ပြည်တော်ပြန်ပြီ
Vol. 31 Ch. 419
အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၁၄၀၀၀၀ ဆိုတာက လီဖူချန်း လိုအပ်တာတွေကို ကောင်းကောင်းကြီး ဝယ်လို့ ရပါတယ်။
" အင်း ... ကြယ်ဝိညာဉ် ဆေးလုံးတွေနဲ့ ဝိညာဉ်အမြစ် ဆေးလုံးတွေကို ဝယ်သွားရမယ် "
ကြယ်ဝိညာဉ်ဆေးလုံးနဲ့ ဝိညာဉ်အမြစ် ဆေးလုံးတွေဆိုတာက မြေကမ္ဘာအဆင့်နိမ့် ဆေးအမျိုးအစား တွေပါ။ သည်ဆေး နှစ်မျိုးစလုံးက ကြယ်သုံးပွင့် အရိုးတည်ဆောက်ပုံ အောက်က လူတွေကို အရိုးတည်ဆောက်ပုံ အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်ပါတယ်။ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံနဲ့ အထက်မှာဆိုရင်တော့ ဆေးစွမ်းမပြနိုင်တော့ပါဘူး။
သည်ဆေးလုံး တွေကတော့ တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ကျသင့်ပါတယ်။ လီဖူချန်းက လိုလိုပိုပို သဘောနဲ့ ဆေးတစ်မျိူးစီကို ဆယ်လုံးကျ ဝယ်ယူလိုက်ပါတယ်။
အရိုးတည်ဆောက်ပုံကို အဆင့်မြှင့်တယ် ဆိုတာက လုံးဝ အံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုပါပဲ။ ဒါက လူတစ်ယောက်ရဲ့ မွေးရာပါ ကံကြမ္မာကို ပြောင်းလဲ လိုက်နိုင်တာလို့တောင် ပြောနိုင်ပါတယ်။
ဒါပေမဲ့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ လူတစ်ယောက်ဟာ သူ့ရဲ့ အရိုးတည်ဆောက်ပုံကို ကြယ်၃ပွင့် အဆင့်အထိ မြှင့်တင်တယ် ဆိုတာက ဘာမှ မထူးဆန်းတဲ့ အရာတစ်ခုပါပဲ။ ပြီးတော့ မင်းရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၃ပွင့်အဆင့် ရောက်သွားလည်း မင်းကို ဘယ်သူမှ သောက်ဂရုစိုက်မှာ မဟုတ်ပါဘူး။ သည်တိုက်ကြီးမှာက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင်မှ သာမန် လူတွေလို သဘောထား ကြတာပါ။
" ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံကို ရောက်အောင် အဆင့်မြှင့်ပေးနိုင်တဲ့ ဆေးတွေ မရခဲ့တာတော့ တကယ် နှမြောစရာ ကောင်းတယ်ကွာ "
လီဖူချန်းက သူ့ဘဝမှာ သူ့မိဘနှစ်ပါးကိုသာ တန်ဖိုးအထားဆုံး ဖြစ်ပါတယ်။ သူက သူ့ရဲ့ မိဘနှစ်ပါး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖာက်ဝင်ရောက်ပြီး အသက်ရှည်ရှည် နေသွားတာကို မြင်ချင်တာပါ။ အခုဆိုရင် ခုနစ်ရောင်ခြယ် စပျစ်သီးရဲ့ အစွမ်းကြောင့် သူ့အဖေဟာ ကြယ်၂ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်နိုင်ခဲ့သလို သူ့အမေဟာလည်း ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားခဲ့ ပြီးပါပြီ။ သည်ကြယ်ဝိညာဉ် ဆေး၊ ဝိညာဉ် အမြစ်ဆေးတို့နဲ့ ဆိုရင်တော့ သူ့ရဲ့ မိဘနှစ်ပါးစလုံးဟာ ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်လာကြမှာ သေချာပါတယ်။
ဒါပေမဲ့လည်း သူတို့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ အသက်အရွယ် အရတော့ ကောင်းကင် နယ်ပယ်ဟာ အလွန်ဆုံးပါပဲ။ သူတို့အနေနဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ရောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို မရောက်နိုင်ရင်တော့ သူ့မိဘနှစ်ပါးဟာ လူ့သက်တမ်း ၁၀၀ နီးပါးသာ နေရမှာပါ။
"ထားလိုက်ပါတေ့ာကွာ။ အဖေနဲ့အမေက အသက်၅၀တောင် မပြည့်သေးဘူး။ သူတို့အတွက် အချိန်တွေ အများကြီး ကျန်နေသေးတယ်။ ငါ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်မှ အဖေနဲ့အမေ အတွက် နည်းလမ်း ရှာတော့မယ် "
သူ့မိဘနှစ်ပါး အကြောင်းကို စဉ်းစားရင်းနဲ့ ခေါင်းရှုပ်လာတဲ့ အတွက် လီဖူချန်းဟာ အဲသည် အကြောင်းကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါတယ်။
လီဖူချန်းက ကြယ်ဝိညာဉ် ဆေးလုံးနဲ့ ဝိညာဉ်အမြစ် ဆေးလုံးတွေအပြင် ဆန်းကြယ်အဆင့် စိတ်ဝိညာဉ် အခြေအနေ တိုးမြှင့်ပေးတဲ့ ဆေးအချို့နဲ့ ကျင့်ကြံခြင်း ဆေးအချို့ကိုလည်း ဝယ်ယူ ခဲ့ပါသေးတယ်။
သူက မြေကမ္ဘာအဆင့် ဆေးအချို့ ဝယ်ချင်ပေမယ့်လည်း သူ့မိဘနှစ်ပါးနဲ့ မသင့်တော်ဘူးဆိုတာ သိတဲ့အတွက် မဝယ်သွားတော့ပါဘူး။ သူ့မိဘနှစ်ပါးက အခုမှ မြေကမ္ဘာနယ်ပယ် အဆင့်မှာသာ ရှိနေ သေးတာပါ။ မြေကမ္ဘာအဆင့် ဆေးတွေဆိုတာက ယေဘူယျအားဖြင့် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေနဲ့သာ သင့်တော်တာ မဟုတ်ပါလား။
"အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျိကော ဘယ်လိုဖြစ်နေပြီလဲ မသိဘူး။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်များ ရောက်သွားပြီလား ...။ သူ့အတွက်လည်း ပြန်လည် မွေးဖွားခြင်း ဆေးရည် နည်းနည်းပါးပါး ဝယ်သွားပေးရမယ် "
ပြန်လည်မွေးဖွားခြင်း ဆေးရည်ဆိုတာက သန္ဓေတည်ဆေးရည်ထင် ဆယ်ဆ ပိုဈေးကြီးပါတယ်။ ပြန်လည်မွေးဖွားခြင်း ဆေးရည်ကတော့ တစ်ပုလင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ကျသင့်ပါတယ်။ လီဖူချန်းရဲ့ ရည်ရွယ်ချက်ကတော့ ပြန်လည် မွေးဖွားခြင်း ဆေးရည် တစ်ပုလင်းကို ဇောင်ဝူကျင်းကို ပေးပြီး ကျန်တာကို အရန်အနေနဲ့ သိမ်းထားဖို့ပါပဲ။
လီဖူချန်းက နောက်ထပ်အနေနဲ့ ပကတိ သြဇာအာဏာ ဆေးလုံး အချို့ကိုလည်း ဝယ်ယူ လိုက်ပါသေးတယ်။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းက ပညာရှင် တစ်ယောက်ဟာ ပကတိ သြဇာအာဏာ ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ရုံနဲ့ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တိုးလာမှာ အသေအချာပါပဲ။ လီဖူချန်းဟာ သည်ပကတိ သြဇာအာဏာ ဆေးလုံးတွေထဲက တစ်လုံးကိုတော့ ဂိုဏ်းချုပ်ကြီး အိုးရန်ဝမ်းထင်ကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားခဲ့တာပါ။
လိုအပ်တာတွေအားလုံး ဝယ်ပြီးချိန်မှာတော့ လီထူချန်းရဲ့ လက်ထဲမှာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၂၀၀၀၀ လောက်သာ ကျန်ရှိနေပါတော့တယ်။
ဒါပေမဲ့လည်း လီဖူချန်း ဒါကို ဖြုန်းတီး ပစ်တယ်လို့ လုံးဝ မခံစားရပါဘူး။ ဒါတွေအားလုံးဟာ သူ့အနေနဲ့ လိုအပ်တယ် ထင်လို့ ဝယ်ခဲ့တောတွေပဲ ဖြစ်ပါတယ်။
အရှေ့ယူနီကွန်းတိုက်ဟာ အခြေအနေတွေ ရှုပ်ယှက်ခတ်နေပေမယ့် တိုက်ကြီးတစ်ခု ဖြစ်နေဆဲပါပဲ။ လီဖူချန်းအနေနဲ့ အခုကုန်သွားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို အရှေ့ယူနီကွန်းတိုက်မှာ အလွယ်တကူ ပြန်ရှာလို့ ရပါတယ်။
" ငါပြန်လို့ရပြီ "
လိုအပ်တဲ့ ပစ္စည်းတွေအကုန် ဝယ်ပြီးလို့ နောက်တစ်နေ့မှာတော့ လီဖူချန်းဟာ တည်နေရာ ရွှေ့ပြောင်းဘုတ်ပြားကို အသုံးပြုကာ ရောင်စဉ်ခုနစ်ဖြာတိုက်ကြီးကနေ ထွက်ခွာသွားခဲ့ပါပြီ။
***
အရှေ့ယူနီကွန်းတိုက် ... ...
အရှေ့ယူနီကွန်းတိုက်ကိုတော့ အခုအချိန်မှာ အင်အားစုကြီးသုံးခုက ခွဲဝေပြီး အုပ်ချုပ်နေကြပါတယ်။ အဲသည် အင်အားစုကြီးတွေကတော့ မိစ္ဆာတာအိုလမ်းစဉ် အဖွဲ့အစည်း၊ ဂိုဏ်ပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အစည်းနဲ့ နတ်ဆိုး၁၀ပါး နယ်မြေတို့ပါပဲ။
ဒါပေမဲ့ သည်၂နှစ် အတွင်းမှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အစည်းဟာ တော်တော်လေး အခြေအနေ မကောင်းလှပါဘူး။ အစောပိုင်းတုန်းက နယ်မြေဒေသ ၉၀ ကျော်ကို ပိုင်စိုးထားတဲ့ ဂိုဏ်းပေါင်း တစ်ရာ မဟာမိတ်အဖွဲ့ဟာ အခုဆိုရင် နယ်မြေဒေသ ၃၀ကျော်ကိုသာ ပိုင်စိုး နိုင်ပါတော့တယ်။ ပြီးတော့ ဂိုဏ်းတော် အများစုဟာလည်း မိစ္ဆာတာအို အဖွဲ့အစည်းကို အညံ့ခံပြီး ရှင်းတိကောဝမ်ရဲ့ လက်ပါးစေတွေ အဖြစ် ခံယူသွားခဲ့ပါပြီ။
ကောင်းကင် နတ်ဆိုးဂိုဏ်း၊ ဝိညာဉ်ကဝေဂိုဏ်းနဲ့ ခရမ်းရောင်ဂိုဏ်းတို့ ဟာလည်း ရှင်းတိကောဝမ်ရဲ့ လက်ပါးစေဂိုဏ်းတွေ ဖြစ်သွားခဲ့ကြပါပြီ။ မိုးပြာရောင်ဂိုဏ်းကတော့ မိုးပြာရောင်ဂိုဏ်း နယ်မြေဒေသကနေ ထွက်ပြေးချိန် ရလိုက်ပြီး ထိပ်တန်းဂိုဏ်းကြီး ၁၀ခုထဲက ဖုန်းရွှယ်ဂိုဏ်းရဲ့ လက်အောက်ကို ခိုဝင် လိုက်ကြပါတယ်။ အခုဆိုရင် မိုးပြာရောင် ဂိုဏ်းဆိုတာ မရှိတော့ပါဘူး။ ဖုန်းရွှယ်ဂိုဏ်းရဲ့ လက်အောက်ခံ မိုးပြာရောင်ခန်းမ ဆိုတာပဲ ရှိပါတော့တယ်။
- ဖုန်းရွှယ် နယ်မြေဒေသ ၊ မိုးပြာရောင်ခန်းမ -
ပင်မခန်းဆောင် ထဲမှာတော့ အိုးရန်ဝမ်းထင် တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေပါတယ်။
အခုဆိုရင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ အခြေအနေ မကောင်းတော့သလို သူ့ရဲ့ မိုးပြာရောင် ဂိုဏ်းဟာလည်း အခြားဂိုဏ်းတစ်ခုရဲ့ လက်အောက်ခံခန်းမ ဖြစ်သွားခဲ့ပါပြီ။
အဲသည်အတွက် သူဟာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေရခြင်း ဖြစ်ပါတယ်။
" မိုးပြာရောင် ဂိုဏ်းက ငါ့လက်ထက်ကျမှ မိုးပြာရောင်ခန်းမ ဖြစ်သွားရတယ်တဲ့လား "
အိုးရန်ဝမ်းထင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ သူက မိုးပြာရောင်ဂိုဏ်း ဘိုးဘေး အကြီးအကဲတွေရဲ့ ယုံကြည်အားကိုးမှုကို ပျက်ပြား စေခဲ့ပါပြီ။
" ဒါပေမဲ့လည်း မိစ္ဆာတာအို အင်အားစုတွေနဲ့ နတ်ဆိုး၁၀ပါးနယ်မြေရဲ့ လက်အောက်ခံ မဖြစ်တာ တော်ပါသေးတယ်ကွာ "
အိုးရန်ဝမ်းထင်က သူ့ကိုယ်သူ ကြံဖန်ပြီး နှစ်သိမ့်လိုက်ပါတယ်။
အိုးရန်ဝမ်းထင်က လီဖူချန်းနဲ့ လီကလန် အကြောင်းကိုလည်း မတွေးဘဲ မနေနိုင်ပြန်ပါဘူး။
လီဖူချန်း ပျောက်သွားပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းက အကြီးအကဲတွေဟာ မိုးပြာရောင်ဂိုဏ်းကို လာရောက်ပြီး လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်သွားကြပါတယ်။ မိုးပြာရောင် ဂိုဏ်းချုပ်ဖြစ်တဲ့သူဟာ ဂိုဏ်းသားတွေကို ငဲ့ရမယ့်အရေး ရှိတဲ့အတွက် သည်ကိစ္စမှာ လီကလန်ဘက်က နေပြီး မရပ်တည် ပေးနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်းကတော့ လီကလန်ဘက်ကနေပြီး မားမားမတ်မတ် ရပ်တည် ပေးခဲ့ပါတယ်။ အဲသည်လို မားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့အတွက် ရခဲ့တဲ့ အကျိုးကျေးဇူး ကတော့ ဇောင်ဝူကျင်းဟာ သေလုမြောပါး ရိုက်ခံ လိုက်ရတာပါပဲ။ ဖုန်းရွှယ်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ကသာ မကူညီခဲ့ရင် ဇောင်ဝူကျင်းဟာ အခုချိန်လောက်ဆို အရိုးတောင် ဆွေးနေလောက်ပါပြီ။
အိုးရန်ဝမ်းထင် တစ်ယောက် ဖုန်းရွှယ်ဂိုဏ်းရဲ့ လက်အောက်မှာ ခိုဝင်ဖို့ ဆုံးဖြတ် လိုက်တာကလည်း သည်အကြောင်းတွေနဲ့ မကင်းပါဘူူး။
သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာကို အချိန်က သက်သေပြခဲ့ပါတယ်။ မိုးကြိုးနတ်ဘုရား ဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးသွားပြီး သိပ်မကြာခင်မှာပဲ မိစ္ဆာတာအို အင်အားစုဟာ မိုးးပြာရောင်ဂိုဏ်းကို သိမ်းပိုက်ဖို့ ချီတက် လာခဲ့ကြပါတယ်။ သူတို့ရဲ့ အကြောင်းပြချက် ကတော့ မိုးပြာရောင်ဂိုဏ်းဟာ လီဖူချန်းကို ဝှက်ထားတယ် ဆိုတဲ့ အကြောင်းပြချက်ပါပဲ။ ဒါပေမဲ့ သူတို့ မိုးပြာရောင်ဂိုဏ်းကို မရောက်ခင်မှာဘဲ မိုးပြာရောင် တစ်ဂိုဏ်းလုံးဟာ ဖုန်းရွှယ်ဂိုဏ်း အပိုင်စားရထားတဲ့ နယ်မြေဒေသကို ပြောင်းရွှေ့ပြီးနှင့် နေခဲ့ပါပြီ။
" ဟူး ... လီဖူချန်းဆိုတဲ့ ကလေးက ဘယ်တွေများ ရောက်နေပါလိမ့် "
အိုးရန်ဝမ်းထင်က သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်။ လီဖူချန်းဟာ ဘာကြောင့်မို့ မိုးကြိုး နတ်ဘုရား ဂိုဏ်း၊ ဆန်းကြယ် ကိရိယာဂိုဏ်းနဲ့ မိစ္ဆာတာအို အင်အားစုတို့ကို ရန်သွားစသလည်းဆိုတဲ့ အချက်ကို သူအခုထိ မတွေးတတ်သေးပါဘူး။
ရွှီး ... ...
တစ်နေ့မှာတော့ အရှေ့ယူနီကွန်းတိုက်ရဲ့ ကုန်းမြေ တစ်နေရာပေါ်ကို အလင်းတန်းတစ်ခုနဲ့ အတူ လူရိပ်တစ်ရိပ် ဆင်းသက်လာပါတယ်။ အဲသည် လူရိပ်ကတော့ လီဖူချန်းပါပဲ။
" နောက်ဆုံးတော့ ငါ ပြန်ရောက်ခဲ့ပြီ "
လီဖူချန်းက သည်အဖြစ်အပျက်ကို အိပ်မက်လိုလို ခံစားနေရပါတယ်။
သူ သည်အရှေ့ယူနီကွန်းတိုက်က ထွက်ခွာချိန်တုန်းဆိုရင် သူဟာ ကောင်းကင် နယ်ပယ်မှာသာ ရှိနေပါသေးတယ်။ အခုတော့သူက သည်အရှေ့ ယူနီကွန်းတိုက်ကို ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အဖြစ်နဲ့ ပြန်ရောက်လာခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကလည်း အလွန်အမင်း အစွမ်းထက် လာပြီ ဖြစ်တဲ့အတွက် ဘယ်သူကို့မှ ကြောက်စရာ မလိုတော့ပါဘူး။
လီဖူချန်းက စဉ်းစားနေရင်းနဲ့ ရုတ်တရက် အိမ်ကို လွမ်းနာ ကျလာပါတယ်။ လီကလန်နဲ့ မိုးပြာရောင် ဂိုဏ်းဟာ ဘယ်လိုဖြစ်နေမယ်ဆိုတာကို သူ မတွေးတတ်တော့ပါဘူး။
တစ်ချိန်တည်းမှာပဲ သူဟာ ယုလီနဲ့ ခေါ့ယွင်တို့ အကြောင်းကို သတိရလိုက် ပါသေးတယ်။ သည်နှစ်ယောက်ကိုတော့ လီဖူချန်းဟာ လုံးဝ အခဲမကျေပါဘူး။
သူတို့နှစ်ယောက်က လီကလန်နဲ့ မိုးပြာရောင်ဂိုဏ်းကို တစ်ခုခု မလုပ်ခဲ့ရင်တော့ သူ့အနေနဲ့ နည်းနည်းပါးပါး သက်ညှာပေးရင် သက်ညှာပေးနိုင်ပါတယ်။ တကယ်လို့သာ သူတို့ နှစ်ယောက်က လီကလန်နဲ့ မိုးပြာရောင်ဂိုဏ်းကို တစ်ခုခု လုပ်ခဲ့ရင်တော့ လီဖူချန်းဟာ အညှာတာ ကင်းမဲ့စွာ လက်တုံ့ ပြန်ရ ပါလိမ့်မယ်။
သူက ဆန်းကြယ် ကိရိယာ ဂိုဏ်းကိုကော မိုးကြိုးနတ်ဘုရား ဂိုဏ်းကိုပါ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
" အားယား ... သည်နေရာမှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအားတွေက အရမ်းပါးလျတာပဲ "
ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်နေပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအားတွေနဲ့ ဆက်သွယ်မှုအား အရမ်းကောင်းနေခဲ့ပါပြီ။
အဲသည်အတွက် သည်အရှေ့ယူနီကွန်း တိုက်မှာ ရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအားတွေက အတော်လေး ပါးလျတယ် ဆိုတာကို သူခံစားနေရပါတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအားတွေ သိပ်သည်းတဲ့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကနေ ပြန်လာခဲ့တဲ့ သူ့အတွက် ကတော့ သည်အရှေ့ယူနီကွန်း တိုက်ဟာ သက်တောင့်သက်သာ မရှိလှပါဘူး။
ဒါက အရမ်းသန့်စင်တဲ့ ရေကန်တစ်ခုကနေ ရွှံ့နွံတွေ ပြည့်နှက်နေတဲ့ ရေကန်တစ်ခုထဲကို ပြောင်းလိုက် ရသလိုပါပဲ။
ဒါပေမဲ့လည်း သိပ်မကြာခင်မှာတော့ သူဟာ အရှေ့ယူနီကွန်းမှာရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအားတွေနဲ့ အသားကျ သွားခဲ့ပါပြီ။ အစောပိုင်းက သက်တောင့်သက်သာ မရှိတဲ့ ခံစားချက်ကလည်း မရှိတော့ပါဘူး။
ကျင့်ကြံသူတွေဟာ ပတ်ဝန်းကျင် အမျိုးမျိုးနဲ့ သဟဇာတဖြစ်အောင် နေနိုင်သူတွေချည်းပါပဲ။ တချို့ကျင့်ကြံသူတွေ ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအားတွေ မရှိတဲ့ နေရာမှာတောင် နေထိုင် နိုင်ကြပါသေးတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ ကောင်းကင်ပေါ်ကို ခုန်တက်ပြီး အရှေ့စူးစူးကို ပျံသန်း သွားခဲ့ပါပြီ။ သူက အခု ဘယ်နေရာကို ရောက်နေသလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ သူရောက်နေတဲ့ နေရာကို သိဖို့ဆိုရင်တော့ မြို့တစ်မြို့ကို တွေ့မှ ရပါလိမ့်မယ်။
လီဖူချန်းက ၁၀မိနစ်နီးပါး ပျံသန်းလိုက်တဲ့အခါမှာတော့ မြို့တစ်မြို့ကို တွေ့လိုက်ရပါတယ်။ မြို့ရဲ့ အခြေအနေ ကတော့ မကောင်းလှပါဘူး။ များပြားလှတဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေက မြို့သူမြို့သား တစ်သောင်းလောက်ကို ဖမ်းဆီး နေကြပါတယ်။
" ဟင် ... သည်ခွေးမသားတွေ "
သူက မြေပြင်ပေါ်ကို အလျင်အမြန် ဆင်းသက် လိုက်ပါတယ်။
" မင်းက ဘယ်သူလဲ "
သည်မိစ္ဆာတာအို ကျင့်ကြံသူ အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ကောင်းကင် နယ်ပယ် အထွတ်အထိပ်ပိုင်းက ပညာရှင် တစ်ယောက်ပါပဲ။ သူက ကောင်းကင်ပေါ်က ဆင်းသက် လာတဲ့ လီဖူချန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လှမ်းမေးလိုက်ပါတယ်။
" သေစမ်း "
လီဖူချန်းက အပိုစကားတွေ ပြောပြီး အချိန်ဖြုန်း မနေတော့ပါဘူး။ သူက နေမင်းဇောအဟုန် အတွင်းအား စက်ကွင်းကို ထုတ်လိုက်ပြီး မိစ္ဆာတာအို ကျင့်ကြံသူတွေကို လောင်ကျွမ်း စေလိုက်ပါတယ်။
အား ... ...
လူအယောက် တစ်ထောင်လောက် ရှိတဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေကတော့ လောင်ကျွမ်း ပြာကျ သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ နေမင်းဇောအဟုန် အတွင်းအားစက်ကွင်းက အပြစ်မဲ့တဲ့ မြို့သူမြို့သားတွေကိုတော့ မှဲ့တစ်ပေါက်တောင် မစွန်းစေခဲ့ပါဘူး။
သူ့ရဲ့ ကောင်းမွန်လှတဲ့ အသိစိတ်အာရုံက နေမင်းဇော အဟုန် သိုင်းစက်ကွင်းကို ကျင်လည်စွာ ထိန်းချုပ် ထားနိုင်ပါတယ်။
" အခုလို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သူရဲကောင်းလေး ... "
ဒုက္ခသည် တစ်သောင်းနီးပါးဟာ မမျှော်လင့်ဘဲ လီဖူချန်းရဲ့ ကယ်တင်မှုကို ခံလိုက်ရတဲ့အတွက် လုံးဝ ဝမ်းသာပျော်ရွှင်သွားကြပါတယ်။ လူအချို့ဆိုရင် လီဖူချန်းကို ဒူးထောက်ပြီးတော့ အရိုအသေ ပေးနေကြပါပြီ။
သည်မိစ္ဆာတာအို ကျင့်ကြံသူတွေက သွေးဘိုးဘိုးကြီးရဲ့ လက်အောက်ခံတွေ ဖြစ်ပါတယ်။ သူတို့တွေက သည်မြို့သူမြို့သားတွေကို သွေးပုလဲအဖြစ် သန့်စင်ဖို့ ဖမ်းဆီး နေကြတာပါ။ လီဖူချန်းသာ မရောက်လာခဲ့ရင်တော့ သူ့တို့ရဲ့ ဘဝဟာ မတွေးဝံ့စရာပါပဲ။
" ဒါက ဘယ်နယ်မြေဒေသလဲ "
လီဖူချန်းက လည်လည်ဝယ်ဝယ် ရှိပုံရတဲ့ လူတစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။
ထိုလူက ရိုကျိုးစွာနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
" အရှေ့မြစ်ဖျား နယ်မြေဒေသပါ ... သခင်လေး "
" သြော် ... အရှေ့မြစ်ဖျား ဒေသကိုး ... "
လီဖူချန်းက သူရောက်နေတဲ့ နေရာကို သိသွားခဲ့ပါပြီ။
အရှေ့မြစ်ဖျားဒေသဟာ အရှေ့မြစ်ဖျားဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသတစ်ခုပါ။ ဒါပေမဲ့ အခုကြည့်ရတာကတော့ သည်ဒေသဟာ မိစ္ဆာတာအို အင်အားစုရဲ့ လက်အောက် ကျရောက် သွားပုံပါပဲ။
" မင်းတို့အားလုံး သွားနိုင်ပြီ "
ထို့နောက်မှာတော့ လီဖူချန်းဟာ ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့ပါပြီ။
လမ်းတစ်လျှောက်မှာတော့ လီဖူချန်းဟာ မရေမတွက်နိုင်တဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေကို တွေ့ခဲ့ရပါတယ်။ လီဖူချန်းက တစ်ယောက်ကိုမှ အသက်ချမ်းသာခွင့် မပေးခဲ့ပါဘူး။ သည်လိုလူစားတွေက လောကပေါ်မှာ မရှိလေ ကောင်းလေပါပဲ။
နောက်ဆုံးမှာတော့ လီဖူချန်းဟာ အရှေ့မြစ်ဖျား နယ်မြေဒေသရဲ့ အလယ်ဗဟိုကို ရောက်ရှိ လာခဲ့ပါတယ်။ သူထင်တဲ့ အတိုင်းပါပဲ။ အရှေ့မြစ်ဖျားဂိုဏ်းဟာ သွေးဘိုးဘိုးရဲ့ လက်အောက်ခံ ခန်းမတစ်ခု ဖြစ်နေခဲ့ပါပြီ။
အရှေ့မြစ်ဖျားခန်းမရဲ့ ပင်မ ခန်းဆောင်ထဲမှာတော့ ခန်းမသခင်ဟာ သူ့ရဲ့ လက်အောက်ခံတွေရဲ့ အစီရင်ခံ တင်ပြတာကို နားထောင်နေပါတယ်။
" ခန်းမသခင် ...။ သည်လမှာတော့ ကျွန်တော်တို့က လူတစ်သန်းပဲ ဖမ်းမိခဲ့ပါတယ် "
အရှေ့မြစ်ဖျား ခန်းမသခင်က ခေါင်းညိတ်လိုက်ပြီး
" လူတစ်သန်းလား ...။ လူတစ်သန်းဆို လုံလောက်ပါပြီကွာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က လူတစ်သန်းလုံးကို တစ်ကြိမ်တည်းနဲ့ သတ်ပစ်လို့မှ မရတာ "
သည်အရှေ့မြစ်ဖျား ခန်းမဟာ သွေးဘိုးဘိုးကြီးရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ခန်းမတစ်ခုပါ။ သွေးဘိုးဘိုးကြီးဟာ ရှင်းတိကောဝမ်ရဲ့ လက်ရုံးတစ်ယောက် ဖြစ်တဲ့အတွက် နယ်မြေဒေသ ဆယ်ခုကျော်ကို အုပ်ချုပ်ခွင့် ရထားခဲ့ပါတယ်။
နယ်မြေဒေသ တစ်ခုမှာ အနည်းဆုံး လူဦးရေ သန်းတစ်ထောင်ကျော် ရှိတဲ့အတွက် နယ်မြေဒေသ ဆယ်ခုကျော်ကို အုပ်ချုပ်ခွင့်ရထားတဲ့ သွေးဘိုးဘိုးကြီးဟာ သွေးပုလဲတွေကို ဖောဖောသီသီ ရနေခဲ့ပါပြီ။ အဲသည်အတွက် သူဟာ သူ့ရဲ့ လက်အောက်ငယ်သားတွေကို အရင်လို ဖိအား သိပ်မပေးတော့ပါဘူး။
ဝုန်း ...
အရှေ့မြစ်ဖျား ခန်းမရဲ့ ပင်မခန်းဆောင် တစ်ခုလုံးဟာ တုန်ခါသွားခဲ့ပါပြီ။
ရာသီဥတုကလည်း ရုတ်တရတ်ကြီး အိုက်စပ်စပ် ဖြစ်လာခဲ့သလို ကောင်းကင် တစ်ခုလုံးဟာလည်း အုံ့မှိုင်း သွားခဲ့ပါတယ်။ ဒါက ကမ္ဘာကြီးရဲ့ အဆုံးသတ်လားလို့တောင် တွေးထင်စရာပါပဲ။
" ဘယ်သူက အကာအကွယ် အစီအရင်ကို တိုက်ခိုက်နေတာလဲ။ အမြန်သွားကြည့်ကြစမ်း "
အရှေ့မြစ်ဖျားခန်းမသခင်က ဒေါသတကြီးနဲ့ အမိန့်ပေးလိုက်ပါတယ်။
အခု သည်အရှေ့မြစ်ဖျားခန်းမကို အကာအကွယ် ပေးထားတဲ့ အစီအရင်ဟာ နဂိုမူလတုန်းက အရှေ့မြစ်ဖျားဂိုဏ်း ခင်းကျင်းထားတဲ့ အစီအရင်နဲ့ အတူတူပါပဲ။
သည်အစီအရင်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အလယ်အလတ် အဆင့် ပညာရှင်တွေရဲ့ အဆက်အပြတ် တိုက်ခိုက်မှုကိုတောင် ကြံကြံ့ခံနိုင်ပါတယ်။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင်တွေတောင်မှ သည်အကာအကွယ်အစီအရင်ကို အချိန်တို အတွင်းမှာ ဖျက်ဆီးနိုင်စွမ်း မရှိပါဘူး။
ဒါပေမဲ့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြည့်ရတာတော့ အကာအကွယ် အစီအရင်ဟာ တစ်ချက်တည်းနဲ့ ဖျက်ဆီး ခံလိုက်ရသလိုပါပဲ။
" မဟုတ်မှလွဲရော ...။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ထိပ်သီး ပုဂ္ဂိုလ်တွေများလား "
အရှေ့မြစ်ဖျား ခန်းမသခင်က ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
ဟူး ... ဟူး ... ဟူး ...
ဝှစ် ... ဝှစ် ...
ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် မိစ္ဆာတာအို ကျင့်ကြံသူအချို့ဟာ ကောင်းကင်ပေါ်ကို ပျံတက် လိုက်တဲ့ အခါမှာတော့ အဝေးကနေ လာနေတဲ့ လီဖူချန်းကို တွေ့လိုက်ရပါတယ်။
" ဟင် ... တစ်ယောက်တည်းလား "
သုတို့တွေက လီဖူချန်းရဲ့ လွှမ်းမိုးနိုင်စွမ်း အားကောင်းလှတဲ့ ချီအရှိန်အဝါကို သတိပြုမိပေမယ့်လည်း သိပ်ပြီးတော့ ဂရုမစိုက်ကြပါဘူး။ တစ်ဖက်လူက ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ။ အရှေ့မြစ်ဖျား ခန်းမကို ရန်လာစရင်တော့ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပါပဲ။ ရှင်းတိကောဝမ်၊ သွေးဘိုးဘိုးကြီးနဲ့ ယင်ဘိုးဘိုးကြီးတို့ ရှိနေတဲ့ သူတို့ မိစ္ဆာတာအို အင်အားစုကို နတ်ဆိုး၁၀ပါး နယ်မြေကတောင်မှ ရန်မစရဲပါဘူး။
***