← Chapters

ဆုပ်ကိုင်ရန် ကောက်ရိုးတစ်မျှင်

Vol. 103 Ch. 1435

ဆုပ်ကိုင်ရန် ကောက်ရိုးတစ်မျှင်

Vol. 103 Ch. 1435

ဝှစ်...ဝှစ်...

တောင်ထွတ်မှနေ၍ အရိပ်တစ်ခု ထွက်လာ၏။ သူသည် ခြေထောက်နှစ်ဘက်စလုံး ကျိုးနေသော သာမန်ဆန်သည့် သိုင်းသမားတစ်ယောက်ကို ခေါ်၍ လာသည်။ ထိုသိုင်းသမားက သတိမေ့နေ၏။ အရိပ်၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် တိထျန်းတစ်စုသည်ပင် သူ၏မျက်နှာကို သေချာမမြင်လိုက်ရပေ။ နေရာအနှံ့တွင် မြူခိုးနက်များလည်း ရှိနေရာ လူများသည် သူ့ကို အာရုံလည်း မစိုက်အားကြချေ။

‘သူက တကယ်ကို အရှင်မိုရှန်းရှင်းပဲ’

ရှောင်လန်သည် ထိုအရိပ်ကို မြင်လိုက်သောအခါ အားတက်သွား၏။ အရှင်မိုးရှန်းရှင်း ရှိနေလျှင် ကျန်းရီအတွက် မျှော်လင့်ချက် ရှိပေသေးသည်။ အရှင်မိုးရှန်းရှင်းက သူ့အနားမှ တိထျန်းအချို့ကို ဒေါသတကြီးဖြင့် အော်ပြောလိုက်၏။

“ပြန်ဆုတ်ကြ... ဆုတ်ကြလေ။ မဟုတ်ရင် ငါတို့ အကုန်လုံး မိစ္ဆာဖြစ်သွားလိမ့်မယ်...”

“ငါ့ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ကြ။ မင်းတို့ကောင်တွေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး”

အရှင်မိုရှန်းရှင်းသည် ပျံသန်းလာရင်း အော်ပြောနေ၏။ ရှောင်လန်တို့သည် ထိုအမိန့်ကို နာခံရန် တက်ကြွနေကြပေသည်။ သူတို့၏ အမြန်နှုန်းနှင့်ဆိုလျှင် မြူခိုးနက်များထဲမှ ဖောက်ထွက်နိုင်မည် မဟုတ်ဘဲ မိစ္ဆာသတ်ဖြစ်သွားပေလိမ့်မည်။ အရှင်မိုရှန်းရှင်း ရောက်လာ၏။ သို့သော် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ မိုရှန်းရှင်း၏ ဘွဲ့ထူးမှာ ‘အရိပ်’ ဖြစ်ရာ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်းမှာ မထူးဆန်းပါပေ။ သာမန်လူများက သူ့မျက်နှာကို တွေ့နိုင်လိမ့်မည် မဟုတ်ချေ။၊

မိုရှန်းရှင်း၏ လက်ထဲတွင် ရတနာစီခြယ်ထားသော ဘုံကျောင်းတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူ အဆိပ်ဝိညာဉ်ကို ထိုဘုံကျောင်းထဲ ထည့်လိုက်သည်။ ပြီးမှ ရှောင်လန်တို့ကို ဆက်ထည့်သည်။ သူ ကျန်းရီကိုလည်း ဘုံကျောင်းထဲထည့်ရန် ဟန်ပြင်လိုက်စဉ်တွင် ကျန်းရီ၏ ဦးခေါင်းက စတင်လင်းလက်လာကာ တံဆိပ်စာလုံးလေးများသည် သူ့ခေါင်းထက်၌ ရုတ်တရက်ထွက်ပေါ်လာပြီး စက်ဝိုင်းပုံ အလင်းကွင်းတစ်ခုကို ဖန်းတီးလိုက်သည်။

“အာ...”

မိုရှန်းရှင်း စေ့စေ့စပ်စပ် ကြည့်လိုက်၏။ သူ၏ ဝေဝါးနေသော မျက်နှာက တဖြည်းဖြည်း ရှင်းလင်းလာသည်။ သူသည် အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ထိုတံဆိပ်စာလုံးကို ငေးကြည့်နေပေသည်။ ထိုတံဆိပ်စာလုံးများ ပျံထွက်လာပြီးနောက်တွင် ပတ်ဝန်းကျင်မှ တမလွန်ဘုံအရှိန်အဝါအားလုံး ပျောက်ကွယ်သွား၏။ ထို့ပြင် ကျန်းရီကို လွှမ်းခြုံထားသော တမလွန်ဘုံအရှိန်အဝါလည်း လျင်မြန်စွာ သန့်စင်ခံလိုက်ရသည်။ တစ်ခဏအတွင်းမှာပင် ထိုနေရာတွင် သိပ်သည်းနေသော မြူခိုးနက်များက ရုတ်တရက် လွင့်ပြယ်သွားပြီး ပေငါးရာ အဝန်းအဝိုင်းအတွင်း အလင်းတောက်ပသွားသည်။ ထိုအဝန်းအဝိုင်းအတွင်း ဝင်လာသော တမလွန်ဘုံအရှိန်အဝါများကလည်း အလိုလို သန့်စင်ခံလိုက်ကြရပေသည်။

‘အဲ့ဒါက ဘယ်လိုရတနာမျိုးလဲ’

မိုရှန်းရှင်း အံ့အားသင့်နေ၏။ အစတွင် အဘယ်ကြောင့် မိုလင်းချိုးက သူ့အား ကျန်းရီကဲ့သို့သော ကောင်လေးတစ်ယောက်ကို သွားကာကွယ်ခိုင်းရကြောင်းကို သူ နားမလည်ခဲ့ပေ။ သူသည် ကျန်းရီကို အတန်ငယ် အထင်သေးခဲ့ပေသည်။ သို့သော် ထိုအခိုက်တွင်မူ ကျန်းရီက အမှန်ပင် တမူထူးခြားကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။ တိထျန်းများပင် ထိုမျှသိပ်သည်းသော တမလွန်ဘုံအရှိန်အဝါကို မခုခံနိုင်ကြပေ။ သို့သော် ကျန်းရီက ထိုအရှိန်အဝါကို အလွယ်တကူ ခုခံနိုင်ပြီး သန့်ပင်သန့်စင်ပစ်နိုင်နေလေသည်။

‘သန့်စင်ပစ်တာလား။ ဟုတ်ပြီ’

မိုရှင်းရှင်း၏ မျက်လုံးများ လင်းလက်လာ၏။ သူသည် ရုတ်တရက် ကျန်းရီ၏ ပခုံးကို ကိုင်လိုက်ပြီး စတင်၍ လှည့်ပတ်ပျံသန်းလိုက်၏။ သူက တည်ငြိမ်စွာ ပျံသန်းနေသဖြင့် ကျန်းရီ၏ခန္ဓာကိုယ်သည် တုန်ခါမှုအနည်းငယ်ကိုပင် မခံစားရပါချေ။ ထို့ကြောင့် ကျန်းရီ မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံနိုင်နေပေသည်။ ကျန်းရီ ရွေ့လျားသွားသောအခါ အလင်းကွင်းကလည်း သူနှင့်အတူလိုက်၍ ‌ရွေ့လျားလာသည်။ ထိုအလင်းကွင်း ဖြတ်သွားသော နေရာတိုင်းရှိ တမလွန်ဘုံအရှိန်အဝါများက အလိုလို သန့်စင်ခံလိုက်ရသည်။ ယင်းမှာ အလွန်မှော်ဆန်ပေသည်။

‘ဒါက...’

အခြားအရာတစ်ခုက မိုရှန်းရှင်းကို ပို၍ပင် အံ့အားသင့်သွားစေ၏။ အချို့ အဆင့်နိမ့်တိရှများနှင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် မလှုပ်နိုင်ကြဘဲ တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံနေကြရ၏။ ထိုအခိုက်တွင်င သူတို့၏ စိတ်ဝိညာဉ်များနှင့် ခန္ဓာကိုယ်များက လုံးဝမိစ္ဆာဖြစ်သွားလုနေပေပြီ။ သို့သော် ကျန်းရီကို သူတို့အနားသို့ ခေါ်သွားသောအခါ ထိုလူများ၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များမှ တမလွန်ဘုံအရှိန်အဝါက အလင်းကွင်းကြောင့် ရုတ်ခြည်း သန့်စင်သွား၏။ ထို့နောက် သူတို့လည်း အသိပြန်ကပ်လာကြသည်။

“လေဟာနယ်နတ်ဘုရားအသုံးအဆောင် ရှိတဲ့သူတွေက တခြားသူတွေကို အဲ့အသုံးအဆောင်တွေထဲ ထည့်ထားလိုက်ကြပါ။ ပြီးရင် ငါ့နောက်ကို လိုက်ခဲ့ကြ”

မိုရှန်းရှင်းသည် လမ်းတစ်လျှောက်တွင် လူများကို သူ့လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်နေပြီး အမိန့်လည်းပေးလိုက်၏။ အသိပြန်ကပ်လာသူအချို့က သူ၏အမိန့်များအတိုင်း ခပ်သွက်သွက် လိုက်လုပ်လိုက်ကြသည်။ လူများသည် သူတို့၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကို ထုတ်ကာ ထိုအသုံးအဆောင်မရှိသူများကို အထဲသို့ ထည့်လိုက်ကြပြီး မိုရှန်းရှင်းနှင့် ကျန်းရီတို့နောက်သို့ လိုက်သွားကြ၏။ သူတို့က အလင်းရောင်အတွင်း ရှိနေလျှင် မည်သည့်တမလွန်ဘုံအရှိန်အဝါကမှ သူ့တို့အနား မကပ်နိုင်သလို စိတ်ဝိညာဉ်တိုက်ခိုက်မှုကလည်း သူတို့အပေါ် မသက်ရောက်နိုင်ပေ။

‘အဲ့ဒါက ဘာအသုံးအဆောင်လဲ’

မိုရှန်းရှင်းနှင့် ကျန်းရီတို့နောက်သို့ လိုက်လာသော သိုင်းသမားများသည်လည်း မိုရှန်းရှင်းကဲ့သို့ တွေးမိလိုက်ကြ၏။ ထိုအရာက ကျန်းရီ၏ ရတနာသာ မဟုတ်လျှင် အားလုံးသည် ၎င်းကို ရယူနိုင်မည့် နည်းလမ်းများကို တွေးနေမိကြလောက်သည်။ ၎င်းက အလွန်မှော်ဆန်လွန်းပေသည်။

‘ဟုတ်ပြီ’

မိုရှန်းရှင်း၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု သန်းလာသည်။ အစောတွင် သူသည် ကျန်လူများကို ထားခဲ့ပြီး ကျန်းရီကိုသာခေါ်၍ ထွက်ပြေးလိုခဲ့သည်။ သို့သော် ယခုတွင် အားလုံးကို ကယ်နိုင်မည့် နည်းလမ်းတစ်ခု ရှိနေပြီဖြစ်ရာ သူ သူတို့ကို စွန့်ပစ်ထားခဲ့တော့မည် မဟုတ်ပေ။

ကျန်းရီ၏ အလင်းကွင်းက ပေတစ်ထောင်သာ ကျယ်သော်လည်း ဤတစ်ခေါက် လာခဲ့သူများမှာ တိရှအဆင့်နှင့်အထက် ရှိသူများသာဖြစ်၍ အနည်းဆုံးတော့ ဆယ်ယောက်လျှင် တစ်ယောက်က လေဟာနယ်နတ်ဘုရားအသုံးအဆောင် ရှိကြသည်။ လေဟာနယ်အသုံးအဆောင်တစ်ခုက လူများ ဆယ်ချီ၍ ဆန့်ရာ တပ်သားအားလုံးကို ကယ်တင်နိုင်လောက်သည်။

မိုရှန်းရှင်း၏ အမြန်နှုန်းက အတန်ငယ် ပိုမြန်လာ၏။ အသက်တစ်ချောင်းကို ကယ်ရခြင်းက ခုနစ်ဆင့်ဘုံကျောင်းတစ်ခု တည်ရခြင်းထက် မြတ်သည်။ တမလွန်ဘုံနှင့် တိုက်ခိုက်ရာတွင် လူသားအားလုံးက တန်းတူဖြစ်သည်။ သိုင်းသမားအားလုံးက အဖိုးတန်သည်။ လူတစ်ယောက်က တမလွန်ဘုံအရှိန်အဝါကြောင့် မိစ္ဆာဖြစ်သွားမည်ဆိုလျှင် တမလွန်ဘုံက အတန်ငယ် ပိုအင်အားကြီးသွားမည်ဖြစ်သည်။

ဝှစ်...ဝှစ်...

မိုရှန်းရှင်းသည် ကျန်းရီကို ခေါ်၍ လှည့်ပတ်ပျံသန်းကာ သိုင်းသမားများကို တစ်ယောက်ပြီးတစ်ယောက် ကယ်တင်နေ၏။ တိထျန်းများသည်လည်း တောင်ထိပ်မှ ပျံဆင်းလာကြပြီး ကယ်တင်ရေးတွင် ပူးပေါင်းလိုက်ကြသည်။ သူတို့အားလုံးတွင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များ ရှိကြရာ လူများစွာကို ခေါ်ဆောင်နိုင်ပေသည်။

တောင်ခြေတွင် ထူထပ်သိပ်သည်းသော မြူခိုးနက်များ ရှိနေသည်။ ထိုမြူခိုးနက်များက ခက်ထန်‌အေးစက်သော သေခြင်းတရားအငွေ့အသက်ကို ပေးနေသည်။ သာမန်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်လိုက်လျှင် သတိလစ်သွားလောက်သည်။ သို့သော် ထိုမြူခိုးနက်များကြားထဲတွင် နူးညံ့နွေးထွေးသော အလင်းကွင်းတစ်ခု ရှိနေသည်။ ထိုအလင်းကွင်းက မကောင်းသည့် သေခြင်းတရားအငွေ့အသက်ကို ဖယ်ရှားကာ သိုင်းသမားများအတွက် ဆုပ်ကိုင်ရမည့် ကောက်ရိုးတစ်မျှင်ကို ပေးနေပေသည်။

“သေပေတော့...”

တောင်ထိပ်မှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ရှောင်ရှန်း၏အသံပေ။ လူရိုင်းနက်ကလည်း ပြန်၍ ‌အော်သည်။

“ခင်ဗျား ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင်တောင် ကျုပ်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ တမလွန်ဘုံမိစ္ဆာအစီအရင် ရှိနေသေးသ၍ ကျုပ်က မသေနိုင်ဘူး။ ဟားဟားဟား... မကြာခင် ခင်ဗျားတို့အကုန်လုံး တမလွန်ဘုံရဲ့ ကျွန်တ်ေ ဖြစ်သွားတော့မှာပါ”

“အရူး...”

မိုရှန်းရှင်းသည် စိတ်မထိန်းနိုင်တော့၍ ခပ်လှောင်လှောင် အော်ပြောလိုက်၏။

“လူရိုင်းနက်... မင်းရဲ့မျက်စိတွေကို ကျယ်ကျယ်ဖွင့်ပြီး တစ်ချက်ကြည်လိုက်ဦး။ တမလွန်ဘုံမိစ္ဆာအစီအရင်က လူဘယ်နှစ်ယောက်လောက်ကို မိစ္ဆာအဖြစ် ပြောင်းပြီးသွားပြီလဲ”

“ဟမ်...”

အာမေဋိတ်သံတစ်သံ ထွက်လာသည်။ ထို့နောက် လူရိုင်းနက် ဒေါသတကြီး အော်လိုက်သည်။

“ဒါက... မဟုတ်ဘူး...”

ရှောင်ရှန်းနှင့် ဂန်ချီတို့က အင်အားပူးပေါင်း၍ လူရိုင်းနက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ပေပြီ။ သူတို့နှစ်ယောက်သည် တစ်ချက်ပင် မတုံ့ဆိုင်းဘဲ မြောက်ဘက်သို့ ရုတ်ခြည်း ပျံသန်းသွားကြသည်။ ရှောင်ဟုန်နှင့် အခြားနှစ်ယောက်က ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလောက်သေးသည်။ သူတို့နှစ်ယောက်သာ ထိုသို့သွားမကူညီလျှင် ထိုသုံးယောက် အသတ်ခံလိုက်ရနိုင်သည်။ မဟုတ်လျှင်လည်း မိစ္ဆာများအဖြစ် ပြောင်းလဲသွားနိုင်သည်။

“ကျန်းရီကို မင်းတို့ပဲ ဆက်ခေါ်သွားပြီး ကျန်သေးတဲ့လူတွေကို ကယ်လိုက်ကြ။ သူတို့ကို ကယ်ပြီးရင် မင်းတို့ ချက်ချင်း ပြန်ဆုတ်လိုက်။ ငါက ဟိုဟွင့်သွမ့်သားရဲကို သတ်နိုင်မလားဆိုတာ သွားကြည့်လိုက်ဦးမယ်”

မိုရှန်းရှင်းသည် သူတို့ဘက်မှ လူအများစုကို ကယ်နိုင်လိုက်ပြီဖြစ်ပြီး ကျန်းရီက မိစ္ဆာဖြစ်သွားမည်ကိုလည်း စိုးရိမ်စရာ မရှိကြောင်း တွေ့သောအခါ စိတ်အေးသွားပြီး ရှောင်မျိုးနွယ်ဝင်အချို့အား ကျန်းရီကို ကာကွယ်ပေး၍ ကျန်လူများကို ဆက်ကယ်ရန် ပြောကာ မြောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။ ရှောင်ဟုန်တို့က စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့ သေသွားမည်၊ သို့မဟုတ် မိစ္ဆာဖြစ်သွားမည်ကို ခွင့်မပြုနိုင်ပေ။

ရှောင်မျိုးနွယ်ဝင်နှစ်ယောက်သည် ကျန်းရီကို ဂရုတစိုက် ချီမ၍ အဖိုးတန်ရုပ်တုတစ်ရုပ်အလား သယ်ခေါ်သွားကြ၏။ ကျန်းရီက ရုတ်တရက်ကြီး သူတို့၏ ကယ်တင်ရှင် ဖြစ်လာခဲ့သည်။ ကျန်းရီကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး၏ စိတ်ဝိညာဉ်များက ထိန်းချုပ်ခံလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း ဖုတ်ကောင်ဖြစ်သွားပေလိမ့်မည်။

ကယ်တင်ရေးလုပ်ငန်း အနည်းနှင့်အများ ပြီးသွားသောအခါ အဝေးမှနေ၍ ကြောက်မက်ဖွယ် အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ရှောင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအချို့ ရုတ်တရက် မျက်နှာဖြူဖျော့သွားကြသည်။ ထိုအော်သံက ရှောင်ဟုန်၏အော်သံ မဟုတ်ပါလား။ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေချိန်တွင် ထိုသို့ဆိုးဆိုးဝါးဝါး အော်ခဲ့ရာ ရှောင်ဟုန်တစ်ယောက် နောက်တစ်ရက်ကိုပင် မြင်နိုင်ပါတော့မည်လော။

“ငါတို့ ဒီသားရဲကို မနိုင်ဘူး။ ဒီဟွင့်သွမ့်သားရဲရဲ့ တမလွန်ဘုံအရှိန်အဝါက အရမ်းအားကောင်းလွန်းတယ်။ အားလုံး ပြေးကြတော့”

မိုရှန်းရှင်း၏ အော်သံ ထွက်ပေါ်လာ၏။ သူလည်း အနောက်သို့ စတင် ပြန်ဆုတ်လာသည်။ သူ၏ တာဝန်က ကျန်းရီကို ကာကွယ်ရန်ပင်။ အကယ်၍ ကျန်းရီသေသွားလျှင် တိရှအရှင်က သူ့အား သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးပေလိမ့်မည်။ ထိုစဉ် ကျန်းရီကို ချီမထားသော ရှောင်မျိုးနွယ်ဝင် သိုင်းသမားနှစ်ယောက်က လက်တုန်သွား၍ ကျန်းရီ နိုးလာ၏။

“မျိုးနွယ်ခေါင်းဆောင်...”

ရှောင်မျိုးနွယ်မှ ထိထျန်းအချို့က ခါးသီးစွာ အော်ခေါ်လိုက်ကြသည်။ ကျန်းရီ နိုးလာသည်ကို မြင်သောအခါ လူတစ်ယောက်က အော်ပြောလိုက်၏။

“အရှင်ကျန်း... အရှင်မိုနဲ့အတူ ထွက်သွားလိုက်ပါ။ ကျွန်တော်တို့ မျိုးနွယ်ခေါင်းဆောင်ကို သွားကယ်လိုက်မယ်”

“မသွားနဲ့”

ကျန်းရီသည် နိုးလာပြီဖြစ်သော်လည်း ရီဝေဝေ ဖြစ်နေသေးသည်။ သူက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ထားခဲ့၍ ဖြစ်ပျက်နေခဲ့သည်များကို သိထားပေသည်။ သူ အရေးမစိုက်ခဲ့ခြင်းသာ။

ကျန်းရီသည် ပြန်ဆုတ်လာသော မိုရှန်းရှင်းကို ကြည့်ကာ မေးလိုက်၏။

“အရှင်မို... တကယ်လို့ ကျွန်‌တော် ဟွင့်သွမ့်သားရဲရဲ့ တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးနိုင်မယ်ဆိုရင် အရှင်တို့ အဲ့ဟွင့်သွမ့်သားရဲကို သတ်နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိပါသလား”

“မင်း အဲ့လို လုပ်နိုင်တယ်လား”

မိုရှန်းရှင်း၏ မျက်လုံးများ အရောင်လက်သွား၏။ ကျန်းရီက ခေါင်းညိတ်ပြသည်ကို မြင်လိုက်သောအခါ မိုရှန်းရှင်း ချက်ချင်း အော်ပြောလိုက်သည်။

“အဲ့ဒါဆို ငါတို့ ဘာကိုစောင့်နေဦးမှာလဲ။ သူတို့ကို မြန်မြန် သွားကူညီကြစို့။ မင်းသာ ဟွင့်သွမ့်သားရဲရဲ့ တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးနိုင်မယ်ဆိုရင် ငါ အဲ့သားရဲကို သတ်ပစ်နိုင်တယ်”

***

All Chapters