တမလွန်မိစ္ဆာအစီအရင်
Vol. 103 Ch. 1434
“ဝူ...ဝူ...”
တစ္ဆေသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ ငရဲမှ မိစ္ဆာညည်းသံကဲ့သို့ပင်။ ရှောင်ဟုန်၏ အမိန့်ပေးမှုက ခြေတစ်လှမ်း နောက်ကျသွားခဲ့ပေပြီ။
ထိုအသံ ထွက်ပေါ်လာသည်နှင့် တိရှများနှင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အားလုံး ရပ်တန့်သွားကြ၏။ တောင်ထိပ်မှ တိုက်ခိုက်မှုများလည်း ရပ်တန့်သွားသည်။ တောင်ပေါ်မှ နတ်ဘုရားဓားပြအများစုသည် ထိုအသံကြောင့် ကြောက်ရွံ့သွားကြ၏။ ထိုအခိုက်တွင် ကျန်းရီ၏ မျက်လုံးများလည်း ဝေဝါးလာသည်။ သို့သော် သူ၏မူလစိတ်ဝိညာဉ်မှ မီးနဂါးပုံသုံးပုံက စတင်လှုပ်ရှားလာပြီး တံဆိပ်စာလုံးများ လင်းလက်လာသောအခါ သူ ချက်ချင်း ပြန်အသိကပ်လာလေသည်။
“စိတ်ဝိညာဉ်တိုက်ခိုက်မှုလား”
ရှောင်ဟုန်၏ မျက်နှာက ပို၍မည်းမှောင်သွား၏။ တိထျန်းအချို့ပင် ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှု၏ သက်ရောက်မှုကို ခံလိုက်ရမည်ဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူ စိတ်လှုပ်တရှား အော်လိုက်သည်။
“ရှောင်ရှန်း၊ ဂန်ချီ... ခင်ဗျားတို့နှစ်ယောက်က လူရိုင်းနက်ကို ရှာပြီးသတ်လိုက်ကြ။ ချိုးရီ၊ ဟုန်ယွီ... ခင်ဗျားတို့က ကျုပ်နောက်ကိုလိုက်ပြီး အဲ့ကမ္ဘာဦးအဆင့်ဟွင့်သွမ့်သားရဲကို တားရမယ်”
ရှောင်ဟုန်သည် ညွှန်ကြားပြီးနောက် ကျန်းရီကို လှည့်ကြည့်၏။ ကျန်းရီက အသိကပ်နေကြောင်း တွေ့လိုက်သောအခါ သူ အံ့ဩသွားသည်။ သူသည် အံ့ဩရင်းတန်းလန်းဖြင့်ပင် ကျန်းရီထံ အသံပို့လွှတ်လိုက်လေသည်။
“ညီလေးကျန်း... ရှောင်လန်နဲ့အတူ ပြန်ဆုတ်သွားလိုက်ပါ။ ဒီဟွင့်သွမ့်သားရဲက အနည်းဆုံး နှစ်ငါးသန်းလောက်တော့ သက်တမ်းရှိလိမ့်မယ်။ အဲ့သားရဲက တော်တော်ကြောက်စရာကောင်းပါတယ်။ အဆိပ်ဝိညာဉ်အတွက်ကိုတော့ မပူပါနဲ့။ ငါ ရအောင်ကယ်ပေးမှာပါ”
ဝှစ်...
စကားပြောပြီးနောက် ရှောင်ဟုန်၏ အရှိန်အဝါက ပိုအားကောင်းလာပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်တောက်ပလာ၏။ ယခုတွင် သူ့ခန္ဓာကိုယ်ကို မမြင်ရတော့ဘဲ ရွှေရောင်အလင်းတန်းများကိုသာ မြင်ရတော့သည်။ ထို့နောက် ရှောင်ဟုန်သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကောင်းကင်ကုလားအုပ်တောင်၏ မြောက်ပိုင်းသို့ ပျံသန်းသွားလိုက်လေသည်။
“ဝူ...ဝူ...”
တစ္ဆေသံကဲ့သို့ အသံက ဆက်၍ ထွက်ပေါ်နေပြီး တဖြည်းဖြည်း နီးကပ်လာ၏။ သို့သော် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ တံဆိပ်စာလုံးများကလည်း အဆက်မပြတ် လင်းလက်နေသည်။ ရှောင်လန်သည် ကျန်းရီက မလှုပ်ကြောင်းကို တွေ့သောအခါ ကျန်းရီလည်း မလှုပ်နိုင်တော့ခြင်းဖြစ်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် ကျန်းရီကို ချီသယ်၍သာ အဝေးသို့ ခေါ်သွားရန် ဟန်ပြင်လိုက်သည်။
“ကျွန်တော့်ကို မထိပါနဲ့”
ကျန်းရီက ရုတ်တရက် အော်ပြော၍ မျက်လုံးများမှိတ်လိုက်၏။ သူ၏ နားရွက်များက အတန်ငယ် တုန်ယင်နေသည်။ သူက ထိုအော်သံကို အာရုံစိုက်၍ နားထောင်နေသကဲ့သို့ပင်။
“ဒါက...”
ရှောင်လန်တစ်ယောက် မည်သို့လုပ်ရမည်ကို မသိတော့ဘဲ ပြာသွား၏။ ရှောင်ဟုန်သည်ပင် ထိုဟွင့်သွမ့်သားရဲကို စိုးရိမ်ရလျှင် လက်ရှိ ကျန်းရီ၏အင်အားအရ ၎င်း နီးကပ်လာသည်နှင် ကျန်းရီအတွက် အန္တရာယ်ရှိပေလိမ့်မည်။ သို့သော် ကျန်းရီက ရှောင်လန်အား သူ့ကို မထိရန် အမိန့်ပေးခဲ့၏။ ယခု ရှောင်လန် မည်သို့လုပ်ရမည်ကို မသိတော့ပေ။
“ဝူ...ဝူ...”
အသံက နီးကပ်လာသောအခါ ကြောက်မက်ဖွယ် သားရဲအရှိန်အဝါများလည်း ပါလာသည်။ ၎င်းအရှိန်အဝါများက ကောင်းကင်ကုလားအုပ်တောင် တစ်တောင်လုံးကို လွှမ်းခြုံသွား၏။ တိရှများနှင့် နတ်ဘုရားဘုရင်အားလုံး မလှုပ်နိုင်ကြတော့ပေ။ တိထျန်းများလည်း တုန်လှုပ်လာကြပြီး တောင်ထက်သို့ အသည်းအသန် ပျံတက်ကြသည်။ သူတို့သည် နတ်ဘုရားဓားပြများကို အမြန်ဆုံး သတ်ပစ်၍ ချဉ်းကပ်လာသော ဟွင့်သွမ့်သားရဲများကို သွားရောက်ခုခံလိုနေကြပေသည်။ အကယ်၍ ထိုဟွင့်သွမ့်သားရဲများက မလှုပ်နိုင်ကြတော့သော တိရှများနှင့် နတ်ဘုရားဘုရင်များအနားသို့ ရောက်သွားလျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။
“အဲ့ဒါတွေက အရေးမပါတော့ဘူး”
ရှောင်လန်သည် ခေတ္တမျှ စောင့်နေပြီးနောက် စိတ်မရှည်နိုင်ဖြစ်လာ၏။၊ သူသည် ကျန်းရီကို အဝေးသို့ အတင်းခေါ်သွားရန် ပြင်ဆင်လိုက်သည်။ ကျန်းရီသေသွားလျှင် ရှောင်ဟုန်သည် သူ့ကို သေချာပေါက် ခွင့်လွှတ်မည် မဟုတ်ပေ။ သူ ကျန်းရီကို ဆွဲခေါ်တော့မည့် အချိန်တွင် အေးစက်စက် အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာ၏။
“ကျန်းရီကို မထိနဲ့။ သူက တစ်ခုခုကို ဆင်ခြင်သုံးသပ်နေတာဖြစ်မယ်”
“ဘယ်သူလဲ”
ရှောင်လန် ကြက်သီးထသွားပြီး ဒေါသတကြီးဖြင့် လှည့်ပတ်ကြည့်လိုက်၏။ သို့သော် တစ်ယောက်ကိုမှ မမြင်ရပေ။ ထိုစဉ် အသံပို့လွှတ်မှု ထပ်မံ ရောက်လာပြန်၏။
“လိုက်ရှာမနေနဲ့။ ရှောင်ဟုန်တောင် ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး”
“အာ...”
ရှောင်လန် မှင်တက်သွား၏။ တိရှဘုံတွင် ရှောင်ဟုန်သည် အတော်လေး ကျော်ကြားသော စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ တိရှဘုံထဲ၌ သူ မထောက်လှမ်းနိုင်သော သိုင်းသမားများက အယောက်သုံးဆယ်မကျော်ပေ။ တိရှခန်းမမှ ခန်းမအရှင်ဆယ့်သုံးယောက်နှင့် တိရှအရှင်တို့ကတော့ ဤနေရာသို့ ကိုယ်တိုင် ရောက်မလာလောက်ကြပေ။ သို့ဖြစ်၍ အယောက်သုံးဆယ်ထဲတွင် ဖြစ်နိုင်သူ ဆယ့်ခြောက်ယောက်သာ ကျန်တော့၏။ ရှောင်လန် တွေးတောကာ မရေရာဟန်ဖြင့် မေးလိုက်သည်။
“အရှင်မိုလား”
“ကျန်းရီကို ကောင်းကောင်း စောင့်ရှောက်ထားပါ။ ငါ အဆိပ်ဝိညာဉ်ကို ပြန်သွားခေါ်ခဲ့မယ်”
အသံပို့လွှတ်မှု ထပ်မံရောက်လာ၏။ သို့သော် ထိုအသံသည် ရှောင်လန်၏ ခန့်မှန်းချက်ကိုတော့ အတည်ပြုမပေးခဲ့ပေ။ ရှောင်လန်သည် လေညင်းတစ်ခုက သူ့ကိုဖြတ်တိုက်ခတ်၍ ဘယ်ဘက်ရှိ တောင်ထွတ်ထံသို့ ရွေ့လျားသွားသည်ကို ခံစားလိုက်ရ၏။ ထိုလေညင်းက တိတ်ဆိတ်နေပြီး မည်သည့်အရှိန်အဝါမှလည်း မရှိပေ။ ယင်းမှာ ကြောက်မက်ဖွယ်ပင်။ ရှောင်လန်သည် သူ၏ကောင်းကင်စိတ်အာရုံကို သုံး၍ အကြိမ်အနည်းငယ် အာရုံခံလိုက်ပြီးနောက် ထိုလူက အမှန်ပင် မိုရှန်းရှင်းဖြစ်ကြောင် အတည်ပြုလိုက်သည်။ မိုရှန်းရှင်းမှာ မိုမျိုးနွယ်၏ ထောက်လှမ်းရေးခန်းမခေါင်းဆောင်ဖြစ်သည်။ သူက အဆင့်ငါး စွမ်းအားကြီး သိုင်းသမားဖြစ်ပေသည်။
‘တိရှအရှင်က ကျန်းရီကို ကာကွယ်ပေးဖို့ မိုရှန်းရှင်းကို လျှို့ဝှက်စေလွှတ်ထားတာလား’
ရှောင်လန် တံတွေးမျိုချလိုက်၏။ ယခု သူ ကျန်းရီကို ပိုလေးစားသွားပေပြီ။ သူသည် ကျန်းရီကို မထိရဲတော့ဘဲ ကျန်းရီဘေးတွင် ရပ်၍သာ ကာကွယ်ပေးနေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ရှောင်မျိုးနွယ်မှ တိထျန်းအချို့ကို ပတ်ဝန်းကျင်၌ ကင်းလှည့်စေလိုက်၏။ ကျန်းရီ၏ လုံခြုံရေးကို သေချာအောင် လုပ်ရပေမည်။
“ဝူ...ဝူ...”
တစ္ဆေသံကဲ့သို့သော အသံက မရပ်တန့်သေးပေ။ သို့သော် ရှောင်ဟုန်က စတင်တိုက်ခိုက်နေပြီဖြစ်သည်။ စွမ်းအားကြီး သိုင်းသမားများ၏ မာန်သွင်းသံများ၊ ကြောက်မက်ဖွယ်ပေါက်ကွဲသံများနှင့် ဟွင့်သွမ့်သားရဲများက အော်သံများက တစ်ချိန်တည်း ထွက်ပေါ်နေသည်။ တိရှစစ်တပ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်မှ အင်အားစုများက တောင်ထွတ်များ၏ ထိပ်သို့ ရောက်သွားကြပေပြီ။ ထို့ကြောင့် တောင်ထိပ်များမှနေ၍လည်း ပေါက်ကွဲသံများနှင့် အကူအညီတောင်းသံများ ထွက်ပေါ်လာသည်။ နတ်ဘုရားဓားပြအဖွဲ့များက အနှေးနှင့်အမြန်ဆိုသလို ရှင်းပစ်ခံရတော့မည့်ပုံပင်။
‘လူရိုင်းနက်က ဘာတွေကြံနေတာလဲ။ ငါတို့ အချင်းချင်း သတ်ဖြတ်တာကနေ ဘာကောင်းကျိုးများ ရမှာမို့လို့လဲ’
ရှောင်လန်သည် တောင်ထွတ်များသို့ ကြည့်ကာ တွေးလိုက်၏။ သူသာ လူရိုင်းနက်ဆိုလျှင် အဆိပ်ဝိညာဉ်ကို ပြန်ပေးလျှင်ပေး၊ မပေးလျှင်လည်း ဝေးရာသို့ ထွက်ပြေးသွားလောက်ပေပြီ။ သို့သော် လူရိုင်းနက်သည် ထိုသို့မလုပ်ဘဲ ဟွင့်သွမ့်သားရဲတစ်စုကို ဤနေရာသို့ မျှားခေါ်လာခဲ့သည်။ ထိုသားရဲများထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်လည်း ပါပေသည်။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားဓားပြအဖွဲ့များက ပျက်သုဉ်းရမည်ဖြစ်ပြီး လူရိုင်းနက်တွင်လည်း ထွက်ပြေးစရာနေရာ ရှိမည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤကိစ္စအားလုံးက သူ့အတွက် မည်သည့်အကျိုးအမြတ်ရစေပါသနည်း။
မကြာခင်မှာပင် ရှောင်လန် အဖြေရလိုက်၏။ တောင်ထွတ်တစ်ခုမှနေ၍ ဒေါသတကြီး အော်သံတစ်သံ ထွက်ပေါ်လာသည်။
“လူရိုင်းနက်... ခင်ဗျားက တမလွန်ဘုံနဲ့ မဟာမိတ်ဖွဲ့ထားတာလား။ ခင်ဗျား သေသင့်တယ်.. အသတ်ခံရသင့်တယ်။ သွားသေလိုက်တော့...”
“တမလွန်ဘုံလား...”
တိထျန်းများ၏ မျက်ဝန်းများထဲတွင် အဆုံးစွန်သော အမုန်းတရားများ ပြည့်နှက်သွား၏။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများလည်း ပိုအားကောင်းလာသည်။ သူတို့သည် လုံးဝ မညှာတာကြတော့ပေ။ အစတွင် သူတို့က မလှုပ်နိုင်သော နတ်ဘုရားဓားပြများကို မတိုက်ခိုက်ခဲ့ကြချေ။ ယခုတွင်မူ ဓားပြအားလုံးကို သတ်ပေပြီ။
“ဟွန်း... အရူးတွေ။ တမလွန်ဘုံနဲ့ မဟာမိတ်ဖွဲ့ထားမှ မသေမျိုးဖြစ်နိုင်မဲ့ အခွင့်အရေးတစ်ခုကို ရနိုင်မှာ။ ကျုပ်ရဲ့ တမလွန်ဘုံဧကရာဇ်က ဘုံတစ်သောင်းကို အုပ်စိုးဖို့ ကံကြမ္မာပါလာတာပဲ။ ခင်ဗျားတို့တွေ တမလွန်ဘုံကို ဆန့်ကျင်ချင်ရင် နောက်ကျသွားပြီ။ တမလွန်ဘုံရဲ့ စစ်တပ်က တိရှဘုံကို ကျူးကျော်လိုက်တာနဲ့ ခင်ဗျားတို့တွေက သနားစရာအကောင်းဆုံး အဆင့်နိမ့်မိစ္ဆာကျွန်တွေ ဖြစ်သွားမှာပဲ။ နိုးထကြတော့ သေမျိုးတွေ...”
လူရိုင်းနက်က ကျယ်လောင်စွာ ရယ်မောပြီးနောက် ဆက်ပြော၏။
“အမှန်ကို ပြောရရင် နှင်းနက်ပင်လယ်ရဲ့ အရှင်သခင် အဲ့ သက်တမ်း နှစ်ဆယ်သန်းရှိတဲ့ ဟွင့်သွမ့်သားရဲကို တမလွန်ဘုံက ထိန်းချုပ်ထားတာ ကြာခဲ့ပြီ။ ဒီနေ့ ခင်ဗျားတို့ တစ်ယောက်မှ မလွတ်စေရဘူး။ ခင်ဗျားတို့ တမလွန်ဘုံနဲ့ ပူးပေါင်းမယ်ဆိုရင် အသက်ရှင်သန်ခွင့် ရှိနိုင်သေးတယ်။ အခု မဆုံးဖြတ်ဘဲ ဆက်စောင့်နေဦးမယ်ဆိုရင်တော့ ခင်ဗျားတို့ ဖုတ်ကောင်တွေ ဖြစ်သွားမှာပဲ။ ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်တွေလည်း မိစ္ဆာချောက်နက်ထဲကို ကျသွားလိမ့်မယ်”
‘လခွမ်း... စီရင်စုနယ်အရှင်နဲ့ တခြားသူတွေ အန္တရာယ်ရှိနေပြီ’
ရှောင်လန် စိုးရိမ်သွား၏။ ထို ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို တမလွန်ဘုံက ထိန်းချုပ်ထားသည်။ အကယ်၍ ယနေ့တွင် အခြေအနေများ ဆိုးဝါးသွားပါက ရှောင်ဟုန်နှင့် အဖော်များအားလုံး တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံရကာ လူရိုင်းနက်ကဲ့သို့ တမလွန်ဘုံ၏ ကျွန်များ ဖြစ်သွားပေလိမ့်မည်။
“တစ်ယောက်ယောက်လာဦး။ တိရှမြို့ကို ချက်ချင်း သတင်းပို့ပြီး စစ်ကူတွေတောင်းလိုက်”
ရှောင်လန်သည် သူ့အနားမှ တိထျန်းတစ်ယောက်ကို အမိန့်ပေးလိုက်ပြီး ကျန်းရီကို ထပ်မံကြည့်လိုက်၏။ ဤကဲ့သို့ အရေးကြီးနေသည့် အခိုက်အတန့်တွင် ကျန်းရီက အဘယ်သို့ ကျင့်ကြံနိုင်နေရသနည်း။ ထို့ပြင် မိုရှန်းရှင်းက ကျန်းရီအား သွားမလှုပ်ရန် ပြောခဲ့သည်။ ရှောင်လန် ရင်ခုန်မြန်လာသည်။ မည်သို့လုပ်ရမည်ကို သူ မသိတော့ပေ။
‘ငါတို့ ထွက်သွားရမလား၊ ထွက်မသွားရဘူးလား’
ရှောင်လန် ဝိရောဓိဖြစ်နေ၏။ သူ တုံ့ဆိုင်းနေစဉ်တွင် လူရိုင်းနက်၏ အော်သံက ထပ်မံ ထွက်ပေါ်လာ၏။
“အချိန်ကျတော့မယ်။ ဟေးယောင်.. အခု နှိုးလိုက်တော့။ သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ စွမ်းအားကြီး သိုင်းသမားတွေအကုန်လုံးကို ရဲရင့်တဲ့ တမလွန်ဘုံတပ်သားတွေအဖြစ် ပြောင်းပစ်လိုက်”
လူရိုင်းနက်၏စကား ဆုံးသွားသောအခါ ကီလိုမီတာငါးထောင် အဝန်းအဝိုင်းအတွင်းရှိ မြေပြင်က အက်ကွဲသွားပြီး အနက်ရောင်အရှိန်အဝါလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်လာလေသည်။ ရုတ်ခြည်းအတွင်းမှာပင် ၎င်းအနက်ရောင်အရှိန်အဝါများက ကီလိုမီတာငါးသိန်း အဝန်းအဝိုင်းအတွင်း ပျံ့နှံ့သွားပြီး ထိုအဝန်းအဝိုင်းအတွင်းရှိ လူအားလုံးကို လွှမ်းခြုံသွား၏။
“အာ...သွားပြီ... အဲ့ဒါက တမလွန်ဘုံမိစ္ဆာအစီအရင်ပဲ”
“အားလုံး ပြန်ဆုတ်ကြ...”
နေရာအနှံ့မှနေ၍ ကြောက်ရွံ့သော အော်သံများ ထွက်ပေါ်လာ၏။ ဤနေရာရှိ စွမ်းအားကြီး သိုင်းသမားများသည် အခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားကြပေ။ ကောင်းကင်ကုလားအုပ်တောင်အောက်၌ ကြောက်မက်ဖွယ်အစီအရင်တစ်ခု ဆင်ထားပေသည်။ ထိုအစီအရင်ထဲတွင် တမလွန်ဘုံအရှိန်အဝါများစွာ ပါဝင်သည်။ ၎င်းအရှိန်အဝါများက လွန်စွာသိပ်သည်းနေ၍ ငါးမိနစ်အတွင်းမှာပင် သန်မာသော စိတ်ဝိညာဉ်ရှိသည့် စွမ်းအားကြီး သိုင်းသမား အနည်းငယ်နှင့် ဘွဲ့ထူးရတိထျန်းများမှ လွဲ၍ ကျန်လူများအားလုံး တိုက်ခိုက်ခံရကာ တမလွန်ဘုံတပ်သားများအဖြစ် ပြောင်းလဲသွားကြတော့သည်။
“အားလုံးပြီသွားပြီ။ အရှင်မို... မြန်မြန် ပြန်လာခဲ့ပါ”
ရှောင်လန်၏ အရုပ်ဆိုးသော မျက်နှာက ရှုံ့တွနေ၏။ သူသည်လည်း စွမ်းအားကြီး တမလွန်ဘုံအရှိန်အဝါနှင့် ရင်ဆိုင်နေရ၏။ ထိုအရှိန်အဝါများ ရှိနေသည့် အဝန်းအဝိုင်းထဲမှ လွတ်အောင် သူ ဖောက်ထွက်နိုင်မည် မဟုတ်ပေ။ အကယ်၍ မိုရှန်းရှင်းက အချိန်မီ ပြန်မလာလျှင် ကျန်းရီလည်း တမလွန်ဘုံတပ်သားအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
***