လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်း
Vol. 103 Ch. 1427
သိမ်းငှက်ပြာတောင်၏ မြောက်ဘက်တွင် ရူးသွပ်နတ်ဘုရားရဲတိုက်တစ်ခု ရှိသည်။ ယင်းမှာ သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ အကြီးဆုံး မှောင်ခိုဈေးတစ်ခုပင်။ နတ်ဘုရားအမြစ်များ ရှိလျှင် ထိုဈေး၌ ကြိုက်ရာ ရရှိနိုင်သည်။ မျိုးနွယ်ငယ်လေးများမှ သခင်မလေးများနှင့်(ဥပမာလောချင်းယန်) အိပ်လိုလျှင်ပင် ရူးသွပ်နတ်ဘုရားရဲတိုက်က ဖြစ်အောင်လုပ်ပေးနိုင်၏။ သို့သော် နတ်ဘုရားအမြစ်တော့ လုံလုံလောက်လောက် ရှိရပေလိမ့်မည်။
ကျန်းရီ ထိုရဲတိုက်သို့ သွားမည်မှာ ပြဿနာရှာရန် မဟုတ်ပေ။ သူ တိရှအရှင်ကို ကတိမပေးခဲ့လျှင်ပင် ကျိုးထျန်းကျဲ၏ မျက်နှာကိုထောက်၍ အကြောင်းမရှိဘဲ ရူးသွပ်နတ်ဘုရားနန်းတော်ကို ပြဿနာသွားရှာမည် မဟုတ်ချေ။
ရှောင်ဟုန်သည် ကျန်းရီက ရူးသွပ်နတ်ဘုရားရဲတိုက်သို့ ပစ္စည်းများဝယ်ရန် သွားမည်ဖြစ်ကြောင်း ကြားလိုက်သောအခါ သူ့လက်အောက်ငယ်သားတစ်ယောက်ကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်၏။ ထို့နောက် သူသည် နတ်ဘုရားလှေတစ်စင်းထုတ်၍ ကျန်းရီနှင့်အတူ မြောက်ဘက်သို့ ပျံသန်းသွားလိုက်လေသည်။
ရှောင်မျိုးနွယ်က သိမ်းငှက်ပြာစီရင်စုနယ်ကို ထိန်းချုပ်ထားခဲ့သည်မှာ ဆယ်နှစ်ရှိခဲ့ပြီဖြစ်သည်။ အတိတ်တွင် မိုမျိုးနွယ်မှ အကြီးအကဲတစ်ယောက်နှင့် သူတို့၏ ဆက်ဆံရေးက အတော်လေး ကောင်းခဲ့သည်။ သို့သော် ထိုအကြီးအကဲက ဘက်ရွေးမှားခဲ့သည်။ လက်ရှိတိရှအရှင် အာဏာရလာကတည်းက ထိုအကြီးအကဲ အာဏာပျောက်ခဲ့ရသည်။ ထို့ကြောင့် ရှောင်မျိုးနွယ်သည်လည်း သူတို့၏ ကျောထောက်နောက်ခံကို ဆုံးရှုံးခဲ့ရပေသည်။ ယခုတွင် ရှောင်ဟုန်သည် တိရှအရှင်က သူ၏ စီရင်စုနယ်အရှင်ရာထူးကို ရုတ်သိမ်းပစ်မည်ကို အမြဲစိုးရိမ်နေ၏။ ဆိုရလျှင် ရှောင်မျိုးနွယ်ကလည်း အတိတ်တွင် ဘက်ရွေးမှားခဲ့သည် မဟုတ်ပါလား။ သို့ဖြစ်၍ သူက မျိုးနွယ်ခေါင်းဆောင်ပီပီ အရှုပ်များကို ရှင်းရပေမည်။
နောက်ဆုံးတွင် အရှုပ်များကို ရှင်းနိုင်ရန် အခွင့်အရေးတစ်ခု ရလာပေပြီ။ ရှောင်ဟုန်သည် ထိုအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။ တိရှအရှင်က ကျန်းရီထံတွင် မည်သည့်အရာကို မြင်နေကြောင်း သူမသိသော်လည်း ကျန်းရီက တစ်နေ့တွင် ထိပ်သို့ တက်လှမ်းနိုင်လိမ့်မည်ကိုတော့ သူ ကောင်းစွာ သိပေသည်။
ဤနှစ်များအတွင်း တိရှအရှင်သည် သူ၏လက်အောက်ငယ်သားများကို လူအများအရှေ့၌ တစ်ခါမှ အရှက်မခွဲခဲ့ဖူးပေ။ ထိုတိရှအရှင်၏ အကျင့်စရိုက်မှာ တည်ငြိမ်နွေးထွေးသည်။ တစ်ယောက်ယောက်က စည်းမကျော်သေးသ၍ သူသည် မည်သူ့ကိုမှ ခက်ခက်ထန်ထန် ကိုင်တွယ်မည် မဟုတ်ချေ။ သူ လုပ်လေ့ရှိသည်မှာ အပြစ်ကျူးလွန်သူကို သိုသိုသိပ်သိပ် အပြစ်ပေးခြင်းသာ။
တိရှခန်းမတွင် တိရှအရှင်သည် ချင်လျန်ရှန်ထံ အသံပို့လွှတ်၍ ကိစ္စကို ဆက်မချဲ့တော့ရန် အလွယ်တကူ ပြောလိုက်နိုင်သည်။ ထိုသို့လုပ်ခဲ့လျှင်လည်း ရလဒ်က အတူတူသာ ဖြစ်ပေလိမ့်မည်။ သို့သော် သူက ထိုသို့ မလုပ်ခဲ့ဘဲ မဲပေးပြီးသည်အထိ စောင့်နေပြီးမှ ကျန်းရီကို စီရင်ချက်ချတော့မည့်အချိန်တွင် ခက်ထန်သော အသံပို့လွှတ်မှုတစ်ခု ပို့ခဲ့သည်။ ယင်းမှာ မည်သို့သော အဓိပ္ပာယ်နည်း။
တိရှအရှင်က ချင်မျိုးနွယ်၏ လုပ်ကိုင်ပုံကို သဘောမကျခြင်း သို့မဟုတ် သူက ကျန်းရီကို ကာကွယ်ပေးနေသည်ဟု အားလုံးကို သိသွားစေလိုခြင်း ဖြစ်မည်။ နောက်တွင် သူသည် မိုလင်းချိုးအား ကျန်းရီကို အမည်မဲ့ကျွန်းသို့ ကိုယ်တိုင်ခေါ်လာရန်လည်း စေခိုင်းခဲ့သေးသည်။ သူ၏ရည်ရွယ်ချက်မှာ သူက ကျန်းရီကို ကာကွယ်ပေးထားကြောင်း တိရှဘုံတစ်ခုလုံးကို သိစေလိုခြင်းသာ။
ထို့ကြောင့် ယခုမှစ၍ ကျန်းရီသည် တိရှဘုံ၌ လုပ်ချင်ရာကို လုပ်နိုင်ပြီဖြစ်သည်။ သူ၏စွမ်းရည်များ တိုးတက်လာသည်နှင့် သူသည် တိရှအရှင်၏ မျက်နှာသာအပေးခံရဆုံး လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာနိုင်သည်။ မိုလင်းချိုးနှင့်ပင် အဆင့်အတန်းတူသွားနိုင်သည်။ အကယ်၍ ရှောင်ဟုန်သာ ကျန်းရီ၏ ကျေးဇူးရှင်စာရင်းထဲတွင် ရှိနေမည်ဆိုလျှင် အနာဂတ်၌ ရှောင်မျိုးနွယ်က ခိုင်မာသော ကျောက်ထောက်နောက်ခံတစ်ခုကို ရပေလိမ့်မည်။
“ကျန်းရီ... မင်း ဘာလို့ ဒီတစ်ခေါက် ရှောင်လန်ကို ခေါ်မလာခဲ့တာလဲ။ အဲ့ကောင်စုတ်က အမိန့်မနာခံလို့လား”
နတ်ဘုရားလှေပေါ်တွင် ရှောင်ဟုန်က အာလာပသလ္လာပပြောသည်။ သူသည် အသက်အရွယ်ရှိပြီး အတွေ့အကြုံရင့်ကျက်၍ ဉာဏ်ကောင်းသူဖြစ်သည်။ လူတစ်ယောက်ကို ချဉ်းကပ်ရန် အလွန်အကြူး မလုပ်သင့်ကြောင့် သူသိသည်။ သူက သူ့သမီးကို ကျန်းရီနှင့် တစ်ညအိပ်စေလိုက်လျှင်ပင် ကျန်းရီက သူ့ကို သိပ်အရေးစိုက်လောက်မည် မဟုတ်။ ကျန်းရီကဲ့သို့သောသူမျိုးကို ချဉ်းကပ်ရန် ဖြည်းဖြည်းချင်း ရင်းနှီးမှု တည်ဆောက်ယူရမည်ဖြစ်သည်။
ကျန်းရီသည် ရှောင်လန်အကြောင်းကို ကြားသောအခါ မျက်နှာထား နွေးထွေးသွား၏။ ထို့နောက် သူ ခေါင်းခါ၍ ပြောလိုက်သည်။
“မဟုတ်ပါဘူး... ရှောင်လန်က နာခံပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် သူ ကျွန်တော့်နောက် လိုက်ခဲ့တုန်းက ဒဏ်ရာရသွားလို့ အခု နတ်သိမ်းငှက်မြို့မှာ ဒဏ်ရာကုသနေပြီး အားဖြည့်နေတာပါ။ စီရင်စုနယ်အရှင်... ကျွန်တော့်ကို ကာကွယ်ဖို့ ရှောင်လန်ကို ထည့်ပေးခဲ့တဲ့အတွက် ကျွန်တော် စီရင်စုနယ်အရှင်ကို ကျေးဇူးတောင် မတင်ရသေးဘူး။ ကျေးဇူးတင်ပါတယ်”
“ရပါတယ်... ကျေးဇူးတင်ဖို့ မလိုပါဘူး”
ရှောင်ဟုန်သည် ပြုံး၍ ရှောင်လန်က ကောင်းသောအရာတစ်ခုကို လုပ်ခဲ့ပြီဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်၏။ ထို့နောက် သူ ပုံမှန်လေသံဖြင့် ဆက်ပြောလိုက်သည်။
“ငါ့ရဲ့ အဲ့ညီ(၉)က စကားအပြောအဆို မတတ်ပေမဲ့ စိတ်ရင်းကောင်းတဲ့သူပါ။ သူက မင်းနောက်ကို လိုက်နိုင်တာ အခွင့်ထူးရတာပါပဲ။ သူ့မှာ လိုအပ်ချက်တွေရှိရင် မင်းက ငါ့ကိုယ်စား သူ့ကို ဆုံးမပဲ့ပြင်ပေးပါ”
“ဟင်းဟင်း...”
ကျန်းရီသည် ရှောင်ဟုန်၏ ရည်ရွယ်ချက်ကို သိသော်လည်း မသိချင်ယောင်ဆောင်၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“စီရင်စုနယ်အရှင်က အရမ်းကြင်နာလွန်းနေပါပြီ။ ဒီတစ်ခေါက် အရှင် ကျွန်တော့်ကို ကာကွယ်ဖို့ ကြိုးစားပေးခဲ့တဲ့ ကိစ္စကို ကျွန်တော်ကျန်းရီ မှတ်ထားမှာပါ”
“အဲ့ဒါက အသေးအဖွဲလေးပါ.. အသေးအဖွဲလေးပါ”
ရှောင်ဟုန်၏ အပြုံးက ပို၍ရွှင်ပြလာ၏။ ယခုတွင် ကျန်းရီက ထိုသို့ပြောလိုက်ပြီဖြစ်ရာ ရှောင်ဟုန်အနေဖြင့် ဆက်ပြောနေရန် မလိုတော့ပေ။ ထို့ကြောင့် သူ စကားလမ်းကြောင်းလွှဲလိုက်သည်။
“ကျန်းရီ... မင်းက ရူးသွပ်နတ်ဘုရားရဲတိုက်ကနေ ဘာဝယ်ချင်လို့လဲ။ မင်းလိုချင်တာ ငါ့ဆီမှာ ရှိ၊ မရှိ ငါ ကြည့်ပေးမယ်လေ။ ငါ့မှာရှိရင် မင်း အဲ့ရဲတိုက်ကို သွားနေစရာ မလိုတော့ဘူးပေါ့။ ကျိုးထျန်းမျိုးနွယ်ဝင်တွေက တစ်ခါတလေ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ နောက်ကျ မင်း အဲ့ပစ္စည်းတွေကို ရလာရင် ငါ့ကို ပြန်ဆပ်ပေါ့”
ယခုတွင် ရှောင်ဟုန်သည် ကျန်းရီ၏ အကျင့်စရိုက်ကို အနည်းငယ် သိလာပြီဖြစ်သည်။ သူသည် ထိုပစ္စည်းများကို ကျန်းရီအား အလကားပေးမည်ဟု မပြောဘဲ ‘ချေးပေး’သလိုမျိုး ပြောလိုက်၏။ ကျိုးထျန်းမျိုးနွယ်ဝင်များက စိတ်ပျက်စရာကောင်းသည်ဟုလည်း ပြောလိုက်သေးသည်။ သူသည် သူက ကျန်းရီဘက်မှ ဖြစ်ပြီး သူတို့တွင် ဘုံရန်သူရှိကြောင်း အရိပ်အမြွက်ပြလိုက်ခြင်းပင်။
မျှော်လင့်ထားသကဲ့သို့ပင်။
ကျန်းရီ၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ သူသည် ခေတ္တမျှတွေးတော၍ ရှောင်ဟုန်ကို ပြောလိုက်သည်။
“ကျွန်တော်က အနက်ရောင်မိုးကျောက်၊ ရွှေရောင်မီးကျောက်နဲ့ ထျန်းချီပန်းတွေ ဝယ်ဖို့လိုတာ။ အဲ့ဒါတွေ စီရင်စုနယ်အရှင်ဆီမှာ ရှိပါသလား”
“အဲ့ဒါတွေက...”
ရှောင်ဟုန်သည် တစ်ခဏ စဉ်းစား၍ အိုးတိုးအန်းတန်းဖြင့် ပြန်ဖြေလိုက်၏။
“ငါက ရှောင်မျိုးနွယ်ရဲ့ သိုလှောင်ခန်းကို စီမံတာမဟုတ်တော့ အဲ့မှာ ဘာတွေရှိလဲ သေချာမသိဘူး။ မင်းပြောတဲ့ဟာတွေ ရှိ၊ မရှိဆိုတာ ငါ မေးကြည့်မှရမယ်။ ကဲပါလေ... ငါတို့ ရူးသွပ်နတ်ဘုရားရဲတိုက်ကိုပဲ အရင်သွားကြည့်ကြတာပေါ့။ ရှောင်မျိုးနွယ် သိုလှောင်ခန်းမှာ အဲ့ပစ္စည်းတွေ ရှိတယ်ဆိုရင် ငါ အဲ့ဒါတွေကို နတ်သိမ်းငှက်မြို့ဆီ ပို့ခိုင်းလိုက်ပါမယ်”
ရှောင်မျိုးနွယ်တွင် ထိုပစ္စည်းများ မရှိကြောင်း သိသာသည်။ သို့သော် ကျန်းရီသည် ရှောင်ဟုန်၏ ဟန်ဆောင်မှုကို မဖျက်ဆီးလိုက်ဘဲ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီရင်စုနယ်အရှင်”
ရှောင်ဟုန်သည် စကားလမ်းကြောင်း ထပ်လွှဲ၍ ဒေသရိုးရာများအကြောင်း၊ ရာသီဥတုအကြောင်း၊ တောင်များအကြောင်းနှင့် သိမ်းငှက်ပြာတောင်မှ ရှုခင်းများအကြောင်းကို ပြောလိုက်သည်။ ကျန်းရီသည်လည်း အခြားလုပ်စရာ မရှိသဖြင့် စကားစမြည် ပြောနေလိုက်၏။ ရှောင်ဟုန်က အမှန်ပင် ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ကြောင်း ကျန်းရီ ဝန်ခံရသည်။ ရှောင်ဟုန်သည် မည်သို့ပြုမူရမည်၊ မည်သို့ပြောဆိုရမည်ကို ကောင်းစွာသိသဖြင့် တစ်ကြိမ် စကားစမြည်ပြောပြီးနောက်တွင် ကျန်းရီ၏ ရှောင်ဟုန်အပေါ်အမြင်က များစွာတိုးတက်သွားပေသည်။
နေ့တစ်ဝက်ကြာပြီးနောက် နတ်ဘုရားလှေက ဧရာမ တောင်တန်းဒေသကြီးတစ်ခုသို့ ရောက်သွား၏။ ထိုဒေသထဲတွင် ဝင်္ကပါအစီအရင်တစ်ခုကိုလည်း ဆင်ထားသည်။ နတ်ဘုရားလှေက တောင်ထွတ်တစ်ခုအပေါ်မှ ဖြတ်ပျံလိုက်သောအခါ အဖြူရောင်အလင်းတစ်ချက် လက်သွားပြီး အရှေ့၌ ဧရာမရဲတိုက်ကြီးတစ်လုံး ထွက်ပေါ်လာသည်။ ထိုရဲတိုက်၏ ဂိတ်တံခါးအပြင်ဘက်တွင် လူများစွာ ရပ်နေကြသဖြင့် ကျန်းရီ အံ့အားသင့်သွား၏။ ထိုလူများကြားတွင် ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့လည်း ပါဝင်ပေသည်။ သူတို့၏ အကြည့်များက နတ်ဘုရားလှေမှ မခွာကြပေ။ သူတို့က ကျန်းရီ ရောက်လာမည်ကို စောင့်နေကြသည့်ပုံပင်။
“ဟင်းဟင်း...”
ရှောင်ဟုန်က ခပ်လှောင်လှောင်ပြုံး၍ ပြောလိုက်၏။
“ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့မှာ တကယ်ကောင်းတဲ့ သတင်းကွန်ရက်တစ်ခု ရှိတာပဲ။ ကျန်းရီ... သူတို့က မင်းကို ကြိုဆိုဖို့ ရောက်နေကြတာ ဖြစ်မယ်”
“သွားကြစို့...”
ကျန်းရီသည် မျက်နှာသေဖြင့် ဆက်ရှိနေ၏။ သူသည် ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့ကို သဘောမကျပေ။ သူ ထရပ်ကာ ရှောင်ဟုန်နှင့်အတူ နတ်ဘုရားလှေထဲမှ ပျံထွက်လိုက်သည်။ ကျိုးထျန်းကျဲသည် ကျန်းရီထွက်လာသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်၏။
“ဟားဟားဟား... လောကကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးပဲ။ မြို့အရှင်ကျန်း... ကျန်းခမ်းသာလို့ မာပါရဲ့လား။ အဲ.. စီရင်စုနယ်အရှင်ရှောင်လည်း ပါလာတာလား”
ကျန်းရီ စိတ်ထဲမှ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ ယနေ့မတိုင်ခင်တွင် ရှောင်ဟုန်၏ အဆင့်အတန်းက သူ၏အဆင့်အတန်းထက် များစွာမြင့်ခဲ့သည်။ ယခုတွင် ကျိုးထျန်းကျဲသည် သူနှင့် ရှောင်ဟုန်တို့ အတူထွက်ပေါ်လာသည်ကိုပင် သူ့အား အရင်နှုတ်ဆက်နေပေသည်။ ထို့ကြောင့် သူတို့က တိရှမြို့တွင် ဖြစ်ခဲ့သော ကိစ္စများကို ကြားထားပြီးဖြစ်ကြောင်း ထင်ရှားသည်။ သူ ရူးသွပ်နတ်ဘုရားရဲတိုက်သို့ လာနေကြောင်းကိုလည်း သူတို့ သတင်းကြိုရထားရပေမည်။ ထို့ကြောင့် သူတို့သည် ရဲတိုက်ဂိတ်တံခါးအပြင်၌ ကြို၍ စောင့်နေကြခြင်းပင်။
ကျန်းရီသည် တစ်ဘက်က ချိုချိုသာသာ ဆက်ဆံနေချိန်တွင် ကန့်လန့်တိုက်တတ်သူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“သခင်လေးကျိုးထျန်းနဲ့ သခင်မလေးဟယ်တို့လည်း ဒီမှာ ရှိနေကြတာလား။ ကျွန်တော်က ဒီရဲတိုက်မှာ မကြာခင် လေလံပွဲတစ်ပွဲ လုပ်မယ်လို့ ကြားလို့ ပစ္စည်းတချို့ ဝယ်ရအောင် လာခဲ့တာပါ”
ကျန်းရီသည် သူ၏လာရင်းကိစ္စကို ရှင်းရှင်းလင်းလင်း ပြောလိုက်၏။ သူ ဤရဲတိုက်သို့ လာခဲ့ခြင်းမှာ ပစ္စည်းများ ဝယ်ရန်ဖြစ်ပြီး အခြားသူများအပေါ် အမြတ်ထုတ်ရန် မဟုတ်ပေ။ သူသည် ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့နှင့်ပင် အဆက်အဆံ မလုပ်လိုချေ။
သခင်မလေးဟယ်၏ တစ်ကိုယ်လုံးက ဝေဝါးနေဆဲပင်။ သို့သော် ထိုအခိုက်တွင် သူမသည် သူမ၏ရုပ်သွင်အစစ်အမှန်ကို ဖော်ပြလိုက်ပြီး အလေးအနက် ဦးညွှတ်ကာ ချိုသာစွာပြုံး၍ ပြောလိုက်လေသည်။
“မြို့အရှင်ကျန်း... ကျွန်မတို့က မြို့အရှင်ကျန်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ မြို့အရှင်ကျန်း ရောက်လာတာက ကျွန်မတို့ ရူးသွပ်နတ်ဘုရားရဲတိုက်ကို ဂုဏ်တက်စေတာပါပဲ။ အားလုံးပဲ အထဲကို ကြွကြပါ”
သခင်မလေးဟယ်သည် ပြောဆိုပြီးသည်နှင့် နောက်လှည့်၍ ရှေ့မှ ဦးဆောင်လမ်းပြလိုက်၏။ ကျိုးထျန်းကျဲကလည်း ကျန်းရီတို့ကို သူ့အရှေ့မှ သွားရန် လက်ဟန်ပြလိုက်သည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် သခင်မလေးဟယ်အနောက်မှ လိုက်ဝင်သွားရသည်။ ရှောင်ဟုန်သည် နှုတ်ဆိတ်နေပြီး ကျန်းရီအနောက်မှ လိုက်သွားလိုက်၏။ သူက အလိုလို ကျန်းရီ၏ ကိုယ်ရံတော်တစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
ကျန်းရီသည် ခမ်းနား၍ ကျယ်ဝန်းသော ခန်းမကြီးတစ်ခုထဲသို့ ခေါ်သွားခံရ၏။ ထိုခန်းမထဲတွင် အစေခံမလေးရှစ်ယောက် ရပ်နေကြသည်။ ကြမ်းပြင်တွင် နှင်းကဲ့သို့ ဖြူဆွတ်သော ကော်ဇောကြီးတစ်ထည်ကို ခင်ထား၏။ စားပွဲပေါ်တွင်လည်း ဝိညာဉ်သစ်သီးအမျိုးမျိုးနှင့် အကောင်းစားသေရည်အမျိုးမျိုးကို တည်ခင်းထားသည်။ ခန်းမထောင့်စွန်းတစ်ခုတွင်မူ မကြာသေးခင်ကမှ အမွှေးတိုင်တစ်တိုင် ထွန်းညှိထားပေသည်။ ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့က အသင့်ပြင်ဆင်ထားကြောင်းကို အရာအားလုံးက သက်သေပြနေလေသည်။
“မြို့အရှင်ကျန်း... လက်ဖက်ရည် သောက်ပါဦး”
အစေခံမလေးများက စတင်၍ လက်ဖက်ရည် ငှဲ့ပေးကြ၏။ ကျန်းရီ လက်ဖက်ရည်တစ်ငုံသောက်လိုက်ရာ တစ်ကိုယ်လုံး နွေးထွေးသွားသည်။ ထိုလက်ဖက်ခြောက်က စိတ်ဝိညာဉ်ကို အားဖြည့်ပေးသည်လော။ ရှောင်ဟုန်သည်လည်း တစ်ငုံသောက်၍ ပြောလိုက်၏။
“ငါ့ရဲ့ တူကြီးနဲ့ တူမကြီးတို့က အရမ်းဧည့်ဝတ်ကြေတာပဲ။ ဒီလက်ဖက်ခြောက်က ယုလင်းလက်ဖက်စိမ်းမလား။ ငါတောင် ဒီလက်ဖက်ခြောက်ကို ဝယ်မသောက်နိုင်ဘူး...”
“ဟင်းဟင်း...”
ကျိုးထျန်းကျဲက ခပ်ရေးရေး ပြုံး၍ ပြန်ပြောလိုက်သည်။
“အရှင်တို့ နှစ်ယောက်စလုံးက ကျွန်တော့်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပါ။ အဲ့လက်ဖက်ခြောက်လေးတွေက ဘာမို့လို့လဲ။ ဟုတ်သား... မြို့အရှင်ကျန်း.. မြို့အရှင်ကျန်း တစ်ခုခု ဝယ်ချင်ရင် ပြောသာပြောလိုက်ပေါ့။ ကျွန်တော်က အဲ့ပစ္စည်းတွေကို မြို့အရှင်ကျန်းဆီ ပို့ပေးမှာပေါ့။ ဒီကို ကိုယ်တိုင်လာနေစရာ မလိုပါဘူး”
အခြေအနေကို ကြည့်ရသည်မှာ ကျန်းရီသည် အနက်ရောင်မိုးကျောက်များကို ဝယ်ရန် နတ်ဘုရားအမြစ် ပေးရန် မလိုလောက်တော့သည့်ပုံပင်။ ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့က ထို့ပစ္စည်းများကို သူ့အား အတင်းပေးပေလိမ့်မည်။ ကျန်းရီက ခေါင်းမာသူတစ်ယောက် မဟုတ်ပေ။ သူ့တွင် အခြားသူများ၏ လက်ဆောင်များကို ငြင်းစရာအကြောင်း မရှိချေ။ ထို့ကြောင့် သူ ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
“ကျွန်တော် ဘယ်လိုလုပ် အဲ့လို လုပ်နိုင်မှာလဲ။ ကျွန်တော်က ရွှေရောင်မီးကျောက်တွေရယ်၊ အနက်ရောင်မိုးကျောက်တွေရယ်နဲ့ ထျန်းချီပန်းတွေကို ဝယ်ချင်ရုံပါ။ ဒီတစ်ခေါက် လေလံပွဲမှာ အဲ့ပစ္စည်းတွေကို လေလံပစ်မယ်လို့ ကြားလို့ ကျွန်တော် ရောက်လာခဲ့တာပါ”
ကျိုးထျန်းကျဲက သခင်မလေးဟယ်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။ သခင်မလေးဟယ်သည် ခေတ္တမျှ တွေးတောကာ နှစ်လိုဖွယ်ပြုံးလိုက်သည်။
“ကျွန်မ ထျန်းချီပန်းတွေကိုတော့ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ ရွှေရောင်မီးကျောက် သုံးတုံးနဲ့ အနက်ရောင်မိုးကျောက် သုံးတုံး ရှိပါတယ်။ အဲ့ဒါတွေက အရမ်းအဖိုးမတန်ပါဘူး။ မြို့အရှင်ကျန်း အဲ့ဒါတွေကို လေလံဆွဲနေစရာ မလိုပါဘူး။ ကျွန်မ မြို့အရှင်ကျန်းအတွက် ချက်ချင်း ဆုံးဖြတ်ချပေးလိုက်ပါမယ်။ ဒါပေမဲ့... ရွှေရောင်မီးကျောက်တွေက ရဲတိုက်ချုပ်မှာပါ။ နောက်မှ ကျွန်မ မြို့အရှင်ကျန်းဆီ အဲ့ကျောက်တုံးတွေကို ကိုယ်တိုင်လာပေးမယ်ဆိုရင်ရော အဆင်ပြေမလား”
သခင်မလေးဟယ်သည် ထိုစကားများကို ပြောရင် အတန်ငယ် ရှက်သွေးဖြာသွား၏။ သူမက ကျန်းရီကို ညုတုတု ကြည့်လိုက်ရာ ကျန်းရီ ရင်ခုန်သွားသည်။ ထိုမိန်းမက သူမကိုယ်သူမ သူ့ထံ ပုံအပ်ရန် ကြံရွယ်နေခြင်းလော။
“ကျန်းရီ...”
ရှောင်ဟုန်က ကျန်းရီထံ ချက်ချင်း အသံပို့လွှတ်၏။
“အဲ့ဟယ်မျိုးနွယ်က မိန်းမက အပေါ်ယံမှာ မိန်းမကောင်းလေးလို့ ထင်ရပေမဲ့ တိရှမြို့မှာ ပွေတဲ့သူဆိုပြီး နာမည်ကြီးတယ်။ သူ့ရဲ့ အိပ်ရာပေါ်က စွမ်းရည်တွေကလည်း အံ့မခန်းပဲတဲ့။ သူက အချိုသပ်တဲ့နေရာမှာလည်း ဆရာမကြီး။ မင်း စမ်းကြည့်ချင်ရင်တော့ သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေါ့...”
***