချိန်တွင် ပန်ကုန်းစုန် ခုန်လိုက်ပြီး အောက်နားကို လှမ်းဆွဲလိုက်သည်။ သူလည်း ခြေထောက်များဖြင့် ပြေးနေသော သေတ္တာကြီးနှင့်အတူ အမှောင်ထုထဲ ပါသွားတော့သည်။

သေတ္တာတွင် နတ်ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြည့်နေသည့်အတွက် အမှောင်ထုမှာ တွန်းထုတ်ခံနေရသည်။ ခြေထောက်လေးချောင်းက အမှောင်ထုကို ဖြတ်၍ လျင်မြန်စွာ ပြေးနေ၏။

“မှော်ဆရာကြီးပါလား”

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ သေတ္တာအောက်၌ တွဲလောင်းခို၍ လိုက်ပါလာသော ပန်ကုန်းစုန်အား မြင်လိုက်ရသည်။ သူက မဲ့ပြုံးပြုံးကာ ဓားဆွဲထုတ်လိုက်၏။ ပန်ကုန်းစုန်က အဆိပ်ခြေထောက်ဖြင့် ကာလိုက်သဖြင့် ချွင်ခနဲ မြည်သံ ထွက်ပေါ်သွားသည်။

“ဂိုဏ်းသခင် ခဏလေး” ပန်ကုန်းစုန်က ကပျာကယာ အော်သည်။ “မင်း ထပ်တိုက်ခိုက်ရင် ငါ အော်လိုက်မှာနော်။ မင်း ဘယ်လိုလွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့”

ချင်မူက ဓားပြန်သိမ်းကာ သွားဖြူဖြူများ တန်းနေအောင် ပြုံးပြလိုက်သည်။ “မှော်ဆရာကြီးကလည်း ဘာတွေပြောနေတာတုန်း။ မိတ်ဆွေဟောင်းတွေပဲကို အချင်းချင်း ရန်ပြုစရာလား။ မှော်ဆရာကြီး သေတ္တာအောက်မှာ မြေကြီးတွေ မစားရအောင် ငါ ဆွဲတင်ပေးရမလား”

သူက နဂါးချီလင်ကို တိုးတိုးတိတ်တိတ် ကန်လိုက်ရာ နဂါးချီလင်လည်း ဒက်ခနဲ သဘောပေါက်သွား၏။ ချင်မူ ပန်ကုန်းစုန်အား ဆွဲတင်လျှင် လွင့်ထွက်သွားအောင် မီးမှုတ်လိုက်ရန် နဂါးချီလင်က ပါးစပ်ဟ၍ မီးများ စုစည်းလိုက်သည်။ ပန်ကုန်းစုန် အမှောင်ထုထဲ ကျသွားလျှင် ကိစ္စတုံးသွားမည်မဟုတ်ပါ၏လော။

ပန်ကုန်းစုန် တွန့်သွားပြီး သေတ္တာအောက်တွင် သက်တောင့်သက်သာ ဖြစ်အောင် နေလိုက်သည်။ “စိတ်ပူပေးလို့ ဂိုဏ်းသခင်ကို ကျေးဇူးတင်ပါတယ်။ မြေကြီးစားရတာ ကြိုက်လို့ ဒီမှာပဲ နေပါတော့မယ်။ ငါ့ကို စိတ်ထဲမထားပါနဲ့”

ထိုအချိန်တွင် မြင်းမိုရ်တောင်ငယ်၏ အထက်ကောင်းကင်ယံမှ ရှင်းအန်း၏ မီးပုံယမ်းကျပေါက်ကွဲနေသော အသံကြီး ဟိန်းထွက်လာသည်။ “နတ်ဆေးသမားတော်ချင်၊ မင့်နှလုံးသားက တကယ် မည်းနေလား ငါ မြင်ချင်တယ်”

“မည်းလွန်းလို့ ပုပ်နေတာပဲ” ပန်ကုန်းစုန်က သေတ္တာအောက်မှ ခပ်တိုးတိုး ပြောလိုက်၏။

All Chapters