တောင်ကို တိုက်ခိုက်ခြင်း
Vol. 103 Ch. 1433
ကောင်းကင်ကုလားအုပ်တောင်၏ မြေမျက်နှာသွင်ပြင်က အလွန်ထူးခြား၏။ ထိုတောင်တွင် အလွန်မြင့်မားသော တောင်ထွတ်နှစ်ခုရှိပြီး အဝေးမှကြည့်လျှင် ၎င်းတောင်ထွတ်နှစ်ခုက ကုလားအုပ်တစ်ကောင်၏ ဘို့များနှင့် တူပေသည်။ ထို့ကြောင့် ၎င်းတောင်ကို ကောင်းကင်ကုလားအုပ်တောင်ဟု ခေါ်ခြင်းပင်။
တိရှဘုံထဲတွင် မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသည်။ အမြင့်သို့ရောက်လေလေ၊ မြေဆွဲအားက ပိုအားကောင်းလာလေလေပင်။ ထို့ကြောင့် သာမန် စွမ်းအားကြီး သိုင်းသမားများသည် မြေပြင်အထက် ပေသန်းငါးထက်ပို၍ ပျံမတက်နိုင်ကြပေ။ သို့သော် ကောင်းကင်ကုလားအုပ်တောင်၏ ထောင်ထိပ်က ပေငါးသန်းထက် ပိုမြင့်သည်။ ထို့ကြောင့် စစ်တပ်တစ်တပ်က တောင်ထိပ်ကို တိုက်ခိုက်လိုလျှင် ပျံမသွားနိုင်ဘဲ ရှေးရိုးနည်းအတိုင်း တောင်တက်ကြရမည်ဖြစ်သည်။ ထိုတောင်သည် ခံစစ်အတွက် အလွန်ကောင်းပြီး တိုက်ခိုက်ရန် ခက်ခဲသောနေရာတစ်ခုပင်။
စစ်တပ်က ကောင်းကင်ကုလားအုပ်တောင်ခြေသို့ ရောက်လာ၏။ အားလုံး နတ်ဘုရားလှေများထဲမှ ပျံထွက်လိုက်ကြသည်။ ထို့နောက် တောင်ထွတ်နှစ်ခုစလုံးကို တင်းကြပ်စွာ ဝန်းရံလိုက်ကြ၏။ တောင်၏ အလယ်ပိုင်းတွင် နတ်ဘုရားဓားပြအဖွဲ့များ၏ ခပ်ရေးရေး လှမ်းမြင်ရ၏။ ဓားပြများက တောင်အလယ်ပိုင်းရှိ ကျောက်ထွတ်များကြား၊ တောအုပ်များထဲနှင့် ချုံပုတ်များထဲတွင် ပုန်းအောင်းနေကြခြင်းပင်။ သူတို့သည် သတိကြီးကြီး ထားနေကြကာ သူသေကိုယ်သေ တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံ ပေါ်ပေသည်။
“လူတွေအများကြီးပဲ။ ဒီတစ်ခေါက် အနည်းဆုံး လူငါးသန်းလောက် လာခဲ့ကြတယ်မလား”
ကျန်းရီနှင့် ရှောင်ဟုန်တို့လည်း ကောင်းကင်ကုလားအုပ်တောင်အနားသို့ ရောက်လာကြ၏။ ကျန်းရီသည် လေထဲရှိ စွမ်းအားကြီး သိုင်းသမားများကို ကြည့်၍ အံ့အားသင့်နေ၏။ သိမ်းငှက်ပြာစီရင်စုနယ်တွင်ပင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိရာ တိရှဘုံတစ်ခုလုံးတွင်ဆိုလျှင် စွမ်းအားကြီး သိုင်းသမား မည်မျှ ရှိမည်နည်း။ ထို့ပြင် ယခုတွင် အထွတ်အထိပ်အဆင့် စွမ်းအားကြီး သိုင်းသမားများစွာက ကောင်းကင်ဘုံ၌ တမလွန်ဘုံ၏ အင်အားစုများ ရှေ့ဆက်မတိုးနိုင်ရန် ခုခံနေကြသည်။ ယင်းကိုမူ ကျန်းရီ တွေး၍ပင် မကြည့်နိုင်ပေ။
ကျန်းရီသည် ကောင်းကင်ကုလားအုပ်တောင်ကို ကြည့်၍ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်၏။ ရုတ်ခြည်း သူ မျက်မှောင်ကြုတ်လိုက်သည်။ ဓားပြအဖွဲ့သုံးဖွဲ့က သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်ထားပုံပင်။ တောင်အလယ်ပိုင်းတွင် ပုန်းအောင်းနေကြသော သောင်းချီသည့် လူများကို ကျန်းရီ ခပ်ရေးရေး မြင်နိုင်နေသည်။ တောင်ထိပ်တွင် လူမည်မျှရှိသေးသည်ကိုလည်း မည်သူက သိမည်နည်း။
သို့သော်...
ကျန်းရီ၏အမြင်တွင် ရန်သူဘက်က လူအင်အား မည်မျှရှိပါစေ သိမ်းငှက်ပြာစီရင်စုနယ်၏ စွမ်းအားကြီးသိုင်းသမားအားလုံး ပူးပေါင်းလိုက်လျှင် အနိုင်ရနိုင်သည်ဟု မြင်ပေသည်။ စီရင်စုနယ်တစ်ခု၏ စွမ်းအားကြီး သိုင်းသမားများ ပူးပေါင်းမှုက ဓားပြအဖွဲ့သုံးဖွဲ့ကိုပင် မယှဉ်နိုင်လျှင် တိရှအရှင်က တိရှဘုံကို အုပ်စိုးရန် ထိုက်တန်တော့မည် မဟုတ်ပေ။
ရှောင်ဟုန်သည် လေထဲတွင် ရပ်၍ ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် စူးစမ်းကာ ရုတ်တရက် အော်ပြောလိုက်၏။
“ကျုပ်က ရှောင်ဟုန်ပဲ။ လူရိုင်းနက် ထွက်လာခဲ့”
ရှောင်ဟုန်၏ အသံက အလွန်ဩဇာပါ၏။ သူက ကောင်းကင်စွမ်းအားကို သုံးခဲ့သဖြင့် သူ၏အသံက မိုးချုန်းသံကဲ့သို့ ကျယ်လောင်နေပြီး ဧရာမတောင်ထွတ်ကြီးနှစ်ခုကိုပင် အတန်ငယ် တုန်ခါသွားစေလေသည်။ ရှောင်ဟုန်အနားတွင် ရှိနေကြသော ကျန်းရီတို့လည်း နားစည်နာသွားကြသည်။ ရှောင်ဟုန်၏ အော်သံက တောင်ထွတ်နှစ်ခုစလုံးရှိ သိုင်းသမားအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ တောင်ထွတ်ပေါ်မှ လူများသည် စွမ်းအားကြီး သိုင်းသမားများစွာ ရောက်လာသည်ကို မြင်သဖြင့် တုန်လှုပ်နေကြပြီးဖြစ်သည်။ ယခု ရှောင်ဟုန်၏ အသံကို ကြားသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
ဓားပြများသည် အာဏာပိုင်များနှင့် မရှုပ်လိုကြပေ။
နတ်ဘုရားဓားပြများက တရားမဝင် လှုပ်ရှားနေကြသူများ မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် အာဏာပိုင်များက သူတို့ကို လာရှင်းပစ်ကြမည်ကို ကြောက်ကြပေသည်။ ယခုတွင် တိရှစစ်တပ်သာမက မိစ္ဆာသတ်ဖြတ်စံအိမ်မှ စွမ်းအားကြီး သိုင်းသမားများပါ ရောက်လာကြပေပြီ။ စီရင်စုနယ်အရှင်ရှောင်ဟုန်လည်း ကိုယ်တိုင်လိုက်လာခဲ့သည်။ သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် ရှောင်ဟုန်က စွမ်းအားအကြီးဆုံး သိုင်းသမားဖြစ်သည်။ သူ၏ ဂုဏ်သတင်းက အလွန်ကျော်ဇောသဖြင့် အဆင့်နိမ့် နတ်ဘုရားဓားပြများ ကြောက်ရွံ့သွားသည်မှာ ပုံမှန်သာဖြစ်ပေသည်။
“ဟင်းဟင်း...”
အေးစက်စက်ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လေများတိုက်ခတ်လာကာ တိမ်များ ရွေ့လျားလာကြသည်။ ထို့နောက် ကောင်းကင်ထဲတွင် မုတ်ဆိတ်ရှည်ရှိသော မည်းနက်သည့် ယောက်ျားမျက်နှာတစ်ခု၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများက အလွန်ကြီးပြီး ကြေးလုံးကြီးများကဲ့သို့ ထင်ရ၏။ သူ၏အကြည့်မှာလည်း ကြောက်မက်ဖွယ်ပင်။ သူသည် ရှောင်ဟုန်ကို အေးစက်စက်ကြည့်ကာ ရယ်၍ ပြောလိုက်သည်။
“ရှောင်ဟုန်... ခင်ဗျားက ဘာလို့ ဒီကို လူတွေအများကြီး ခေါ်လာရတာလဲ”
ရှောင်ဟုန်သည် မျက်နှာသေဖြင့် ဧရာမ ပုံရိပ်ကြီးကို စိုက်ကြည့်၍ အေးစက်စက် ပြန်ဖြေ၏။
“ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အဆိပ်ဝိညာဉ်ကို ပြန်ပေးမလား၊ ဒါမှမဟုတ် ခင်ဗျားတို့အားလုံး သေမလား”
“ဟားဟားဟား...”
မျက်နှာပုံရိပ်ကြီးက ဟက်ဟက်ပက်ပက် ရယ်၏။ သူ့အသံသည်လည်း ကောင်းကင်စွမ်းအားဖြင့် မြှင့်တင်ထားရာ ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားသည်။ သူသည် တောက်ပသော မျက်လုံးများဖြင့် ရှောင်ဟုန်ကိုကြည့်၍ ပြောလိုက်၏။
“ရှောင်ဟုန်... ကျုပ် လူကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက နတ်ဘုရားအမြစ်သန်းငါးဆယ်တော့ ကျလိမ့်မယ်။ တစ်ခုမှ လျော့လို့မရဘူး။ ခင်ဗျား တိုက်ခိုက်ချင်ရင်လည်း ကျုပ်က ဝမ်းပန်းတသာ တိုက်ခိုက်မှာပါ။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားရဲ့လူ တစ်ဝက်ကျော်လောက် အသက်ရှင်ရက် ပြန်မသွားနိုင်စေရဘူးလို့ ကျုပ်အာမခံတယ်”
“အတင့်ရဲလိုက်တာ...”
ရှောင်ဟုန် ဒေါသထွက်လာ၏။ သူသည် စကားဆက်ပြောမနေလိုတော့သဖြင့် ချက်ချင်း လက်ဟန်ပြကာ အော်ပြောလိုက်သည်။
“တောင်ကို တိုက်ကြ။ အညံ့ခံတဲ့သူတွေကို မသတ်နဲ့။ ခုခံတဲ့သူတွေ အားလုံးကိုတော့ သတ်ပစ်”
“သတ်ကြ...” “သတ်ကြ...” “သတ်ကြ...”
တိရှစစ်တပ်မှနေ၍ အော်သံ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် သူတို့ တောင်ပေါ်သို့ စတင် တက်ကြလေသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်မှ အင်အားစုများကလည်း အသင့်နေရာယူထားကြ၏။ ချိုးရီက အမိန့်ပေးလိုက်သည်။
“တောင်ကို တိုက်ကြ”
“ဟားဟားဟား... ရှောင်ဟုန်... ဒီနေ့ ခင်ဗျားရဲ့ လုပ်ရပ်အတွက် ခင်ဗျား တန်ကြေတစ်ခု ပြန်ပေးရလိမ့်မယ်”
လူရိုင်းနက်က ရယ်၍ အော်ပြောပြန်၏။
“ညီနောင်တို့... ငါတို့ အညံ့ခံလိုက်ရင် သေချာပေါက် သေလိမ့်မယ်။ အဲ့တော့ သူတို့ကို ငါတို့နဲ့အတူ သေရွာကို များနိုင်သမျှများများ ခေါ်သွားရမယ်။ ခံစစ်ပြင်... သတ်ကြ...”
ဝှစ်...ဝှစ်...ဝှစ်...
စွမ်းအားကြီး သိုင်းသမားများစွာသည် တောင်အလယ်ပိုင်းသို့ တိုက်ရိုက်ပျံသန်းသွားကြပြီး သူတို့၏ အဝေးပစ် တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြ၏။ ကောင်းကင်ထဲတွင် အလင်းများ ပြိုးပြက်သွားသည်။ နတ်ဘုရားဓားပြများကလည်း ပြန်တိုက်ခိုက်ကြရာ ကြယ်ကြွေသကဲ့သို့ အလင်းတန်းများက အောက်ဘက်သို့ ကျဆင်းလာကြသည်။ ပတ်ဝန်းကျင်မှ အာကာပြင်က တုန်ခါလာပြီး လေထဲတွင် ပြည့်နှက်နေသော အရှိန်အဝါများက ကျန်းရီကို မွန်းကြပ်လာစေလေသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများနှင့် အံ့အားသင့်ဖွယ်မြင်ကွင်းက ကျန်းရီကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
နေရာအနှံ့တွင် ပေါက်ကွဲသံများ ရှိနေသည်။ တောင်အလယ်ပိုင်းမှာ ပေါက်ကွဲသံများက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ပေါက်ကွဲမှုတိုင်းက ခြေလက်များကို ဖြတ်သွားပြီး အသက်များစွာကို နှုတ်သွားပေသည်။
တိုက်ခိုက်မှုတစ်ချီအတွင်းမှာပင် နတ်ဘုရားဓားပြတစ်သောင်းနီးပါး သေဆုံးသွားသည်။ တောင်အလယ်ပိုင်းမှာ ဓားပြများမှာ အဆင့်အနိမ့်ဆုံး ဓားပြများဖြစ်၍ ရုတ်ခြည်း ပြာကျကုန်ကြသည်။ ထိုအဆင့်နိမ့်ဓားပြများက လူရိုင်းနက်၏ အသုံးချခံများပင်။ လူရိုင်းနက်သည် ထိုသူများကို အသုံးချ၍ တောင်ထိပ်ရှိ အဆင့်မြင့် နတ်ဘုရားဓားပြများ ဒေါသထွက်လာအောင် လုပ်နေခြင်းပင်။ ယခုတွင် ထိုအဆင့်မြင့် နတ်ဘုရားဓားပြများက ဒေါသထွက်လာကြပြီး သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
ကျန်းရီတို့ဘက်ကမူ တစ်ယောက်ပင် မကျဆုံးခဲ့ပေ။ သို့သော် ဒဏ်ရာရသူများတော့ ရှိပေသည်။ သူတို့ဘက်မှ အင်အားအနည်းဆုံးသူများသည်ပင် နတ်ဘုရားဘုရင်အဆင့်တွင် ရှိကြသည် မဟုတ်ပါလား။ စွမ်းအားကြီး နတ်ဘုရားဓားပြများမှာမူ တောင်ထိပ်တွင် ဖြစ်သည်။ အကွာအဝေးက အလွန်ဝေးသဖြင့် အထက်မှနေ၍ တိုက်ခိုက်မှုများ ကျလာသောအခါ သိုင်းသမားများက ၎င်းတို့ကို ရှောင်ပြီးသွားပြီဖြစ်ပေသည်။
တောင်အလယ်ပိုင်းမှ ဓားပြများကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့သော်လည်း တောင်ထိပ်ကို တိုက်ခိုက်ရန်မူ ခက်ခဲပေလိမ့်မည်။
အားကောင်းသော မြေဆွဲအားသည် ဘွဲ့ထူးရစစ်နတ်ဘုရားမှလွဲ၍ အခြားသူများအားလုံးကို ဆက်၍ ပျံမတက်နိုင်တော့အောင် လုပ်လိုက်၏။ ယခုတွင် သူတို့သည် တောင်ပေါ်သို့ ကုပ်တွယ်၍သာ တက်နိုင်တော့သည်။ ထို့ကြောင့် တောင်ထိပ်မှ ဓားပြများသည် သူတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်လာကြသည်။ အထက်မှ နတ်ဘုရားဓားပြများက တိုက်ခိုက်မှုများ ပစ်လွှတ်ပြီး တောင်ထိပ်တွင် ပုန်းအောင်းနေရုံပင်။ သို့ဖြစ်၍ အောက်မှလူများက အထက်သို့ အတင်းတက်လာလိုလျှင် သေချာပေါက် တန်ကြေးတစ်ခု ပေးရပေလိမ့်မည်။
ဝှစ်...
ချိုးရီသည်လည်း သိမ်းငှက်တစ်ကောင်အလား အထက်သို့ ပျံတက်လိုက်၏။ သူသည် အစွမ်းကုန်သုံး၍ တောင်အထက်သို့ ရောက်အောင် သွားနေသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်များ အကျအဆုံးများမည်ကို သူ မလိုလားပေ။ ထို့ကြောင့် သူသည် တောင်ထိပ်သို့ ကိုယ်တိုင်သွား၍ ထိုနေရာရှိ စွမ်းအားကြီး သိုင်းသမားများကို ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့၏။ ထိုမှ သူ့လူများက တောင်ထိပ်သို့ ဘေးကင်းကင်းနှင့် တက်လာနိုင်မည်ဖြစ်သည်။ သူတို့အများစု တောင်ထိပ်သို့ ရောက်သွားလျှင် တိုက်ပွဲက အဆုံးသတ်သွားပေလိမ့်မည်။
“လူရိုင်းနက်... ကျုပ် ရှောင်ရှန်း ခင်ဗျားနဲ့ တိုက်မယ်”
ရှောင်မျိုးနွယ်မှ ဘွဲ့ထူးရတိထျန်းတစ်ယောက်က အခြားတောင်ထွတ်ကြီးတစ်ခုဆီသို့ ပျံသန်းသွား၍ လူရိုင်းနက်ကို ထိပ်တိုက်ရင်ဆိုင်ရန် လုပ်လိုက်၏။ ရှောင်ဟုန်ကလည်း လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဂန်ချီ၊ ဟုန်ယွီ... ခင်ဗျားတို့နှစ်ယောက်လည်း သွားပြီး ကူညီလိုက်ပါ”
ဝှစ်...ဝှစ်...
အခြားဘွဲ့ထူးရတိထျန်းနှစ်ယောက်သည် ဧရာမတောင်ထွတ်ကြီးနှစ်ခုဆီသို့ တစ်ယောက်စီ ပျံသန်းသွားလိုက်ကြ၏။ အခြား တိထျန်းများကလည်း အရှေ့သို့ ပျံသန်း၍ တိုက်ခိုက်မှုများကို ခုခံပေးနေကြသည်။ ထိုမှ နတ်ဘုရားဘုရင်များနှင့် တိရှများက သက်သာရာရမည်ဖြစ်သည်။
ဘွဲ့ထူးရတိထျန်းလေးယောက်နှင့် သာမန်တိထျန်းတစ်ထောင်ခန့်...
ထိုကဲ့သို့ ပြောင်မြောက်သော တိုက်ကွက်ကို စတင်လိုက်သောအခါ နှစ်ဘက်၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ ကွာခြားလာ၏။ ကျန်းရီသည် ထိုစွမ်းအားကြီး သိုင်းသမားများက အထက်မှ တိုက်ခိုက်မှုများအား အလွယ်တကူ ခုခံနေကြသည်ကို တွေ့သောအခါ ရင်အေးသွား၏။ နတ်ဘုရားဓားပြအဖွဲ့များတွင် စွမ်းအားကြီး သိုင်းသမားအချို့ ရှိသော်လည်း သူတို့က အနည်းငယ်သာဖြစ်သည်။ ထို့ကြောင့် ဤရှင်းလင်းရေးက အလွယ်တကူ ပြီးသွားလောက်ပေသည်။
ဝုန်း...
ထိုအခိုက်တွင် ကောင်းကင်ကုလားအုပ်တောင်၏ မြောက်ဘက်မှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ကျယ်လောင်သော ဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ရှောင်ဟုန် မျက်နှာပျက်သွားပြီး ကြိမ်းဝါးလိုက်၏။
“လူရိုင်းနက်... မျိုးမစစ်ကောင်။ ခင်ဗျားက တကယ်ပဲ နှင်းနက်ပင်လယ်ထဲက ဟွင့်သွမ့်သားရဲတွေကို မျှားခေါ်လိုက်တယ်ပေါ့လေ”
ရှောင်ဟုန်၏ အကြီးမားဆုံး စိုးရိမ်မှုက အမှန်ဖြစ်လာပေပြီ။ လူရိုင်းနက်က လူများစေလွှတ်၍ နှင်းနက်ပင်လယ်ထဲမှ ဟွင့်သွမ့်သားရဲများကို ဤနေရာသို့ မျှားခေါ်စေခဲ့သည်။ နှင်းနက်ပင်လယ်မှာ နှင်းနက်တောင်တန်းဒေသထဲရှိ ဟွင့်သွမ့်သားရဲများ ပေါက်ဖွားရာနေရာဖြစ်သည်။ ဘွဲ့ထူးရတိထျန်းများပင် ထိုပင်လယ်ထဲသို့ မဆင်မခြင် မသွားရဲကြပေ။ ဤတစ်ကြိမ်တွင် ဟွင့်သွမ့်သားရဲ ဘယ်နှစ်ကောင် ထွက်လာခဲ့သနည်း။ သက်တမ်း နှစ်ဆယ်သန်းရှိသည့် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲရော ထွက်လာမည်လော။
ရှောင်ဟုန် မသိပေ။ သို့သော် သူသည် အန္တရာယ်ကို အာရုံရနေ၍ အော်ပြောလိုက်သည်။
“တိရှအကုန်လုံးနဲ့ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အကုန်လုံး အနောက်ကို ကီလိုမီတာငါးသန်း ပြန်ဆုတ်ကြ။ ကျန်တဲ့သူတွေအကုန်လုံးက အရှေ့ကိုဖိတိုးပြီး ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ကြ”
ဟွင့်သွမ့်သားရဲများက အမျိုးအစားများစွာ ရှိသည်။ ထိုအမျိုးအစားများထဲတွင် အမှောင်ဓာတ် ဟွင့်သွမ့်သားရဲများက ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။
အကယ်၍ သက်တမ်း နှစ်ဆယ်သန်းရှိသည့် ဟွင့်သွမ့်သားရဲက သောင်းကျန်းလာလျှင် ယခု ရောက်လာခဲ့သူများ၏ တစ်ဝက်လောက်သာ အသက်ရှင်ရက် ပြန်သွားနိုင်လောက်ပေသည်။
***