← Chapters

တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ

Vol. 103 Ch. 1430

တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ

Vol. 103 Ch. 1430

ဟဲဝေသည် အပြင်ဘက်မှနေ၍ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာ၏။ ထို့နောက် သူ ရွှမ်ယွမ်လင်းယန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

“သခင်မလေးရွှမ်ယွမ် ကြွပါ”

ရွှမ်ယွမ်လင်းယန် ဒေါသထွက်သွား၏။ သို့သော် ကျန်းရီက အေးစက်စက် မျက်နှာထားနှင့် ထွက်သွားသည်ကို တွေ့သောအခါ သူမ စတင်၍ စိတ်လှုပ်ရှားလာပြန်သည်။ သူမ မလာခင်တွင် သူမ၏အဘိုးသည် ကျန်းရီ၏အဆင့်အတန်းက ယခင်ကနှင့် မတူတော့ကြောင့် ကိုယ်တိုင်သတိပေးခဲ့၏။ တိရှအရှင်က ကျန်းရီကို အထင်တကြီး ရှိနေသည်။ ရွှမ်ယွမ်မျိုးနွယ်က မိစ္ဆာသတ်ဖြတ်စံအိမ်ထဲတွင် အတော်အတန် လေးစားခံရသော်လည်း ဤဘုံက တိရှဘုံ မဟုတ်ပါလား။

ထို့ပြင် တိမင်ကလည်း ကျန်းရီကို အထင်ကြီးနေသည်။ ကျန်းရီအား လူထုရေးရာ မဟာဝန်မင်းဘွဲ့ ပေးမည့်ကိစ္စကို တိမင်က ခွင့်ပြုခဲ့သည်။ တိမင်သာ ခွင့်မပြုလျှင် ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်ထံတွင် ကျန်းရီအား ထိုဘွဲ့ပေးနိုင်သည့် အခွင့်အာဏာ မရှိချေ။ ယခု ကျန်းရီက လူထုရေးရာ မဟာဝန်မင်း ဖြစ်သွားပြီဖြစ်ရာ ရွှမ်ယွမ်မျိုးနွယ်ကို ပြဿနာရှာရန် လွယ်ကူသွားပေလိမ့်မည်။ ရွှမ်မျိုးနွယ်ဝင်များစွာက စံအိမ်ခွဲများ၏ စံအိမ်အရှင်များ ဖြစ်နေပေသည်။

ရွှမ်ယွမ်လင်းယန်သည် ကျန်းရီ ခန်းမထဲမှ ထွက်သွားသည်ကို ကြည့်ရင်း အကြိမ်ကြိမ် မျက်နှာထား ပြောင်းသွား၏။ ရုတ်တရက် သူမ အံကြိတ်ကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... ရှင် ကျွန်မရဲ့ အပျိုရည်ကို မဖျက်သ၍ တခြားကိစ္စတွေက... ရှင့်သဘောပဲ”

“ဟားဟားဟား”

ကျန်းရီသည် ခြေလှမ်းရပ်ကာ ပြုံးရယ်၍ နောက်လှည့်ကြည့်လိုက်၏။ သူ ရွှမ်ယွမ်လင်းယန်၏ မျက်နှာလေးနှင့် တစ်ကိုယ်လုံးကို ခေါင်းအစခြေအဆုံး ကြည့်လိုက်၏။ ထို့နောက် သူ ငါးခူပြုံးပြုံး၍ သူမထံ အသံပြန်ပို့လွှတ်လိုက်သည်။

“သခင်မလေးရွှမ်ယွမ်... ငါက မင်းကို စနေတာပါ။ ငါက တကယ်ကြီး ပြောနေတာလို့ ထင်နေတာလား။ ငါ အဲ့ပန်းချီကားကို အရင်ကတည်းက ဖျက်ဆီးပစ်လိုက်ပါပြီ။ ငါနဲ့ မင်းတို့ရွှမ်ယွမ်မျိုးနွယ်ကြားက ရန်ငြိုး အဆုံးသတ်သွားပါပြီ။ နောက်ကျရင် မင်း ကောင်းကောင်း ပြုမူလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

ကျန်းရီသည် ပြောပြီးသည်နှင့် အခန်းအပြင်သို့ ဆက်လျှောက်သွားလိုက်၏။ ရွှမ်ယွမ်လင်းယန်သည် အလွန်ရှက်သွားသဖြင့် တွင်းတစ်တွင်းတူးကာ ပုန်းနေလိုစိတ်ပင် ပေါက်သွားသည်။ ကျန်းရီ၏ နောက်ဆုံးအကြည့်က သူမကို နာကျင်စေခဲ့သည်။ သူ၏မျက်ဝန်းများထဲမှ အကြည့်က မှားစရာမရှိပေ။ သူမက သူနှင့် အိပ်လိုလျှင်ပင် သူကတော့ အရေးစိုက်လိမ့်မည် မဟုတ်ချေ။

တိရှဘုံ၏ ထိပ်တန်းအလှပဂေးလေးတစ်ယောက်ကို မလိုချင်သော ယောက်ျားတစ်ယောက် ရှိနေသေးသည်လော။ ယင်းက ရွှမ်ယွမ်လင်းယန်ကို ရှက်ဒေါသ ထွက်စေသည်။ သို့သော် ကျန်းရီက စကားတည်သူဖြစ်၍ ပန်းချီကားကိစ္စကို စိုးရိမ်စရာ မလိုတော့ပေ။ သူမ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ သူမခေါင်းထက်တွင် ဝဲနေသော ဓားက နောက်ဆုံး၌ ပျောက်ကွယ်သွားပေပြီ။

ဝှစ်...

ရွှမ်ယွမ်လင်းယန်သည် အဖြူရောင်အလင်းတန်း တစ်တန်းအလား ပျံထွက်သွား၏။ ထိုအခိုက်တွင် သူမသည် ထိုနေရာ၌ ဆက်မနေချင်တော့ပေ။ ကျန်းရီကိုလည်း မည်သည့်အခါတွင်မှ ထပ်မတွေ့လိုတော့ချေ။ သို့သော် သူမ၏ရင်ထဲတွင်မူ သူမက ကျန်းရီကို မေ့နိုင်တော့မည် မဟုတ်ကြောင်း သိပေသည်။ ကျန်းရီသည် သူမ၏ ဘဝတစ်လျှောက်လုံး သူမကို ခြောက်လှန့်နေမည့် အိပ်မက်ဆိုးတစ်ခု ဖြစ်နေပေလိမ့်မည်။

***

တပ်မှူးလျှိုသည် အရှင်ချန်းကို လက်ဆောင်များ ပြန်ပေး၍ လိုက်ပါပို့ဆောင်ပေးလိုက်၏။ ကျန်းရီသည် တပ်မှူးလျှိုပြန်လာသောအခါ ‌မေးလိုက်သည်။

“အဘိုးလျှို... ကျွန်တော်က လူထုရေးရာ မဟာဝန်မင်းနဲ့ စံအိမ်ခွဲတစ်ခုရဲ့ စံအိမ်အရှင် ဖြစ်သွားပြီ။ အခု မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်အတန်းလည်း ရှိသွားပြီ။ အဲ့တော့ ကျွန်တော် ရှေးဦးဆန်းကြယ်နယ်မြေထဲကို ဘယ်နှစ်ကြိမ် အလကားဝင်နိုင်ပြီလဲ”

“တစ်ကြိမ်...”

တပ်မှူးလျှို၏ အဖြေက ကျန်းရီကို ဆွံ့အသွားစေ၏။ သူ နားမလည်နိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။

“မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေက တစ်ကြိမ် အလကားဝင်ခွင့်ရတာကိုတော့ ကျွန်တော် သိပါတယ်။ လူထုရေးရာ မဟာဝန်မင်းနဲ့ စံအိမ်အရှင်ကရော အဲ့လိုအခွင့်ထူးတွေ မရဘူးလား”

“စံအိမ်အရှင်ကတော့ ရပါတယ်”

တပ်မှူးလျှိုက ခါးသက်သက် ပြုံး၏။

“လူထုရေးရာ ဝန်မင်းကတော့ မရပါဘူး။ လူထုရေးရာ ဝန်မင်းက တခြားအခွင့်ထူးတွေ အများကြီးကို ရထားပြီးပါပြီ။ ပုံမှန်ဆိုရင် လူထုရေးရာ ဝန်မင်း ဖြစ်လာဖို့က ဘွဲ့ထူးရစစ်နတ်ဘုရား ဖြစ်နေရမှာပါ။ စဉ်းစားကြည့်ပါ.. အဲ့အဆင့်က သိုင်းသမားတွေအတွက် တိုက်ပွဲအမှတ်တွေရဖို့ ဘယ်လောက်လွယ်လိမ့်မလဲ။ စံအိမ်ခွဲအရှင်က တစ်ကြိမ်အလကားဝင်ခွင့် ရှိပေမဲ့... ဘယ်အဆင့်ပဲဖြစ်ဖြစ် တစ်နှစ်မှာ သုံးကြိမ်ပဲ အလကားဝင်ခွင့် ရမှာပါ။ စံအိမ်အရှင်တိတောင် တစ်နှစ်မှာ သုံးကြိမ်ပဲ အလကားဝင်နိုင်ပါတယ်။ မြို့အရှင်က တစ်နှစ်ထဲမှာ နှစ်ကြိမ် အလကားဝင်ပြီးသွားပါပြီ။ အခု နောက်တစ်ကြိမ်ပဲ အလကားထပ်ဝင်နိုင်ပါတော့မယ်”

“အဲ့လိုလား...”

ကျန်းရီသည် အခြေအနေကို သဘောပေါက်သွားသောအခါ နှုတ်ဆိတ်သွား၏။ သူ့တွင် အခွင့်အရေးတစ်ကြိမ်သာ ရှိတော့သည်။ သူ ၎င်းကို တန်ဖိုးထားရပေမည်။ ယခုတွင် သူသည် ရှေးဦးဆန်းကြယ်နယ်မြေထဲ အလကားဝင်ခွင့်က မည်မျှအဖိုးတန်ကြောင်းကို နားလည်နေပြီဖြစ်သည်။ သို့သော် တပ်မှူးလျှို ဆက်ပြောလိုက်သော စကားက ကျန်းရီကို ထပ်မံ၍ စိတ်လှုပ်ရှားသွားစေပေသည်။

“အရှင်... တကယ်တော့ ဘယ်အဆင့်က လူမဆို ဆန်းကြယ်နယ်မြေထဲ တစ်နှစ်မှာ သုံးကြိမ်ပဲ အလကားဝင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အရှင့်ရဲ့ အဆင့်အတန်းအရ အရှင်ဝင်နိုင်တဲ့ ဆန်းကြယ်နယ်မြေတွေကလည်း ကွဲပြားသွားပါလိမ့်မယ်။ အရှင့်ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆို အရှင် နောက်ဆုံးအခွင့်အရေးကို သုံးပြီး တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ ဝင်နိုင်ပါတယ်”

“တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ”

ကျန်းရီသည် ရှေးဦးဆန်းကြယ်နယ်မြေထဲ နှစ်ကြိမ် ဝင်ခဲ့ဖူး၏။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေမှာ ရှေးဦးဆန်းကြယ်နယ်မြေထက် တစ်ဆင့်ပိုမြင့်သည်။ သူသည် အခြားဆန်းကြယ်နယ်မြေများထဲတွင် မည်သည့်အရာများရှိမည်နည်းဟု အမြဲ တွေးမိနေခဲ့သည်။ ၎င်းတို့ထဲတွင် မိုးမြေဝိညာဉ်စွမ်းအင်က မည်မျှသိပ်သည်းနေမည်နည်း။ အထဲတွင် တာအိုကောင်းကင်ဝိညာဉ်ရတနာများရော ရှိမည်လော။

ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲ၏ စွမ်းအားများကို မြည်းစမ်းကြည့်ခဲ့ပြီးပေပြီ။ အကယ်၍ သူသာ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင်လည်း ကံကောင်းပြီး တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုကို ရလိုက်လျှင် အမှန်ပင် ကြွယ်ဝသွားပေလိမ့်မည်။ ထို့ကြောင့် သူ တပ်မှူးလျှိုကို စိုက်ကြည့်ကာ မေးလိုက်သည်။

“အဘိုးလျှို... တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာ ဘာဆန်းကြယ်မှုတွေ ရှိလဲ”

“အရှင်...”

တပ်မှူးလျှိုသည် ကျန်းရီ၏ စူးရှသော အကြည့်ကို တွေ့လိုက်သောအခါ ယောင်တိယောင်မှားဖြင့် သူ့မုတ်ဆိတ်ကို ပွတ်လိုက်မိ၏။ ပြီးမှ သူ ပြောလိုက်သည်။

“အရှင် အဲ့အခွင့်အရေးကို မဖြုန်းပါနဲ့။ အဲ့အခွင့်အရေးက အရမ်းရှားပါတယ်။ အရင်ဆုံး အပြင်မှာ ကျင့်ကြံပြီး အရှင့်ရဲ့ စိတ်ဝိညာဉ်ကို သန်မာလာအောင် လုပ်ပြီးမှ ဆန်းကြယ်နယ်မြေထဲ ထပ်ဝင်သင့်ပါတယ်။ အဲ့ဆန်းကြယ်နယ်မြေတွေထဲမှာ မိုးမြေရဲ့ အနှစ်သာရနဲ့ ဇာစ်မြစ်တွေ ရှိပါတယ်။ သာမန်နတ်ဘုရားဘုရင်တွေတောင် အထဲကို ဝင်သွားလည်း အဲ့ဒါတွေကို သိမြင်နားလည်နိုင်မှာ မဟုတ်ပါဘူး။ အရှင် သိမြင်နားလည်နိုင်ခြေ တိုးလာမှ ဆန်းကြယ်နယ်မြေထဲ ဝင်သင့်ပါတယ်။ အဲ့အခွင့်အရေးကို အခု မသုံးပါနဲ့ဦး။ အရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အမှန်တကယ် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ကို ရောက်မှ ဝင်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး”

“အွန်း... အဲ့ဒါတော့ အမှန်ပဲ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူသည် မီးဓာတ်စည်းမျဉ်းများကို သိမြင်နားလည်လိုနေသည်။ ထို့ပြင် ဤတစ်ကြိမ်တွင် သူ၏ စိတ်ဝိညာဉ်ကိုလည်း သန်မာလာအောင် လုပ်နိုင်တော့မည်ဖြစ်သည်။ သူက ဆွမ်းမွှေးပင်ကို မသန့်စင်ရသေးပင်။ သူ၏စွမ်းရည်များကို တိုးတက်အောင် လုပ်ပြီးမှ ဆန်းကြယ်နယ်မြေထဲ ဝင်လျှင်လည်း နောက်မကျသေးချေ။

သို့သော် ကျန်းရီသည် တပ်မှူးလျှို၏ နောက်ဆုံးအကြံပေးချက်ကိုတော့ လျစ်လျူရှုလိုက်၏။ တပ်မှူးလျှိုက သူ့ကို မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်သည့်အချိန်အထိ စောင့်စေလိုခြင်းလော။ သူ ထိုမျှ မစောင့်နိုင်ပေ။ ရီဖျောင်ဖျောင်က သူတော်စင်ဝိညာဉ်တောင်နှင့် အဖိခံထားရဆဲဖြစ်သည်။

“ကျွန်တော် စီမံစရာရှိတာတွေကို စီမံခဲ့ပြီးရင် သွားကျင့်ကြံတော့မယ်”

ကျန်းရီသည် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ ဝင်ရမည့်အတွေးကို စွဲလမ်းလာ၏။ သူ စိတ်လှုပ်ရှားသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။

“အဘိုးလျှို... ကျွန်တော် ခင်ဗျားကို လက်ထောက်စံအိမ်အရှင်ရာထူ ပေးလိုက်ပြီ။ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ ကိစ္စကြီး၊ ကိစ္စငယ်တွေကို ခင်ဗျားပဲ စီမံပါ။ ဘယ်လိုလဲ”

“ကျုပ်လား... ကျုပ် မဖြစ်ပါဘူး...”

တပ်မှူးလျှို၏ မျက်နှာထားက ခါးသက်သွား၏။ ကျန်းရီက သူ၏တာဝန်များကို တပ်မှူးလျှိုအပေါ် ပုံချရခြင်းကို အလွန်အသားကျနေပေပြီ။ တပ်မှူးလျှိုသည် မြို့တွင်းမှ ကိစ္စအားလုံးကို ကိုင်တွယ်နေရပြီးဖြစ်သည်။ ယင်းကပင် သူ့ကို လက်မလည်နိုင်လောက်အောင် အလုပ်များနေစေသည်။ သူ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ကိစ္စများကိုပါ ထပ်တာဝန်ယူရမည်ဆိုလျှင် ကျန်းရီက သူ့အား နှစ်ပိုင်းပိုင်းပေးမှသာ ရပေလိမ့်မည်။

တပ်မှူးလျှိုသည် ခေတ္တမျှ တွေးတော၍ ပြောလိုက်၏။

“အရှင်.. ရှောင်လန်ကို မြို့ကိစ္စတွေ စီမံခိုင်းလိုက်ပြီး ကျုပ်က မိစ္ဆာသတ်ဖြတ်စံအိမ်ကို စီမံမယ်ဆိုရင်ရော”

လက်ထောက်မြို့အရှင်နှင့် လက်ထောက်စံအိမ်အရှင် ဖြစ်ရခြင်းတွင် တပ်မှူးလျှိုသည် လက်ထောက်စံအိမ်အရှင် ဖြစ်ရခြင်းကို ပိုသဘောကျပေသည်။ သူက မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက် မဟုတ်ပါလား။ ထို့ပြင် အခြေအနေများအရ ကျန်းရီက တိရှဘုံမှ ထွက်သွားလောက်နေသည်။ ထို့ကြောင့်လည်း တပ်မှူးလျှိုသည် မိစ္ဆာသတ်ဖြတ်စံအိမ်ကို ပိုကြီးကြပ်လိုခြင်း ဖြစ်သည်။

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ရှောင်လန်ကို ခေါ်လိုက်ပါ။ ဟုတ်သား... အစ်ကိုဟဲဝေနဲ့ ဂူမူတို့ကိုလည်း ခေါ်လိုက်ပါ”

တပ်မှူးလျှိုသည် ခပ်သုတ်သုတ် ထွက်သွား၏။ မကြာခင်မှာပင် သူသည် လူသုံးယောက်ကို ဦးဆောင်၍ ပြန်ဝင်လာသည်။ ကျန်းရီက ချက်ချင်း ညွှန်ကြားလိုက်၏။

“ရှောင်လန်... ခင်ဗျားက ကျွန်တော့်ကို ကူညီပြီး နတ်သိမ်းငှက်မြို့ကို စီမံပေးပါ။ ဂူမူ.. ခင်ဗျားက ရှောင်လန်ကို ကူညီပေးပါ။ အစ်ကိုဟဲကတော့ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ တပ်မှူးလုပ်ပြီး အဘိုးလျှို စံအိမ်ကိစ္စတွေကို စီမံတဲ့နေရာမှာ ကူညီပေးပါ”

ရှောင်လန်တွင် ငြင်းစရာ မရှိပေ။ ယခု သူသည် ကျန်းရီနောက်သို့ လိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရှောင်ဟုန်ကလည်း ရှောင်လန်ကို ထိုသို့လုပ်ရန် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သတိပေးသွားခဲ့သည်။ သူသည် ကျန်းရီဘေးတွင် ကိုယ်ရံတော်တစ်ယောက်အဖြစ်ပင် ကျန်ခဲ့လိုရာ မြို့ကို စီမံကြီးကြပ်ရန်အတွက်မူ ဆိုစရာ မရှိပေ။ ဂူမူတွင်လည်း ငြင်းစရာ မရှိပါပေ။ သို့သော် ဟဲဝေက အံ့အားသင့်သွားသည်။ သူက တပ်မှူးတစ်ယောက် ဖြစ်လာပြီလော။ သူ၏အဖေက အချိန်အကြာကြီး ကြိုးစားခဲ့ပြီးမှ တပ်မှူးတစ်ယောက် ဖြစ်ခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ”

အစတွင် ဟဲဝေသည် သူ့အဖေနောက်သို့ လိုက်သွားလိုခဲ့၏။ သို့သော် ကြည့်ရသည်မှာ ကျန်းရီ၏ အနာဂတ်က ပို၍ပင် တောက်ပနေပုံပင်။ သူသည် ရင်ထဲတွင် မည်သည့်မကျေနပ်မှုမှ မရှိဘဲ စိတ်ရင်းအမှန်ဖြင့် ခေါင်းညိတ်လိုက်၏။ ကျန်းရီက သူ့ထက်သာကြောင်း သူ ရင်ထဲမှ အပြည့်အဝ လက်ခံလိုက်ပေပြီ။

“အွန်း... ဒါပါပဲ”

ကျန်းရီသည် လက်ဝှေ့ယမ်းလိုက်၏။ ထိုစဉ် သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို အမှတ်ရလိုက်၍ ထပ်ညွှန်ကြားလိုက်သည်။

“အဘိုးလျှို... ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို စောင့်ကြည့်နေပေးပါ။ ပြီးတော့ နယ်နမိတ်က အစီအရင်ကြီး ပြီးပြီလားဆိုတာကိုလည်း စုံစမ်းပေးပါ”

ကျန်းရီသည် ညွှန်ကြားပြီးသည်နှင့် လျှို့ဝှက်ကျင့်ကြံခြင်းအခန်သို့ ပြန်သွားရန် ဟန်ပြင်လိုက်၏။ သို့သော် သူ ထွက်မသွားခင်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ရှောင်လန်ထံ အသံပို့လွှတ်လိုက်သည်။

“ရှောင်လန်... စီရင်စုနယ်အရှင်ဆီ ဆက်သွယ်ပြီး အဆိပ်ဝိညာဉ်က ဘာလို့ အခုထိ ပြန်မရောက်လာသေးတာလဲဆိုတာကို မေးပေးပါ”

ပုံမှန်ဆိုလျှင် အဆိပ်ဝိညာဉ်ကို သွားခေါ်ခြင်းက အလွန်ဆုံးမှ အနိမ့်ဘုံအချိန် နှစ်ရက်၊ သုံးရက်လောက်သာ ကြာမည်ဖြစ်သည်။ ကျန်းရီက ငါးရက်ကြာ အခန်းအောင်းကျင့်ကြံနေခဲ့သော်လည်း အဆိပ်ဝိညာဉ်၏ သတင်းကို မကြားရသေးပေ။ အဆိပ်ဝိညာဉ် တစ်ခုခု ဖြစ်နေခြင်းလော။

***

All Chapters