လူများ စုစည်းခြင်း
Vol. 103 Ch. 1431
ကျန်းရီသည် အဆိပ်ဝိညာဉ်အတွက် စိတ်ပူမိသွား၍ ကျင့်ကြံခြင်းအပေါ်တွင် အာရုံမစိုက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် တိတ်တဆိတ်ထိုင်၍ ရှောင်ဟုန်ထံမှ သတင်းကိုသာ စောင့်နေလိုက်သည်။
ရှောင်လန်သည် ရှောင်ဟုန်ထံ ချက်ချင်း ဆက်သွယ်ခဲ့၏။ တစ်နာရီကြာပြီးနောက်မှ ရှောင်ဟုန်က ပြန်ဖြေသည်။ ထိုအခါ ရှောင်လန်တစ်ယောက် မျက်နှာပျက်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“မြို့အရှင်.. စီရင်စုနယ်အရှင်က အဆိပ်ဝိညာဉ်ကို ရှာမတွေ့သေးဘူးတဲ့”
အမှန်ပင် တစ်စုံတစ်ခု ဖြစ်ခဲ့ပေပြီ။ ကျန်းရီ ရင်တုန်သွား၏။ သူသည် လေသံတိုးတိုးဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ”
ရှောင်လန်က ရှင်းပြသည်။
“သူတို့ စေလွှတ်လိုက်တဲ့သူက အဆိပ်ဝိညာဉ်ကို ရှာမတွေ့ဘူးလို့ မျိုးနွယ်ခေါင်းဆောင်က ပြောပါတယ်။ အခု သူ လူတွေ ထပ်စေလွှတ်ပြီး အဆိပ်ဝိညာဉ်ကို ရှာခိုင်းနေပါပြီ။ ဒါပေမဲ့ အခုအထိ သူတို့ ဘာသတင်းမှ မရသေးပါဘူး”
“သူတို့ကို အဆိပ်ဝိညာဉ်ကို ရှာမတွေ့ဘူးလား”
ကျန်းရီ၏ မျက်နှာထား တင်းမာသွား၏။ အဆိပ်ဝိညာဉ်က ချင်မျိုးနွယ်၏လက်ထဲ ရောက်သွားခြင်းလော။ ကျန်းရီ ဆက်၍ထိုင်မနေနိုင်တော့ပေ။ သူ ရှောင်လန်ကို ကြည့်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သိမ်းငှက်ပြာမြို့ကို သွားကြစို့”
တပ်မှူးလျှိုနှင့် အခြားသူများ တောင့်တင်းသွားကြသည်။ ထို့နောက် တပ်မှူးလျှိုက မေးလိုက်၏၊
“အရှင် ဘာဖြစ်လို့ပါလဲ”
“ဘာမှ မဟုတ်ပါဘူး”
ကျန်းရီက ထပ်မံ လက်ဝှေ့ယမ်း၍ ပြော၏။
“လောလောဆယ် မြို့ထဲက ကိစ္စတွေကို ဆက်ပြီးကြီးကြပ်ထားလိုက်ပါ။ မိစ္ဆာသတ်ဖြတ်စံအိမ်က ကိစ္စတွေကို ခဏထားလိုက်ပါဦး။ ကျွန်တော် ပြန်လာမှ ထပ်ပြောကြတာပေါ့”
ထို့နောက် ကျန်းရီသည် ရှောင်လန်ကို ခေါ်၍ မြို့ရင်ပြင်သို့ သွားလိုက်၏။ သို့သော် ကျန်းအိမ်တော်ထဲမှနေ၍ အရိပ်တစ်ခု ပျံထွက်လာပြီး အသက်တစ်ရှူစာအတွင်းမှာပင် လူအုပ်ကြားထဲ အသံတစ်ချက်မထွက်ဘဲ ဝင်ရောသွားသည်။ ထိုအရိပ်ကို မည်သူမှ သတိမပြုမိလိုက်ကြပေ။ ကျန်းရီနှင့် ရှောင်လန်တို့ တည်နေရာပြောင်းရွှေ့သွားပြီးနောက်တွင် ထိုအရိပ်ကလည်း တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။ သူက အနက်ရောင်အမိန့်ပြားတစ်ပြားကို ထုတ်ပြသောအခါ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော တပ်မှူး၏ မျက်နှထား ပြောင်းလဲသွားသည်။ ယင်းနောက် တပ်မှူးသည် မည်သို့မှ မပြောဝံ့ဘဲ တည်နေရာပြောင်းရွှေ့အစီအရင်ကို ချက်ချင်း နှိုးပေးလိုက်ရလေသည်.
ကျန်းရီ၏စိတ်ဝိညာဉ်သည် ကောင်းကင်နှလုံးသားဆေးပင်မှ စွမ်းအင်များကို တစ်ဝက်ခန့် စုပ်ယူပြီးပြီဖြစ်၏။ ထို့ကြောင့် သူ့စိတ်ဝိညာဉ်က ယခုတွင် သိသိသာသာ ပိုသန်မာလာပြီဖြစ်သည်။ ကျန်းရီသည် တည်နေရာပြောင်းရွှေ့ရာတွင်လည်း မကြာခဏ အနားယူစရာ မလိုတော့ပေ။ သူသည် လမ်းတစ်ဝက်တွင် နာရီအနည်းငယ်သာ နား၍ သိမ်းငှက်ပြာမြို့သို့ အရောက်သွားလိုက်လေသည်။
“မြို့အရှင်ကျန်းနဲ့ ခေါင်းဆောင်လန်ကို နှုတ်ခွန်းဆက်ပါတယ်”
သိမ်းငှက်ပြာမြို့ရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသော လူများသည် ကျန်းရီနှင့် ရှောင်လန်တို့ကို တွေ့လိုက်သောအခါ ချက်ချင်း ဦးညွှတ်လိုက်ကြ၏။ အစောင့်တပ်မှူးက တိထျန်းတစ်ယောက်ဖြစ်ပြီး ကျန်းရီထက် ကျင့်ကြံခြင်းအဆင့် များစွာပိုမြင့်သည်။ သို့သော် သူသည် ကျန်းရီကို ဦးညွှတ်နေပေသည်။ ထို့ကြောင့် မြို့ရင်ပြင်ထဲရှိ အကြောင်းမသိသော လူများက နားမလည်နိုင်ဖြစ်သွားကြ၏။ သို့သော် ကျန်းရီက အရေးမစိုက်ဘဲ ခေါင်းဆတ်၍သာပြလိုက်ပြီး ရှောင်လန်နှင့်အတူ သိမ်းငှက်ပြာတောင်ဆီသို့ ပျံသန်းသွားလိုက်လေသည်။
“မြို့အရှင်ကျန်းဆိုပါလား... ကျန်းရီလား...”
“သူက ကျန်းရီပဲ ဖြစ်ရမယ်...”
လူအချို့သည် ချက်ချင်း သဘောပေါက်သွားကြ၏။ တိရှဘုံ၌ ‘ကျန်း’မျိုးရိုးအမည်နှင့် လူများ သိပ်မရှိပေ။ ယင်းအပြင် ထိုလူက ငယ်ရွယ်ပြီး မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သို့ဖြစ်ရာ သူက ကျန်းရီသာ ဖြစ်ရပေမည်။
***
“ကျန်းရီ...”
ကျန်းရီနှင့် ရှောင်လန်တို့ သိမ်းငှက်ပြာတောင်သို့ ရောက်သောအခါ ရှောင်ဟုန်က သူတို့ကို ထွက်နှုတ်ဆက်၏။ ထို့နောက် သူသည် အပြစ်ရှိဟန် မျက်နှာထားဖြင့် အသံပို့လွှတ်လိုက်သည်။
“ငါတောင်းပန်ပါတယ်။ အခုထိ သူ့ကို ရှာမတွေ့သေးဘူး။ ငါ့အပြစ်တွေပါပဲ”
ကျန်းရီသည် ရဲတိုက်ထဲသို့ပင် မဝင်တော့ဘဲ အသံပြန်ပို့လွှတ်လိုက်၏။
“စီရင်စုနယ်အရှင်... အဲ့ဒါက အရှင့်ရဲ့ အပြစ် မဟုတ်ပါဘူး။ အဆိပ်ဝိညာဉ်က ချင်မျိုးနွယ်ရဲ့လက်ထဲကို ရောက်သွားနိုင်လောက်လား”
“မရောက်နိုင်လောက်ဘူး”
ရှောင်ဟုန်သည် ယင်းကိုတော့ သေချာ၏။
“အဲ့နေ့ပြီးကတည်းက ချင်မျိုးနွယ်က သူတို့ရဲ့ တပ်သားတွေကို ပြန်ခေါ်ခဲ့တာပဲ။ ပြီးတော့ ငါ ချင်မျိုးနွယ်က အကြီးအကဲတွေကိုလည်း လူလွတ်ပြီး မေးထားတယ်။ ချင်မျိုးနွယ်က ငါ့ကို ရှင်းရှင်းလင်းလင်း ပြန်ပြောပါတယ်။ သူတို့လည်း အဆိပ်ဝိညာဉ်ကို ရှာမတွေ့ခဲ့ဘူးတဲ့”
“အဆိပ်ဝိညာဉ်က သူ့ဘာသာ ပုန်းနေတာများလား”
ကျန်းရီ ရေရွတ်လိုက်၏။ သို့သော် ချင်မျိုးနွယ်ဝင်များ ပြန်သွားကြသည်ကို မြင်လျှင် အန္တရာယ်မရှိတော့ကြောင်းကို အဆိပ်ဝိညာဉ် သိနိုင်ပေသည်။ သို့မဟုတ် သူက ဒဏ်ရာများ ပျောက်သည်အထိ လုံခြုံသောတစ်နေရာတွင် ခိုနေရန် ဆုံးဖြတ်ခဲ့ခြင်းလော။
ကျန်းရီ တွေးတောနေစဉ်တွင် ရှောင်ဟုန်၏ ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားက လင်းလက်လာ၏။ ရှောင်ဟုန်သည် ၎င်းကျောက်စိမ်းပြားကို ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြော၏။
“ငါတို့ သဲလွန်စတစ်ခု ရပြီ။ ချင်မျိုးနွယ်က အဆင့်မြင့်တပည့်တစ်ယောက်က သတင်းပေးလိုက်တာပဲ။ မကြာသေးခင်တုန်းက လူတစ်ယောက် သူတို့မျိုးနွယ်ကို ရောက်လာပြီး အပေးအယူတစ်ခု လုပ်ဖို့ လုပ်ခဲ့တယ်တဲ့။ အဲ့လူက အဆိပ်ဝိညာဉ်ရဲ့ ခေါင်းကို နတ်ဘုရားအမြစ်ဆယ်သန်းနဲ့ ရောင်းချင်ခဲ့တာလို့ ပြောတယ်။ ဒါပေမဲ့ မင်းမျက်နှာကြောင့် ချင်မျိုးနွယ်က အဲ့အပေးအယူကို လက်မခံရဲခဲ့ဘူးတဲ့။ အခု သူတို့ ဒီသတင်းကို ပေးတာကလည်း မင်း အထင်လွဲတာကို မခံရအောင် ထင်တယ်”
“အွန်း...”
ကျန်းရီ၏ မျက်နှာထားက ရုတ်ခြည်း တင်းမာသွားသည်။ ထို့နောက် သူ လေးလံသော လေသံဖြင့် ပြောလိုက်သည်။
“ချင်မျိုးနွယ်က အဲ့တပည့်ကို ထပ်မေးလိုက်ပါ။ အဆိပ်ဝိညာဉ်ရဲ့ ခေါင်းကို လာရောင်းတဲ့သူက ဘယ်သူလဲလို့”
ရှောင်ဟုန်သည် ချက်ချင်း အသံပြန်ပို့လွှတ်လိုက်၏။ ထို့နောက် သူတို့အရှေ့မှ ရဲတိုက်ကို ညွှန်ပြကာ ပြောလိုက်သည်။
“ညီလေးကျန်း... စိတ်မလောပါနဲ့။ အထဲကိုဝင်ပြီး ထိုင်ပါဦး။ မစိုးရိမ်ပါနဲ့... ငါတို့ မြေလှန်ရှာရမယ်ဆိုရင်တောင် အဆိပ်ဝိညာဉ်ကို ရအောင် ရှာပေးမှာပါ။ ငါ သိမ်းငှက်ပြာစီရင်စုနယ်တစ်ခွင်လုံးကို သတင်းပို့ထားပြီးပါပြီ။ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ် အားလုံး အဆိပ်ဝိညာဉ်အကြောင်းကို စုံစမ်းကြမှာပါ”
“ကျေးဇူးတင်ပါတယ် အစ်ကိုရှောင်”
ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ရှောင်ဟုန်ကို အခေါ်အဝေါ်ပြောင်း၍ ခေါ်လိုက်၏။ ထိုအခါ ရှောင်ဟုန်၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ကျန်းရီက သူ့ကို အစ်ကိုရှောင်ဟု ခေါ်နေပေပြီ။ ယင်းမှာ သူနှင့်ကျန်းရီက ပိုရင်းနှီးလာပြီး သူ၏ ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်မသွားဟူသော အဓိပ္ပာယ်ပင်။
ကျန်းရီနှင့် ရှောင်ဟုန်တို့သည် အလယ်ခန်းမထဲသို့ ဝင်သွားလိုက်ပြီး လက်ဖက်ရည်သောက်ကာ သတင်းအသစ်များကို စောင့်နေလိုက်ကြ၏။ တစ်နာရီကြာပြီးနောက် သတင်းအသစ်များ ရောက်ရှိလာသည်။ ချင်မျိုးနွယ်၏ အဆင့်မြင့် တပည့်က အဆိပ်ဝိညာဉ်၏ခေါင်းကို လာရောင်းသူကို မသိပေ။ ထိုလူက မြောက်ပိုင်းမြစ်မြို့အနီးမှ လာခဲ့ကြောင်းကိုသာ သွယ်ဝိုက်၍ အရိပ်အမြွက်ပေးခဲ့သည်။
“မြောက်ပိုင်းမြစ်မြို့နားကလား”
ရှောင်ဟုန်၏ ညီညာစွာတိထားသော မျက်ခုံးနှစ်ဘက်က ကွေးညွတ်သွား၏။ သူ လက်ဝှေ့ယမ်းလိုက်ရာ ရှောင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် မြေပုံတစ်ပုံကို ယူ၍ ရောက်လာ၏။ ထိုမြေပုံက အထူးရေးဆွဲထားသော မြေပုံပင်။ မြေပုံပေါ်၌ အမှတ်အသားများစွာ ရှိပေသည်။ ကျန်းရီသည် မြေပုံပေါ်မှ မြောက်ပိုင်းမြစ်မြို့တစ်ဝိုက်ကို အာရုံစိုက်၍ ကြည့်လိုက်၏။ ထိုနေရာတစ်ဝိုက်၌ မှတ်သားထားသော အနီစက်လေးများစွာ ရှိပေသည်။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။
“အစ်ကိုရှောင် အဲ့အနီစက်တွေက ဘာအဓိပ္ပာယ်လဲ”
“အဲ့နေရာတွေက နတ်ဘုရားဓားပြအဖွဲ့တွေနဲ့ မျိုးနွယ်ကြီးတွေက လျှို့ဝှက်မျိုးနွယ်ဝင်တွေ ရှိတဲ့နေရာတွေပဲ”
ရှောင်ဟုန်သည် မြောက်ပိုင်းမြစ်မြို့အနီးရှိ အနီရောင်အစက် ခြောက်စက်ကို ညွှန်ပြ၍ စကားဆက်သည်။
“မြောက်ပိုင်းမြစ်မြို့ရဲ့ မြောက်ဘက်မှာ နှင်းနက်စီရင်စုနယ်ရှိတယ်။ စီရင်စုနယ်စပ်မျဉ်းကို ကျော်သွားရင် အန္တရာယ်များပြီး ခေါင်တဲ့ နှင်းနက်တောင်တန်းဒေသရှိတယ်။ အမှောင်ဓာတ် ဟွင့်သွမ့်သားရဲအများစုက အဲ့ဒေသမှာ ပေါက်ဖွားကြတာပဲ။ အဲ့တောင်တန်းဒေသရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ကမ္ဘာဦးအဆင့် ဟွင့်သွမ်သားရဲတွေ ရှိတယ်လို့လည်း ပြောကြတယ်။ မျိုးနွယ်ကြီးသုံးခုရဲ့ လျှို့ဝှက်မျိုးနွယ်ဝင်တွေက အဲ့တောင်တန်းဒေသနားမှာ ရှိကြတယ်။ သူတို့တွေအပြင် အဲ့မှာ နည်းနည်းအင်အားပိုကြီးတဲ့ နတ်ဘုရားဓားပြအဖွဲ့ သုံးဖွဲ့လည်း ရှိတယ်။ ပြီးတော့ နှင်းနက်စစ်တပ်ရဲ့ ခေါင်းဆောင်က ဘွဲ့ထူးရ တိထျန်းတစ်ယောက်ပဲ”
“အင်း...”
ကျန်းရီသည် ထိုအကြောင်းများကို ယခင်က မသိခဲ့ပေ။ ထို့ကြောင့် သူ ရှောင်ဟုန်ကို ကြည့်၍ မေးလိုက်သည်။
“အဲ့ဒါဆို အဲ့အင်အားစု ခြောက်စုထဲက တစ်စုက အဆိပ်ဝိညာဉ်ကို ဖမ်းသွားတာလား”
“မျိုးနွယ်ကြီးသုံးခုက လျှို့ဝှက်မျိုးနွယ်ဝင်တွေကတော့ မဖြစ်နိုင်ဘူး”
ရှောင်ဟုန်က ယုံကြည်မှုရှိရှိ ပြောသည်။
“အဲ့လျှို့ဝှက်မျိုးနွယ်ဝင် သုံးစုထဲက တစ်စုက ချင်မျိုးနွယ်ကပဲ။ ကျန်တဲ့ မျိုးနွယ်ကြီးနှစ်ခုကလည်း အဆိပ်ဝိညာဉ်ကို ထိရဲမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က အဆိပ်ဝိညာဉ်ကို ဖမ်းမိခဲ့မယ်ဆိုရင်တောင် ချင်မျိုးနွယ်နဲ့ အပေးအယူလုပ်နေမှာ မဟုတ်ဘူး။ တန်းပေးလိုက်မှာပဲ...”
“အဲ့တော့... ဒီကိစ္စရဲ့ တရားခံက နတ်ဘုရားဓားပြအဖွဲ့သုံးဖွဲထဲက တစ်ဖွဲ့ဖွဲ့ ဖြစ်ရမယ်လို့ ငါ သံသယရှိတယ်။ ဒါမှမဟုတ်လည်း နှင်းနက်စစ်တပ်ပေါ့။ အဆိပ်ဝိညာဉ်ရဲ့ ဆန်းကြယ်စွမ်းရည်တွေက စွမ်းအားကြီးလွန်းတယ်။ သူ့ကို ဖမ်းနိုင်ဖို့ အနည်းဆုံး ဘွဲ့ထူးရတိထျန်းတစ်ယောက်တော့ လိုလိမ့်မယ်။ နှင်းနက်စစ်တပ်ရဲ့ ခေါင်းဆောင်က ဘွဲ့ထူးရတိထျန်းတစ်ယောက်ပဲ”
“ဘွဲ့ထူးရတိထျန်း...”
ကျန်းရီသည် အဆိပ်ဝိညာဉ်က သူ၏ပုန်းကွယ်ခြင်းအတတ်ကို သာမန်တိထျန်းများက ဖောက်မြင်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောခဲ့သည်ကို အမှတ်ရသွား၏။ ဘွဲ့ထူးရတိထျန်းများဖြစ်သော ချင်မျိုးနွယ်၏ အကြီးအကဲအချို့သာ ထိုအတတ်ကို ဖောက်မြင်နိုင်လိမ့်မည်ဟုလည်း ပြောခဲ့သည်။ ကျန်းရီသည် စက္ကန့်အတော်ကြာ တွေးတောလိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ အော်ပြောလိုက်သည်။
“ရှောင်လန်...”
“ဟုတ်ကဲ့...”
ရှောင်လန်သည် ကျန်းရီဘေးတွင် ရုတ်ခြည်း ထွက်ပေါ်လာ၏။ ကျန်းရီသည် သူ၏ လူထုရေးရာ ဝန်မင်း အမိန့်ပြားကို ထုတ်၍ ရှောင်လန်အား ပေးကာ ပြောလိုက်သည်။
“သိမ်းငှက်ပြာမြို့ကို သွားပြီး အဲ့မြို့က မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တွေကို ခေါ်ခဲ့ပါ။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တွေနဲ့ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေ အားလုံးကို မြောက်ပိုင်းမြစ်မြို့မှာ စုဝေးခိုင်းလိုက်ပါ”
ရှောင်ဟုန်သည် ကျန်းရီကို တားရန် မကြိုးစားဘဲ ညွှန်ကြားမှုများ ထပ်ပေးလိုက်၏။
“ရှောင်ကျွင်း... မြောက်ပိုင်းမြစ်မြို့ဆီ စစ်တပ်စေလွှတ်လိုက်။ နှင်းနက်စစ်တပ်က နှင်းနက်တောင်တန်းဒေသကို လက်ဝါးကြီးအုပ်ထားခဲ့တာ နှစ်တွေ ကြာခဲ့ပြီမလား။ ဒီတစ်ခေါက် ငါတို့ အဲ့ဒေသတစ်ဝိုက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားအောင် သွားလုပ်ကြတာပေါ့။ ငါ မတိုက်ခိုက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငါ ငါ့ရဲ့အရိုးတွေနဲ့ ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ချင်တယ်”
ကျန်းရီသည် ရှောင်ဟုန်ကို ကြည့်လိုက်ပြီး မည်သည့်အပိုစကားကိုမှ ပြောမနေတော့ဘဲ လက်ဆုပ်၍ လိုရင်းကိုသာ ပြောလိုက်သည်။
“အစ်ကိုရှောင် ကျေးဇူးတင်ပါတယ်”
“ညီလေး... မင်းနဲ့ငါ့ကြားမှာ ကျေးဇူးတင်တာတွေ ဘာတွေ လုပ်မနေပါနဲ့”
ရှောင်ဟုန်သည် ထရပ်၍ ခပ်ရေးရေး ပြုံးလိုက်၏။
“မင်းရဲ့ ပြဿနာက ငါ့ရဲ့ ပြဿနာပဲပေါ့။ ပြီးတော့ သိမ်းငှက်ပြာစီရင်စုနယ်ထဲက လူတော်တော်များများက ငါ့ကို မလေးစားကြတော့ဘူးကွ။ ဒီတိုက်ပွဲက သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ ဘယ်သူက သခင်လဲဆိုတာကို ပြပေးလိမ့်မယ်။ သွားကြစို့ ညီလေး...”
“ဟုတ်.. သွားကြမယ်”
ကျန်းရီ ရှောင်ဟုန်နောက်သို့ လိုက်သွားလိုက်၏။ အဆိပ်ဝိညာဉ်ကို နှင်းနက်စစ်တပ်က ဖမ်းခဲ့သည်ဖြစ်စေ၊ မဖမ်းခဲ့သည်ဖြစ်စေ သူတို့ ဤတိုက်ပွဲကို တိုက်ရပေလိမ့်မည်။ အဆိပ်ဝိညာဉ်ကို ဖမ်းသွားသူက မည်သူဖြစ်စေ ဤတိုက်ပွဲ ပြီးသွားနောက်တွင် သူ သေချာပေါက် ဘေးကင်းကင်းနှင့် ပြန်လွတ်လာမည်ဖြစ်သည်။
ရွှီး...ဒိုင်း...
သိမ်းငှက်ပြာတောင်ထိပ်မှနေ၍ ကောင်းကင်ထက်သို့ အချက်ပြမီးပန်း ပစ်ဖောက်လိုက်၏။ ရှောင်မျိုးနွယ်မှ တိထျန်းအဆင့် စွမ်းအားကြီး သိုင်းသမားအားလုံးသည် စစ်သွေးစစ်မာန်များဖြင့် ရုတ်ခြည်း ပျံထွက်လာကြ၏။ ရှောင်မျိုးနွယ်က သူတို့၏ အင်အားကို မပြသခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ယခုတွင် သူတို့ တိုက်ပွဲဆင်နွှဲရတော့ပေမည်။ သူတို့သည် သွေးမြေမကျမချင်း နောက်ဆုတ်မည် မဟုတ်ပေ။
***