မပြန်ခင် ကြိုတင်ပြင်ဆင်မှုများ
Vol. 31 Ch. 418
" ကျောင်းအုပ်ကြီးက ငါ့ကို ချွင်းချက်ထားပြီး နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အခန်း၂၅ကို ပေးခဲ့တာ။ သည်ထက်ပိုပြီးတော့ ကျောင်းအုပ်ကြီးလည်း တတ်စွမ်းနိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ ငါ့အနေနဲ့ နောက်ပိုင်း အခန်းတွေကို လိုချင်တယ်ဆိုရင် သိုင်းတက္ကသိုလ်ရဲ့ ထောက်ပံ့ရေး ရမှတ်တွေ များများ ရှိနေဖို့လိုတယ် "
ပြောရမယ်ဆိုရင်တော့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အခန်း၂၄ နောက်ပိုင်းဟာ တစ်ခန်းထက် တစ်ခန်း ကျင့်ကြံရတာ ပိုပိုပြီး ခက်ခဲလာသလို ပိုပိုပြီးလည်း ကြောက်စရာ ကောင်းလာပါတယ်။
ပြောမယ့်သာ ပြောရတာပါ။ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အစောပိုင်း အခန်း၂၄ဟာလည်း ကျင့်ကြံရတာ လွယ်ကူနေတာတော့ မဟုတ်ပါဘူး။
နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ကို အခန်း၂၄အထိ ကျင့်ကြံနိုင်ဖို့ဆိုရင် ကျင့်ကြံသူအနေနဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုအပိုင်းမှာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ရဲ့ အကြို ပြီးပြည့်စုံခြင်း အခြေအနေအထိ ရောက်နေဖို့ လိုအပ်ပါတယ်။ လီဖူချန်းရဲ့ လက်ရှိ ခန္ဓာကိုယ်အပြင်အား အဆင့်က ပြန်လည် ဝင်စားခြင်းနယ်ပယ် ရဲ့လအကြို ပြီးပြည့်စုံခြင်း အဆင့်ထက် နည်းနည်းလေး သာတယ်ဆိုရုံလောက်သာ ရှိတာပါ။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ဆိုရင် အဝေးကြီး လိုအပ်နေဆဲပါပဲ။
(note - သည်အပိုဒ်ကိုတော့ ကျွန်တော် သေချာ နားမလည်ပါဘူး။ လက်ရှိ eng translator ကို မေးကြည့်တော့လည်း သူကိုယ်တိုင်လည်း မရှင်းဘူးလို့ ပြန်ပြောလာပါတယ်။ အဲသည်တော့ သည်အတိုင်းပဲ ဖတ်ထားပေးလိုက်ပါ။ နောက်ပိုင်းအခန်းတွေမှာ ရှင်းပြချက်တွေ ပါကောင်း ပါလာနိုင်ပါတယ်။ )
သူ့ရဲ့လက်ကို ဖြန့်လိုက်တဲ့ အခါမှာတော့ ရွှေအိုရောင် နေမင်းဇောအဟုန် ချီအတွင်းအားဟာ မျက်စိကျိန်းလောက်တဲ့ အရောင်အဝါနဲ့ ထွက်ပေါ်လာခဲ့ပြီ။
လီဖူချန်းက နေမင်းဇောအဟုန် ချီအတွင်းအားရဲ့ အပူရှိန်ကို မျက်စိမှိတ် ခံစားနေရင်းနဲ့ စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
' အခုဆိုရင် ငါ့ရဲ့ ချီအတွင်းအားက သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာရှိတဲ့ အဆင့်၆ ပညာရှင်နဲ့ ယှဉ်လို့ ရနေပြီ။ မီးလျှံစွမ်းအားကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ငါ့ရဲ့ ချီအတွင်းအားက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၇ ဒါမှမဟုတ် အဆင့်၈ကိုတောင် ရောက်ရင် ရောက်သွားဦးမှာ။ ထပ်ပြီးတော့ နေဝန်းစိမ်း ဓားဆန္ဒကိုပါ ထပ်ပေါင်း လိုက်ဦးမယ်ဆိုရင် ငါ့ရဲ့ ချီအတွင်းအားက ခန္ဓာကိုယ် အပြင်အား ထက်တောင် ပိုအားကောင်းသွားမှာ အသေအချာပဲ "
မျက်လုံးအစုံကို ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ နတ်ဘုရားတို့ ဖန်ဆင်ထားသကဲ့သို့ တောက်ပနေတဲ့ အလင်းတန်းနှစ်ခုဟာ သူ့ရဲ့ မျက်လုံးထဲကနေ ထွက်ပေါ် လာခဲ့ပါတယ်။
" ငါ ပြန်ဖို့ အချိန်တန်ပြီ "
အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲပြီးမှ အရှေ့ယူနီကွန်း တိုက်ကို ပြန်ဖို့ စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူဟာ ချီအတွင်းအား ကျင့်ကြံမှုအပိုင်းမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်လာခဲ့ပြီ ဖြစ်သလို သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုကလည်း အတော်လေး ခရီးရောက်နေခဲ့ပါပြီ။ အဲသည် အချက်နှစ်ချက်က သူ့ကို အရှေ့ယူနီကွန်းတိုက်ကို ပြန်ဖို့အတွက် ယုံကြည်မှုရှိစေတာ ဆိုရင်လည်း မမှားပါဘူး။
ပြီးတော့ သူက လီကလန်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အခြေအနေကိုလည်း စိုးရိမ်နေပါသေးတယ်။
သိတဲ့အတိုင်းပါပဲ။ လီဖူချန်းတစ်ယောက် သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို မရောက်သေးခင် ကတည်းကကို အရှေ့ယူနီကွန်းတိုက်ရဲ့ အခြေအနေတွေဟာ အလွန် ရှုပ်ထွေး နေခဲ့ပါပြီ။ အရှေ့ယူနီကွန်း တိုက်မှာ သူမရှိစဉ် တစ်နှစ်ကျော်နှစ်နှစ်အတွင်းမှာ ဘာတွေဖြစ်ကုန်ပြီလည်း ဆိုတာကိုလည်း သူ မမှန်းဆ နိုင်တော့ပါဘူး။ အဲသည်အတွက် လီဖူချန်းအနေနဲ့ အရှေ့ယူနီကွန်းကို အခုချိန်ပြန်တာ အကောင်းဆုံးပါပဲ။
လီဖူချန်းအနေနဲ့ အချိန်တွေ ဆွဲနေဦးမယ်ဆိုရင် နောင်တစ်ချိန်မှာ နောင်တရစရာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အချိန်တွေ လွန်သွားမှ နောင်တရနေလို့ကတော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
" ပြီးခဲ့တဲ့ လေလံပွဲမှာ ဆရာသခင် မအိုသော ကလေးငယ်က အဆင့်၆ မိစ္ဆာသားရဲ ဦးချိုကို အရမ်း လိုချင်နေပုံပဲ။ အဲသည်အတွက် ငါ့ဆီမှာ ရှိနေတဲ့ ဦးချိုကို ဆရာသခင်ဆီမှာ သွားရောင်းရမယ် "
လီဖူချန်းက တည်နေရာ ရွှေ့ပြောင်း သတ္တုဘုတ်ပြားကို အသက်သွင်းဖို့ လိုအပ်နေတဲ့ ဝိညာဉ် ကျောက်တုံးတွေကို အဆင့်၆ မိစ္ဆာသားရဲ ဦးချိုကို ရောင်းချပြီး ရှာဖွေဖို့အတွက် အစောကြီးကတည်းက စဉ်းစား ထားပြီးခဲ့ပါပြီ။ သူက သည်ဦးချိုကို ဆရာသခင် မအိုသော ကလေးငယ်ထံမှာသာ ရောင်းချမှာပါ။ ဆရာသခင် မအိုသော ကလေးငယ်က သတ်မှတ်တန်ဖိုးထက် လျော့ပြီးပေးလည်း လီဖူချန်းအနေနဲ့ ဂရုမစိုက်ပါဘူး။ ဆရာသခင် မအိုသော ကလေးငယ်က သူ့အပေါ်မှာ ဆပ်လို့မကုန်တဲ့ ကျေးဇူးတွေ ရှိပါတယ်။ ဒါက လီဖူချန်းအတွက် တစ်ဖက်တစ်လမ်းက ကျေးဇူးသိတတ်ခြင်းပါပဲ။
ပြောမယ့်သာ ပြောရတာပါ။ ဆရာသခင် မအိုသော ကလေးငယ်လို အဆင့်အတန်းက လူတစ်ယောက်က လီဖူချန်းလို လူငယ် မျိုးဆက်သစ်လေး တစ်ယောက်အပေါ်မှာ သည်လိုအလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အကြံအစည်တွေကို အကောင်အထည် ဖော်ဖို့အတွက် ရှီဟွေးရှီမြို့ကနေ ထွက်ခွာပြီး နန်လင်းမြို့ကို အလျင်အမြန် ပြန်လာခဲ့ပါတော့တယ်။
- နန်လင်းမြို့ ၊ ထာဝရနုပျိုခြင်း ဥယျာဉ် -
" အင်း ... ဒါက မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ ဦးချို အစစ်အမှန်ပဲ။ ပြီးတော့ အဆင့်၆ အလည်အလတ် အဆင့် မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ ဦးချိုလည်း ဖြစ်တယ်။ ဒါပေမဲ့ နှစ်ပရိစ္ဆေဒ အရမ်းကြာသွားပြီ ဖြစ်တဲ့အတွက် သည်ဦးချိုရဲ့ အစွမ်းတွေက ကုန်သလောက်ဖြစ်နေပြီ။ ဒါက မိုးကြိုးမုန်တိုင်းကြံ့ဦးချိုကိုတော့ လုံးဝ မယှဉ်နိုင်တော့ဘူး။ လီဖူချန်း ... ငါသည်ဦးချိုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ပးမယ်။ မင်းဘယ်လို သဘောရလဲ "
ဆရာသခင် မအိုသော ကလေးငယ်က အဆင့်၆ အလယ်အလတ် အဆင့် မိစ္ဆာသားရဲဦးချိုကို မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ အတွက် ဝမ်းသာ စိတ်လှုပ်နေရှား နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူဟာ နှမြောသလိုလည်း ခံစားနေရပါသေးတယ်။
သည်ဦးချိုက အဆင့်၆ အလယ်အလတ် အဆင့် မိစ္ဆာဦးချိုတစ်ခုပါ။ သည်ဦးချိုသာ နဂိုမူလတုန်းကလို စွမ်းအားအပြည့် ရှိနေသေးလို့ကတော့ မိုးကြိုးမုန်တိုင်း ကြံ့ဦးချိုနဲ့ အရည်အသွေးချင်း သိပ်ကွာလှမှာ မဟုတ်ပါဘူး။ အဲသည်အတွက်သူက နှမြောနေရတာပါ။
" ဆရာသခင် ပေးတဲ့ ဈေးနှုန်းက သင့်တော်ပါတယ်။ ဖူချန်းအနေနဲ့ သဘောမတူစရာ မရှိပါဘူး "
လီဖူချန်းက သည်ဦးချိုကို အများဆုံးရမှ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၂၀၀,၀၀၀လို့ ခန့်မှန်းထားခဲ့တာပါ။ အဲသည်အတွက် သူ့အနေနဲ့ ဆရာသခင် မအိုသောပေးတဲ့ဈေးကို သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဆရာသခင် မအိုသော ကလေးငယ်ပေးတဲ့ ဈေးနှုန်းက သူမှန်းထားတဲ့ ဈေးနှုန်းထက်ကို အများကြီး ပိုနေသေးတာ မဟုတ်ပါလား။
ဆရာသခင် မအိုသောကလေးငယ်က လီဖူချန်းကို စေ့စ့စပ်စပ် ကြည့်လိုက်ပြီး
" ကောင်လေး ...။ မင်းကိုကြည့်ရတာ သိပ်ပြီး အခြေအနေမဟန်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲရဲ့ အတွင်းပိုင်းထဲမှာ မသန့်စင်မှုတွေက အနည်တောင် ထိုင်နေပြီ။ ကြည့်ရတာ မင်းက ခန္ဓာကိုယ် အပြင်အား တိုးတက်လာဖို့ အတွက် ဆေးရည်တွေ အများကြီး အသုံးပြုထားတဲ့ပုံပဲ "
"ငါ့ဆီမှာ မသန့်စင်မှုတွေကို သန့်စင်ပေးနိုင်တဲ့ သုံးမျိုးစပ် သွေးသန့်စင်ခြင်းဆိုတဲ့ ဆေးရည်တစ်မျိုး ရှိတယ်။ အဲဒါက မင်းရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်ခြင်းတွေကို သန့်စင်ပေးလိမ့်မယ်။ ရော့ ... ယူထားလိုက် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဆရာသခင် မအိုသော ကလေးငယ်က ပယင်းရောင် အရည်တွေ ပါဝင်နေတဲ့ ကျောက်စိမ်းပုလင်းတစ်လုံးကို လီဖူချန်းထံ ပစ်ပေးလိုက်ပါတယ်။
" ကျေးဇူးတင်ပါတယ် ဆရာသခင် "
လီဖူချန်းက ဆရာသခင်မ အိုသော ကလေးငယ်ရဲ့ စေတနာကို ငြင်းပယ် မနေတော့ပါဘူး။ သူက ကျောက်စိမ်းပုလင်းငယ်ကို ဂရုတစိုက် ဖမ်းယူလိုက်ပါတယ်။
သည်သုံးမျိုးစပ်သွေးသန့်စင်ခြင်း ဆေးရည်ဆိုတာက ဆရာသခင် မအိုသော ကလေးငယ်ရဲ့ နာမည်ကျော် ဆေးတစ်မျိုးပါ။ သည်ဆေးရည်က မြေကမ္ဘာအဆင့်မြင့်ဆေး အမျိုးအစားဖြစ်ပြီး ဈေးကွက်ထဲမှာ လုံးဝမရှိပါဘူး။ လေလံပွဲတွေမှာတောင်မှ တစ်ခါတရံမှသာ တွေ့ရတတ်တာပါ။ သည်အချက်နဲ့တင် ဆရာသခင် မအိုသောကလေးငယ်ရဲ့ စေတနာကို သိမြင်နေနိုင်ပါပြီ။
သည်သုံးမျိုးစပ် သွေးသန့်စင်ခြင်း ဆေးရည်က လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားကို နောက်ထပ် တစ်ဆင့် တိုးမြှင့်ပေးနိုင်သလို မသန့်စင်မှုတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ပြီးတော့ ဒါက မြေကမ္ဘာအဆင့်မြင့် ဆေးလည်း ဖြစ်နေပါသေးတယ်။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သည်ဆေးရည်ရဲ့ အစွမ်းက မာန်ဟုန် နှလုံးမီးတောက်ဆေးနဲ့ အတူတူပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ ဆရာသခင် မအိုသော ကလေးငယ်ကို နှုတ်ဆက်ကာ ထာဝရနုပျိုခြင်း ဥယျာဉ်ထဲကနေ ထွက်ခွာလာခဲ့ပါတော့တယ်။
နန်လင်းမြို့ထဲကို အရောက်မှာ လီဖူချန်းပထမဦးဆုံး လုပ်တာကတော့ တည်နေရာရွှေ့ပြောင်း သတ္တုဘုတ်ပြားကို အသက်သွင်းဖို့အတွက် နေရာတစ်ခု ရှာတာပါပဲ။
သူက တည်းခိုခန်းတစ်ခုကနေ သီးသန့် ခြံဝင်းငယ်လေး တစ်ခု ငှားလိုက်ပြီး တည်နေရာရွှေ့ပြောင်း သတ္တုဘုတ်ပြားကို အသက်သွင်းဖို့ ပြင်ဆင်ပါတော့တယ်။
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ...
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ... ...
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ ... ... ... ...
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀၀ ... ... ... ... ... ...
အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၂၁၀၀၀၀ အတိ ကုန်ဆုံးပြီးသွားတဲ့ နောက်မှာတော့ တည်နေရာ ရွှေ့ပြောင်း သတ္တုဘုတ်ပြားဟာ အရောင်တဖိတ်ဖိတ် တောက်ပလာခဲ့ပါပြီ။ ဒါက တည်နေရာ ရွှေ့ပြောင်းဖို့ အသင့်ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
လီဖူချန်းက အခြေအနေကို တိတိကျကျ သိရဖို့အတွက် သူ့ရဲ့ အသိစိတ်အာရုံကို တည်နေရာ ရွှေ့ပြောင်း သတ္တုဘုတ်ပြားထဲသို့ ပို့ဆောင်လိုက်ပါတယ်။
" ဟင် ... ချီစွမ်းအင် ကန်ထဲမှာက ချီစွမ်းအင် ၇၀ရာခိုင်နှုန်းပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး တည်နေရာ ရွှေ့ပြောင်း သတ္တုဘုတ်ပြားက အသက်ဝင်လာတာလဲ "
ရှင်းရှင်း ပြောရမယ်ဆိုရင်တော့ နဂိုမူလတုန်းက ချီစွမ်းအင်ကန်ထဲမှာ ချီစွမ်းအင် ၃၀ရာခိုင်နှုန်း ကျန်ရှိ နေခဲ့ပါသေးတယ်။ အဲသည် အတွက် လီဖူချန်းဟာ ချီစွမ်းအင်ကန်ထဲကို ချီစွမ်းအင် ၄၀ရာခိုင်နှုန်းထက်ပိုပြီး မဖြည့်ခဲ့ရပါဘူး။
ကြည့်ရတာတော့ သူက တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားကို ၁၀၀ရာခိုင်နှုန်း ချီစွမ်းအင် ပြည့်ဝမှ အသုံးပြုနိုင်မယ်လို့ အထင်မှား တွက်ချက်ခဲ့မိပုံပါပဲ။
" အင်း ငါ့ဆီမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ ကျော် ကျန်နေသေးတာပဲ။ အဲဒါတွေကို ကောင်းကောင်း အသုံးချပစ်ရမယ် "
ထို့နောက်မှာတော့ လီဖူချန်းဟာ ထာဝရနုပျိုခြင်း ဆေးဆိုင်ကို ဦးတည်သွားခဲ့ပါပြီ။
သည်တစ်ကြိမ်မှာတော့ သူဟာ ဗာဂျရာဆေးရည် ပုလင်း၃၀နဲ့ ရွှေအဆင်း ခန္ဓာကိုယ်ဆေးရည် ပုလင်း၃၀ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၆၆,၀၀၀ ပေးပြီး ဝယ်လိုက်ပါတယ်။
နောက်ထပ် ရက်များစွာက ကြာပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားက နောက်ထပ် တစ်ဆင့်ကို ရောက်သွား ခဲ့ပြန်ပါပြီ။ အခုဆိုရင် သူဟာ ဘာပညာရပ်မှ မသုံးဘဲ ခန္ဓာကိုယ် အပြင်အား သက်သက်နဲ့တင် သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၇က ပညာရှင်တွေကို ရင်ဆိုင်နိုင်လောက် ပါတယ်။ ကျားဝိညာဉ်လက်သီးနဲ့ ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား လက်အိတ်တွေကိုပါ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အားဟာ ချီအတွင်းအားနဲ့ သိပ်ကွာတော့မှာ မဟုတ်ပါဘူး။
" ငါ့ရဲ့ ဆင်နဂါး စွမ်းအင်အမျှင် အရေအတွက်က အခုဆိုရင် ၂၅၀၀၀ အထိ ရောက်လာခဲ့ပြီ။ တကယ်လို့ ငါ့အနေနဲ့ ဆင်နဂါး စွမ်းအင် အရေအတွက်ကို သည်ထက်ပို တိုးပွားချင်တယ်ဆိုရင် အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းလောက် သုံးမှ ရတော့မှာ "
လီဖူချန်းက ခပ်တိုးတိုးလေး ညည်းတွား လိုက်မိပါတယ်။
ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ ရင်းမြစ်ပစ္စည်းတွေကို တောင်းဆိုမှုက ပိုများ လာလေလေပါပဲ။ အဲဒါက ဘယ်တော့မှ မမှားနိုင်တဲ့ လောကနိယာမ တရားတစ်ခု ဖြစ်ပါတယ်။ ပညာရှင်အများစုက ချီအတွင်းအား ကျင့်ကြံမှုကို အဓိကထား ကျင့်ကြံကြတာလည်း သိပ်ပြီး အံ့သြစရာ မရှိတော့ပါဘူး။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းဆိုတာက ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင် တစ်ယောက်ကိုတောင် တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တစ်ယောက် ဖြစ်သွားစေတဲ့ အထိ အထောက်အကူ ပြုနိုင်ပါတယ်။
ခန္ဓာကိုယ်အပြင်အား နောက်ထပ်တစ်ဆင့်ကို ရောက်အပြီးမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မသန့်စင်မှုတွေဟာ ပိုပိုပြီးတော့ များလာခဲ့ပါပြီ။ လီဖူချန်းက ဆေးရည် ပုလင်း၇၀နီးပါး သောက်ပြီးမှ သည်အဆင့်ကို ရောက်လာခဲ့တာပါ။ ဆေးရည်ပုလင်း၇၀နီးပါးမှာ ပါဝင်နေတဲ့ မသန့်စင်မှုတွေက မနည်းလှပါဘူး။ ဒါက လီဖူချန်းရဲ့ အနာဂတ် ကျင့်ကြံမှုကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ လီဖူချန်းအနေနဲ့ သူ့ရဲ့ ဆင်နဂါး စွမ်းအားတွေကို အားကိုးပြီး မသန့်စင်မှုတွေကို သန့်စင်မယ် ဆိုရင်တော့ ၂နှစ်လောက် ကြာရင်တောင် ပြီးဦးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းဆီမှာ ဆရာသခင် မအိုသောကလေးငယ် ပေးထားတဲ့ သုံးမျိုးစပ် သွေးသန့်စင်ခြင်း ဆေးရည် ရှိနေပါတယ်။ သည်ဆေးရည်နဲ့ ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေဟာ ပြဿနာ မဟုတ်တော့ပါဘူး။
" ကဲ ... မသန့်စင်မှုတွေကို သန့်စင်ရမယ့် အချိန်ပဲ "
" ဂလု "
လီဖူချန်းက သုံးမျိုးစပ် သွေးသန့်စင်ခြင်း ဆေးရည်ကို တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်ပါပြီ။
သုံးမျိုးစပ် သွေးသန့်စင်ခြင်း ဆေးရည် ...
ဆရာသခင် မအိုသောကလေးငယ်က သည်ဆေးရည်ကို ဆေးအာနိသင် သုံးကြိမ် ပြနိုင်အောင် ဖော်စပ်ထားခဲ့တာပါ။
ပထမတစ်ကြိမ် ဆေးအာနိသင် ပြတဲ့ခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ မသန့်စင်မှု ၃၀ရာခိုင်နှုန်းဟာ ပျောက်ကွယ် သွားခဲ့ပါပြီ။
ဒုတိယအကြိမ် ဆေးအာနိသင်ပြတဲ့ အခါမှာတော့ မသန့်စင်မှု ၄၀ရာခိုင်နှုန်း ထပ်မံ ပျောက်ကွယ် သွားပြန်ပါတယ်။
တတိယအကြိမ် ဆေးအာနိသင် ပြတဲ့အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ မသန့်စင်မှုတွေ လုံးဝ မရှိတော့ပါဘူး။
" အိုး ... သုံးမျိုးစပ် သွေးသန့်စင်ခြင်း ဆေးရည်က တကယ် အစွမ်းထက်တာပဲ "
လီဖူချန်းက သူ့ရဲခန္ဓာကိုယ်ဟာ အရင်ကထက် ပိုမို ပေါ့ပါးလာပြီး လှုပ်ရှား သွားလာရတာလည်း ပိုပြီး သက်တောင့်သက်သာ ရှိတယ်လို့ ခံစားနေရပါတယ်။ သူ့ရဲ့ သွေးလည်ပတ်မှုကလည်း အရင်ကထက် ပိုပြီး အားကောင်း လာခဲ့ပါပြီ။
" အင်း ...။ ငါ့ဆီမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၄၀၀၀၀ လောက် ကျန်နေသေးတာပဲ။ အရှေ့ယူနီကွန်း တိုက်ကို မပြန်ခင်မှာ အသုံးဝင်တဲ့ ပစ္စည်းအချို့ ဝယ်သွားဦးမှ "
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ရှင်းတိကောဝမ်ကို အနိုင်ယူဖို့အတွက် ယုံကြည်မှု အပြည့်မရှိပါဘူး။ ဒါပေမဲ့လည်း သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက်တော့ လုံးဝ ယုံကြည်မှု ရှိပါတယ်။
လီဖူချန်းက ချီအတွင်းအား ကျင့်ကြံမှုကော ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုကိုပါ ကျင့်ကြံထားသူပါ။ သူ့ရဲ့ စွမ်းရည်ဟာ တိုက်ခိုက်ခြင်းကော ခုခံခြင်းဘက်မှာပါ အစွမ်းထက်ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ အားနည်းချက် မရှိသလောက်ပါပဲ။
အဲသည်အတွက် ရှင်းတိကောဝမ် လီဖူချန်းကို အနိုင်ယူချင်ရင်တော့ သိပ်လွယ်မှာ မဟုတ်ပါဘူး။
လီဖူချန်းရဲ့ လက်ရှိအနေအထားကလည်း အရှေ့ယူနီကွန်း တိုက်မှာ ရှင်းတိကောဝမ်က လွဲပြီး အခြားသူတွေကို ကြောက်စရာ မလိုတဲ့ အနေအထားပါပဲ။ ဒါကြောင့်သူဟာ အရှေ့ယူနီကွန်းတိုက်ကို ရဲရဲကြီး ပြန်ရဲခြင်း ဖြစ်ပါတယ်။
***