← Chapters

တစ်ပြိုင်တည်း အဆင့်တက်ခြင်း

Vol. 31 Ch. 417

တစ်ပြိုင်တည်း အဆင့်တက်ခြင်း

Vol. 31 Ch. 417

ရှီဟွေးရှီမြို့ကတော့ နာမည်လိုက်အောင်ကို ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ မြို့ကြီး တစ်မြို့ပါပဲ။ ထုံးကျောက်နယ်မြေဒေသရဲ့ မြို့တော်ကြီး ဖြစ်တဲ့အတွက် သည်မြို့မှာ နေထိုင်တဲ့ ပန်းပဲ ဆရာသခင်တွေရဲ့ ကျွမ်းကျင်မှုဟာ  မခေလှပါဘူး။  သည်ရှီဟွေးရှီမြို့မှာ နေထိုင်ကြတဲ့ ပန်းပဲဆရာသခင် တွေဟာ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ မင်းနေပြည်တော်မှာ ရှိတဲ့ ပန်းပဲ ဆရာသခင်တွေထက် ကျွမ်းကျင်မှုပိုင်းမှာ အနည်းငယ်သာ နိမ့်ကျပါတယ်။

အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး။   ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့  လက်နက်ပစ္စည်း ဈေးကွက် တစ်ခုလုံးမှာ လည်ပတ်နေတဲ့ လက်နက်ပစ္စည်း ၃၀ရာခိုင်နှုန်းဟာ သည်ရှီဟွေးရှီ မြို့ကနေ လာတာပါ။   အဲသည် အချက်နဲ့တင်  သည်မြို့မှာရှိတဲ့ ပန်းပဲဆရာသခင်တွေရဲ့ ကျွမ်းကျင်မှု အပိုင်းကို သိမြင်နိုင်ပါတယ်။

" ဆရာသခင် အရည်ကျို ခရီးထွက်နေတယ်တဲ့လား။  ကံဆိုးလိုက်တာကွာ  ... "

လီဖူချန်းဟာ  ကံမကောင်းခဲ့ပါဘူး။  သူ ရှီဟွေးရှိမြို့ကို ရောက်မလာခင် တစ်ပတ်လောက်ကပဲ ဆရာသခင် အရည်ကျိုဟာ ခရီးထွက်သွားခဲ့ပါပြီ။   လီဖူချန်းအတွက်ကတော့  သည်ရှီးဟွေးရှီမြို့ကို လာခဲ့တဲ့ ခရီးဟာ လုံးဝ အချည်းနှီး ပါပဲ။

" ငါသည်ကို ရောက်လာမှတော့ လက်ဗလာနဲ့ ပြန်သွားလို့ မဖြစ်သေးဘူး။  ခန္ဓကိုယ်အပြင်အား လက်နက် တစ်ခုခုကို မရရအောင် ရှာဝယ်သွားမှ ဖြစ်မယ် "

နဂိုမူလတုန်းကတော့  လီဖူချန်းဟာ  သူ့နဲ့လိုက်ဖက်မယ့် မြေကမ္ဘာအဆင့်နိမ့် လက်နက်တစ်ခုကို သွန်းလုပ်ပေးဖို့ အတွက်   ဆရာသခင် အရည်ကျိုဆီမှာ အကူအညီ တောင်းခံဖို့ အစီအစဉ် ဆွဲထားခဲ့တာပါ။ အခုတော့ ဆရာသခင် အရည်ကျိုက ရှီဟွေရှိမြို့မှာ မရှိတော့တဲ့အတွက် သူ့အနေနဲ့ သူ့ရဲ့ အစီအစဉ်ကို ပြောင်းရပါတော့မယ်။  လီဖူချန်းက သည်ရှီဟွေးရှီမြို့ကနေတော့ လက်ဗလာနဲ့ ပြန်မသွားနိုင်ပါဘူး။

ရှီဟွေးရှီမြို့ဟာ နာမည်ကျော် ပန်းပဲမြို့ဖြစ်တဲ့ အတွက် သည်မြို့မှာ ခန္ဓာကိုယ် အပြင်အား လက်နက်တွေကို ရောင်းချတဲ့ လက်နက် ကိရိယာဆိုင်တွေ ရှိနေမှာ အသေအချာပါပဲ။  အနည်းဆုံးတော့ လီဖူချန်းအနေနဲ့ အဲသည်လက်နက် ကိရိယာဆိုင်တွေကနေ  သူနဲ့သင့်တော်တဲ့   ဆန်းကြယ် အထွတ်အထိပ် အဆင့် ခန္ဓာကိုယ်အပြင်အား လက်နက်တစ်ခုကို  ဝယ်ယူရရှိနိုင်ဖို့  မျှော်လင့်နိုင်ပါသေးတယ်။

ထာဝရနုပျိုခြင်း ဥယျာဉ်မှာ ပြုလုပ်တဲ့ လက်ဖက်ရည် ပွဲတော်တုန်းကတောင်မှ  ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်က ဝမ်ကျန်းဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့်  ခန္ဓာကိုယ် အပြင်အား လက်အိတ် တစ်စုံကို လက်နက်အဖြစ် အသုံးပြုခဲ့သေးတာ မဟုတ်ပါလား။

အရည်ကျို လက်နက်ကိရိယာဆိုင်  ...။

သည်ဆိုင်ကိုတော့ ဆရာသခင် အရည်ကျိုက  ဦးစီးပြီး ဖွင့်လှစ်ထားခဲ့တာပါ။

" ဆိုင်ရှင်  ...  ခင်ဗျားတို့ ဆိုင်မှာ ခန္ဓာကိုယ်အပြင်အား လက်နက်တွေ ရောင်းလား "

လီဖူချန်းက ဆိုင်ထဲကို ဝင်သွားပြီး  သူလိုချင်တာကို တန်းမေးလိုက်ပါတယ်။

" ရောင်းပါတယ် သခင်လေး  ...။  သခင်လေးနဲ့ သင့်တော်မယ့် ခန္ဓာကိုယ် အပြင်အားလက်နက် တစ်ခုကို ရှာနေတာ ဆိုရင်တော့ သခင်လေးရဲ့ ဆိုင်ရွေးချယ်မှုက  လုံးဝမှန်ကန်သွားခဲ့ပါပြီ။   သည်ရှီဟွေးရှီ တစ်မြို့လုံးမှာ ခန္ဓာကိုယ် အပြင်အား လက်နက်တွေ ရောင်းတာဆိုလို့ ကျွန်တော်တို့ တစ်ဆိုင်တည်း ရှိတာပါ သခင်လေး "

အရည်ကျို လက်နက်ကိရိဟာဆိုင်ရဲ့ ဆိုင်ရှင်ကတော့ သူ့ဆိုင်နဲ့ပတ်သက်ပြီး အတော်လေး ဂုဏ်ယူနေပုံပါပဲ။ ပြီးတော့ သူက လီဖူချန်းကို အတော်လေး ဖော်ရွေပါတယ်။

ခန္ဓာကိုယ်အပြင်အား လက်နက်တွေဟာ အတော်လေး ရှားတယ်ဆိုပေမယ့် ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေလောက်တော့  မရှားပါဘူး။  အဲသည်အတွက် သူက လီဖူချန်းလို တစ်ခါတလေမှ လာတဲ့ ဝယ်သူကို အတော်လေး တန်ဖိုးထားနေတာ ဖြစ်ရပါမယ်။ သူက လီဖူချန်းကို အရည်ကျို လက်နက် ကိရိယာဆိုင်ရဲ့ ဒုတိယထပ်ကို တန်းပြီး ခေါ်သွားခဲ့ပါတယ်။

" သခင်လေး   ...။  ဒါတွေက ကျွန်တော်တို့ဆိုင်မှာ ရှိတဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား လက်နက်တွေပါပဲ "

ဆိုင်ရှင်က ဆေဘာ၊ နှစ်ဖက်သွားဓား၊ လက်အိတ်တစ်စုံ၊ လက်သည်းတစ်စုံနဲ့ ခြေချင်း တစ်စုံကို ပြသလိုက်ပါတယ်။

လက်နက် ပစ္စည်းတွေကို သေသေချာချာ ဆန်းစစ်ပြီးတဲ့နောက်မှာ လီဖူချန်း သတိပြုမိ လိုက်တာကတော့  ခန္ဓာကိုယ်အပြင်အား လက်နက်တွေဟာ ချီအတွင်းအား လက်နက်တွေနဲ့ သိသိသာသာကြီး ကွဲပြားခြားနားနေတယ် ဆိုတာပါပဲ။   သည်ခန္ဓာကိုယ်အပြင်အား လက်နက်တွေရဲ့ အပြင်ပိုင်းမှာ မတူညီတဲ့ ချီစွမ်းအင်လှိုင်းတွေ သွားလာလှုပ်ရှားလျက် ရှိနေပြီး အဲဒါတွေက အသက်ရှိနေတဲ့ လက်နက်တွေလို့  ထင်မြင်စေမိပါတယ်။

" ကျွန်တော် သည်လက်နက်တွေကို ကိုင်ပြီး စမ်းသပ်လို့ ရမလား "

ခန္ဓာကိုယ်အပြင်အား လက်နက်တွေက အရမ်းကို ထူးဆန်းလွန်းနေတဲ့ အတွက် လီဖူချန်းဟာ သည်အတိုင်း ကြည့်မနေနိုင်တော့ပါဘူး။  သူက လက်နက်တွေကို ကိုင်တွယ်ပြီး နည်းနည်းပါးပါး စမ်းကြည့် ချင်နေပါပြီ။

ဆိုင်ရှင်က ခေါင်းညိတ်လိုက်ပြီး ခွင့်ပြုပါတယ်။

" ရပါတယ် သခင်လေး  ... .။  အားမနာပါနဲ့။  စိတ်တိုင်းကျ စမ်းကြည့်နိုင်ပါတယ် "

လီဖူချန်းက  ပထမဦးဆုံး အနေနဲ့ နှစ်ဖက်သွားဓားကို  ကောက်ကိုင် လိုက်ပါတယ်။ သူက ဓားသမား တစ်ယောက် မဟုတ်ပါလား။

သည်နှစ်ဖက်သွားရဲ့ မျက်နှာပြင်ပေါ်မှာတော့ သွေးနဲ့ ရေးဆွဲထားပုံရတဲ့  အင်းကွက်တစ်ခု ရှိနေပါတယ်။  သေသေချာချာ ကြည့်လိုက်မယ် ဆိုရင်တော့ အဲသည် သွေးအင်းကွက်က လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးကြောတွေလိုပါပဲ။

လီဖူချန်းက သူ့ရဲ့ အပြင်အားတွေကို လက်နက်ထဲ ပို့ဆောင်လိုက်တဲ့ အခါမှာတော့  ...

ချွမ်  ...   ...

နှစ်ဖက်သွားဓားရဲ့ ဓားဖျားကနေပြီး သွေးရောင် ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။  အဲသည် ဓားအလင်းတန်းက အတော်လေး ထက်ရှမယ့်ပုံပါပဲ။

" အိုး  ...   ခန္ဓာကိုယ်အပြင်အား လက်နက်ဆိုတာက သည်လိုမျိုးလား "

ဓားနဲ့သူဟာ  ဆက်သွယ်နေပြီး တဖြည်းဖြည်းနဲ့ သည်ဓားဟာ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို  ဖြစ်လာတာကို လီဖူချန်းတစ်ယောက် ခံစားလိုက်ရပါတယ်။

"သည်ဓားက ကောင်းပေမယ့် ငါ့အတွက် အသုံးမဝင်သေးဘူး။  အဲသည်တော့ တခြား လက်နက်တွေကို  ရွေးတာပဲ  ကောင်းလိမ့်မယ် "

လီဖူချန်းက အခုချိန်အထိ ခန္ဓာကိုယ်အပြင်အား ဓားသိုင်းကို မလေ့ကျင့်ရသေးပါဘူး။  အဲသည်အတွက် သူဟာ နှစ်ဖက်သွားဓားကို ပြန်ချလိုက်ပြီး လက်အိတ်တစ်စုံကို ကောက်ကိုင်လိုက်ပါတယ်။

သည်လက်အိတ် တစ်စုံကလည်း မဆိုးလှပါဘူး။  လက်ခမိုးကို အကာအကွယ် ပေးထားရုံမက  လက်ချောင်း တစ်ချောင်းချင်း လှုပ်ရှားရာမှာလည်း အဆင်ပြေ ချောမွေ့စွာ လှုပ်ရှားနိုင်ပါတယ်။  သည်အချက်နဲ့တင် သည်လက်အိတ် တစ်စုံဟာ   အတော်လေး စိတ်ကျေနပ်စရာ ကောင်းနေပါပြီ။ လီဖူချန်းက သူရဲ့ အသိစိတ်အာရုံကို ထုတ်ပြီး ဆန်းစစ်လိုက်တဲ့ အခါမှာတော့  လက်အိတ်ရဲ့ အတွင်းပိုင်းမှာ သွေးရောင် အင်းကွက်တစ်ခု ရှိနေတာကိုလည်း အံ့သြဖွယ် သိလိုက်ရပါသေးတယ်။

ချွမ်  ...

သူ့ရဲ့ အပြင်အားတွေကို လက်အိတ်ထဲ ပို့ဆောင်လိုက်တဲ့ အခါမှာတော့  သွေးရောင် အလင်းတန်း အလွှာတစ်ခု လက်အိတ်တွေရဲ့ အပေါ်ဘက်မှာ ဖြစ်တည်လာခဲ့ပါပြီ။

" ကောင်းလိုက်တာ။  သည်လက်အိတ်က ငါ့ရဲ့အပြင်အားကို ၃၀ရာခိုင်နှုန်းနီးပါး တိုးမြှင့်ပေးနိုင်တာပဲ"

လက်နက်တစ်ခု ရှိတာနဲ့ မရှိတာက ကွာခြား လွန်းလှပါတယ်။

သည်လက်အိတ်တွေနဲ့ ဆိုရင်တော့ လီဖူချန်းဟာ မီးလက်သီး ဖန်လုံကို ခန္ဓာကိုယ် အပြင်အား သက်သက်နဲ့ လက်သီးချင်း ယှဉ်ထိုးနိုင်မှာ အသေအချာပါပဲ။

" ဆိုင်ရှင်  ... သည်လက်အိတ်တွေက ဘယ်လောက်လဲ "

လက်အိတ်တွေက သူနဲ့ သင့်တယ်တော်လို့ ခံစားမိတဲ့အတွက် လီဖူချန်းဟာ လက်အိတ်တွေရဲ့ နှုန်းထားကို မေးလိုက်ပါတယ်။

ဆိုင်ပိုင်ရှင်က  ရိုကျိုးစွာဖြင့် ပြန်ဖြေလာခဲ့ပါတယ်။

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ပါ သခင်လေး "

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ဟုတ်လား  ...။  ခင်ဗျားဟာက ဈေးမများလွန်းဘူးလား "

လီဖူချန်းက မျက်ခုံး ပင့်လိုက်မိပါပြီ။

သူက သည်ဈေးနှုန်းကို မတတ်နိုင်လို့တော့ မဟုတ်ပါဘူး။  ဒါပေမဲ့ သည်လက်အိတ် တစ်စုံရဲ့ ဈေးနှုန်းက တကယ်ကို များလွန်းနေတာပါ။  မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား လက်နက် တစ်ခုတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ထက် ပိုမပေးရတဲ့  ဈေးနှုန်းတစ်ခုမှာ သည်ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်အပြင်အား လက်နက်ရဲ့ တန်ဖိုးက  အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၁၀,၀၀၀ ရှိနေပါတယ်။  ဒါက လုံးဝ လက်သင့် မခံနိုင်စရာပါပဲ။

ဆိုင်ရှင်က ခေါင်းခါလိုက်ပြီး လီဖူချန်းကို ရှင်းပြလိုက်ပါတယ်။

" သွေးကျောက်တုံး၊ ငွေမီးခိုးသတ္တု၊ သွေးအင်းကွက်သံတွေကို ရောနှောပြီး သည်လို လက်အိတ်တစ်စုံ ရအောင်  သွန်းလုပ် ထားရတာပါ။  သည်လက်အိတ်မှာ အသုံးပြုထားတဲ့ ပစ္စည်းတွေနဲ့တင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး တန်နေပါပြီ။  အဲသည်အတွက် သည်ဈေးနှုန်းက လုံးဝ မများပါဘူး သခင်လေး  "

" သြော်  ... အဲလိုလား  ...။  အဲဒါဆိုရင်လည်း ရှိပါစေတော့။  ရော့ ၁၀,၀၀၀    ...။ ကျွန်တော် သည်လက်အိတ်ကို ယူလိုက်မယ် "

သည်လက်အိတ် တစ်စုံက ဈေးများတယ် ဆိုပေမယ့်လည်း လီဖူချန်းအတွက် မဝယ်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။

" သခင်လေးရဲ့ အမြင်က တကယ် ကောင်းမွန်လှပါတယ် "

ဆိုင်ရှင်ဖြစ်သူက အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။ ဆရာသခင် အရည်ကျိုက သည်အရည်ကျို လက်နက် ကိရိယာဆိုင်ကို လစဉ်လတိုင်းအတွက်   အရောင်းစံချိန်တစ်ခု သတ်မှတ် ထားခဲ့ပါတယ်။ အဲသည် အတွက် အရည်ကျို လက်နက်ကိရိယာဆိုင်ရဲ့ ဆိုင်ရှင်အဖြစ် တာဝန်ယူရတဲ့သူဟာ  လစဉ်လတိုင်းမှာ သတ်မှတ်ထားတဲ့ အရောင်းစံချိန်ကို ပြည့်မီအောင် ရောင်းချနိုင်ရမှာပါ။ တကယ်လို့ သူဟာ သတ်မှတ် အရောင်းစံချိန်ကို ကျော်လွန်အောင် ရောင်းချနိုင်ရင်တော့  ဆုလဒ်တွေ ရရှိမှာဖြစ်ပြီး သတ်မှတ် အရောင်းစံချိန်ကို မီအောင် မရောင်းချနိုင်ရင်တော့ သူရမယ့် ဝိညာဉ် ကျောက်တုံးတွေထဲက အချို့ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

သည်လမှာတော့ သူဟာ သတ်မှတ် အရောင်းစံချိန်ကို ပြည့်မီအောင် မရောင်းချ နိုင်သေးပါဘူး။  အဲသည်အတွက် သူဟာ ဝိညာဉ် ကျောက်တုံးအချို့ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ အခုတော့ လီဖူချန်းက ဆန်းကြယ် အဆင့်မြင့် လက်အိတ် တစ်စုံကို ဝယ်သွားခဲ့တဲ့ အတွက်  သူဟာ အရောင်းစံချိန်ကို  ပြည့်မီရုံမက ကျော်တောင် ကျော်လွန်သွားခဲ့ပါပြီ။

ကျသင့်တန်ဖိုးကို ရှင်းပြီးသွားတဲ့  အခါမှာတော့ လီဖူချန်းဟာ အရည်ကျို လက်နက်ကိရိယာ ဆိုင်ထဲကနေ ပြန်ထွက် လာခဲ့ပါတော့တယ်။

သည်ရှီဟွေးရှီ မြို့မှာတော့ လီဖူချန်းဟာ ခြံဝင်းတစ်ခုကို ငှားရမ်း နေထိုင်နေတာပါ။

ဟူး  ... ဟူး  ... ဟူး  ...   ...

ဝှီး  ... ဝှီး  ...

ရှီဟွေးရှိ မြို့ရဲ့ အစွန်ပိုင်း မကျတကျ နားလောက်မှာရှိတဲ့ ခြံဝင်း တစ်ခုထဲမှာတော့ အပေါ်ပိုင်း ဗလာကျင်းထားတဲ့ လူငယ်တစ်ဦးဟာ သိုင်းကစား နေပါတယ်။  အဲသည်လူငယ်ကတော့   လီဖူချန်းပါပဲ။

ဝေါင်း  ... ဝေါင်း  ... ဝေါင်း  ...

လီဖူချန်း လက်သီးချက်တစ်ချက် ထုတ်လိုက်တိုင်းမှာ ကျားဟိန်းသံတွေ ထွက်ပေါ်နေပါတယ်။

သိပ်မကြာခင်မှာပဲ ရန်လိုနေပုံရတဲ့ ကျားတစ်ကောင်ရဲ့ ဝိညာဉ်ဟာ လီချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ။  အဲသည် ဝိညာဉ်ကတော့ မဟာကျားဝိညာဉ်ပါပဲ။

အရင်တုန်းကနဲ့ ယှဉ်မယ်ဆိုရင်တော့ သည်ကျားဝိညာဉ်ဟာ ၃၀ရာခိုင်နှုန်း ပိုကြီးလာခဲ့ပါတယ်။  ပြီးတော့ သည်ကျားဝိညာဉ်ကနေ ထွက်ပေါ်နေတဲ့   ရန်လိုမှု အငွေ့အသက်တွေဟာလည်း  ပိုပြီးတော့ အားကောင်း လာခဲ့ပါတယ်။  အဲသည် ကျားဝိညာဉ်က  လေဟာနယ် ဟင်းလင်းပြင်ကိုတောင်မှ ဆုတ်ဖြဲ ပစ်တော့မလိုပါပဲ။

" ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား လက်နက်က  ပေးရတာနဲ့ ထိုက်တန်သားပဲ"

လီဖူချန်းက သည်လက်အိတ်တွေကိုတော့ အတော်လေး အကြိုက်တွေ့နေမိခဲ့ပါပြီ။

" အင်း  ... ဆရာသခင် အရည်ကြိုနဲ့ မတွေ့ခဲ့ရတာကတော့ တကယ် နှမြောစရာပဲ။  တကယ်လို့ ဆရာသခင် အရည်ကျိုကသာ ငါ့ကို မြေကမ္ဘာအဆင့်နိမ့် လက်အိတ်တစ်စုံ သွန်းလုပ်ပေးမယ် ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားက အနည်းဆုံး ၆၀ရာခိုင်နှုန်းလောက် ပိုတိုးမြှင့် လာလောက်တယ် "

ချီအတွင်းအားလက်နက်တွေလိုပါပဲ။  ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်အပြင်အား လက်နက်တွေနဲ့ မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာအပြင်အား လက်နက်တွေကြားက ကွာခြားမှုဟာ ကြီးမားပါတယ်။

" ထားလိုက်ပါတော့ကွာ  ...   ... ။  ဆရာသခင် အရည်ကျိုက ရှီဟွေးရှီမြို့မှာ ရှိနေခဲ့ရင်တောင်မှ ငါ့ကို လက်ခံတွေ့မယ် ဆိုတာ မသေချာပါဘူး။  ပြီးတော့ ငါ့ကို လက်ခံတွေ့ခဲ့ရင်တောင်မှ သူက ငါ့အတွက် မြေကမ္ဘာ အဆင့်နိမ့် လက်နက်တစ်ခု သွန်းလုပ်ပေးချင်မှ သွန်းလုပ်ပေးမှာ "

ခန္ဓာကိုယ်အပြင်အား လက်နက်တစ်ခု သွန်းလုပ်ရာမှာ အသုံးပြုရတဲ့   ပါဝင်ပစ္စည်းတွေဟာ အလွန် တန်ဖိုးကြီးတာကို သိရှိသွားပြီးတဲ့ နောက်မှာတော့  ဆရာသခင် အရည်ကျိုက  သူ့အတွက် သီးသန့် လက်နက် တစ်ခု သွန်းလုပ်ပေးမယ်လို့ လီဖူချန်းတစ်ယောက်  ယုံကြည်မှု မရှိတော့ပါဘူး။

အခြားတစ်ဖက်က တွေးမယ်ဆိုရင်တော့ ဆရာသခင် အရည်ကျိုနဲ့ တွေ့ခွင့်မရတာကလည်း ခပ်ကောင်းကောင်းပါပဲ။  အစောပိုင်းတုန်းကတော့  လီဖူချန်းဟာ လက်နက်သွန်းလုပ်ခကို မပေးနိုင်ခဲ့ရင် သူ စုဆောင်းထားတဲ့ ရတနာတွေထဲက တချို့ကို ထုတ်ရောင်းပြီး ပေးဖို့ စဉ်းစားထားခဲ့တာပါ။  အခုတော့ သူဟာ သူ့ရဲ့ ရတနာ အချို့ကို ထုတ်ရောင်းစရာ မလိုတော့ပါဘူး။

နောက်ထပ် ရက်တွေမှာတော့  လီဖူချန်းဟာ ခန္ဓာကိုယ်အပြင်အား လက်နက် အကြောင်းကို မေ့လိုက်ပြီး ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက်ကိုသာ အာရုံစိုက် ကြိုးပမ်းပါတော့တယ်။

ဟူး  ... ဟူး  ... ဟူး  ...

သူငှားထားတဲ့ ခြံဝင်းရဲ့ သီးသန့်ခန်းထဲမှာတော့ လီဖူချန်းဟာ  ကမ္မဋ္ဌာန်းဖျာပေါ်မှာ တင်ပျဉ်ခွေ ထိုင်ပြီး  ကျင့်ကြံနေပါတယ်။

အချိန်တွေဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ပါဘူး။  နောက်ဆုံးမှာတော့ လီဖူချန်းဟာ မျက်လုံး ဖွင့်လာခဲ့ပါပြီ။

" အင်း  ...  သည်စိတ်နှလုံးဝိညာဉ်ဆေးရည်က နည်းနည်း အားနည်းနေတယ်။  သည်ဆေးရည်က ငါ့ရဲ့ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ အခြေအနေကို ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက်  လုံလောက်တဲ့ လှုံ့ဆော်မှု မပေးနိုင်သေးဘူး "

လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်ပြီး စိတ်ဝိညာဉ် သန့်စင်ဆေးလုံးကို ထုတ်ယူကာ သောက်သုံး လိုက်ပါတယ်။

စိတ်ဝိညာဉ် သန့်စင်ဆေးလုံးကို သောက်သုံးပြီး တစ်နာရီ အကြာမှာတော့  လီဖူချန်းဟာ  ထူးခြားဖြစ်စဉ်တွေကို သတိပြုမိ လာခဲ့ပါပြီ။

သူနဲ့    ကောင်းကင်နဲ့မြေကြီးတို့ရဲ့ ကြားမှာရှိနေတဲ့ ဆက်သွယ်မှုက ပိုပြီး ခိုင်မာလာခဲ့သလိုပါပဲ။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေဟာ သူ့ကို ဗဟိုပြုပြီး လည်ပတ်လာကြပါတယ်။

" ငါအဆင့်တက်ခါ နီးနေပြီပဲ "

လီဖူချန်းက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး  သိုလှောင်အိတ်ထဲက အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ  ဝိညာဉ်ချီတွေကို စုပ်ယူ လိုက်ပါတော့တယ်။

နာရီပေါင်း အတော်ကြာသွားပြီးတဲ့နောက်မှာတော့ လီဖူချန်း စုပ်ယူနေတဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးဟာ အရောင်  မှေးမှိန်လာပြီး အက်ကွဲသွားခဲ့ပါပြီ။

" အား  ... နောက်ထပ်နည်းနည်းလေးပဲ လိုတော့တာကို "

လီဖူချန်းက မချိတင်ကဲ ရေရွတ်လိုက်ပြီး သိုလှောင်အိတ်ထဲကနေ နောက်ထပ် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်တုံး ထုတ်ယူလိုက်ပါတယ်။

ဒါပေမဲ့လည်း ဒုတိယမြောက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အက်ကွဲထားတဲ့အထိ လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ရဲ့ အတားအဆီးကို ချိုးဖျက်နိုင်ခြင်း မရှိသေးပါဘူူး။

တတိယမြောက်  အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး။

စတုတ္ထမြောက်  အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး။

ဖောင်း  ...

ပဉ္စမမြောက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးရဲ့  ဝိညာဉ်ချီတွေ ကုန်ခါနီးလေးမှာတော့   အပူစီးကြောင်း တစ်ခုဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေပြီး တစ်ရှိန်ထိုး တိုးထွက် လာခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ  သီးသန့်ခန်းရဲ့ အခန်းအပူချိန်ဟာလည်း တစ်စထက်တစ်စ မြှင့်တက် လာခဲ့ပါတယ်။  သည်သီးသန့်ခန်းက တကယ့်ကို  လောကငရဲတစ်ခု အလားပါပဲ။

လီဖူချန်းရဲ့ အဆင့်တက်မှု ဖြစ်စဉ်ဟာ သည်လောက်နဲ့တင် မပြီးသေးပါဘူး။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နေမင်းဇော အဟုန်အတွင်းအား ထိန်းမနိုင်သိမ်းမနိုင် ကြွတက်လာပြီး အပြင်ကို ထွက်လာကာ လီဖူချန်းကို လွှမ်းခြုံ ပစ်လိုက်ပါတယ်။  တစ်ဆက်တည်း ဆိုသလို  လီဖူချန်းရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲမှာရှိတဲ့ နေဝန်းငယ်ဟာလည်း  ရောင်ခြည်စက်ကွင်းတွေကို  ထုတ်လွှတ် လာပြန်ပါပြီ။

" ဟူး  ...   ...  "

နောက်ထပ် အချိန်အနည်း အကြာမှာတော့ လီဖူချန်းဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး မျက်လုံးပွင့်လာ ပါတော့တယ်။

" ငါ့ရဲ့ကျင့်ကြံမှု အဆင့်ကော အတွင်းအားကျင့်စဉ်ပါ တစ်ပြိုင်တည်း အဆင့်တက် သွားမယ်လို့ ငါလုံးဝ မထင်ထားခဲ့မိဘူး။  တော်သေးလို့ အဆင်ပြေပြေ အဆင့်တက် နိုင်ခဲ့တာ "

လီဖူချန်းရဲ့ မျက်နှာကတော့  အတော်လေး နွမ်းလျနေခဲ့ပါပြီ။  ကျင့်ကြံမှု အဆင့်နဲ့  အတွင်းအား ကျင့်စဉ် တစ်ပြိုင်တည်း အဆင့်တက်တဲ့ အချိန်မှာ   အမှားအယွင်း တစ်စုံတရာ မဖြစ်ရလေအောင် သူက ကိုယ်စွမ်းဉာဏ်စ ရှိသလောက် အစွမ်းကုန် ကြိုးစားပြီး  ထိန်းချုပ်ခဲ့ရတာပါ။

ဒါပေမဲ့လည်း သူကြိုးစားခဲ့တာနဲ့ ပြန်ရခဲ့တာက ထိုက်တန်မှု ရှိပါတယ်။

အခုဆိုရင် သူဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့သလို သူ့ရဲ့ နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်ကလည်း နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်သွားခဲ့ပါပြီ။

သည်နေမင်းဇော အဟုန် ရောင်ခြည် စက်ကွင်းတွေကြောင့် သူ့ရဲ့ နေမင်းဇောအဟုန် သိုင်းစက်ကွင်းဟာ  နဂိုကထက်ပိုပြီး အားကောင်းလာတော့မှာ အသေအချာပါပဲ။

***

All Chapters