မိစ္ဆာသတ်ဖြတ်စံအိမ်၏ အထူးတမန်တော်
Vol. 103 Ch. 1428
“...”
ကျန်းရီသည် ယခု သခင်မလေးဟယ်၏ ပြုမူနေပုံကို တွေ့သောအခါ ဆွံ့အသွား၏။ သူမက ဂုဏ်သိက္ခာရှိသော သခင်မလေးတစ်ယောက်ဟု သူ အမြဲထင်ခဲ့သည်။ ယနေ့တွင် သူမ ထိုသို့ ရဲရဲတင်းတင်း ပြုမူလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ရှောင်ဟုန်သည် သူမက တိရှမြို့တွင် ကျော်ကြားသော ပွေရှုပ်သူတစ်ယောက်ဟုလည်း ပြော၏။ ထိုစကားကို ပြောသူမှာ အခြားသူတစ်ယောက်ဆိုလျှင် ကျန်းရီသည် လုံးဝ ယုံကြည်မည် မဟုတ်ချေ။
သို့သော် တွေးကြည့်လျှင် ယင်းမှာ သာမန်ပင်။ ဟယ်မျိုးနွယ်မှာ စီးပွားရေးသမားများ၏ မျိုးနွယ်ဖြစ်သည်။ ထိုကဲ့သို့သော မျိုးနွယ်တစ်ခုက သူတို့၏ ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ကြပေလိမ့်မည်။ ရူးသွပ်နတ်ဘုရားရဲတိုက်သည် အကျိုးအမြတ်အတွက် ဧည်သည့်တော်များကို လုပ်ချင်ရာလုပ်ခွင့် ပေးထားသည် မဟုတ်ပါလား။ ဖြူစင်သော သခင်မလေးတစ်ယောက်က သူမ၏ မျိုးနွယ်အတွက် ပွေရှုပ်သူလေးတစ်ယောက် ဖြစ်လာနိုင်ပေသည်။ ယင်းကို နားလည်ပေး၍ရသည်။
ဤမတိုင်ခင် ကျန်းရီ၏ အဆင့်အတန်း နိမ့်ကျခဲ့စဉ်က သခင်မလေးဟယ်သည် ကျန်းရီအား သူမ၏မျက်နှာကို သေသေချာချာပင် ကြည့်ခွင့်မပေးခဲ့ချေ။ ယခုတွင်မူ ကျန်းရီက တိရှအရှင်၏ မျက်နှာသာပေးခံရသူတစ်ယောက် ဖြစ်လာရာ သခင်မလေးဟယ်ဘက်ကစ၍ ရေလာမြောင်းပေးလုပ်ခြင်းမှာ နားလည်ပေးနိုင်သော အရာပင်။
ကျန်းရီသည် အစကတည်းက သခင်မလေးဟယ်အပေါ် အမြင်မကြည်ပေ။ ယခုတွင် သူမက ထိုသို့ပြုမူလိုက်ရာ သူမအပေါ် ကျန်းရီ၏အမြင်က ပိုဆိုးသွားသည်။ ထို့ကြောင့် ကျန်းရီ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။
“သခင်မလေးဟယ်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ အဲ့ကျောက်တွေက ရဲတိုက်ချုပ်မှာဆိုတော့ တစ်ယောက်ယောက်ကိုလွှတ်ပြီး နတ်သိမ်းငှက်မြို့ဆီ ပို့ခိုင်းဖို့ သခင်လေးကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ကျွန်တော့်ကို နတ်ဘုရားအမြစ်ဘယ်လောက်ဆိုပြီး ဈေးတစ်ခု ပြောပါ။ ကျွန်တော် သေချာပေါက် ပေးမှာပါ။ ကဲ.. ကျွန်တော့်မှာလည်း လုပ်စရာကိစ္စလေးတွေ ရှိနေသးလို့.. သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်... အခုလို ဖော်ဖော်ရွေရွေ ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ်”
ကျန်းရီ ထရပ်လိုက်ရာ ရှောင်ဟုန်ကလည်း ထရပ်ရ၏။ ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ အချိန်တိုအတွင်း ကျန်းရီကို ချဉ်းကပ်နိုင်ရန် မလွယ်ကြောင်း သူတို့ သိပေသည်။ ထိုကဲ့သို့သော ကိစ္စမျိုးအတွက် လောရန်မလိုပေ။ ကျိုးထျန်းကျဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မြို့အရှင်ကျန်းမှာ ကိစ္စတွေ ရှိနေမှတော့ ကျွန်တော်တို့ မြို့အရှင်ကျန်းကို ဆက်ဆွဲမထားတော့ပါဘူး။ နောက်ကျ မြို့အရှင်ကျန်း အားရင် သိမ်းငှက်ပြာမြို့မှာ ကျွန်တော်တို့ကို လာရှာပါ။ ကျွန်တော်တို့ မြို့အရှင်ကျန်းကို ကောင်းကောင်းဧည့်ခံမှာပါ။ မြို့အရှင်ကျန်း ကျေနပ်စေရမယ်လို့ ကျွန်တော်အာမခံပါတယ်”
“ကောင်းပါပြီ”
ကျန်းရီသည် လက်ဆုပ်နှုတ်ဆက်၍ ရှောင်ဟုန်နှင့်အတူ ရူးသွပ်နတ်ဘုရားရဲတိုက်အပြင်သို့ ပျံထွက်သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် သိမ်းငှက်ပြာတောင်၌ပင် မရပ်လိုက်ကြဘဲ သိမ်းငှက်ပြာမြို့သို့ တိုက်ရိုက်သွားကာ နတ်သိမ်းငှက်မြို့ဆီသို့ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ ရှောင်ဟုန်က မျက်နှာအရေထူထူဖြင့် ရှောင်လန်ထံ အလည်လိုက်မည်ဟု အကြောင်းပြကာ ကျန်းရီနောက်သို့ တစ်လျှောက်လုံးလိုက်လာပေသည်။ ထို့ကြောင့် ကျန်းရီလည်း သူ့ကို မငြင်းသာတော့ပေ။
နတ်သိမ်းငှက်မြို့သို့ ရောက်သောအခါ မြို့ထဲတွင် လူများစွာ ရှိနေသည်ကို တွေ့လိုက်ရ၍ ကျန်းရီ အံ့အားသင့်သွား၏။ ကျန်းအိမ်တော်အပြင်ဘက်တွင်လည်း လူတန်းရှည်ကြီးတစ်ခု ရှိနေပေသည်။
ရှောင်ဟုန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ကျန်းရီ... မင်းကတော့ တိရှဘုံမှာ ကျော်ကြားပြီပဲ။ ဒီလူတွေက မျိုးနွယ်ကြီးတွေ၊ မျိုးနွယ်ငယ်တွေက စေလွှတ်လိုက်တဲ့ တမန်တော်တွေ ဖြစ်ရမယ်။ မင်း သူတို့ကို အရေးစိုက်စရာ မလိုပါဘူး။ သူတို့အကုန်လုံးက လက်ဆောင်လာပို့ကြတဲ့ လက်အောက်ငယ်သားတွေပါပဲ။ ဟင်းဟင်း... သူတို့က မင်း သူတို့ကို ပြဿနာရှာမှာကို ကြောက်ပုံရတယ်။ ပြီးတော့ သူတို့ဘက်ကစပြီးလည်း မင်းကို ရန်မရှာရဲလို့ မင်းနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေကြတာပဲ”
“ကျွန်တော် သိပြီ...”
ကျန်းရီသည် သူ့ကိုယ်သူ အလွန်စိတ်ကြီးဝင်မသွားပေ။ ထိုအစား အတန်ငယ်ပင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်၌ ရှိခဲ့စဉ်က မည်သူ့ကိုမှ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုး၍သာ အောင်မြင်အောင် လုပ်ခဲ့သည်။ သူ အထွတ်အထိပ်သို့ ရောက်သွားသောအခါ ဤကဲ့သို့ ကိစ္စမျိုး ဖြစ်လာခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင် သူ ပြုံး၍သာ လျစ်လျူရှုလိုက်၏။ ယခု သူ တိရှဘုံတွင် ကျော်ကြားလာရခြင်းမှာ တိရှအရှင်၏ မျက်နှာကြောင့် ဖြစ်ပေသည်။ သူ့အတွက် ယင်းမှာ တံလျှပ်တစ်ခုကဲ့သို့ပင်။ ဤကျော်ကြားမှုကို သူ၏အစွမ်းအစဖြင့် ရခဲ့ခြင်း မဟုတ်ပေ။ သူအမုန်းဆုံးမှာလည်း ထိုကဲ့သို့သော အရာမျိုးပင်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် မျက်နှာသေဖြင့်ပင် ကျန်းအိမ်တော်ထဲသို့ ဝင်သွားလိုက်၏။ ထို့ပြင် သူက လူတစ်ယောက်ကိုမှ လက်ခံမတွေ့လိုက်ဘဲ ဂူမူနှင့် တပ်မှူးလျှိုတို့ကိုသာ သူ့ကိုယ်စား တွေ့စေလိုက်သည်။ အစတွင် သူသည် လက်ဆောင်အားလုံးကို ငြင်းလိုခဲ့၏။ သို့သော် ရှောင်ဟုန်က သူ့အား ရူးမိုက်သည့်လုပ်ရပ်မျိုး မလုပ်ရန် တားလိုက်သည်။ လက်ဆောင်များကို ငြင်းခြင်းမှာ လက်ဆောင်ပေးသူကို ငြင်းခြင်းပင်။ ထိုမျိုးနွယ်များက ယင်းကို ရင်ထဲတွင် မှတ်ထားပေလိမ့်မည်။
ကျန်းရီသည် အနောက်ခြံဝန်းထဲသို့ သွားလိုက်ပြီး အပြင်ဘက်မှ ကိစ္စများကို အရေးမစိုက်တော့ပေ။ ထို့နောက် သူ ရှောင်ဟုန်ကိုခေါ်၍ အားဖြည့်နေသေးဆဲဖြစ်သော ရှောင်လန်ကို သွားတွေ့လိုက်၏။ အချိန်တစ်ခုလည်း ရှိခဲ့ပြီဖြစ်၍ ရှောင်လန်တစ်ယောက် သိသိသာသာ သက်သာနေပေပြီ။ ယခုတွင် သူ လှုပ်လှုပ်ရှားရှား လုပ်နိုင်နေပြီဖြစ်သည်။ ရှောင်ဟုန်သည် ရှောင်လန်၏လက်ကို နွေးထွေးစွာကိုင်၍ ‘ညီ(၉)’ဟူ၍ တတွတ်တွတ် ခေါ်ပေသည်။ ရှောင်လန်သည်ပင် ရှောင်ဟုန်၏ အပြုအမူကြောင့် အံ့လည်းအံ့ဩသလို နွေးလည်းနွေးထွေးသွားသည်။
ကျန်းရီသည် ရှောင်ဟုန်ကို ပြန်ပို့ပြီးသောအခါ အခန်းအောင်းလိုက်၏။ တိရှမြို့ထဲတွင် ဖြစ်ခဲ့သော ကိစ္စများက သူ့ကို ပို၍စွမ်းအားကြီးလာရန် အရေးတကြီး လိုအပ်သည်ဟု ခံစားရစေခဲ့၏။ အင်အားမရှိလျှင် သူ၏ကံကြမ္မာက အခြားသူများ၏ လက်ထဲတွင်သာ ရှိနေပေလိမ့်မည်။ ချင်မျိုးနွယ်၏ စကားတစ်ခွန်းက သူ၏ ရှင်ခြင်း၊ သေခြင်းကို ဆုံးဖြတ်ပေးနိုင်ပေသည်။
ယခု တိရှဘုံထဲတွင် ကျန်းရီအတွက် လုံခြုံသော်လည်း ကျန်းရီသည် တိရှဘုံထဲ၌ တစ်သက်လုံး မနေနိုင်ပေ။ သူ သူတော်စင်ဝိညာဉ်ဘုံသို့ သွားကာ ရီဖျောင်ဖျောင်ကို ရှာရန် လိုအပ်သည်။ ထို့ပြင် မင်ရည်တောင်ပံမျိုးနွယ်ကိုသွား၍လည်း ကျန်းရှောင်နူကို ရှာရမည်ဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်နိုင်ရန် သူ စွမ်းအားကြီးနေဖို့ လိုအပ်ပေသည်။ အင်အားမရှိလျှင် သူသည် သူတော်စင်ဝိညာဉ်ဘုံနှင့် မင်ရည်တောင်ပံမျိုးနွယ်တို့မှနေ၍ ခွေးမောင်းသလို မောင်းထုတ်ခံရပေလိမ့်မည်။
“ရှောင်မုန့်...”
မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး သားရဲလေး ပျံထွက်လာ၏။ ကောင်းကင်ယန်အမျက်မီးတောက်များကို ရောင်းရန် မလိုတော့၍ ကျန်းရီ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အခု မင်း အဲ့မီးတောက်တွေကို စားလို့ရပြီ။ ဒါပေမဲ့ အဲ့မီးတောက်တွေ ပိုစွမ်းအားကြီးလာအောင် ငါ့ကို အရင်သန့်စင်ခွင့်ပေးဦး။ ပြီးတော့ မကြာခင် အနက်ရောင်မိုးကျောက်တုံးနှစ်တုံးနဲ့ ရွှေရောင်မီးကျောက်တုံးနှစ်တုံး ရောက်လာလိမ့်မယ်။ အဲ့ကျရင် မင်း စားရမှာပါ”
သားရဲလေးသည် မျက်လုံးများ အရောင်လက်သွားပြီး ကျန်းရီ၏ ပခုံးထက်တွင် စိတ်လှုပ်တရှား ခုန်ပေါက်လိုက်၏။ ထို့နောက် သူ အသံပို့လွှတ်လိုက်သည်။
“တမုန့်... မင်းက အရမ်းကောင်းတာပဲ။ မြန်မြန် အဲ့မီးတောက်တွေကို သန့်စင်လိုက်။ ငါ စားချင်နေပြီ... စားချင်နေပြီ...”
ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများကို နှိုးလိုက်၏။ ထို့နောက် တဖြည်းဖြည်းဖြင့် မီးတောက်များကို သူ့နဝမမြောက်ကြယ်စက်လုံးအတွင်း စုပ်ယူလိုက်သည်။ ထို့ပြင် ဟွင့်သွမ့်အမြုတေများကို ထုတ်၍လည်း မီးတောက်အနည်းငယ် ထုတ်လိုက်သေး၏။ နောက်ဆုံးတွင် သူသည် မီးချောက်နက်၌ သူသတ်ခဲ့သော ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ ဟွင့်သွမ့်အမြုတေကို ထုတ်ယူ၍ သန့်စင်လိုက်သည်။ ထိုလုပ်ငန်းစဉ်အတွင်း သူ ထုတ်နိုင်ခဲ့သော မီးတောက်များက ငါးမျိုးဖြစ်ပေသည်။
‘ပေါင်းစည်းမီးတောက်အသစ်တွေက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ’
ကျန်းရီ သူ့ဘာသာ တွေးလိုက်၏။ သူသည် နဝမမြောက် ကြယ်စက်လုံးအတွင်းရှိ ငါးရောင်ခြယ်မီးတောက်များကို ကြည့်၍ ၎င်းတို့ကို နည်းနည်းချင်း ဂရုတစိုက် ဆင့်ခေါ်လိုက်၏။ မီးတောက်များ ထွက်ပေါ်လာသောအခါ လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများက အဆက်မပြတ် လင်းလက်လာ၏။ အကာအရံများ၏ စွမ်းအင်ကလည်း တတိတိ ကုန်ဆုံးလာပေသည်။
“ရှောင်မုန့်... အဲ့မီးတောက်တွေကို မြန်မြန်စားလိုက်”
ကျန်းရီသည် ထိုမီးတောက်များကို အပြင်တွင် ဆက်ထားပါက လျှို့ဝှက်ကျင့်ကြံခြင်းအခန်းပင် ပျက်စီးသွားလောက်ကြောင်း သတိပြုမိလိုက်၍ သားရဲလေးကို အော်ပြောလိုက်၏။ သားရဲလေးသည် မီးတောက်များဆီ ပျံသန်းသွားပြီး ငါးရောင်ခြယ်မီးတောက်များကို တလုပ်တည်း စားပစ်လိုက်လေသည်။
ကျီ...ကျီ...
မီးတောက်များကို ဝါးမျိုပြီးနောက် သားရဲလေး၏ ခန္ဓာကိုယ်က ရွှေရောင်လင်းလက်လာ၏။ ထို့နောက် ၎င်းက စိတ်လှုပ်တရှား အသံပို့လွှတ်လိုက်သည်။
“တမုန့်... ဒီမီးတောက်တွေက အရမ်းအားကောင်းတာပဲ။ ငါ ထပ်စားချင်သေးတယ်.. ထပ်ပေးပါဦး...”
ကျန်းရီသည် မီးတောက်များကို ဂရုတစိုက်ဖြင့် နည်းနည်းချင်း ထုတ်ပေး၏။ သားရဲလေးသည် မီးတောက်လုံးဆယ်လုံးကို စားပြီးနောက်တွင် ဆက်မစားနိုင်တော့ဘဲ ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်သွားပြီး မီးဝိညာဉ်ပုလဲထဲဝင်ကာ ပျောက်ကွယ်သွားသည်။ ၎င်းသည် အိပ်မောကျမသွားခင်တွင် အသံတစ်ခုပို့လွှတ်လိုက်၏။
“တမုန့်... ဒီမီးတောက်တွေမှာ စွမ်းအင်တွေ အများကြီးပါတယ်။ ငါ အဲ့စွမ်းအင်တွေကို ခဏလောက် ငါ့ဘာသာ သန့်စင်လိုက်ဦးမယ်...”
‘ငါသာ အဲ့ငါးရောင်ခြယ်မီးတောက်တွေကို သုံးပြီး အလစ်တိုက်ခိုက်မယ်ဆိုရင် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေကိုတောင် သတ်နိုင်လောက်တယ်မလား’
ကျန်းရီ နှမြောစွာ သက်ပြင်းချလိုက်သည်။ ကောင်းကင်ယန်မီးတောက်များက အကန့်အသတ်ရှိပေသည်။ ထိုကဲ့သို့သော ထူးခြားသည့် မိုးမြေမီးတောက်များမှာ နှစ်အနည်းငယ်တွင် တစ်ကြိမ်သာ ထွက်ပေါ်လာတတ်သည်။ ၎င်းတို့ကို သုံးပြီးသည်နှင့် ၎င်းတို့ ကုန်သွားမည်သာ။ သူသာ ၎င်းတို့ကို အကန့်အသတ်မရှိ ရနိုင်လျှင် ကောင်းပေလိမ့်မည်။ သို့ဆိုလျှင် သူ့၌ ကြောက်မက်ဖွယ် တိုက်ခိုက်နည်းတစ်ခု ရှိပေလိမ့်မည်။
‘ပေါင်းစည်းမီးတောက်၊ ပေါင်းစည်းစွမ်းရည်၊ မီးတောက်အမျိုးမျိုးကို ပေါင်းစည်းတာ’
ကျန်းရီသည် တွေးတောရင်းဖြင့် မျက်လုံးများ ဝေဝါးလာ၏။ မီးတောက်အမျိုးမျိုးကို ပေါင်းစည်းခြင်းနှင့် တိရှဘုံရှိ ထူးခြားသော မီးတောက်များက သူ့အား မီးဓာတ်စည်းမျဉ်းများကို အနည်းငယ်ပို၍ နားလည်လာစေ၏။ သူသည် ယခုမှ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို ပထမဆုံးအကြိမ် ကျင့်ကြံခြင်းဖြစ်သည်။
ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်၏။ သူ့အတွေးထဲတွင် မီးတောက်အမျိုးမျိုး ရှိနေသည်။ ထိုမီးတောက်များက ပေါင်းစည်းလိုက်၊ ကွဲသွားလိုက် ပြန်ပေါင်းစည်းလိုက်နှင့် ရှိနေကြသည်။ သူသည် ထိုလုပ်ငန်းစဉ်အတွင်း အပြည့်အဝ စိတ်နှစ်ထားပြီး အနိမ့်ဘုံအချိန်ငါးရက်ကြာအောင် ဆက်တိုက် လေ့လာသုံးသပ်လိုက်ပေသည်။
ငါးရက်ကြာပြီးနောက် အခန်း၏ အကာအရံများ လင်းလက်လာ၏။ ကျန်းရီ ရုတ်ခြည်း ပြန်နိုးလာသည်။ သူသည် မချင့်မရဲဖြင့် မျက်လုံးများ ဖွင့်လိုက်ရ၏။ တပ်မှူးလျှိုနှင့် အခြားသူများကို သူ့အား လာမနှောင့်ယှက်ဖို့ မှာခဲ့ရန် သူ မေ့သွားခဲ့သည်။ သူ့အတွက် မီးဓာတ်စည်းမျဉ်းများကို သိမြင်နားလည်နိုင်ရန် မလွယ်ပေ။ သို့သော် ယခုအတိုင်း ဆက်၍သုံးသပ်ဆင်ခြင်နေပါက သူ ဉာဏ်အလင်းပွင့်သွားနိုင်လောက်သည်။ ယခုတွင်မူ... မည်မျှနှမြောစရာကောင်းပါသနည်း။
‘ထားလိုက်ပါတော့။ ငါက ဒီမီးတောက်ပေါင်းစည်း စည်းမျဉ်းကို စပြီးနားလည်နေပြီပဲ။ အပြည့်အဝနားလည်လာဖို့က အချိန်တစ်ခုပဲ လိုမှာပါ’
ကျန်းရီ ထရပ်လိုက်ပြီး လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ တံခါးကို ဖွင့်လိုက်၏။ အပြင်ဘက်တွင် တပ်မှူးလျှို ရပ်နေပေသည်။ တပ်မှူးလျှိုသည် တောင်းပန်ဟန်ဖြင့် ပြုံး၍ ပြောလိုက်၏။
“မြို့အရှင် ကျုပ်တောင်းပန်ပါတယ်။ မြို့အရှင် အခန်းအောင်းကျင့်ကြံနေတာကို ကျုပ် မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အထူးတမန်တော်က ဒီကို ရောက်လာလို့ပါ”
“မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အထူးတမန်တော်လား”
ကျန်းရီ၏ အတွေးထဲ၌ တိမင်၏ပုံရိပ် ထွက်ပေါ်လာ၏။ အကြောင်းအချို့ကြောင့် သူစတင်၍ ရင်တုန်လာသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ခပ်သွက်သွက်လျှောက်သွားကာ မေးလိုက်သည်။
“အဲ့အထူးတမန်တော်ရဲ့ နာမည်က ဘယ်သူတဲ့လဲ။ ပင်မစံအိမ်မှာ သူ့ရဲ့အဆင့်အတန်းက ဘာလဲ”
တပ်မှူးလျှိုသည် ခေါင်းကုတ်၍ အိုးတိုးအန်းတန်း ပြော၏။
“သူက... ရွှမ်ယွမ်လင်းယန်ပါ”
***