ကောင်းကင်ကုလားအုပ်တောင်
Vol. 103 Ch. 1432
ရှောင်ဟုန်နှင့် ကျန်းရီတို့က ညွှန်ကြားချက်များ အသီးသီး ပေးပြီးနောက် သိမ်းငှက်ပြာစီရင်စုနယ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွား၏။
နောက်ချန်နေခဲ့ရမည့် ရှောင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများမှ လွဲ၍ ကျန်လူအားလုံး ထွက်ခွာကြသည်။ ရှောင်မျိုးနွယ်က စတင်လှုပ်ရှားသည်နှင့် သိမ်းငှက်ပြာတောင်ပေါ်ရှိ ရှောင်မျိုးနွယ်နှင့် ပတ်သတ်မှုရှိသော မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်တိုင်း ထွက်ခွာကြသည်။ သိမ်းငှက်ပြာမြို့ထဲရှိ မျိုးနွယ်ကြီးငါးခုမှ မျိုးနွယ်ခေါင်းဆောင်များကလည်း သူတို့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ချက်ချင်း စုစည်းလိုက်ကြသည်။ သူတို့က ကျန်းရီကို လေးစားမှု ပြရန် ရည်ရွယ်ချက်မရှိလျှင်ပင် ရှောင်ဟုန်ကို လေးစားမှု ပြရပေမည်။ အခြားမြို့များမှ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များသည်လည်း ထိုကဲ့သို့သော အခွင့်အရေးကြီးတစ်ခုကို လက်လွတ်မခံကြပေ။ သူတို့သည် သတင်းရလိုက်သည်နှင့် မြောက်ပိုင်းမြစ်မြို့သို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ကြပေသည်။
သိမ်းငှက်ပြာမြို့၏ မိစ္ဆာသတ်ဖြတ်စံအိမ်မှ စံအိမ်အရှင်ချိုးရီက စွမ်းအားကြီး သိုင်းသမားများကို ကိုယ်တိုင်ဦးဆောင်၍ ကျန်းရီကို မြို့ရင်ပြင်၌ စောင့်နေကြ၏။ ချိုးရီမှာ ဘွဲ့ထူးရစစ်နတ်ဘုရားဖြစ်သည်။ သူ၏အဆင့်အတန်းအရ ကျန်းရီသည် သူ့ကို စေခိုင်းခွင့်မရှိပေ။ ထို့ပြင် သူက စီရင်စုနယ်တစ်ခု၏ စံအိမ်အရှင်ဖြစ်သည်။ ကျန်းရီက သူ့ကို ရာထူးမှ ဖြုတ်မချနိုင်ချေ။ သို့သော် ယခုတွင် ကျန်းရီက တိရှအရှင်နှင့် တိမင်တို့၏ အရေးပေးမှုကို ခံနေရသည်။ သို့ဖြစ်ရာ မည်သူက ကျန်းရီနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မည့် အခွင့်အရေးကို လက်လွတ်ခံပါမည်နည်း။
အခြားစံအိမ်ခွဲများ၏ စံအိမ်အရှင်များကလည်း သူတို့၏ တပ်သားများကို ကိုယ်တိုင်ဦးဆောင်၍ မြောက်ပိုင်းမြစ်မြို့သို့ သွားကြကြောင်းကို ပြောနေရန်ပင် လိုမည်မထင်ပေ။ စွမ်းအားကြီး သိုင်းသမားများစွာက မြို့သို့ ရောက်လာရာ မြောက်ပိုင်းမြစ်မြို့မှ မြို့သူမြို့သားများ ကြောက်ရွံ့နေကြလေသည်။
သိမ်းငှက်ပြာမြို့တွင်ပင် လူတစ်သောင်း စုရုံးနေကြပေပြီ။ ထိုလူတစ်သောင်းမှာ သာမန်သိုင်းသမားများ မဟုတ်ကြပေ။ သူတို့ထဲမှ အဆင့်အနိမ့်ဆုံးသူသည်ပင် နတ်ဘုရားဘုရင်၊ တိရှ သို့မဟုတ် စစ်ဘုရင်အဆင့် ရှိကြသည်။ ထိုအဆင့်မှ မရှိသူများသည် တိုက်ပွဲတွင် ပါဝင်ခွင့် မရှိကြပေ။ သိမ်းငှက်ပြာမြို့၏ စွမ်းအားကြီး သိုင်းသမား အားလုံးနီးပါးလည်း စုဝေးနေကြသည်။ သူတို့ထဲတွင် ဘွဲ့ထူးရှတိထျန်း သုံးယောက်လည်း ပါပေသေးသည်။
ဝှစ်...
ကျန်းရီနှင့် ရှောင်ဟုန်တို့သည် ရှောင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ စုဝေးပြီးသွားသည်အထိ စောင့်၍ စစ်တပ်ကို သိမ်းငှက်ပြာမြို့သို့ ဦးဆောင်သွားလိုက်ကြသည်။ မြို့ရင်ပြင်ထဲရှိ လူအုပ်ကြီးကို မြင်လိုက်သောအခါ ကျန်းရီ၏ ရင်ထဲတွင် စစ်သွေးစစ်မာန်များ ကြွလာလေသည်။ သူ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်ပြီး သိုင်းပညာတာအို၏ အထွတ်အထိပ်တွင် ရပ်နိုင်မည်ဆိုလျှင် စကားတစ်ခွန်းဖြင့် စစ်တပ်ကြီးတစ်တပ်ကို စုစည်းနိုင်ပေလိမ့်မည်။ မရေမတွက်နိုင်သော သိုင်းသမားများကလည်း သူ့နောက်သို့ လိုက်လိုကြမည်ဖြစ်သည်။
‘ငါ ဘုံတစ်ခုရဲ့ အရှင်ဖြစ်လာပြီး အင်အား သန်းထောင်ချီတဲ့ စစ်တပ်ကြီးတစ်တပ်နဲ့ အခြားဘုံတစ်ခု ဒါမှမဟုတ် တမလွန်ဘုံကို စစ်ချီမယ်ဆိုရင် အဲ့ဒါက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်မလဲ’
ကျန်းရီ၏ အတွေးထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူ စိတ်တက်ကြွလာသည်။ နောက်လိုက်များစွာ ရရှိရန် သူ ထိပ်တန်း စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရပေမည်။ ယခုတွင် လူများစွာ စုဝေးနေကြသော်လည်း ယင်းမှာ တိရှအရှင်၏ မျက်နှာကြောင့်သာ ဖြစ်သည်။ အကယ်၍ တိရှအရှင်ကိုယ်တိုင် အမိန့်ပေးလိုက်မည်ဆိုလျှင် ဤနေရာတွင် ပိုများသော စွမ်းအားကြီး သိုင်းသမားများ စုဝေးနေကြပေလိမ့်မည်။
“အဲ့ဒါ ချိုးရီ... သိမ်းငှက်ပြာမြို့က မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ စံအိမ်အရှင်ပဲ။ ဟိုတစ်ယောက်က ဂန်မျိုးနွယ်ခေါင်းဆောင် ဂန်ချီ။ အဲ့ဒါက...”
ရှောင်လန်သည် မြို့ရင်ပြင်ထဲမှ လူများကို ကျန်းရီအား တီးတိုး မိတ်ဆက်ပေးလိုက်သည်။ ကျန်းရီသည် သူတို့ကို ကြည့်၍ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းဆတ်ပြလိုက်၏။ ထိုလူများသည်လည်း မည်သည့်စကားမှ မပြောကြပေ။ ထိုအခိုက်၌ သူတို့က တိုက်ပွဲထွက်ရန် အသင့်ပြင်ထားသည်မှာပင် သူတို့၏ သဘောထားကို အကောင်းဆုံး ပြသနေပြီဖြစ်သည်။ ရှောင်ဟုန်သည် လူအုပ်ကို ဝေ့ဝဲကြည့်လိုက်၏။ အားလုံးနီးပါး ရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သူ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“မြောက်ပိုင်းမြစ်မြို့ကို သွားကြစို့။ ကျုပ်တို့ မြန်မြန် သွားရမယ်။ မြောက်ပိုင်းမြစ်မြို့ကို ရောက်တာနဲ့ နှင်းနက်တောင်တန်းဒေသကို တန်းသွားကြမယ်။ ကျုပ်တို့ အဲ့ဒေသကို ဝိုင်းထားပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်မယ်”
“ဟုတ်ကဲ့ပါ”
မျိုးနွယ်ခေါင်းဆောင် အသီးသီးသည် လက်ဆုပ်၍ ရှောင်ဟုန်၏ အမိန့်ကို နာခံလိုက်ကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်က အဆက်မပြတ် လင်းလက်နေ၏။ သို့သော် တစ်ကြိမ်တွင် လူတစ်ရာသာ တည်နေရာပြောင်းရွှေ့နိုင်ပေသည်။ မြို့ရင်ပြင်ထဲ၌ လူတစ်သောင်းရှိနေရာ သူတို့အားလုံး တည်နေရာပြောင်းရွှေ့ပြီးရန် အနည်းဆုံး နေ့တစ်ဝက် ကြာပေလိမ့်မည်။
ကျန်းရီရော ရှောင်ဟုန်ပါ စိတ်လှုပ်ရှားမနေကြပေ။ နှင်းနက်စစ်တပ်တွင် နတ်ဘုရားဓားပြတစ်သိန်း ရှိသည်ဟု ဆိုကြ၏။ ထိုလူများကို ရွှေ့ပြောင်းရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့ပြင် သူတို့ ရွှေ့ပြောင်းရန် ကြိုးစားလျှင်ပင် မည်သည့်နေရာသို့ သွားနိုင်မည်နည်း။ မြောက်ဘက်ရှိ နှင်းနက်စီရင်စုနယ်သို့ သွားကြမည်လော။ ထိုသို့သွားလျှင်လည်း သူတို့ ဘာလုပ်နိုင်မည်နည်း။
နတ်ဘုရားဓားပြအဖွဲ့များက အာဏာပိုင်များနှင့် အားပြိုင်နေကြသည်။ အချို့ စွမ်းအားကြီး သိုင်းသမားများသည် မိစ္ဆာသတ်ဖြတ်စံအိမ်၊ တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်တို့ကို မဝင်လိုသဖြင့် အပြင်တွင် ကိုယ်ပိုင်အဖွဲ့များ ထူထောင်ကြသည်။ သို့သော် သာမန် နတ်ဘုရားဓားပြအဖွဲ့များက အာဏာပိုင်များနှင့် ပတ်သတ်မှုများ ရှိကြ၏။ မဟုတ်လျှင် သူတို့ ရေရှည်ရပ်တည်နိုင်ကြမည် မဟုတ်ပေ။ အင်အားကြီး နတ်ဘုရားဓားပြအဖွဲ့များသည် သူတို့၏ တပ်သားများကို အရေးအကြောင်းမရှိဘဲ လူမဖြန့်ကျပေ။ အဘယ်ကြောင့်ဆိုသော် ထိုတပ်သားများကို ပြန်စုဝေးရန် ခက်ခဲမည်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် နှင်းနက်စစ်တပ်သည် ညှိနှိုင်းရန် သို့မဟုတ် တိုက်ပွဲတွင် သေရန်သာ ရွေးချယ်ရတော့မည်ဖြစ်သည်။
နေ့ဝက်ကြာပြီးနောက် အားလုံး တည်နေရာပြောင်းရွှေ့ပြီးသွားကြ၏။ ကျန်းရီနှင့် ရှောင်ဟုန်တို့လည်း တည်နေရာပြောင်းရွှေ့အစီအရင်အတွင်း ဝင်၍ မြောက်ပိုင်းမြစ်မြို့သို့ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။ လမ်းတစ်ဝက်တွင် လေးနာရီကြာ နားခဲ့ကြ၏။ သူတို့ မြောက်ပိုင်းမြစ်မြို့သို့ ရောက်သောအခါ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကိုမှ မမြင်ရတော့ပေ။ ထိုသူအားလုံးက နှင်းနက်တောင်တန်းဒေသသို့ သွားနေကြပေပြီ။
“သွားကြမယ်”
ရှောင်လန်က သူ၏နတ်ဘုရားလှေကို ထုတ်လိုက်၏။ ရှောင်ဟုန်သည် ရှောင်မျိုးနွယ်၏ စွမ်းအားအကြီးဆုံး လူဆယ်ယောက်ကို ဦးဆောင်၍ ကျန်းရီနှင့်အတူ နတ်ဘုရားလှေထဲ ဝင်လိုက်သည်။ ထို့နောက် သူတို့ မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်ကြသည်။
ကျန်းရီတို့ ထွက်လာပြီး မကြာခင်တွင် တိရှစစ်တပ်၏ ချပ်ဝတ် ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက်က သူတို့ထံ ပျံသန်းလာ၏။ သူသည် နတ်ဘုရားလှေအနားသို့ ရောက်သောအခါ လေထဲတွင် ဒူးတစ်ဘက်ထောက်၍ အော်ပြောလိုက်၏။
“စီရင်စုနယ်အရှင်ကို တင်ပြပါတယ်... ကျွန်တော်တို့ စစ်တပ်ရဲ့ ပထမအုပ်စုက နှင်းနက်တောင်တန်းဒေသကို ရောက်သွားပါပြီ အခု သူတို့က ဒေသကို စပြီး ဝိုင်းနေပါပြီ။ သူတို့ရဲ့ စုံစမ်းချက်အရ အခု နှင်းနက်စစ်တပ်က ဒေသရဲ့ အတွင်းပိုင်းကို သွားနေကြတယ်လို့ သိရပါတယ်။ တခြားနတ်ဘုရားဓားပြအဖွဲ့နှစ်ဖွဲ့လည်း အတွင်းပိုင်းကို သွားနေကြပါတယ်။ သူတို့က ပူးပေါင်းထားတဲ့ လက္ခဏာတွေ ပြနေပါတယ်”
“ပူးပေါင်းထားတာလား”
ရှောင်ဟုန် ခြောက်ကပ်ကပ် ရယ်လိုက်၏။
“အမိန့်ပေးလိုက်... စစ်တပ်တစ်ခုလုံး နှင်းနက်တောင်တန်းဒေသကို ဝိုင်းထားရမယ်။ ငါတို့ရောက်မှ ဘာဆက်လုပ်ကြမယ်ဆိုတာကို ဆုံးဖြတ်မယ်”
“ဟုတ်ကဲ့ပါ”
သိုင်းသမားသည် အမိန့်နာခံ၍ အဝေးသို့ အလျင်မြန်ဆုံး ပျံသန်းသွားလိုက်သည်။ ရှောင်ဟုန်သည် နတ်ဘုရားလှေကို အရှေ့သို့ ဆက်မောင်းနှင်လိုက်၏။ စစ်တစ်တစ်ခုလုံး နှင်းနက်တောင်တန်းဒေသသို့ ရောက်ရန် အချိန်တစ်ခု လိုပေလိမ့်မည်။ ကျန်းရီက အတန်ငယ် စိုးရိမ်လာပုံပေါ်သည်။ နတ်ဘုရားဓားပြအဖွဲ့သုံးဖွဲ့က ပူးပေါင်းထားကြသည်လော။ သူတို့က သူသေကိုယ်သေ တိုက်ရန် ဆုံးဖြတ်၍ အဆိပ်ဝိညာဉ်ကို သတ်ပစ်လိုက်မည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။
“မစိုးရိမ်ပါနဲ့ ညီလေးကျန်း”
ရှောင်ဟုန်သည် ကျန်းရီက စိုးရိမ်နေကြောင်း သိ၍ ပြုံးကာ ရှင်းပြလိုက်၏။
“ငါသာ နှင်းနက်စစ်တပ်ခေါင်းဆောင်ဆိုရင် အဆိပ်ဝိညာဉ်ကို သတ်မှာ မဟုတ်ပါဘူး။ သူ အဆိပ်ဝိညာဉ်ကို သတ်လိုက်ရင် ငါတို့နဲ့ ညှိနှိုင်းလို့ မရတော့ဘူးမလား။ အဲ့လိုဆို သူတို့ သေရမှာပဲ”
“အဲ့လိုဆို ကောင်းတာပေါ့”
ကျန်းရီသည် အဆိပ်ဝိညာဉ်၏ လုံခြုံရေးကို အစိုးရိမ်ဆုံးဖြစ်သည်။ အဆိပ်ဝိညာဉ်က သူ၏ ဝိညာဉ်ကျွန်သာ မဟုတ်ပေ။ ကျန်းရီသည် သူတော်စင်ဝိညာဉ်ဘုံသို့ သွား၍ ရီဖျောင်ဖျောင်ကို ကယ်တင်လို၏။ ယင်းအတွက် အဆိပ်ဝိညာဉ်က အလွန်အရေးပါပေသည်။
နတ်ဘုရားလှေက အရှေ့သို့ အမြန်ဆုံး ပျံသန်းနေ၏။ တစ်ရက်အတွင်းမှာပင် သူတို့ မြောက်ဘက်ရှိ တောင်တန်းဒေသအရှေ့သို့ ရောက်လာသည်။ အဝေးမှကြည့်လျှင် ကျန်းရီ အနက်ရောင်အစက်အပျောက်များကို လှမ်းမြင်ရ၏။ ၎င်းတို့က နတ်ဘုရားလှေများပင်။ ထိုနေရာတွင် လူမည်မျှ စုဝေးနေကြောင်းကို ကျန်းရီ မပြောနိုင်ပေ။
ဝှစ်...
ရှောင်မျိုးနွယ်မှ တပ်မှူးတစ်ယောက်က သတင်းပို့ရန် ပျံသန်းလာပြီး ကျန်းရီတို့၏ နတ်ဘုရားလှေထဲ ဝင်လိုက်၏။ ထို့နောက် သူ တင်ပြလိုက်သည်။
“စီရင်စုနယ်အရှင်၊ အရှင်ကျန်း... မျိုးနွယ်ကြီးသုံးခုက လျှို့ဝှက်မျိုးနွယ်ဝင်တွေလည်း ထွက်သွားကြပါပြီ။ နတ်ဘုရားဓားပြအဖွဲ့သုံးဖွဲ့က အတူပူးပေါင်းထားကြပါတယ်။ အခု သူတို့ နှင်းနက်တောင်တန်းဒေသထဲက ကောင်းကင်ကုလားအုပ်တောင်မှာ ရှိနေကြပါတယ်”
“ကောင်းကင်ကုလားအုပ်တောင်လား။ မြေပုံ ဘယ်မှာလဲ”
ရှောင်ဟုန် မျက်မှောင်ကြုတ်လိုက်၏။ တပ်မှူးသည် နှင်းနက်တောင်တန်းဒေသ၏ မြေပုံကို ထုတ်ပေးလိုက်သည်။ ရှောင်ဟုန်သည် မြေပုံကို စက္ကန့်အနည်းငယ် ကြည့်ရှုပြီးနောက် လေးလံသော လေသံဖြင့် ပြောလိုက်လေသည်။
“အဲ့ဓားပြကောင်တွေက တော်တော်တော့ ဉာဏ်ကောင်းတာပဲ။ ကောင်းကင်ကုလားအုပ်တောင်ရဲ့ မြောက်ဘက် ကီလိုမီတာငါးဆယ်အကွာမှာ နှင်းနက်ပင်လယ်ရှိတယ်။ အဲ့နေရာမှာ ဟွင့်သွမ့်သားရဲတွေ ကျက်စားကြတာပဲ။ အဲ့မှာ အနည်းဆုံး ဟွင့်သွမ့်သားရဲတစ်သန်းလောက် ရှိတယ်လို့ ပြောကြတယ်။ အဲ့သားရဲတွေထဲမှာ သက်တမ်း နှစ်ဆယ်သန်းရှိတဲ့ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်လည်း ရှိတယ်တဲ့။ ဓားပြတွေက ငါတို့ကို ဟွင့်သွမ့်သားရဲတွေနဲ့ သတ်စေချင်နေကြတာပဲ”
“ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်လား”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“အစ်ကိုရှောင်.. ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတွေကို တိထျန်းတွေက ယှဉ်နိုင်တယ် မဟုတ်ဘူးလား။ အစ်ကို့ရဲ့ တိုက်ခိုက်စွမ်းအားနဲ့ဆိုရင် အဲ့သားရဲတွေကို မယှဉ်နိုင်လောက်ဘူးလား”
ရှောင်ဟုန် ခါးသက်သက် ပြုံးလိုက်သည်။
“ညီလေး... ငါတို့ သူတို့ရဲ့ သက်တမ်းကို ကြည့်ရမယ်။ သက်တမ်းက နှစ်တစ်သန်းလောက်ပဲဆိုရင် ငါ မကြောက်ပါဘူး။ နှစ်ဆယ်သန်းကြတော့ ငါတို့ ပေါင်းတိုက်မယ်ဆိုရင်တောင် မောင်းထုတ်နိုင်ရုံလောက်ပဲ ရှိမယ်...”
“စစ်တပ်ကို ကောင်းကင်ကုလားအုပ်တောင်နား ချဉ်းကပ်ထားဖို့ အမိန့်ပေးလိုက်”
ရှောင်ဟုန်သည် ပြောရင်းဆိုရင်းဖြင့် ဒေါသထွက်လာ၏။ သူ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။
“အဲ့ဓားပြကောင်တွေက ငါတို့နဲ့ လာကစားချင်နေတာလား။ အဲ့လိုဆိုမှတော့ ငါတို့လည်း ပြန်ကစားပေးရတာပေါ့။ အားလုံး မှတ်ထားကြပါ... နှင်းနက်ပင်လယ်နားကို မသွားကြနဲ့။ ပင်လယ်ထဲက ဟွင့်သွမ့်သားရဲတွေ နိုးမလာစေနဲ့။ မဟုတ်ရင် ဒီတစ်ခေါက် ငါဆို့ အဆုံးအရှုံးကြီးသွားလိမ့်မယ်”
“နားလည်ပါပြီ”
တပ်မှူးသည် လက်ဆုပ်ကာ အမိန့်နာခံ၍ ပြန်ထွက်သွားလိုက်၏။ သူက ရှောင်ဟုန်၏ ညွှန်ကြားချက်များကို ပြန်ပြောပြီးသောအခါ နတ်ဘုရားလှေများ တစ်စီးပြီးတစ်စီး ပျံသန်းသွားကြလေသည်။ ထိုလှေများမှနေ၍ စွမ်းအားကြီး သိုင်းသမားများ၏ အရှိန်အဝါများ ထွက်နေသဖြင့် ပတ်ဝန်းကျင်တွင် လေပင် ငြိမ်သွားသည်။
နတ်ဘုရားထောင်ကျော်က အရှိန်အဟုန်ဖြင့် ပျံသန်းနေကြသည်။ အဝေးမှကြည့်မည်ဆိုလျှင် ၎င်းတို့က တောင်တန်းဒေသသို့ ပျံသန်းနေကြသော သားရဲများနှင့်ပင် တူနေပေသည်။
***