← Chapters

လူထုရေးရာ မဟာဝန်မင်း

Vol. 103 Ch. 1429

လူထုရေးရာ မဟာဝန်မင်း

Vol. 103 Ch. 1429

ရွှမ်ယွမ်လင်းယန်က သူမ၏မျိုးနွယ်သို့ ပြန်သွားခဲ့သည်။ ကျန်းရီသည် သူမ ပြန်လာလိမ့်ဦးမည်ဟု မထင်ခဲ့ပေ။ သူ သူမကို ထပ်မတွေ့လိုချေ။ အချိန်တိုအတွင်းမှာပင် သူမကို မိစ္ဆာသတ်ဖြတ်စံအိမ်၏ အထူးတမန်တော်အဖြစ် ပြန်တွေ့ရလိမ့်မည်ဟုလည်း သူ မျှော်လင့်မထားပေ။

ကျန်းရီ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။ သို့သော် သူသည် ရွှမ်ယွမ်လင်းယန်ကို တွေ့ဆုံရန် မကြောက်ပါပေ။ သူနှင့် တပ်မှူးလျှိုတို့သည် ဧည့်ခန်းမသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်ကြသည်။ ဧည့်ခန်းမထဲတွင် အမှန်ပင် ရင်းနှီးသောလူတစ်ယောက် ရပ်နေပေသည်။ အချိန်အနည်းငယ် ရှိခဲ့သေးသော်လည်း ရွှမ်ယွမ်လင်းယန်တစ်ယောက် သိသိသာသာ ပိန်သွားခဲ့သည်။ ထို့ပြင် ယခုတွင် သူမက ပိုရင့်ကျက်လာပုံလည်း ပေါ်ပေသည်။

ရွှမ်ယွမ်လင်းယန်သည် ကျန်းရီက သူမထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို မြင်လိုက်သောအခါ မျက်နှာလေးရဲသွား၏။ သူမ၏ မျက်ဝန်းများထဲတွင်လည်း ဒေါသနှင့် အမုန်းတရား အရိပ်အယောင်များ လက်သွားသည်။ သို့သော် သူမသည် ချက်ချင်း ဣန္ဒြေပြန်ဆည်ကာ ထရပ်၍ ပြောလိုက်လေသည်။

“အမဲလိုက်တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်”

ရွှမ်ယွမ်လင်းယန်၏ဘေးတွင် အဘိုးအိုတစ်ယောက် ရှိနေ၏။ ကျန်းရီက ထိုအဘိုးအိုကို ခြေဆုံးခေါင်းဆုံး ကြည့်နေကြောင်း သတိပြုမိလိုက်သောအခါ ရွှမ်ယွမ်လင်းယန်က သူ့ကို မိတ်ဆက်ပေး၏။

“သူက ပင်မစံအိမ်က အရှင်ချန်းပါ။ ကျွန်မတို့က ပင်မစံအိမ်က လက်ထောက်စံအိမ်အရှင်ရဲ့ အမိန့်နဲ့ ပင်မစံအိမ်ရဲ့ အထူးတာဝန်တစ်ခုအရ ဒီကို လာခဲ့တာပါ”

“အို့... အရှင်ချန်းလား”

ကျန်းရီ၏ရင်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွား၏။ ပင်မစံအိမ်၏ လက်ထောက်စံအိမ်အရှင်လော။ ပင်မစံအိမ်တွင် လက်ထောက်စံအိမ်အရှင် နှစ်ယောက်ရှိသည်။ သူတို့ထဲမှ တစ်ယောက်က ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင် ဖြစ်သည်။ ရွှမ်ယွမ်လင်းယန်၏ အဘိုးသည် သူမကို ဤနေရာသို့ စေလွှတ်၍ သူမနှင့် ကျန်းရီတို့ကြားမှာ ရန်ငြိုးကို ပြေလည်အောင် ရှင်းခိုင်းခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“လက်ဖက်ရည် ဧည့်ခံပါ”

ကျန်းရီသည် အိမ်ရှင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ အစေခံမလေး အနည်းငယ်က ချက်ချင်း လက်ဖက်ရည်အိုးနှင့် လက်ဖက်ရည်ပန်းကန်လုံးများကို လင်ဗန်းဖြင့် တင်ယူလာကြသည်။ ကျန်းရီက အရှင်ချန်းကို ခေါင်းဆတ်ပြ၍ လက်ဆန့်ကာ ပြောလိုက်သည်။

“အရှင်ချန်း၊ သခင်မလေးရွှမ်ယွမ် လက်ဖက်ရည် သုံးဆောင်ကြပါဦး”

အရှင်ချန်းသည် ကျန်းရီ၏ နှိမ့်ချတတ်သော အကျင့်စရိုက်ကြောင့် အလွန်သဘောကျနေ၏။ ထို့နောက် သူသည် မည်သို့မှမပြောဘဲ ပြုံး၍ လက်ဖက်ရည်တစ်ငုံ တစ်သော်လိုက်သည်။ ရွှမ်ယွမ်လင်းယန်လည်း လက်ဖက်ရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။

“အမဲလိုက်တမန်တော်... ပင်မစံအိမ်က ရှင့်ရဲ့ အမဲလိုက်တမန်တော်ဘွဲ့ကို ပြန်သိမ်းပြီး ရှင့်ကို လူထုရေးရာ မဟာဝန်မင်းဘွဲကို ပေးလိုက်တယ်။ ပြီးတော့ ရှင့်ကို နတ်သိမ်းငှက်မြို့က မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ စံအိမ်အရှင်ရာထူးလည်း ပေးလိုက်တယ်...”

“လူထုရေးရာ မဟာဝန်မင်းဘွဲ့က ပင်မစံအိမ်မှာ အရမ်းအရေးပါပြီး ထူးခြားပါတယ်။ အဲ့ဘွဲ့ထူးနဲ့ဆိုရင် ရှင် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်အတန်းကို တန်းတက်နိုင်ပြီ။ ရှင်ဆက်ပြီး ကြိုးစားလုပ်ဆောင်ဖို့ ပင်မစံအိမ်က မျှော်လင့်တယ်။ ရှင် စံအိမ်ကို ဂုဏ်တက်အောင် လုပ်ပေးနိုင်ရင် ပင်မစံအိမ်က ရှင့်ကို အထူးဘွဲ့တစ်ခု ချီးမြှင့်ပြီး ဘွဲ့ထူးရ စစ်နတ်ဘုရားတစ်ယောက် ဖြစ်ခွင့်ပေးဖို့ စဉ်းစားလိမ့်မယ်”

“အာ...”

ကျန်းရီသည် ရွှမ်ယွမ်လင်းယန်ကို နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ကာ ကြည့်လိုက်၏။ သူမပြောနေသည်များကို သူ သိပ်နားမလည်နိုင်ပေ။ သူ့အနောက်မှ တပ်မှူးလျှို၏ မျက်နှာတွင်တော့ လေးစားသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ကျန်းရီက တပ်မှူးလျှိုကို တစ်ချက်လှည့်ကြည့်လိုက်ရာ တပ်မှူးလျှိုက အသံပို့လွှတ်ပေသည်။

“မြို့အရှင်... အဲ့လူထုရေးရာ မဟာဝန်မင်းဘွဲ့က အရမ်းကောင်းတဲ့ဘွဲ့ထူး တစ်ခုပါ။ ကျုပ် ဥပမာ‌နဲ့ပြောမယ်... အမဲလိုက်တမန်တော်က စံအိမ်ခွဲတိုင်းကို စစ်ဆေးခွင့်ရှိတယ်၊ ဒါပေမဲ့ ပြဿနာက အမှားတစ်ခုခု တွေ့ရင် အထက်ကို ပြန်တင်ပြရုံပဲ တတ်နိုင်တာပဲ။ ကိုယ်တိုင် ပြဿနာကို ကိုင်တွယ်ခွင့်မရှိဘူး...”

“လူထုရေးရာ မဟာဝန်မင်းကတော့ ပင်မစံအိမ်ကို ကိုယ်စားပြုပြီး စံအိမ်ခွဲတွေကို ကြီးကြပ်ခွင့်ရှိတယ်။ တကယ်လို့ ပြဿနာတစ်ခုခု တွေ့ရင်လည်း မြို့အသေးလေးတွေမှာဆို စံအိမ်အရှင်တွေကိုတောင် ဖြုတ်ချခွင့် ရှိပါတယ်။ ပြီးတော့ ဘွဲ့ထူးရ စစ်နတ်ဘုရားအဆင့်နဲ့ အောက်က တပည့်တွေကိုလည်း အသုံးပြုခွင့် ရှိပါတယ်”

“ဪ...”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပြီး အံ့ဩတကြီးဖြင့် ခါးမတ်မတ် ထိုင်လိုက်၏။

အမဲလိုက်တမန်တော်မှာ အာဏာအစစ်အမှန် မရှိသော အရာခံတစ်ယောက်သာ။ ဤလူထုရေးရာ မဟာဝန်မင်းမှာမူ အာဏာအစစ်အမှန်ရှိသော အရာရှိတစ်ယောက်ဖြစ်ပြီး စစ်ရေးနှင့် အုပ်ချုပ်ရေးများတွင် အရေးကြီးနေရာမှ ဝင်ပါနိုင်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ထိုလူများကို တော်ဝင်တမန်တော်များဟု ခေါ်ပေလိမ့်မည်။ ထိုတမန်တော်များတွင် သတ်ဖြတ်ခွင့်အာဏာ ရှိပေသည်။ သူတို့သည် သူတို့မကြိုက်သော လူတိုင်းကို သတ်ပစ်နိုင်သည်။ သူတို့ စစ်ထွက်မည်ဆိုလျှင်ပင် မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်တပ်ကို စုဝေးနိုင်ပေသည်။

“မြို့အရှင်... ပင်မစံအိမ်ရဲ့ လက်ထောက်စံအိမ်အရှင်မှာ အဲ့လိုဘွဲ့ထူးရာထူးမျိုး ပေးနိုင်တဲ့ အာဏာမရှိပါဘူး။ အဲ့တော့ ဒီကိစ္စမှာ ပင်မစံအိမ်ရဲ့ စံအိမ်အရှင်လည်း ပါနေတယ်လို့ ကျုပ် ထင်ပါတယ်”

တပ်မှူးလျှိုက ထပ်မံ၍ အသံပို့လွှတ်လိုက်ရာ ကျန်းရီ တိမင်ကို တွေးမိသွား၏။ တပ်မှူးလျှို၏စကားက မှန်သည်ဟု သူ ခံစားရသည်။ တိမင်ကသာ ခွင့်မပြုလျှင် ပင်မစံအိမ်သည် ထိုကဲ့သို့ အရေးကြီးသည့် ဘွဲ့ထူးတစ်ခုကို ကျန်းရီကဲ့သို့သော လူငယ်တစ်ယောက်ကို ပေးဝံ့မည် မဟုတ်ချေ။ ထို့ပြင် ကျန်းရီက နတ်ဘုရားစစ်သူကြီးအဆင့်မှာပင် ရှိနေသေးသည်။ ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာလည်း မကြာသေးပေ။ ထို့ကြောင့် သူ ထိုဘွဲ့ကို ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

‘မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား’

ကျန်းရီ ရင်ခုန်သွား၏။ သူသာ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်အတန်းကို ရောက်သွားလျှင် ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ ထပ်မံဝင်နိုင်သည် မဟုတ်ပါလား။ သူသည် ယခုအထိ မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို ပြီးမြောက်အောင် မကျင့်ကြံနိုင်သေးပေ။ ထို့ပြင် ရှေးဦးဆန်းကြယ်နယ်မြေထဲ၌ ကျင့်ကြံရသော ခံစားချက်က အလွန်ကောင်းပေသည်။ ကျန်းရီသည် ထိုခံစားချက်ကို လွမ်းနေပြီဖြစ်သည်။

ကျန်းရီ ထရပ်လိုက်ပြီး ရွှမ်ယွမ်လင်းယန်နှင့် အရှင်ချန်းတို့ကို ဦးညွှတ်လိုက်၏။

“လက်ထောက်စံအိမ်အရှင်နဲ့ တခြားအရှင်တွေကို ပြောလိုက်ပါ.. ကျန်းရီက သူ့ရဲ့ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်မှာပါလို့။ ကျွန်တော် သေတဲ့နေ့အထိ တာဝန်တွေကို ကြိုးစားဆောင်ရွက်မှာပါ။ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ဂုဏ်ကို မြှင့်တင်ဖို့က ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ တာဝန်ပါပဲ။ အရှင်တို့နှစ်ယောက် ဒီကို ကိုယ်တိုင်လာပြီး သတင်းပေးတဲ့အတွက် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”

အရှင်ချန်းသည် သူ၏မုတ်ဆိတ်ကို သပ်၍ ‌ခေါင်းညိတ်ကာ ပြန်ပြော၏။

“လူထုရေးရာ မဟာဝန်မင်း... ဝန်မင်းက ငယ်ပေမဲ့ စွမ်းဆောင်နိုင်တာပဲ။ နောက်ကျရင် ဝန်မင်း ဒီထက်ပိုပြီး တိုးတက်လာမယ်ဆိုတာ သေချာပါတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အင်အားကို အထက်ဘုံတစ်ခုလုံးနဲ့ ကောင်းကင်ဘုံတစ်ခုလုံး သိသွားပါစေ။ အဲ့ဒါမှ ကျုပ်တို့ စစ်နတ်ဘုရားစံအိမ်ကို ကျော်ဖြတ်နိုင်မှာ”

ကျန်းရီသည် သူ့ဘဝတစ်လျှောက်တွင် ထိုကဲ့သို့သော စကားမျိုးကို အကြိမ်များစွာ ကြားခဲ့ပြီးဖြစ်၍ များစွာ အရေးမစိုက်လိုက်ပေ။ ရွှမ်ယွမ်လင်းယန်လည်း ထရပ်ကာ အရှင်ချန်းကို ကြည့်ပြီးမှ ပြောလိုက်သည်။

“တပ်မှူးလျှို... တပ်မှူး အရှင်ချန်းကို နတ်သိမ်းငှက်မြို့ထဲ လိုက်ပြပေးလို့ ရမလား။ ကျွန်မ လူထုရေးရာ မဟာဝန်မင်းနဲ့ တခြားကိစ္စလေးတွေ ပြောစရာရှိလို့ပါ”

ကျန်းရီ မသိမသာ ပြုံးလိုက်၏။ တပ်မှူးလျှိုသည် ကျန်းရီကို ကြည့်လိုက်ပြီး ကျန်းရီက စိုးရိမ်နေပုံ မပေါ်သဖြင့် အရှင်ချန်းကို ခေါ်၍ ထွက်သွားလေသည်။ ကျန်းရီသည် ဧည့်ခန်းမထဲမှ အစေခံမလေးများကိုလည်း ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ နောက်ဆုံးမှ သူ ရွှမ်ယွမ်လင်းယန်ကို မျက်နှာချင်းဆိုင်လိုက်သည်။

“သခင်မလေးရွှမ်ယွမ်က ကျွန်တော်နဲ့ ဘာကိစ္စတွေများ ဆွေးနွေးချင်လို့လဲ။ အခန်းတစ်ခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က နှစ်ယောက်တည်း အကြာကြီးရှိနေတယ်ဆိုတဲ့ စကားတွေ ပျံ့သွားရင် မကောင်းဘူးနော်”

ကျန်းရီသည် ‘ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က နှစ်ယောက်တည်း’ဟူသော စကားကို အသံမြှင့်၍ ပြောလိုက်၏။ ထိုအခါ ရွှမ်ယွမ်လင်းယန်သည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ အနောက်ခြံဝန်းထဲတွင် ဖြစ်ခဲ့သော အဖြစ်ကို ရုတ်ခြည်း ပြန်အမှတ်ရကာ ရှက်သွားလေသည်။ သို့သော် သူမ အံကြိတ်၍ ပြောလိုက်သည်။

“ကျန်းရီ... ရှင် စည်းမကျော်နဲ့။ ဒီတစ်‌ခေါက် ရှင် လူထုရေးရာ မဟာဝန်မင်းဘွဲ့ကို ရအောင် ရွှမ်ယွမ်မျိုးနွယ်က ကူညီပေးခဲ့တာ။ အဲ့ဒါနဲ့ဆို ကျွန်မလုပ်ခဲ့မိတဲ့ ကိစ္စတွေက ကျေပြီမလား။ ရှင် ကျွန်မကို ဟိုပန်းချီကား ပြန်မပေးသေးဘူးလား”

ကျန်းရီက ပန်းချီကားကို ထုတ်၍ ယမ်းပြရာ ရွှမ်ယွမ်လင်းယန်သည် သူမခေါင်းထက်၌ ဓားတစ်လက် ဝဲနေသည်ဟု ခံစားလိုက်ရ၏။ ကျန်းရီသာ ထိုပန်းချီကားကို ဖြန့်လိုက်လျှင် သူမ၏ဂုဏ်သိက္ခာက စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားပေလိမ့်မည်။ ရွှမ်ယွမ်မျိုးနွယ်၏ ဂုဏ်သတင်းလည်း မြောင်းထဲရောက်သွားမည်ဖြစ်သည်။ ထိုအခါကျလျှင် သူမတို့သည် ရွေးချယ်စရာ ရှိ‌တော့မည် မဟုတ်ဘဲ သူမတို့၏ ဘိုးဘေးများ စိတ်မပျက်စေရန်အတွက် သူမတို့ကိုသူမတို့ သတ်သေရပေလိမ့်မည်။

အထူးသဖြင့် တိရှခန်းမထဲတွင် ဖြစ်သွားခဲ့သည့်ကိစ္စ ပြီးနောက်တွင် ရွှမ်ယွမ်လင်းယန်သည် ကျန်းရီက ရွှမ်ယွမ်မျိုးနွယ်ကို ပြဿနာရှာမည်ကို ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူမသည် ဖြစ်ပျက်ခဲ့သည်များကို သူမ၏မျိုးနွယ်အား တင်ပြခဲ့ခြင်းပင်။ သို့သော် ပန်းချီကားကိစ္စကိုတော့ ထိမ်ချန်ထားခဲ့ပေသည်။

ဤတစ်ကြိမ်တွင် ရွှမ်ယွမ်လင်းယန် ကျန်းရီကို မျက်နှာအရေထူထူနှင့် လာတွေ့ရခြင်းမှာ ရွှမ်ယွမ်မျိုးနွယ်က ကျန်းရီထံ၌ သူမ၏အမှားကို သွားဝန်ခံရန် ပြောခဲ့၍ဖြစ်သည်။ ရွှမ်ယွမ်မျိုးနွယ်သည် သူမနှင့် ကျန်းရီတို့ကြားမှ ရန်ငြိုးကို ဖြေလိုပေသည်။ သို့သော် သူမက သူမအကြံနှင့်သူမ လာခဲ့ခြင်းဖြစ်၏။ ထိုအကြံမှာ ပန်းချီကားကို ပြန်ယူရန်ပင်။ အစောတွင် သူမသည် သူမမှားခဲ့ကြောင်းကို အပြုအမူများ၊ စကားများဖြင့် ပြခဲ့၊ ပြောခဲ့ပြီးဖြစ်သည်။ ယင်းကပင် သူမကိုယ်သူမ အလွန်နှိမ့်ချနေခြင်း ဖြစ်နေပေပြီ။

သို့သော်...

ရွှမ်ယွမ်လင်းယန်က သူမကိုယ်သူမ နှိမ့်ချနေသော်လည်း ကျန်းရီက ထိုသို့မတွေးပေ။ ကျန်းရီ ခနဲ့လိုက်သည်။

“ငါအဲ့ဘွဲ့ကိုရဖို့ မင်းတို့မျိုးနွယ်က ငါ့ကို ကူညီပေးခဲ့တာဟုတ်လား။ ပင်မစံအိမ်ရဲ့ စံအိမ်အရှင်က လက်မခံရင် မင်းတို့မျိုးနွယ်က ငါ့ကို အဲ့ဘွဲ့ပေးနိုင်ပါ့မလား။ ငါက အရူးတစ်ယောက်လို့ မင်းထင်နေလား။ မင်းက ပန်းချီကားကို လိုချင်တာမလား။ ဒါပေမဲ့ မင်းရဲ့ အဲ့လိုစိတ်ဓာတ်နဲ့ဆိုရင်တော့ ပန်းချီကားကို ပြန်ရနိုင်ဖို့ မေ့လိုက်တော့”

“ရှင်...”

ရွှမ်ယွမ်လင်းယန်သည် ဒေါသထွက်လွန်းသဖြင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာ၏။ သူမ အော်ဟစ်သောင်းကျန်း ပစ်ဖို့ အနည်းငယ်သာ လိုတော့သည်။ သူမ၏ နီရဲနေသော မျက်ဝန်းများက စက်ဝိုင်းကဲ့သို့ ဝိုင်းစက်နေရာ သူမသည် ဒေါသထွက်နေသော ခြင်္သေမလေးတစ်ကောင်နှင့်ပင် တူနေ၏။ ကျန်းရီကမူ မျက်နှာထား တစ်ချက်မှပြောင်းမသွားပေ။ သူသည် ရွှမ်ယွမ်လင်းယန်၏ မျက်ဝန်းများကို ဆက်၍ စိုက်ကြည့်လိုက်၏။ သူ့ဘက်မှ မည်သည့်အားနည်းချက်ကိုမှ မပြချေ။ ထို့ပြင် သူက ခပ်လှောင်လှောင်ပင် ပြုံးလိုက်သေးသည်။

ဟူး...ဟူး...

ခေတ္တကြာပြီးနောက် ရွှမ်ယွမ်လင်းယန် ပြန်စိတ်တည်ငြိမ်လာ၏။ သူမ သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်နှာပြန်တည်ကာ အံကြိတ်၍ မေးလိုက်သည်။

“ကျန်းရီ... ကျွန်မ ဘာလုပ်မှ ရှင် ကျွန်မကို အဲ့ပန်းချီကား ပေးမှာလဲ။ အဲ့ပန်းချီကား ရှင့်လက်ထဲမှာ ရှိနေသ၍ ကျွန်မ လောကငရဲမှာ ငရဲကျနေရသလို ခံစားနေရတယ်ဆိုတာ ရှင်သိလား။ ကျွန်မ စိတ်အေးလက်အေးနဲ့တောင် မအိပ်နိုင်ဘူး။ ရှင် ကျွန်မကို အဲ့ပန်းချီကား မပေးရင် ကျွန်မ ရူးသွားလိမ့်မယ်”

“အဲ့ဒါက မင်းပြဿနာပဲ”

ကျန်းရီ၏ မျက်နှာထားက အေးစက်နေဆဲပင်။ ထို့နောက် သူ မသက်မညှာ ပြောလိုက်သည်။

“လူတိုင်းက ကိုယ့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ခံရတာပဲ။ ကိုယ့်အမှားတွေအတွက် ပြန်ပေးဆပ်ရတာပဲ။ မင်း ငါ့ကို အကွက်ဆင်ခဲ့ကတည်းက ဒီလိုနေ့မျိုး ရောက်လာနိုင်တယ်ဆိုတာကို မင်း ထည့်တွက်ခဲ့သင့်တယ်။ ငါ မင်းကို စကားခြောက်လုံး ပြောမယ်။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ...”

“ကျွန်မ...”

ရွှမ်ယွမ်လင်းယန်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငုံ့လိုက်၏။ ထို့နောက် သူမသည် သူမ၏ဝတ်စုံကို လက်နှစ်ဘက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင် ကျွန်မကို အဲ့ပန်းချီကား ပေးမယ်ဆိုရင် ကျွန်မ ရှင့်အတွက် ဘာမဆိုလုပ်ပေးမယ်။ အခု ရှင် ကျေနပ်ပြီလား”

“ဘာမဆိုလား”

ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွား၏။

“ကောင်းပြီ... ဒါဆို ငါနဲ့ တစ်ညအိပ်လိုက်။ အဲ့ဒါဆို ငါ မင်းကို ပန်းချီကားပေးလိုက်မယ်။ နောက်ကျရင်လည်း မင်းနဲ့ ရွှမ်ယွမ်မျိုးနွယ်ကို ပြဿနာမရှာပါဘူးလို့လည်း ငါ ကတိပေးလိုက်ဦးမယ်။ ဘယ်လိုလဲ”

“မဖြစ်နိုင်ဘူး...”

ရွှမ်ယွမ်လင်းယန်သည် ချက်ချင်း မော့ကြည့်၍ ကျန်းရီကို ပြတ်ပြတ်သားသား ငြင်းလိုက်၏။ ကျန်းရီက နောက်နေခြင်း ဖြစ်ရမည်။ အကယ်၍ သူမသာ သူမ၏အပျိုစင်ဘဝကို ဆုံးရှုံးသွားလျှင် အနာဂတ်၌ မည်သို့ လက်ထပ်နိုင်တော့မည်နည်း။

“မင်းပြောတဲ့ ‘ဘာမဆို’ဆိုတာ ဒါလား။ မင်းက တကယ့်ကို စိတ်ရင်းနဲ့ပြောတာ မဟုတ်ဘူးပဲ”

ကျန်းရီ အေးစက်စက် ပြုံး၍ အော်ပြောလိုက်သည်။

“ငါတို့မှာ ဘာမှာ ဆက်ပြောစရာ မရှိတော့ဘူး။ တစ်ယောက်‌‌ယောက် လာစမ်း... ဧည့်သည်ကို ပြန်ပို့လိုက်”

***

All Chapters