အိမ်ပြန်ရောက်လာခြင်း
Vol. 71 Ch. 982
ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု ချန်ရစ်ခဲ့ပြီးနောက် နောက်သို့လှည့်ကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးအား လှမ်းကြည့်လိုက်၏။ သူသည် အတွေးများထဲတွင် နစ်မျောနေသည်။ သူ၏ နှုတ်ဆိတ်နေမှုကြောင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးမှာ ဖိနှိပ်ချုပ်တည်းခံထားရသကဲ့သို့ ခံစားနေရ၏။ သူ၏နောက်တွင် ရှိနေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာဆိုလျှင် ပို၍ ဆိုးပေသည်။
သူသည် သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး လတ်တလောအတွင်းတွင် အသက်အန္တရာယ်နှင့် ထပ်၍ ကြုံရလိမ့်မည်မဟုတ်ဟု သိထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့တစ်ယောက် နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ နှလုံးသားထဲ၌ ကြောက်စိတ်များ ကြီးထွားလာရဆဲပင်။
တစ်ဖက်တွင် သူသည် ဝမ်ပေါင်လဲ့၏ ကျောထောက်နောက်ခံအား ကြောက်ရွံ့နေသလို အခြားတစ်ဖက်တွင်လည်း သူသည် ဝမ်ပေါင်လဲ့၏ ပြောင်းလဲမှုများကြောင့် ကြောက်ရွံ့နေရ၏။
ယခုတွင် စကြဝဠာကြီး တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများအားလုံးမှာ ချေမှုန်းခံလိုက်ရပြီ မဟုတ်ပါလော။
နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ဒေသခံကျင့်ကြံသူ အများစုမှာမူ ဂြိုဟ်အသီးသီးပေါ်တွင် လူစုကွဲနေကြ၏။ သူတို့မှာ စကြဝဠာကြီးထဲမှ တိုက်ပွဲကြီးအား အာရုံခံမိခဲ့ကြသဖြင့် တုန်လှုပ် ချောက်ချားနေကြရပြီ ဖြစ်သည်။
နတ်သမီးလင်ယိုနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးသော အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ စိုးရိမ်စိတ်များ ကြီးထွားနေကြပြီး အနာဂတ်အတွက် မသေချာမရေရာ ဖြစ်နေကြ၏။ နတ်မျက်လုံးလူမှုအဖွဲ့အစည်း ပျက်သုဉ်းသွားတော့မည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သူတို့က သိထားကြပြီးဖြစ်သည်။
ယခင်တုန်းက အင်အားကြီးစိုးခဲ့သည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ယခုတွင် လုံးဝ ပျက်စီးသွားပြီမဟုတ်ပါလော။ ဂြိုဟ်အဆင့်ကျင့်ကြံသူ သုံးယောက်ထဲမှ တစ်ယောက်သာ ကျန်ရှိတော့သည်ဖြစ်သလို အသက်ရှင်ကျန်ရစ်ခဲ့သည့် တော်ဝင်မိသားစုမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ဒေသခံကျင့်ကြံသူများ အားလုံးမှာ နာကြည်းကာ အနာဂတ်ပျောက်သလို ခံစားနေကြရပြီဖြစ်သည်။
သူတို့မှာ ဝမ်ပေါင်လဲ့အား အပြစ်တင်၍မရပေ။ အကယ်၍ ဝမ်ပေါင်လဲ့သာ မရှိပါက နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ လက်ရှိ အခြေအနေမှာ ပို၍ပင် အဖြစ်ဆိုးနေလောက်ပေသည်။
ထိုသို့ဖြင့် စကြဝဠာကြီးတစ်ခုလုံးမှာ ပို၍ပင် တိတ်ဆိတ်ငြိမ်သက်လာ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏နောက်တွင် ရှိနေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား တည်ကြည်စွာ စကားလှမ်းပြောလိုက်သည်။
" စစ်မြေပြင်ကြီးကို ရှင်းလင်းရေးလုပ်ပြီးတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဒေသခံတွေ အကုန်လုံးကို စိတ်အေးအေးထားဖို့ ပြောပေးထား။ ပြီးရင် ကြေညာချက်တစ်ခု ထုတ်ပြန်ထားလိုက်... နတ်မျက်လုံးလူမှုအဖွဲ့အစည်းက ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ခေတ်သစ်တစ်ခု စရမှာလို့။ နောက်တစ်လနေရင် ငါ နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးကို တည်နေရာပြောင်းရွှေ့ပြီးတော့ ပြည်ထောင်စုကြီးနဲ့အတူ ပူးပေါင်းပေးမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခံစားချက်များ ရှုပ်ထွေးနေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် လှစ်ခနဲ လှုပ်ရှားကာ ကျောက်ယမုန့်၊ မြည်းလေးနှင့် ယုန်လေးတို့အား ချုပ်နှောင်ထားသည့် ပူစည်ဖောင်းကြီးအား ဖောက်ခွဲဖျက်ဆီးပစ်လိုက်သည်။ သူသည် သူတို့အား သူနှင့်အတူ ခေါ်ဆောင်သွားလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ် အတွင်းပိုင်းထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။
လူမှုအဖွဲ့အစည်းတစ်ခုအား နေအဖွဲ့အစည်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ၎င်းအား နေမင်းကြီးထဲသို့ ထည့်သွင်းပေါင်းစည်းခြင်းမှာ ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဝိညာဉ်ချီများကို ပို၍ အားကောင်းလာအောင် မြှင့်တင်ပေးနိုင်မည်် ဖြစ်သည်။ ထို လုပ်ရပ်မှာ ပြည်ထောင်စုကြီး၏ အဆင့်အတန်းကိုလည်း အများကြီး မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ၎င်းမှာ လူမှုအဖွဲ့အစည်းတစ်ခုအား အဆင့်မြှင့်တင်ပေးသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းအား အသုံးပြုရန် ယခင်ကတည်းက ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်သည်။
ထိုလုပ်ရပ်မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား ပျက်စီးသွားစေမည် မဟုတ်ပါသော်လည်း ထိုအချိန်မှစ၍ ထို လူမှုအဖွဲ့အစည်းနှစ်ခု၏ ကြားမှ ဆက်ဆံရေးမှာ သခင်နှင့် လက်အောက်ငယ်သား ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ နေအဖွဲ့အစည်းထဲရှိ နေမင်းကြီးနှင့် ပေါင်းစည်းပြီးသွားပါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ သက်ရှိများအားလုံးမှာ တစ်ဘဝလုံး နေအဖွဲ့အစည်းနှင့် ဆက်နွယ်သွားမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ နေအဖွဲ့အစည်းအား သစ္စာဖောက်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ ပေးဆပ်ရခြင်းမှာ ရက်စက်ရာကျပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ကျွန်ပြုခံရခြင်းထက် ပို၍ ကောင်းပေသည်။ အနည်းဆုံး ဝမ်ပေါင်လဲ့မှာ သူတို့ဘက်မှ ရပ်တည်ပေးမည် မဟုတ်ပါလော။ ထို့အပြင် သူတို့မှာ နေအဖွဲ့အစည်းနှင့် ပူးပေါင်းသည့် ပထမဆုံး လူမှုအဖွဲ့အစည်း ဖြစ်နေမည်ဖြစ်ရာ အတိုင်းအတာတစ်ခုအထိ ရာထူးအဆင့်အတန်း မြင့်မားနေဦးမည်လည်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အခွင့်အရေးရပါက အခြားလူမှုအဖွဲ့အစည်းများကိုပါ ပြည်ထောင်စုကြီးနှင့် ပူးပေါင်းခွင့်ပေးမည်ဖြစ်ရာ ပြည်ထောင်စုကြီး၏ လူမှုအဖွဲ့အစည်းအဆင့်အတန်းမှာလည်း တဖြည်းဖြည်းနှင့် မြင့်မားလာမည် ဖြစ်သည်။
ထို့အပြင် ထိုလုပ်ရပ်မှာ ပြည်ထောင်စုကြီးအတွက်သာမက ပြည်ထောင်စုကြီးထဲ၌ မွေးဖွားလာသည့် လူတိုင်းအတွက် အကျိုးရှိနေမည် ဖြစ်သည်။ အခြေခံအကျဆုံး အကျိုးကျေးဇူးမှာ... ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာခြင်း ဖြစ်ပေသည်။ ထို ပေါင်းစည်းမှု လုပ်ငန်းစဉ် အောင်မြင်သွားသည်နှင့် ဝမ်ပေါင်လဲ့ အပါအဝင် ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများအားလုံးမှာ အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခု၏ အကျိုးကျေးဇူးများကို ချက်ချင်းခံစားလိုက်ရမည်သာ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း အနည်းနှင့်အများ တိုးတက်လာမည် ဖြစ်သည်။
ယခုတွင် ထိုသို့ ပေါင်းစည်းရန် အချိန်ကောင်းအခါကောင်းသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်တွင် ရှိနေသည့်တိုင်အောင် ထို ပေါင်းစည်းမှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေဆဲပင်။ ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး ပြင်ပလောကထဲ၌ လိုအပ်သည်များကို စီစဉ်နေစဉ် ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး ထာဝရကြယ်ကြီးထဲ၌ ပေါ်ပေါက်လာပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ ထာဝရကြယ်ကြီးနှင့် ပေါင်းစည်းသွားစေလိုက်ပြီးနောက် စွမ်းအင်များ စတင်စုစည်းနေလိုက်တော့သည်။
သူ၏ ခန့်မှန်းချက်များအရဆိုလျှင် ထိုစွမ်းအင်စုစည်းမှု လုပ်ငန်းစဉ်အတွက် တစ်လတိတိ အချိန်ပေးရမည် ဖြစ်သည်။ ထို့နောက် ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် စတင်သွားမည်ဖြစ်ပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးမှာ နေအဖွဲ့အစည်းထဲသို့ တည်နေရာပြောင်းရွှေ့သွားမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် စွမ်းအင်စုစည်းနေစဉ် သူ၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူ၏ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ် ပေါင်းစည်းနေပါက စွမ်းအင်များ စုပ်ယူရသည်မှာ ပိုမြန်ပါသော်လည်း အဓိက စွမ်းအင်ရင်းမြစ်မှာ နတ်မျက်လုံး ထာဝရကြယ်ကြီး ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ စွမ်းအင်စုပ်ယူမှုနှုန်းမှာ မြန်ဆန်နေလျှင်တောင် သိသိသာသာ ပြောင်းလဲသွားမည်မဟုတ်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် ပြည်ထောင်စုကြီး၏ အဝေးသို့ ရောက်နေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီမဟုတ်ပါလော။ သို့ဖြစ်ရာ ပေါင်းစည်းမှု လုပ်ငန်းစဉ် စတင်မည့် အချိန်တွင် မတော်တဆမှုများနှင့် မကြုံရစေရန် သူသည် နေအဖွဲ့အစည်းဆီသို့ အရင်ဆုံး ပြန်ကာ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားအား အရင်ဆုံးပြန်ပို့ရန် ဆုံးဖြတ်လိုက်၏။ သူသည် နေအဖွဲ့အစည်းဆီသို့ မပြန်ခင် သတိပြန်ရလာပြီဖြစ်သည့် ကျောက်ယမုန့်နှင့် အရင်ဆုံးဆွေးနွေးလိုက်သည်။ ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ ကိုယ့်ပွားနဲ့အတူ ပြည်ထောင်စုကြီးဆီသို့ လိုက်သွားမည်မဟုတ်ဘဲ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ နေရစ်ခဲ့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား ပြည်ထောင်စုကြီး၏ လက်အောက်ခံအဖြစ် အပြည့်အဝ သိမ်းပိုက်လိုပါက ထာဝရကြယ်များကို အတူတကွပေါင်းစည်းရန် လိုအပ်ရုံသာမက ဒေသခံများအားလုံးကိုပါ သိမ်းသွင်းရန် လိုအပ်ကြောင်း ဝမ်ပေါင်လဲ့အား အကြံပေးခဲ့သောကြောင့်ပင်။
" ပေါင်လဲ့။ နင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှာ နန်းတက်ပြီးတော့ ဒီ လူမှုအဖွဲ့အစည်းရဲ့ ဧကရာဇ်အသစ်တစ်ပါး ဖြစ်လာဖို့လိုတယ် "
" အဲတာမှ နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးက နင့်ကို အသိအမှတ်ပြုမှာ။ အဲတာမှလည်း သူတို့တွေ နေအဖွဲ့အစည်းနဲ့ ပေါင်းစည်းပြီးတဲ့ အချိန်ကျရင် ပိုပြီးတော့သစ္စာရှိလာမှာ "
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ အကြံပြုချက်အား နားထောင်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ သူသည် ထိုကိစ္စအား တာဝန်ယူစရာမလိုပေ။ ကျောက်ယမုန့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ နေရစ်ခဲ့သည့် အကြောင်းရင်းမှာ ထိုကိစ္စကြောင့် ဖြစ်ပေသည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ အကူအညီများနှင့် ကျောက်ယမုန့်၏ လိမ်မာပါးနပ်မှုများကြောင့် ထိုတာဝန်မှာ အထူးတလည် ခဲယဥ်းနေမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ လိုအပ်သည့်အချိန်တွင် သူ၏ နန်းတက်ပွဲ အခမ်းအနားအား ထုတ်လွှင့်ကြေညာလိုက်ရုံပင်။
ထို အခြင်းအရာများ အားလုံးကို တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့နောက် ကျောက်ယမုန့်မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ထာဝရကြယ်မျက်လုံး၏ အကူအညီဖြင့် နေအဖွဲ့အစည်းဆီသို့ ပြန်မည်ဖြစ်သည်။
မြည်းလေးနှင့် ဝူလေးတို့မှာလည်း နေအဖွဲ့အစည်းဆီသို့ ချက်ချင်း ပြန်သွားခြင်းမရှိဘဲ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ နေရစ်ခဲ့ပြီး ကျောက်ယမုန့်အား ကူညီပေးမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လိုအပ်သည့်ဆွေးနွေးမှုများ ပြုလုပ်လိုက်ပြီးနောက် အခြား မည်သည့်အန္တရာယ်မှမရှိကြောင်း သေချာသွား၏။ သူ၏ ခန္ဓာကိုယ်အစစ်မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ထဲတွင် ရှိနေမည်မဟုတ်ပါလော။ သို့ဖြစ်ရာ ပြောင်းလဲမှုများ ပေါ်ပေါက်လာလျှင်တောင် သူသည် အချိန်မရွေးနိုးထလာ၍ ရပေသည်။ ထို့အပြင် သူသည် ထာဝရကြယ်မျက်လုံးကို အသုံးပြုကာ သူ၏ကိုယ်ပွားအား ချက်ချင်းပြန်ခေါ်နိုင်စွမ်းလည်း ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ကျောက်ယမုန့်နှင့်အတူ အသေးစိတ်အချက်အလက်များအား ဆွေးနွေးလိုက်၏။ နောက်ဆုံးတွင် ထာဝရကြယ်မျက်လုံးကြီး ဝင်းလက်စွာတောက်ပလာပြီး အလင်းရောင်ပင်လယ်ကြီးတစ်စင်းမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ စကြဝဠာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ထွက်ခွာသွား၏။
ထာဝရကြယ်ကြီး၏ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်နှင့် နေအဖွဲ့အစည်း၏ အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင်လည်း တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ အလင်းရောင်စက်ဝန်းများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာလည်း မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခုအဖြစ် စတင်ပေါ်ပေါက်လာပြီး ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာ၏။ ထို ဖြစ်စဉ်ကြီး တစ်ခုလုံးမှာ တစ်နာရီတိတိ ကြာမြင့်သွား၏။ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်စက်ဝန်းများ မှေးမှိန်ပျောက်ကွယ်စ ပြုလာသောအခါမှသာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အမှန်တကယ် ပေါ်ပေါက်လာတော့သည်။
ထို တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ယခုလို ကြာမြင့်နေရခြင်းမှာ နေရာတစ်ခုနှင့်တစ်ခု အလွန်အင်မတန်မှ ဝေးကွာနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ အရင်ဆုံး ပြန်လာပြီး ပြင်ဆင်မှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ လူမှုအဖွဲ့အစည်းတစ်ခုလုံးအား ပြောင်းရွှေ့ရသည်မှာ ပို၍ ကြာနေမည် မဟုတ်ပါလော။ ထို့အပြင် ထိုသို့ ပြောင်းရွှေ့နေစဉ် မတော်တဆမှုများ ပေါ်ပေါက်လာပါက မလိုလားအပ်သည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပေသည်။
သူ၏ ကိုယ်ပွားမှာ ထိုကဲ့သို့ မတော်တဆမှုများနှင့် ကြုံတွေရလျှင်တောင် မြူခိုးများအဖြစ် ပြောင်းလဲလိုက်ရုံပင်။ ထိုသို့သာ ဆိုပါက သူ၏ ခန္ဓာကိုယ်အစစ်မှာ ဘေးထွက်ဆိုးကျိုးအချို့ ခံစားရမည် ဖြစ်ပါသော်လည်း ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သို့သော် လူမှုအဖွဲ့အစည်းတစ်ခုလုံးအား ပြောင်းရွှေ့နေစဉ် မတော်တဆမှုများ ပေါ်ပေါက်လာမည်ဆိုပါက အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးသွားရနိုင်ပေသည်။
ထို တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာ၏။ သူသည် သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ ရင်းရင်းနှီးနှီး မြင်ဖူးနေသည့် စကြဝဠာကြီးကြောင့် တည်ငြိမ်နေသည့် သူ၏ နှလုံးသားမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။
" နောက်ဆုံးတော့ ငါ ပြန်ရောက်လာခဲ့ပြီ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ အဝေးသို့ရောက်နေခဲ့သည်ဖြစ်ရာ သူ၏ ဇာတိမြေနှင့် မိဘများအား အလွန်အင်မတန် လွမ်းဆွတ်သတိရနေ၏။ သူသည် နေအဖွဲ့အစည်း၏ အပြင်ဘက်၌ အချိန်အတော်အတန်ကြာအောင် ရပ်နေလိုက်ပြီးမှ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ နေအဖွဲ့အစည်းဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။
အစတွင် သူသည် ဖြည်းဖြည်းချင်းသာ ပျံသန်းနေခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် ပို၍ မြန်ဆန်လာ၏။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်မှာ စကြဝဠာကြီးအား ထိုးခွင်းသွားတော့မည့် သက်တံ့ရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် သူသည် နေအဖွဲ့အစည်း အပြင်ဘက်၌ ပြည်ထောင်စုကြီး တပ်ဆင်ထားသည့် မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံကြီးအား ကျော်ဖြတ်လာပြီး နေအဖွဲ့အစည်းထဲသို့ ရောက်ရှိလာ၏။
" ကမ္ဘာဂြိုဟ်၊ ဗုဒ္ဓဟူဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်၊ ကြာသာပတေးဂြိုဟ်... "
ဝမ်ပေါင်လဲ့မှာ နေအဖွဲ့အစည်းထဲသို့ ရောက်ရှိလာသည်နှင့် မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ သူသည် သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်လိုက်သဖြင့် သူ ရင်းရင်းနှီးနှီး မြင်ဖူးထားပြီးသား ဖြစ်သည့် ဂြိုဟ်များအား မြင်လိုက်ရသည်။ ထို့အပြင် သူသည် နေအဖွဲ့အစည်း၏ အလယ်ရှိ နေမင်းကြီးနှင့် ထိုနေမင်းကြီးထဲသို့ စိုက်ဝင်နေသည့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးကိုလည်း မြင်လိုက်ရသေးသည်။
သို့သော် တစ်အောင်ခန့်အကြာတွင် သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွား၏...
အဘယ်ကြောင့်ဆိုသော် နေမင်းကြီး၏ အလင်းရောင်မှာ ထူးဆန်းနေသောကြောင့်ပင်။
" တစ်ခုခုတော့ လွဲနေပြီ " ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရ၏။