← Chapters

အိုးရန်ဝမ်းထင်ရဲ့ အမိန့်

Vol. 31 Ch. 420

အိုးရန်ဝမ်းထင်ရဲ့ အမိန့်

Vol. 31 Ch. 420

ဟူး  ...   ...

အရှေ့မြစ်ဖျား ခန်းမသခင် ဝေရှီချောင်ကလည်း ကောင်းကင်ပေါ်ကို ပျံတက် လာခဲ့ပါတယ်။

ဝေရှီချောင်က သွေးဘိုးဘိုးကြီးရဲ့ လက်အောက်ခံ ခန်းမသခင် တစ်ယောက် ဖြစ်တဲ့အတွက် သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၈ကို ရောက်နေပါပြီ။  သူက မြေကမ္ဘာ အဆင့်နိမ့် မိစ္ဆာတာအို ကျင့်စဉ်ကို လေ့ကျင့်ခွင့် မရသေးပါဘူး။  ဒါပေမဲ့ သူက မြေကမ္ဘာအဆင့်နိမ့် မိစ္ဆာတာအို သိုင်းပညာရပ်တစ်ခု ဖြစ်တဲ့  သွေးအဆီအနှစ် လက်ဝါးကိုတော့ လေ့ကျင့်ခွင့် ရထားခဲ့ပါတယ်။

သူက သွေးဘိုးဘိုးကြီးရဲ့ လက်အောက်ခံတွေထဲမှာဆိုရင် အစွမ်းအထက်ဆုံး ၅ယောက်ထဲမှာ ပါဝင်သူ တစ်ယောက်ပါ။ အဲသည်အတွက် သူ့ရဲ့ အစွမ်းက သာမန် ခန်းမသခင်တွေထက် အများကြီး ပိုအစွမ်းထက် ပါတယ်။  ဒါကြောင့်လည်း သွေးဘိုးဘိုးကြီးက သူအုပ်ချုပ်ခွင့် ရထားတဲ့ နယ်မြေဒေသတွေထဲက အကျယ်ဆုံး နယ်မြေဒေသ ဖြစ်တဲ့ အရှေ့မြစ်ဖျားဒေသကို  ဝေရှီချောင်ကို အပိုင်စား ပေးထားပုံပါပဲ။

ဝေရှီချောင်က  သေသေချာချာ အကဲခတ်လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၃မှာသာ ရှိနေသေးတာကို သိလိုက်ပါတယ်။

' ဟင်  ...  ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ ပညာရှင်က ဘယ်လိုလုပ်ပြီး  အကာအကွယ် အစီအရင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက် နိုင်တာလဲ '

လီဖူချန်းလို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်က အရှေ့မြစ်ဖျားခန်းမရဲ့  အကာအကွယ် အစီအရင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးလိုက်တယ်ဆိုတာက လုံးဝ လက်သင့် မခံနိုင်စရာပါပဲ။  သူက သည်ကိစ္စကို လုံးဝ မယုံကြည်နိုင်ပါဘူး။  သူ့လို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၈က ပညာရှင်တောင်မှ အားကုန်သုံးပြီး တိုက်ခိုက်မှသာ   သည်အကာအကွယ် အစီအရင်ကို  ဖျက်ဆီးနိုင်မှာပါ။

" မင်းက ဘယ်သူလဲ  ...။  မင်းက ဘာဖြစ်လို့ ငါ့ရဲ့ အရှေ့မြစ်ဖျားခန်းမကို ကျူးကျော် ဝင်ရောက်လာတာလဲ။  မင်းက သေချင်နေတာလား "

ဝေရှီချောင်က အေးစက်စက်လေသံနဲ့ မေးလိုက်ပါတယ်။

သူက လီဖူချန်းအကြောင်းကို ခန့်မှန်းပြီးခဲ့ပါပြီ။  အရှေ့ယူနီကွန်း တိုက်ကြီးဟာ ကြီးမားကျယ်ပြန့် လွန်းလှတဲ့အပြင် ကျွန်းဆွယ်တွေ အများကြီးလည်း ရှိနေတဲ့အတွက် ထိပ်သီး ပုဂ္ဂိုလ်တွေဟာ ဇာတ်မြုပ် နေထိုင်လေ့ ရှိကြပါတယ်။ လီဖူချန်းဟာ  အဲသည် ဇာတ်မြုပ် နေထိုင်နေတဲ့ ထိပ်သီး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ရဲ့ တပည့်ပဲ ဖြစ်ရပါမယ်။

" အညံ့ခံစမ်း   ...။  မင်းအညံ့ခံမယ်ဆိုရင်  မင်းကို အသက် ချမ်းသာပေးမယ့်အပြင် ကောင်းမွန်တဲ့ နေရာတစ်ခုလည်း ပေးဦးမယ် "

ဝေရှီချောင်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်နေတဲ့ လီဖူချန်းရဲ့ ပါရမီကို သတိပြုမိတဲ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းချက် တစ်ခု ကမ်းလှမ်း လိုက်ပါတယ်။

တကယ်လို့ လီဖူချန်းက လက်မခံဘဲ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ဝေရှီချောင်က  တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ သည်အရှေ့မြစ်ဖျား ခန်းမမှာက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ၁၅ယောက် ရှိပါတယ်။ သည်အရေအတွက်က လီဖူချန်းလို ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃က ပညာရှင် တစ်ယောက်ကို စာရင်းထဲမှာတောင် ထည့်စရာမလိုတဲ့  အရေအတွက်ပါပဲ။

" ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ နယ်မြေဒေသ ဘယ်နှစ်ခု ရှိနေသေးလဲ"

လီဖူချန်းက  ဝေရှီချောင်ရဲ့ ကမ်းလှမ်းမှုကို အဖြေမပေးဘဲ   ပြန်တောင် မေးလိုက်ပါသေးတယ်။

“ဟီးဟီး  ...  မင်းက ကိုယ့်အသက်ကိုတောင်မှ  ဘယ်အချိန် ထွက်မှန်း မသိဘဲ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အကြောင်းကို  စဉ်းစားနေသေးတယ်ပေါ့။  ဟုတ်ပြီ   ...။  မသေခင် မင်းသိချင်တာ သိသွားရအောင်  ငါပြောပြပေးလိုက်မယ်။   ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က နယ်မြေဒေသ ၃၆ကိုပဲ ထိန်းချုပ်ထားနိုင်တော့တယ်။ ငါတို့ရဲ့ မကောင်းဆိုးဝါးဘုရင်က သဘော ကောင်းနေလို့ပေါ့။  မဟုတ်လို့ရှိရင်  ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ရှိတော့မှာတောင် မဟုတ်ဘူး "

ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ မိစ္ဆာတာအို ကျင့်ကြံသူ တစ်ယောက်က လီဖူချန်းမေးတာကို ရယ်ကျဲကျဲနဲ့ ဖြေလိုက်ပါတယ်။

( note - ရှင်းတိကောဝမ်ကို မကောင်းဆိုးဝါးဘုရင်လို့လည်း ခေါ်ပါတယ်။  )

လီဖူချန်းက အဲသည်အဖြေကို မယုံပါဘူး။   ရှင်းတိကောဝမ်လို လူက     မပိုင်သေးလို့  မလှုပ်ရှားသေးတာပဲ    ဖြစ်ရပါမယ်။

" မိုးပြာရောင်ဂိုဏ်း နယ်မြေ ဒေသကကော "

" မိုးပြာရောင်ဂိုဏ်း နယ်မြေဒေသက ယင်ဘိုးဘိုးကြီးရဲ့ လက်အောက်မှာ။  မင်းဘာဖြစ်လို့ မေးတာလဲ"

" မိုးပြာရောင် ဂိုဏ်းကော ဘယ်လိုဖြစ်သွားပြီလဲ "

လီဖူချန်းက ထပ်မေးလိုက်ပြန်ပါတယ်။

" မိုးပြာရောင်က တော်တော် အပြေးမြန်တယ်။  သူတို့အားလုံး ဖုန်းရွှယ် နယ်မြေဒေသကို ပြေးသွားကြပြီ "

အရှေ့မြစ်ဖျား ခန်းမရဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေက လီဖူချန်းကို သေလူအဖြစ် သဘောထား လိုက်ပြီ ဖြစ်တဲ့အတွက် ဘာမှ ဖုံးကွယ်မထားတော့ပါဘူး။

လီဖူချန်းကတော့  အခုမှပဲ စိတ်ထဲက အလုံးကြီး ကျသွားပါတော့တယ်။  မိုးပြာရောင်ဂိုဏ်းက ဘာမှ မဖြစ်မှတော့ သူ့ရဲ့ လီကလန်ကလည်း အဆင်ပြေနေမှာ အသေအချာပါပဲ။

" တောက်  ...  သည်ခွေးမသားတွေ "

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို ထုတ်လိုက်တဲ့ အခါမှာတော့ အရှေ့မြစ်ဖျားခန်းမမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိမြင်သွားခဲ့ပါပြီ။

အရှေ့မြစ်ဖျားခန်းမရဲ့ အနောက်ဘက်မှာ ရှိတဲ့ တောင်တန်းတွေ ပေါ်မှာတော့ လူပေါင်းတစ်သန်း နီးပါးဟာ လှောင်အိမ်တွေထဲမှာ အဖမ်းခံထားရပါတယ်။

လူတော်တော်များများဟာ မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းမှုကို ခံနေရသလို  ငယ်ရွယ်လှပတဲ့ မိန်းမငယ်လေးတွေဟာလည်း မိစ္ဆာတာအို ကျင့်ကြံသူတွေ စိတ်တိုင်းကျ  အသုံးတော် ခံနေရပါတယ်။

" သည်ကောင်တွေက လူတွေလို့ သတ်မှတ်လို့ မရတော့ဘူး။  အကုန်လုံးကို သတ်ပစ်ရမယ် "

လီဖူချန်းက အသက်ကို တဝကြီး ရှူလိုက်ပြီး နေမင်းဇောအဟုန် အတွင်းအား စက်ကွင်းကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကို လောင်ကျွမ်းစေလိုက်ပါပြီ။

ဟူး  ...   ...

နေမင်းဇောအဟုန် အတွင်းအား စက်ကွင်းက ၁၀မိုင်ပတ်လည်ကို လွှမ်းခြုံသွားခဲ့ပါတယ်။ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အတွက်တော့ သည်စွမ်းအားဟာ  အားနည်းကောင်း အားနည်းပါလိမ့်မယ်။  ဒါပေမဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်အောက်က ပညာရှင်တွေကတော့ သည်စွမ်းအားကို ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိပါဘူး။

ရှဲ  ... ရှဲ  ...  ရှဲ  ...

ဟူး  ... ဟူး  ...   ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြန်လည်ဝင်စားခြင်း နယ်ပယ်အောက်က မိစ္ဆာတာအို ကျင့်ကြံသူတွေ  အကုန်လုံးဟာ ပြာအဖြစ် ဘဝပြောင်းသွားခဲ့ပါပြီ။  သူတို့က ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်ပုံ မရတဲ့ ပုံပါပဲ။

သည်လိုစွမ်းရည်မျိုး ဆိုတာက အနည်းဆုံး မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံခြင်း ကျင့်စဉ်တွေကို ကျင့်ကြံထားတဲ့ သူတွေမှသာ ပိုင်ဆိုင်နိုင်တာပါ။  မြေကမ္ဘာ အလယ်အလတ် ကျင့်ကြံခြင်း ကျင့်စဉ်ကို မကျင့်ကြံထားခဲ့ရင်တော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင်မြင့်ပိုင်းကို ရောက်နေလည်း လီဖူချန်းလို လုပ်နိုင်မှာ မဟုတ်ပါဘူး။  ဒါက မြေကမ္ဘာအဆင့်နိမ့် အတွင်းအား စက်ကွင်းတွေထက်ကို   အများကြီး ပိုအားကောင်း ပါတယ်။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်နေမင်းဇော အဟုန်  အတွင်းအား စက်ကွင်းမှာက သဘာဝ လောကကြီးရဲ့ နိယာမ တရားတွေတောင် ပါဝင်ပတ်သက် နေခဲ့ပါပြီ။

" သေချင်နေတဲ့ကောင်ပဲ။  သတ်ကြစမ်း "

အစောပိုင်းမှာတော့ ဝေရှီချောင်နဲ့ အခြားသော ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေက လီဖူချန်း ဘာလုပ်လိုက်တယ် ဆိုတာကို မသိလိုက်ကြပါဘူး။  ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူတို့ဟာ လီဖူချန်း လုပ်လိုက်တာကို ရိပ်မိသွားကြပါတယ်။ အဲသည်အတွက် သူတို့ဟာ ဒေါသတကြီးနဲ့ လီဖူချန်းဆီကို ပျံသန်းသွားကြပါပြီ။

" အကုန်လုံး သေကြစမ်း "

လီဖူချန်းက နေမင်းဇောအဟုန် အတွင်းအား စက်ကွင်းရဲ့ ဧရိယာကို ပြန်ကျုံ့စေလိုက်ပြီး သွေးနီဓားကို ဆွဲထုတ် လိုက်ပါတယ်။

ရွှီး  ... ရွှီး  ... ရွှီး  ... ရွှီး  ...

ထောင်နဲ့ချီတဲ့ နေဝန်းစိမ်း ဓားအလင်းတန်းတွေဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာခဲ့ပါပြီ။  တစ်ဆက်တည်းမှာပဲ အဲသည် ဓားအလင်းတန်းတွေဟာ လီဖူချန်းဆီကို ပျံသန်းဝင်ရောက်လာတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ၁၅ယောက် စလုံးကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။

ရွှမ်း  ... ရွှမ်း  ... ရွှမ်း  ...

ဘန်း  ... ဘန်း  ...

ဒါက တစ်ဖက်သတ် ဆန်လွန်းတဲ့ တိုက်ပွဲတစ်ခုပါပဲ။  အရှေ့မြစ်ဖျား ခန်းမသခင် ဝေရှီချောင်ကလွဲပြီး ကျန်တဲ့သူတွေဟာ ပေါက်ကွဲကာ သေဆုံးသွားကြပါပြီ။

ဝေရှီချောင်ကတော့ ဒဏ်ရာ အကြီးအကျယ်ပဲ ရသွားခဲ့ပါတယ်။

" သွေးအဆီအနှစ် လက်ဝါး "

ဝေရှီချောင်က သွေးရောင်လွှမ်းနေတဲ့ သူ့ရဲ့ လက်ဝါးနဲ့ လီဖူချန်းကို ရိုက်ချ ပစ်လိုက်ပါတယ်။

ဟူး  ... ဟူး  ...

သွေးလက်ဝါးကြီးတစ်ခုက ကောင်းကင်ယံမှာ ဖြစ်တည်လာပြီး လီဖူချန်းကို ဖိနှိပ်လာခဲ့ပါပြီ။

လီဖူချန်းကတော့ တည်တည်ငြိမ်ငြိမ်  ရှိနေဆဲပါပဲ။  သူက မီးလျှံစွမ်းအားကို ထုတ်သုံးလိုက်ပြီး သူ့ရဲ့ဓားကို နောက်ထပ် တစ်ကြိမ် လှုပ်ရှားလိုက်ပြန်ပါတယ်။

ရွှမ်း  ...

ဝုန်း  ...

မီးလျှံစွမ်းအားရဲ့ အထောက်အပံ့ရထားတဲ့ လီဖူချန်းရဲ့ ဓားဟာ ဝေရှီချောင်ကို နှစ်ပိုင်းပြတ်ပြီး ပေါက်ကွဲ ထွက်သွားစေခဲ့ပါပြီ။

ရှဲ  ...

မျက်စိတစ်မှိတ်  အတွင်းမှာပဲ ဝေရှီချောင်ဟာလည်း ပြာပုံဘဝကို ရောက်သွားပါတော့တယ်။

ဝေရှီချောင်ကို သတ်ပြီး သွားပေမယ့်လည်း လီဖူချန်းဟာ ထွက်မသွားသေးပါဘူး။  သူက သူ့ရဲ့ အသိစိတ် အာရုံကို  အသုံးပြုလိုက်ပြီး  ကြွင်းကျန်ရစ်ခဲ့တဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေ ရှိမရှိ ဆိုတာကို စစ်ဆေး လိုက်ပါသေးတယ်။

သူထင်ထားတဲ့ အတိုင်းပါပဲ။  သူ့ရဲ့ နေမင်းဇောအဟုန် အတွင်းအားစက်ကွင်းကနေ ကံကောင်း ထောက်မပြီး လွတ်သွားတဲ့ သူတွေ ရှိနေခဲ့ပါတယ်။

၁၅မိနစ်လောက် အကြာမှာတော့ လီဖူချန်းဟာ အရှေ့မြစ်ဖျားခန်းမမှာ ရှိနေတဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေကို တစ်ယောက်မကျန် သတ်ဖြတ် ပစ်နိုင်ခဲ့ပါပြီ။  သည်လိုပမွှားလေးတွေက လီဖူချန်းရဲ့ အသိစိတ် အာရုံကနေ လွတ်စရာ အကြောင်းမရှိပါဘူး။

" မင်းတို့အားလုံး  သွားချင်ရာ သွားလို့ရပြီ "

လီဖူချန်းက အရှေ့မြစ်ဖျားခန်းမ တစ်ခုလုံးကြားအောင် အော်ပြောလိုက်ပြီး ပျံသန်းထွက်ခွာ သွားပါတော့တယ်။

နောက်ထပ်သုံးရက် အကြာမှာတော့ မိုးပြာရောင် နယ်မြေဒေသထဲမှာ ရှိနေတဲ့ ဆန်းကြယ် ယင်ခန်းမဟာလည်း ထူးဆန်းစွာနဲ့ ဖျက်ဆီး ခံလိုက်ရပါတယ်။  ဆန်းကြယ်ယင်ခန်းမကို ဖျက်ဆီးသွားတဲ့ သူဟာ   မိစ္ဆာတာအို ကျင့်ကြံသူတွေကို တစ်ယောက်မှ အရှင်မထားခဲ့ပါဘူး။  သူက ဆန်းကြယ် ယင်ခန်းမရဲ့ အဖွဲ့ဝင်တွေ မှန်သမျှကို သတ်ဖြတ် သွားခဲ့တာပါ။

အဲသည် ဆန်းကြယ်ယင်ခန်းမကို ဖျက်ဆီးသွားတဲ့ တရားခံကတော့ လီဖူချန်းပါပဲ။  လီဖူချန်းက ဆန်းကြယ်ယင်ခန်းမ တစ်ခုတည်းကိုသာ ဖျက်ဆီးသွားတာ မဟုတ်ပါဘူး။  သူက ဖုန်းရွှယ် နယ်မြေဒေသကို သွားရာ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ မိစ္ဆာတာအို အဖွဲ့အစည်းတွေကို တစ်ခုမကျန် ဖျက်ဆီးခဲ့ပါသေးတယ်။

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ လီဖူချန်းဟာ  ဖုန်းရွှယ်နယ်မြေဒေသကို ရောက်ရှိလာခဲ့ပါပြီ။

ဖုန်းရွှယ်နယ်မြေဒေသ  ...   ...

သည်ဒေသကတော့ ဖုန်းရွှယ်ဂိုဏ်းရဲ့ ပိုင်နက်ဖြစ်ပြီး မိုးပြာရောင်နယ်မြေဒေသထက် ရှစ်ဆကျော် ပိုကျယ်ပြန့် ပါတယ်။

ဖုန်းရွှယ်နယ်မြေဒေသရဲ့ အရှင်သခင်တွေ ဖြစ်တဲ့အလျောက် ဖုန်းရွှယ်ဂိုဏ်းဟာ  ဂိုဏ်းသုံးဂိုဏ်းကို လက်အောက်ခံတွေ အဖြစ် သိမ်းသွင်းပြီးခဲ့ပါပြီ။  အဲသည်ဂိုဏ်းသုံးဂိုဏ်း ထဲမှာတော့ မိုးပြာရောင်ဂိုဏ်းလည်း အပါအဝင်ပါပဲ။

ဒါပေမဲ့ ဖုန်းရွှယ်ဂိုဏ်းက ဂိုဏ်းသုံးဂိုဏ်းကို အတင်းအကြပ် ဖိအားပေးပြီး သိမ်းသွင်းခဲ့တာ မဟုတ်ပါဘူး။  ဖုန်းရွှယ်ဂိုဏ်းက ဂိုဏ်းသုံးဂိုဏ်းကို နေစရာ နေရာတစ်ခု သတ်သတ်မှတ်မှတ် ပေးပြီး ကူညီခဲ့တဲ့ အတွက် အပြန်အလှန်အနေနဲ့ ဂိုဏ်းသုံးဂိုဏ်းဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ လက်အောက်ကို ဝင်လိုက်ကြတာပါ။

နည်းနည်းပါးပါး မေးမြန်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မိုးပြာရောင်ဂိုဏ်း အခြေချနေတဲ့ နေရာကို သိသွားခဲ့ပါပြီ။

အဲသည်အတွက် သူဟာ မိုးပြာရောင် ဂိုဏ်းရှိရာ တောင်တန်းတွေ ဘက်ကို ဦးတည် ပျံသန်း သွားပါတော့တယ်။

" ဟင်  ...  သည်နေရာက အကာအကွယ် အစီအရင်ကလည်း ညံ့လိုက်တာကွာ "

မိုးပြာရောင်ဂိုဏ်းဟာ သည်နေရာမှာလည်း အကာအကွယ် အစီအရင်တွေ ခင်းကျင်းထားဆဲပါပဲ။  ဒါပေမဲ့ သည်အကာအကွယ် အစီအရင်ကတော့ နဂိုမူလ မိုးပြာရောင်ဂိုဏ်းမှာ ခင်းကျင်းထားတဲ့ အစီအရင်လောက် အားမကောင်းတော့ပါဘူး။  အဲသည်အတွက် လီဖူချန်းဟာ အကာအကွယ် အစီအရင်ကို အလွယ်တကူ ကျော်ဖြတ်နိုင်လိုက်ပါတယ်။

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို  ဖြန့်ကျက်လိုက်တဲ့ အခါမှာတော့ သူနဲ့ ရင်းနှီးနေတဲ့ မျက်နှာတွေ အများကြီးကို တွေ့လိုက်ရပါတော့တယ်။ သူက အတိတ်ကိုတောင် သတိရလာမိသလိုပါပဲ။

" ဓားအရူးသူတော် လီရှင်းယုက ကောင်းကင်နယ်ပယ် အဆင့်၂ကို ရောက်နေပြီလား  ...   ...  "

" အိုး  ...  ကျားဓားရှင် ချန်ယွန်ဟူကလည်း ကောင်းကင်နယ်ပယ် အဆင့်၃ကို ရောက်နေပြီပဲ။  သူက လီရှင်းယုထက် ကျင့်ကြံခြင်း အဆင်တစ်ဆင့် မြင့်နေတာပေါ့ "

" ခံစားချက်မဲ့ဓား ရှုဖန်းက ကောင်းကင်နယ်ပယ် အဆင့်၁ပဲ ရောက်နေသေးတာလား "

" ဟင်  ...  အကြီးအကဲခေါင်ချုပ်   ...။  အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်းက ဒဏ်ရာ ရနေတာလား"

လီဖူချန်းက အိပ်ရာပေါ်မှာ လဲနေတဲ့ ဇောင်ဝူကျင်းကို တွေ့လိုက်ရတဲ့ အခါမှာတော့ စိတ်ထဲမှာ အနည်းငယ် မတင်မကျ ဖြစ်လာခဲ့တယ်။  ဇောင်ဝူကျင်းကို ကြည့်ရတာက  အသက်ဓာတ် အားနည်းနေပြီး မကြာခင် သေတော့မယ့် လူတစ်ယောက်လိုပါပဲ။

" ငါ့ရဲ့ လီကလန်သားတွေကော ဘယ်ရောက် ကုန်တာလဲ "

လီဖူချန်းက အသိစိတ်အာရုံကို အစွမ်းကုန် ဖြန့်ကျက်ပြီး ရှာဖွေ လိုက်ပေမယ့်လည်း လီကလန် သားတွေရဲ့ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ပါဘူး။

မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရတဲ့အတွက် လီဖူချန်းဟာ သူ့ရဲ့ ပျံသန်းနှုန်းကို တိုးမြှင့်ပြီး တောင်တန်းတွေ နားကို ချည်းကပ် သွားလိုက်ပါတယ်။

သူက အသိစိတ်အာရုံကို  နောက်ထပ်တစ်ကြိမ် ဖြန့်ကျက်ပြီး  ရှာလိုက်ပေမယ့်လည်း ရလဒ်ကတော့ အရင်အတိုင်းပါပဲ။  သူက လီကလန်သားတွေရဲ့ အငွေ့အသက်ကို လုံးဝ အာရုံခံလို့ မရခဲ့ပါဘူး။

လီဖူချန်းက မှုန်ကုပ်ကုပ် မျက်နှာထားနဲ့   မိုးပြာရောင်ခန်းမရဲ့ ပင်မခန်းဆောင်ကို ရောက်ရှိလာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ သူက  အသိစိတ်အာရုံနဲ့ အနားမှာ ရှိနေတဲ့ အိုးရန်ဝမ်းထင်ကိုလည်း ဆက်သွယ် လိုက်ပါတယ်။

" ဂိုဏ်းချုပ်ကြီး  ...။  ကျွန်တော်က လီဖူချန်းပါ။  ကျေးဇူးပြုပြီး ပင်မခန်းဆောင်ကို လာခဲ့ပေးပါဦး "

မိုးပြာရောင်ခန်းမရဲ့  ပင်မခန်းဆောင် အပြင်ဘက်မှာတော့ အိုးရန်ဝမ်းထင်ဟာ အထွတ်ထောင်ချုပ် အကြီးအပဲ ဂေါင်နဲ့ လက်ဖက်ရည်နွေးကြမ်း သောက်ရင်း စကားစမြည် ပြောဆိုနေခဲ့တာပါ။

သူက လီဖူချန်းဆက်သွယ်လာတဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကောင်းကင်ပေါ်ကို ချက်ချင်း ပျံတက် လိုက်ပါတယ်။

" ဂိုဏ်းချုပ်ကြီး  ...  ဘာဖြစ်လို့လဲ "

အကြီးအကဲဂေါင်က  အိုးရန်ဝမ်းထင်ကို မေးလိုက်ပါတယ်။

အိုးရန်ဝမ်းထင်ကတော့ အထွတ်ခေါင်ချုပ် အကြီးအကဲဇောင်ရဲ့ မေးခွန်းကိုတောင် ပြန်မဖြေနိုင် တော့ပါဘူး။  သူက  ရေးကြီးသုတ်ပြာနဲ့ မိုးပြာရောင် ပင်မခန်းမဆီကို ပျံသန်းသွားခဲ့ပါပြီ။

အတန်ကြာမှ အသံတစ်သံဟာ အထွတ်ခေါင်ချုပ် အကြီးအကဲဇောင်ထံ  ပျံ့လွင့် လာခဲ့ပါတယ်။

" အကြီးအကဲဇောင်  ... ။  ကျန်တဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေကို သတင်းပေးလိုက်ပါဦး။  လီဖူချန်း ပြန်ရောက်လာပြီ  "

" ဘာ  ...  လီဖူချန်း ပြန်ရောက်လာပြီလား "

အထွတ်ခေါင်ချုပ် အကြီးအကဲဇောင်ရဲ့ မျက်လုံးတွေဟာ ပြူးကျယ် သွားခဲ့ပါပြီ။

လီဖူချန်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်လို့တောင် သတ်မှတ်နိုင်ပါတယ်။  သူက အလွန်ငယ်ရွယ်တဲ့ အသက် အပိုင်းအခြားမှာတင် အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို အံ့သြစေခဲ့သူပါ။ တကယ်လို့သာ သူ့အနေနဲ့ ကျင့်ကြံဖို့ အချိန်ကောင်းကောင်း ရခဲ့မယ်ဆိုရင် အရှေ့ယူနီကွန်းတိုက်ရဲ့ အဓိက ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာမယ်ဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။   မိစ္ဆာတာအို အဖွဲ့အစည်းနဲ့ ရှင်းတိကောဝမ်တို့ ထကြွလာတာက လီဖူချန်းနဲ့ မိုးပြာရောင် ဂိုဏ်းအတွက်  ကံဆိုးစေတာပါပဲ။

အထွတ်ခေါင်ချုုပ် အကြီးအကဲဇောင်ဟာ လက်ဖက်ရည် ကြမ်းခွက်ကို ချလိုက်ပြီး  အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ အိုးရန်ထိုင်နဲ့ အခြား အကြီးအကဲတွေကို သတင်းပေးဖို့ အတွက် ကောင်းကင်ပေါ်ကို ပျံတက်သွားပါတော့တယ်။

အဲသည်အချိန်မှာတော့ အိုးရန်ဝမ်းထင်ဟာ  မိုးပြာရောင် ပင်မခန်းဆောင်ကို ရောက်နေခဲ့ပါပြီ။

" လီဖူချန်း  ...  မင်းက တကယ် လီဖူချန်းအစစ်လား "

အိုးရန်ဝမ်းထင်က သူ့ရဲ့ မျက်လုံးကိုတောင် သူမယုံနိုင်တော့ပါဘူး။ သည်လူငယ်က သူသိတဲ့ လီဖူချန်းနဲ့ ရုပ်ရည် သွင်ပြင်အရတော့ တစ်ထပ်တည်းပါပဲ။  ဒါပေမဲ့ သည်လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က အရမ်းကြောက်စရာ ကောင်းနေပါပြီ။

ကောင်းကင်နယ်ပယ်မှာပဲ ရှိသေးတဲ့ လူတစ်ယောက်ဟာ နှစ်နှစ်လောက် ပျောက်သွားတာနဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်သွား နိုင်သတဲ့လား။ ပြီးတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါဟာ အရှေ့ယူနီကွန်း တိုက်က ထိပ်သီး ပုဂ္ဂိုလ်တွေထက်ကို ပိုပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေပါတယ်။  သည်ချီ အရှိန်အဝါက ခြစ်ခြစ်တောက် ပူနေတဲ့ နေတစ်စင်းလိုပါပဲ။

" ဂိုဏ်းချုပ်ကြီး  ...။  ကျွန်တော့်ရဲ့ လီကလန်က လူတွေ ဘယ်ရောက်ကုန်တာလဲ "

လီဖူချန်းက အိုးရန်ဝမ်းထင်ကို စူးရဲစွာ စိုက်ကြည့်ပြီး လေးနက် တည်ကြည်စွာနဲ့ မေးလိုက်ပါတယ်။

အိုးရန်ဝမ်းထင်က ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။  အတန်ကြာမှ သူက   လီဖူချန်းရဲ့ မေးခွန်းကို ခါးသီးစွာဖြင့် ပြန်ဖြေလိုက်ပါတယ်။

" မင်းရဲ့ လီကလန်က လူတွေကို မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာ ဂိုဏ်းက ဖမ်းသွားပြီ။  သူတို့ပြောတာကတော့ မင်းကိုယ်တိုင်လာပြီး အဖမ်းခံမှ  လီကလန်သားတွေကို ပြန်လွှတ် ပေးမယ်တဲ့ "

" တောက်  ...  သေချင်နေတဲ့ ကောင်တွေပဲ "

လီဖူချန်းရဲ့ တောက်ခေါက်သံ တစ်ချက်က လေဟာနယ်ကို လှိုင်းအထပ်ထပ် ထသွားစေခဲ့ပါပြီ။  သူ့ရဲ့ ချီအရှိန်အဝါကလည်း ဟုန်းခနဲ ထွက်ပေါ်လာပြီး  ပင်မခန်းဆောင် တစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါ သွားစေခဲ့ပါတယ်။

အိုးရန်ဝမ်းထင်က အသက်ရှုလို့တောင် မဝတော့ပါဘူး။  သူက မီးလောင်ပြင်ကြီးထဲမှာ ရောက်နေသလို ခံစားနေရပါတယ်။

ဟူး  ... ဟူး  ... ဟူး  ... ဟူး  ...

အဲသည်အချိန်မှာပဲ လူရိပ်အချို့ဟာ ပင်မခန်းဆောင်ထဲကို ဝင်ရောက် လာခဲ့ပါပြီ။  အဲသည် လူတွေကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေပါပဲ။

မူလအစတုန်းကတော့ မိုးပြာရောင်ဂိုဏ်းမှာ   ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင် စုစုပေါင်း ၇ယောက် ရှိပါတယ်။

အဲသည်ပညာရှင်တွေကတော့ ဂိုဏ်းချုပ် အိုးရန်ဝမ်းထင်၊ အထွတ်ခေါင်ချုပ် အကြီးအကဲ လေးယောက်နဲ့  လက်ဝဲရံ၊ လက်ယာရံ ဂိုဏ်းထိန်းကြီး နှစ်ယောက်တို့ပါပဲ။

ဒါပေမဲ့  စစ်ပွဲအတွင်းမှာ  လက်ဝဲရံ ဂိုဏ်းထိန်းကြီးနဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲလျံတို့ဟာ ကျဆုံးသွားခဲ့တဲ့ အတွက် မိုးပြာရောင်ဂိုဏ်းမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ၅ယောက်သာ ကျန်ရှိ နေပါတော့တယ်။

" လီဖူချန်း  ...  မင်းဘယ်တွေ ရောက်နေတာလဲ "

အထွတ်ခေါင်ချုပ်  ပင်မအကြီးအကဲ အိုးရန်ထိုင်က လီဖူချန်းကို မေးလိုက်ပါတယ်။

လီဖူချန်းက အိုးရန်ထိုင်ရဲ့ မေးခွန်းကို ပြန်မဖြေအား သေးပါဘူး။  သူက အိုးရန်ဝမ်းထင်ကို နောက်ထပ် မေးခွန်း တစ်ခု မေးနေပါတယ်။

" အကြီးအကဲ ဇောင်ဝူကျင်းကကော ဘယ်လိုဖြစ်ပြီး အိပ်ရာပေါ် လဲနေရတာလဲ"

အိုးရန်ဝမ်းထင်က မချိပြုံး ပြုံးလိုက်ပြီး

" ဇောင်ဝူကျင်းက လီကလန်ဘက်ကနေ  ရပ်တည်ပေးခဲ့တယ်။  အဲသည်အတွက်  သေလုမြောပါး ရိုက်ခံလိုက်ရတာ။  သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကလည်း ရစရာ မရှိတော့ဘူူး။  ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကသာ မကုသပေးခဲ့ဘူး ဆိုရင် ဇောင်ဝူကျင်းဟာ သေနေလောက်ပြီ "

ဇောင်ဝူကျင်းရဲ့ အဖြစ်အပျက်ကို ကြားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မျက်နှာ ပျက်သွားခဲ့ပါပြီ။  သူ့ရဲ့ မျက်လုံးထောင့်မှာလည်း မျက်ရည်တွေ ဝေ့တက်လာခဲ့ပါတယ်။

ဟူး  ...

လေထုဟာ လှိုင်းတစ်ချက် ထပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပင်မခန်းဆောင်ထဲကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။  သူက ဇောင်ဝူကျင်းဆီကို သွားမယ်ဆိုတာကတော့ အသိသာကြီးပါပဲ။

အိုးရန်ထိုင်နဲ့ အခြားသော အထွတ်ခေါင်ချုပ် အကြီးအကဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း ကျန်နေခဲ့ပါတယ်။

အိုးရန်ဝမ်ထင်က အားလုံးကို အမိန့်ပေး လိုက်ပါတယ်။

" အထွတ်ခေါင်ချုပ် အကြီးအကဲအပေါင်းတို့   ...   ... ။  သည်နေ့ကစပြီး ကျုပ်တို့ဟာ လီဖူချန်းကို အားကိုး ကြရတော့မယ်။ အဲသည်အတွက် သူ့စိတ်တိုင်းကျ နေပါစေ။  ပြီးတော့ လီဖူချန်း ပြန်ရောက် လာပြီဆိုတဲ့ သတင်းကို မပေါက်ကြားစေပါနဲ့။ လီဖူချန်း ပြန်ရောက်လာပြီဆိုတဲ့ သတင်းသာ ပေါက်ကြား သွားခဲ့မယ်ဆိုရင်  မိုးကြိုး နတ်ဘုရားဂိုဏ်း ၊ ဆန်းကြယ် ကိရိယာဂိုဏ်းနဲ့ မိစ္ဆာတာအို အင်အားစုက ကျုပ်တို့ကို သည်အတိုင်း ကြည့်နေမှာ မဟုတ်ဘူး "

အိုးရန်ဝမ်းထင်ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ  အရှေ့ယူနီကွန်းတိုက်ရဲ့  ထိပ်သီးပုဂ္ဂိုလ်ကြီးတွေနဲ့ ယှဉ်ဖို့ မဖြစ်နိုင်သေးပါဘူး။  အဲသည်အတွက် သူက လီဖူချန်းပြန်ရောက်လာတဲ့ သတင်းကို မပေါက်ကြားစေဖို့ အမိန့်ထုတ် လိုက်ရတာ ဖြစ်ပါတယ်။

***

All Chapters