ပြစ်ဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား
Vol. 103 Ch. 1426
ကျန်းရီသည် တိရှရဲတိုက်ထဲသို့ တည်နေရာပြောင်းရွှေ့ခံခဲ့ရ၏။ မိုလင်းချိုးက ထိုနေရာတွင် သူ့ကို စောင့်နေပေသည်။
ကျန်းရီ ပေါ်လာသောအခါ မိုလင်းချိုး ပြုံးလိုက်သည်။
“ကျန်းရီ... ကောင်စုတ်လေး.. မင်းရဲ့ ကံက အဲ့လောက်တောင် ကောင်းတယ်လား။ တိရှအရှင်က မင်းဆီမှာ ဘာကိုတွေ့လဲတော့ ငါမသိဘူး.. ဒါပေမဲ့ အခုစပြီး တိရှဘုံထဲက ဘယ်သူကမှ မင်းကို လာရှုပ်ရဲတော့မှာ မဟုတ်ဘူး”
ကျန်းရီသည် တိရှခန်းမထဲတွင် ဖြစ်ခဲ့သည့် ကိစ္စကြောင့် မိုလင်းချိုးအပေါ်တွင် အင်တင်တင် ဖြစ်နေဆဲပင်။ သို့သော် သူနှင့် မိုလင်းချိုးက မည်သို့မှ ပတ်သတ်မှု မရှိသဖြင့် မိုလင်းချိုးထံတွင် သူ့ကို စွန့်စား၍ ကယ်စရာအကြောင်းမရှိဟု ကျန်းရီ တွေးလိုက်သည်။ ထိုသို့တွေးမိမှ သူ ဟန်လုပ်၍ ပြုံးပြလိုက်၏။ သို့သော် မည်သို့မှတော့ မပြောလိုက်ပေ။
မိုလင်းချိုးသည် ကျန်းရီ၏ အပြုအမူကို စိတ်မရှိပေ။ ခေတ္တကြာပြီးနောက် သူ ဆက်ပြောသည်။
“ကျန်းရီ... မင်း နတ်သိမ်းငှက်မြို့ကို ပြန်ပြီး မြို့အရှင်ဆက်လုပ်မှာလား။ ဒါမှမဟုတ် တိရှမြို့မှာပဲ ကျင့်ကြံနေမှာလား။ မင်း လက်ထောက်စီရင်စုနယ်အရှင်တစ်ယောက် ဖြစ်ချင်ရင် ငါ့ကို ပြောပါ။ အဲ့ရာထူးလောက်တော့ ငါ မင်းကို ပေးလို့ရတယ်။ မဟုတ်လည်း တိရှမြို့မှာပဲ နေပေါ့ကွာ။ ငါ မင်းအတွက် ခြံတစ်ခြံ ပြင်ပေးပါမယ်၊ ပြီးတော့ မင်းကို တိရှစံအိမ်မှာ ရာထူးတစ်နေရာပေးမယ်”
“အဲ့လိုတွေ လုပ်ပေးစရာ မလိုပါဘူး”
ကျန်းရီက လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင်မိုရဲ့ ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နတ်သိမ်းငှက်မြို့ကိုပဲ ပြန်ပါမယ်”
“ဒါဆိုလည်း ကောင်းပြီလေ”
မိုလင်းချိုးသည် အပိုစကားများ ဆက်ပြောမနေတော့ဘဲ အပြင်ဘက်သို့ မျက်နှာမူ၍ ပြောလိုက်သည်။
“ရှောင်ဟုန်... ကျန်းရီကို ပြန်ခေါ်သွားလိုက်”
ရှပ်...ရှပ်...ရှပ်...
ရှောင်ဟုန်သည် မိုလင်းချိုးထံသို့ ခပ်သွက်သွက် လျှောက်လာပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် ကျန်းရီကို ကြည့်၍ ပြောလိုက်၏။
“ကျန်းရီ... အဲ အရှင်... ကြွပါ”
“အရှင်မို ကျွန်တော် သွားပါတော့မယ်”
ကျန်းရီက မိုလင်းချိုးကို ထပ်မံ လက်ဆုပ်ဦးညွှတ်၍ ရှောင်ဟုန်နောက်သို့ ခြေလှမ်းကျဲများဖြင့် လိုက်သွားလိုက်၏။ သူတို့ တိရှရဲတိုက်ထဲမှ ထွက်သောအခါ ကျန်းရီသည် သူ့အပေါ်သို့ မရေမတွက်နိုင်သော အကြည့်များ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ လူအားလုံး အံ့အားသင့်နေကြပေသည်။ သူတို့သည် ကျန်းရီက တရားစီရင်ရာမှနေ၍ အဘယ်သို့ အသက်ရှင်လျက် ထွက်လာနိုင်ကြောင်းကို နားမလည်နိုင် ဖြစ်နေကြပုံပင်။ ထို့ပြင် ကျန်းရီ၏ ခြေလှမ်းများကလည်း ပေါ့ပါးနေပေသည်။
အပြင်ဘက်မှ လူများသည် ချက်ချင်းပင် မူမမှန်မှုတစ်ခုကို သတိပြုမိလိုက်ကြ၏။ တိရှရဲတိုက်ကို စောင့်ကြပ်သော တိထျန်းများက ကျန်းရီအား ဦးညွှတ်နေကြသည်လော။ ဆိုရလျှင် ထိုတိထျန်းများက ကျန်းရီ ထွက်သွားသည်ကို ပြုံး၍ပင် ကြည့်နေကြသေးသည်။ အပြင်ဘက်ရှိ လူအုပ်၏ ရင်ထဲတွင် အံ့အားသင့်မှုများ ထိုးထွက်လာကြသည်။ အင်အားကြီးသော ချင်မျိုးနွယ်သည် မြို့အရှင်လေးတစ်ယောက်ကိုပင် ရှင်းမပစ်နိုင်ခဲ့သည်လော။ ထိုမောက်မာသော တိထျန်းများကလည်း ကျန်းရီကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေကြသည်လော။
“အာ...”
ကျန်းရီက တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လျှောက်သွားနေကြသည်ကို ကြည့်ရင်း လူအုပ်သည် အခြားအချက်တစ်ခုကို သတိပြုမိလိုက်ကြပြန်၏။ ရှောင်ဟုန်သည် ကျန်းရီ၏ လက်အောက်ငယ်သား တစ်ယောက်ကဲ့သို့ ကျန်းရီနောက်မှ လျှောက်နေ၏။ ရှောင်ဟုန်မှာ ဘွဲ့ထူးရ တိထျန်းတစ်ယောက်ဖြစ်ပြီး တိရှဘုံထဲရှိ အရည်အချင်းရှိသော စွမ်းအားကြီး သိုင်းသမားများထဲမှ တစ်ယောက်လည်းဖြစ်သည်။
မြို့ရင်ပြင်ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ မရေမတွက်နိုင်သော လူများသည် ခန်းမထဲ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ရမည်ကို ဆွေးနွေးပြောဆိုနေကြလေသည်။
အမှန်တရားက မည်သို့ဖြစ်စေ ထိုနေ့မှစ၍ ကျန်းရီ၏အမည်က တိရှဘုံတစ်ခွင်လုံးတွင် ကျော်ကြားသွားပေတော့မည်။ သာမန်မျိုးနွယ်လေးများသည် အင်အားကြီး ကျောထောက်နောက်ခံများ ရှိလျှင်ပင် ကျန်းရီကို ရန်စဝံ့တော့မည် မဟုတ်ပေ။ တိရှအရှင်၏ လက်အောက်ရှိ အင်အားအကြီးဆုံးမျိုးနွယ်ဖြစ်သည့် ချင်မျိုးနွယ်သည်ပင် ထိုလူကို မကိုင်တွယ်နိုင်ခဲ့ချေ။ သို့ဖြစ်ရာ မည်သူက ထိုလူမိစ္ဆာကို ရန်စ၍ မိမိကိုယ်ကို ဒုက္ခရောက်အောင် လုပ်ဝံ့တော့မည်နည်း။
ကျန်းရီနှင့် ရှောင်ဟုန်တို့ တည်နေရာပြောင်းရွှေ့သွားပြီးနောက် မရေမတွက်နိုင်သော စုံစမ်းရေးသမားများက မြို့ထဲရှိ ခြံဝန်းအသီးသီးဆီသို့ ပြန်သွားကြပြီး သတင်းများကို မျိုးနွယ်ကြီးအားလုံးထံ ဖြန့်လိုက်ကြ၏။ သူတို့သည် လှည့်လည်သွားလာ၍လည်း သတင်းအချက်အလက်များကို ရနိုင်သမျှ စုဆောင်းကြသည်။ မကြာခင်မှာပင် ကျန်းရီ၏သတင်းမှာ တိရှဘုံတစ်ခွင်လုံးသို့ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပျံ့နှံ့သွားလေတော့သည်။
ရုတ်ခြည်းဆိုသလိုပင် တိရှဘုံထဲရှိ မြို့များနှင့် မျိုးနွယ်စုများမှ လူများအားလုံး ထိုအကြောင်းကို စတင်ဆွေးနွေးကြပေသည်။
***
“အရှင်...”
မိုလင်းချိုးသည် ကျန်းရီ ထွက်သွားပြီးနောက် အမည်မဲ့ကျွန်းသို့ ပြန်သွား၍ ညွှန်ကြားချက်များ တောင်းခံလိုက်သည်။
“ကျန်းရီက နတ်သိမ်းငှက်မြို့ကို ပြန်သွားပါတယ်။ ကျွန်တော်က သူ့ကို တိရှမြို့ထဲမှာ ကျင့်ကြံဖို့ ဒါမှမဟုတ် သိမ်းငှက်ပြာတောင်ပေါ်မှာ ကျင့်ကြံဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူက ငြင်းခဲ့ပါတယ်”
“သူ လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်ပါ”
တိရှအရှင်သည် လက်ဝှေ့ယမ်း၍ သူ့ဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်၏။
“သူ့ကို မျက်စိဒေါက်ထောက်ပြီး စောင့်ရှောက်ပေးနေဖို့ မလိုပါဘူး။ ကံကြမ္မာအတိုင်း ဖြစ်ပါစေ။ သူက ဒီလောကရဲ့ အခက်အခဲတွေကို မတွေ့ကြုံရရင် ဘယ်တော့မှ အကြွင်းမဲ့ဆရာသခင်တစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး...”
“ဟုတ်ကဲ့ပါ”
မိုလင်းချိုး ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အရှင်... ကျန်းရီက ဘာတွေထူးခြားနေလို့ပါလဲ။ ဘာလို့ အရှင်က သူ့ကို ကူညီပေးနေရတာပါလဲ”
တိရှအရှင်က ကျန်းရှောင်နူအတွက် ကျန်းရီကို ကယ်ပေးခဲ့ခြင်းမဟုတ်ကြောင်း မိုလင်းချိုး ကောင်းစွာ သိသည်။ တိရှအရှင်၏ အဆင့်အတန်းနှင့်ဆိုလျှင် သိမ်းငှက်စိမ်းဘုရင်ကို အပြစ်မပြုနိုင်လျှင်တောင် ကြောက်နေစရာ မလိုပေ။ ထို့ပြင် သိမ်းငှက်စိမ်းဘုရင်က ကျန်းရီကို မကြည်ချေ။
“ဟင်းဟင်း...”
တိရှအရှင်က ပြုံး၍ ဆိုသည်။
“အဲ့ကိစ္စတွေကို မင်းသိစရာ မလိုပါဘူး။ ဘာမှ မမှားသွားဘူးဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာ မင်းတို့အကုန်လုံး နားလည်လာပါလိမ့်မယ်။ ကျန်းရီသာ လမ်းမလွဲသွားဘဲ ရင့်ကျင်လာမယ်ဆိုရင် နောက်ဆုံးအချိန်မှာ သူက ငါတို့မိုမျိုးနွယ်အတွက် အရမ်းအသုံးဝင်လာလိမ့်မယ်”
“ဗျာ...”
မိုလင်းချိုး တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ့မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ တိရှအရှင်က ကိစ္စကြီးများကို ပြောမပြခဲ့သော်လည်း သူ၏ ကျန်းရီအပေါ်မှတ်ချက်အရ ကျန်းရီက မိုမျိုးနွယ်အတွက် အလွန်အသုံးဝင်မည်ဖြစ်ကြောင်း မိုလင်းချိုး ပြောနိုင်ပေသည်။ အနာဂတ်တွင် ကျန်းရီက အလွန်မြင့်သောအဆင့်သို့ ရောက်နိုင်လိမ့်မည်ဟု တိရှအရှင်က တွေးခြင်း ဖြစ်ပေမည်။
“သွားတော့...”
တိရှအရှင်သည် လက်ဝှေ့ယမ်း၍ ပြောလိုက်ပြီး မည်သည့်ညွှန်ကြားချက်မှ ထပ်မပေးတော့ပေ။ ယနေ့တွင် သူ ကျန်းရီကို ကယ်ခဲ့သည်။ မျိုးနွယ်ကြီးများက ထိုမျှလောက်နှင့် သဘောပေါက်ပေလိမ့်မည်။ နောက်တွင် သူတို့သည် ကျန်းရီကို ပြဿနာရှာတော့မည် မဟုတ်ချေ။ ထို့ကြောင့် တိရှအရှင်က ထိုကိစ္စနှင့်ပတ်သတ်၍ မည်သို့မှပင် ဝင်ပြောနေစရာမလိုပေ။
မိုလင်းချိုးသည် အမည်မဲ့ကျွန်းမှ လျင်မြန်စွာ ထွက်လာပြီး တိရှရဲတိုက်ထဲ ပြန်သွားကာ ခန်းမကျယ်ကြီးတစ်ခုအတွင်း ဝင်၍ တိထျန်းနှစ်ယောက်ကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ ထို့နောက် တိထျန်းတစ်ယောက်ကို ပြောလိုက်သည်။
“မိုရှန်းရှင်း... အခုကစပြီး ကျန်းရီအနောက်ကို လိုက်ပြီး သူ့ကို လျှို့ဝှက်ကာကွယ်ပေးပါ။ မင်း ရှိနေတာကို ကျန်းရီ မသိပါစေနဲ့”
“ဟုတ်ကဲ့ပါ”
တိထျန်းက ခေါင်းညိတ်ကာ ထွက်သွား၏။ မိုလင်းချိုးသည် အခြားတိထျန်းကို ကြည့်၍ ဆက်ပြောသည်။
“မင်းက ကျန်းရီနဲ့ ပတ်သတ်တဲ့ အကြောင်းအရာမှန်သမျှကို သွားစုံစမ်းပါ။ အသေးစိတ်ကျလေ၊ ကောင်းလေပဲ။ ပြီးတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ လူတချို့ စေလွှတ်ပြီးလည်း ကျန်းရီအကြောင်း စုံစမ်းခိုင်းလိုက်ပါ”
“နားလည်ပါပြီ”
ထိုတိထျန်းသည် ညွှန်ကြားချက်များကို နားထောင်ပြီးနောက် ထွက်သွား၏။ မိုလင်းချိုးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် အော်ခေါ်ကာ တိထျန်းကို တားလိုက်သည်။
“တကယ်လို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ကျန်းရီရဲ့ မိသားစုတွေ ဒါမှမဟုတ် မိန်းမတွေ ရှိရင် တတ်နိုင်မယ်ဆို သူတို့ကို ဂရုစိုက်ပေးလိုက်ပါ...”
ယခုတွင် တိထျန်းနှစ်ယောက် ထွက်သွားပေပြီ။ မိုလင်းချိုးသည် ခန်းမကျယ်ကြီးထဲတွင် တစ်ယောက်တည်း ထိုင်နေ၏။ သူသည် နားမလည်နိုင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့ဘာသာ ရေရွတ်လိုက်၏။
“ကျန်းရီ... မင်းက ဘာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလဲ။ ဘာလို့ တိရှအရှင်က မင်းကို အရမ်းအထင်ကြီးနေရတာလဲ။ ဒီတစ်ခေါက် ငါ မင်းအပေါ် မျက်နှာလွှဲမိခဲ့တယ်။ ဒါပေမဲ့ တိရှအရှင်က မင်းကို ကယ်ခဲ့တယ်ဆိုတော့ အဲ့ဒါက ကျေလောက်ပါပြီ”
တိရှအရှင်က ကိစ္စများကို ရှင်းရှင်းလင်းလင်း မပြောခဲ့သလို မိုလင်းချိုးကလည်း ဆက်မမေးဝံ့ပေ။ ထို့ကြောင့် သူသည် သူ့ဘာသာ ကျန်းရီအကြောင်းကို လျှို့ဝှက်စုံစမ်းရပေမည်။ ထို့ပြင် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ လူစေလွှတ်၍ ကျန်းရီ၏ မိသားစုနှင့် မိန်းမများကို စောင့်ရှောက်ခိုင်းခဲ့သည်။ ကျန်းရီ၏ အကျင့်စရိုက်အရ ထိုအကြောင်းကိုသာ သိသွားလျှင် မိုမျိုးနွယ်အပေါ် ထာဝရကျေးဇူးတင်နေလိမ့်မည်ဖြစ်သည်။
***
ရွှီး...
ကျန်းရီနှင့် ရှောင်ဟုန်တို့က သိမ်းငှက်ပြာတောင်ပေါ်သို့ တည်နေရာပြောင်းရွှေ့လာကြ၏။ ရှောင်မျိုးနွယ်ဝင်များကလည်း သူတို့ကို မြင်လိုက်ရ၍ အံ့အားသင့်သွားကြသည်။ သို့သော် မည်သို့မှတော့ မပြောကြပေ။ အဘယ်ကြောင့်ဆိုသော သူတို့ ကိစ္စတစ်ခုကို သတိပြုမိလိုက်၍ပင်။ ရှောင်ဟုန်က ကျန်းရီအနောက်မှ လျှောက်နေပေသည်။
“ကျန်းရီ...”
ရှောင်ဟုန်သည် ကျန်းရီ ခေါင်းမူးပြေသွားသည့်အချိန်အထိ စောင့်ပြီးမှ ပြုံး၍ ပြောလိုက်၏။
“မင်း ဘာလို့ အခုကစပြီး ငါ့ရဲ့ သိမ်းငှက်ပြာတောင်ပေါ်မှာ မနေတာလဲ။ ငါ့တောင်ပတ်ပတ်လည်မှာ သဘာဝဝိညာဉ်စုစည်းအစီအရင်တစ်ခုရှိလို့ ဒီက ဝိညာဉ်စွမ်းအင်က ဆယ်ဆပိုသိပ်သည်းတယ်။ ပြီးတော့ ဒီမှာ အရမ်းအစွမ်းထက်တဲ့ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတစ်ခန်းလည်း ရှိတယ်”
ရှောင်မျိုးနွယ်ဝင်များသည် တစ်ယောက်ကိုတစ်ယောက် နားမလည်ဟန်ဖြင့် ကြည့်လိုက်ကြ၏။ မည်သည့်ကိစ္စများ ဖြစ်ခဲ့၍ ကျန်းရီက တိရှခန်းမထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ခြင်းနည်း။ ယခု ကြည့်ရပုံအရ သူတို့၏ မျိုးနွယ်ခေါင်းဆောင်သည်ပင် ကျန်းရီအား သမီးပေးလိုပုံပေါက်နေပေသည်။
“အဲ့လိုတွေ မလိုပါဘူး”
ကျန်းရီသည် လောလောဆယ်တွင် မည်သည့်နေရာကိုမှ မသွားလိုသေးဘဲ နတ်သိမ်းငှက်မြို့တွင်သာ သက်တောင့်သက်သာ နေလိုနေသည်။ ထို့နောက် သူ ခေတ္တမျှ တွေးတောလိုက်ပြီး ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“စီရင်စုနယ်အရှင်... လူတစ်ယောက်ကို မြောက်ပိုင်းမြစ်မြို့ဆီ စေလွှတ်ပြီး အဆိပ်ဝိညာဉ်ကို ပြန်ခေါ်လာခိုင်းလိုက်ပါ။ ကျွန်တော် မြေပုံတစ်ပုံ ဆွဲပေးပါမယ်... အဲ့နေရာကို ရှာဖို့က လွယ်မှာပါ။ ကျွန်တော့်ရဲ့ မြို့အရှင်တံဆိပ်ပြားကို ယူသွားပါ။ အဲ့ဒါဆို အဆိပ်ဝိညာဉ်က ပြန်လိုက်လာပါလိမ့်မယ်။ အခု ကျွန်တော်က ရူးသွပ်နတ်ဘုရားရဲတိုက်ကို သွားစရာလိုနေလို့ပါ”
ယခုတွင် သူက လုံခြုံသွားပြီး တိရှအရှင်ကလည်း အဆိပ်ဝိညာဉ်ကိစ္စကို ဆက်လိုက်မည်မဟုတ်ဟု ကတိပေးခဲ့ပြီးဖြစ်၍ ကျန်းရီသည် အဆိပ်ဝိညာဉ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ခေါ်လိုနေပေသည်။ လေလံပွဲစရန် အချိန်အနည်းငယ် လိုသေးသည်။ သို့သော် သူ အဆိပ်ဝိညာဉ်ကို ကိုယ်တိုင်သွားခေါ်လျှင် ချင်မျိုးနွယ်ကို နှာနုဖြတ်ရိုက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူသည် ပြဿနာထပ်မရှာဟု တိရှအရှင်ကို ကတိပေးခဲ့ပြီဖြစ်၍ စည်းမကျော်ခြင်းက အကောင်းဆုံးဟု တွေးလိုက်သည်။
‘အဆိပ်ဝိညာဉ်လား’
ရှောင်ဟုန် မျက်နှာပျက်သွား၏။ ထိုစဉ် ကျန်းရီက အသံထပ်၍ပို့လွှတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့... တိရှအရှင်ကိုယ်တိုင် ပြောခဲ့တာပါ။ သူက ချင်မျိုးနွယ်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးကို မေ့ပစ်လိုက်မယ်တဲ့။ ချင်မျိုးနွယ်ကလည်း အဆိပ်ဝိညာဉ်နောက်ကို ဆက်လိုက်တော့မှာ မဟုတ်ပါဘူး”
“အဲ့လိုကိုး...”
ရှောင်ဟုန် ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျန်းရီသည် မြေပုံတစ်ပုံဆွဲကာ စာတစ်စောင်ရေး၍ ၎င်းတို့ကို သူ၏မြို့အရှင်တံဆိပ်ပြားနှင့်အတူ ရှောင်ဟုန်အား ပေးလိုက်သည်။ ရှောင်ဟုန်သည် ချက်ချင်းပင် လူတစ်ယောက်ကို ဆင့်ခေါ်၍ အဆိပ်ဝိညာဉ်ကို သွားခေါ်စေလိုက်၏။ ပြီးမှ သူ ကျန်းရီကို ကြည့်ကာ ပြုံး၍ အသံပို့လွှတ်လိုက်လေသည်။
“ကျန်းရီ... မင်း ရူးသွပ်နတ်ဘုရားရဲတိုက်ကို သွားမှာ ပစ္စည်းတွေ ဝယ်ဖို့လား... ဒါမှမဟုတ် ပြဿနာရှာဖို့လား”
ယခု ကျန်းရီ၏ လက်ထဲတွင် အပြစ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား ရှိနေပေပြီ။ သူက တိရှဘုံထဲတွင် လုပ်ချင်ရာ လုပ်နိုင်နေပြီဖြစ်သည်။ ရှောင်ဟုန်သည် ကျန်းရီက လက်စားသွားချေမည်ကို စိုးရိမ်နေ၏။ မျိုးနွယ်ကြီးများက ကျန်းရီကို တိုက်ရိုက် မကိုင်တွယ်နိုင်ရာ သူတို့၏ ဒေါသများကို သူ့အပေါ် ပုံချမည်ကို ရှောင်ဟုန် လန့်ပေသည်။
***