← Chapters

မဟာအရှင်သားရဲ

Vol. 103 Ch. 1436

မဟာအရှင်သားရဲ

Vol. 103 Ch. 1436

“ခင်ဗျားတို့ထဲက တချို့ ကျွန်တော့်နောက်လိုက်ခဲ့ပါ”

မိုရှန်းရှင်းက ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို သတ်နိုင်ရန် ယုံကြည်မှုရှိသည်ဟု ပြောလိုက်ပြီဖြစ်၍ ကျန်းရီသည် မိုရှန်းရှင်းက ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို ခေတ္တမျှ အလွယ်တကူ ထိန်းထားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပေသည်။ ထို့ကြောင့် တိထျန်းများနှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက နောက်မှ လိုက်လာလျှင်လည်း ပြဿနာမရှိ‌လောက်ချေ။ ထိုသူများ၏ တိုက်ခိုက်စွမ်းအားကလည်း မခေကြသည် မဟုတ်လော။ သူတို့ လိုက်လာလျှင် အကူအညီတစ်ခုတော့ ရနိုင်ပေသည်။

တပ်သားအားလုံးနီးပါးကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်များထဲ ထည့်ပြီးသွားပြီဖြစ်သည်။ ကျန်းရီကိုလည်း လူတစ်စုက ဝန်းရံထားကြသည်။ ထိုလူစုမှာ အနည်းဆုံး လူသုံးရာကျော် လေးရာလောက် ရှိပေသည်။ မိုရှန်းရှင်းသည် မြောက်ဘက်သို့ ပျံသန်းကာ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲထံ လျင်မြန်စွာ သွားနေပေပြီ။

“ဝူ...ဝူ...”

မြောက်ဘက်သို့ ရောက်လာလေလေ၊ မြူခိုးနက်များက ပိုသိပ်သည်းလာလေလေပင်။ တစ္ဆေသံကဲ့သို့သော အသံကလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ကျန်းရီ၏ အလင်းကွင်းကြောင့်သာ မဟုတ်ပါက ကျန်းရီအနီးမှ တိထျန်းအချို့သည် ကြာရှည်တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီကမူ မည်သို့မှ မခံစားရပေ။ သူသည် အသံကို မကြားရသလိုပင်။ သို့သော် ပတ်ဝန်းကျင်မှ သိပ်သည်းသော မြူခိုးနက်များက သူ့ကို အဝေးရှိ စွမ်းအားကြီး ဟွင့်သွမ့်သားရဲ၏ အရှိန်အဝါကို ခံစားနေရစေသည်။ သူ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

“အားလုံး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြပါ။ ဒီနေရာမှာ တခြားဟွင့်သွမ့်သားရဲတွေလည်း ရှိနေနိုင်တယ်”

ဝုန်း...ဝုန်း...ဝုန်း...

အဝေးမှနေ၍ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ဘွဲ့ထူးရစစ်နတ်ဘုရားအချို့နှင့် ဘွဲ့ထူးရတိထျန်းအချို့က ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပေသည်။ ထိုတိုက်ပွဲက အဆင့်နိမ့် ဟွင့်သွမ့်သားရဲများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ရှောင်ဟုန်တို့ကသာ ထိုဟွင့်သွမ့်သားရဲများကို တားမထားလျှင် ၎င်းသားရဲများက ကောင်းကင်ကုလားအုပ်တောင်သို့ ရောက်နေလောက်ပြီဖြစ်သည်။

ကျန်းရီ၏ စိတ်ဝိညာဉ်က အတော်လေးအားနည်း၏။ ထို့ကြောင့် သူ၏ကောင်းကင်စိတ်အာရုံက ပေတစ်ရာပတ်လည်အတွင်းကိုသာ အာရုံခံနိုင်၏။ သူ အဝေးတွင် ဖြစ်ပွားနေသော တိုက်ပွဲကို အာရုံမခံနိုင်ပေ။ သို့သော် အတန်ငယ် ဆက်ပျံသန်းပြီးနောက် သူ အန္တရာယ်ကို ထင်ထင်ရှားရှား အာရုံခံမိလိုက်သည်။

“သတိထားကြ...”

ရွှစ်...ရွှစ်...

အောက်ဘက်မှနေ၍ မြူခိုးနက်ထု တစ်ခု ပျံတက်လာပြီး ကျန်းရီပတ်ပတ်လည်ရှိ တိထျန်းများနှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ လူရာကျော်က အလင်းတန်းရာကျော်ကို ပစ်လွှတ်လိုက်၍ ထိုမြူခိုးနက်ထုကြီး အဝေးသို့ လွင့်ပြယ်သွားသည်။

ဝှစ်...ဝှစ်...

သို့သော် မရေမတွက်နိုင်သော မြူခိုးနက်တန်းများက ထပ်မံ၍ ရုတ်တရက် ပျံတက်လာကြပြန်၏။ တိထျန်းများနှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက ၎င်းတို့ကို အချိန်မီ မကာနိုင်လောက်ပေ။ ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ သူ့ခေါင်းထဲမှနေ၍ တံဆိပ်စာလုံးများ ပျံထွက်လာကာ ပတ်ဝန်းကျင်မှ လူအားလုံးကို လှည့်ပတ်လိုက်ကြ၏။ ၎င်းတို့ ထွက်ပေါ်လာသောအခါ အလင်းကွင်းက ရုတ်ခြည်းပြန့်ကားသွား၏။ ထိုနေရာရှိ မြူခိုးနက်များလည်း ရုတ်ခြည်း သန့်စင်ခံလိုက်ရသည်။ အလင်းကွင်းက ဆက်၍ ပြန့်ကားနေသည်။ ပေတစ်သောင်း၊ ပေတစ်သိန်း...

ကျန်းရီတို့ထံ ဆက်၍ ပျံဝင်လာသော မြူခိုးနက်တန်းများလည်း သန့်စင်ခံလိုက်ရ၏။ ၎င်းတို့ လွင့်ပြယ်သွားသောအခါ မြွေကဲ့သို့သော ဟွင့်သွမ့်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုဟွင့်သွမ့်သားရဲများက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံထားရကြောင်း ထင်ရှားသည်။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ပါးစပ်ထဲမှနေ၍ အနက်ရောင်အရှိန်အဝါတစ်ခု ထွက်နေပေသည်။

ထိုဟွင့်သွမ့်သားရဲများ၏ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပစ်လိုက်သောအခါ သားရဲများ သိသိသာသာ အားနည်းသွားကြသည်။ ၎င်းတို့ကို အစောတွင် လွင့်ပျံထွက်သွားရုံသာ လုပ်နိုင်ခဲ့သော်လည်း ယခုတွင်မူ အလွယ်တကူ သတ်ပစ်နိုင်ပေပြီ။ အဘယ်ကြောင့်ဆိုသော် တမလွန်ဘုံအရှိန်အဝါက ၎င်းတို့အတွက် တိုက်ခိုက်မှုများကို ကာပေးနေခဲ့ခြင်းကြောင့်ပင်။

‘မိုရှန်းရှင်းက ငါ့ကို ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲရဲ့ တမလွန်ဘုံအရှိန်အဝါကို ဖယ်ခိုင်းတာ အံ့ဩစရာ မရှိတော့ပါဘူး’

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပြီး အနည်းငယ် အရှိန်ထပ်မြှင့်၍ မိုရှန်းရှင်းနှင့် အခြားသူများ ရှိနေရာသို့ ဦးတည်ပျံသန်းသွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ကျန်းရီက ဟွင့်သွမ့်သားရဲများ၏ တမလွန်ဘုံအရှိန်အဝါကို ရှင်းပေးသဖြင့် တိထျန်းများနှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက ၎င်းဟွင့်သွမ့်သားရဲများကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲသုံးကောင် အတူတကွ ရောက်လာသည်ပင် အားလုံး၏ ပူးပေါင်းတိုက်ခိုက်အားကြောင့် အသတ်ခံလိုက်ရပေသည်။

“ဝူ...ဝူ...”

တစ္ဆေအော်သံကဲ့သို့သော အသံက ပို၍ ပို၍ ကျယ်လောင်လာ၏။ အားလုံး စတင်၍ အတန်ငယ် မသက်မသာ ခံစားလာရသည်။ သို့သော် ကျန်းရီက မည်သို့မှ မခံစားရသေးပေ။ သူ ဝေ့ဝဲကြည့်ကာ အော်ပြောလိုက်သည်။

“ဒီနေရာကို ထိုးဖောက်ပြီး ကျွန်တော့်ကို ဟိုကို ခေါ်သွားပေးပါ”

ပိုမြန်သော တိထျန်းနှစ်ယောက်က ကျန်းရီကို တွဲလိုက်ပြီး ကျန်လူအားလုံးက သူ့ကို ဝန်းရံလိုက်ကြသည်။ ကျန်းရီသည် တံဆိပ်စာလုံးများကို ထိန်းချုပ်၍ လှည့်ပတ်ပျံသန်းစေလိုက်၏။ ၎င်းတို့က မည်းမှောင်နေသော ကောင်းကင်ကို အလင်းပေးနေသည့် ပိုးစုန်းကြူးများကဲ့သို့ပင်။

ရာကျော်သော တိထျန်းများမှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက အစွမ်းကုန်ထုတ်သုံးပြီး အလျင်မြန်ဆုံး ပျံသန်းကာ သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်နေကြ၍ ချဉ်းကပ်လာသော ဟွင့်သွမ့်သားရဲအားလုံး အသတ်ခံလိုက်ရသည်။ အားလုံး၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် မကြာခင်မှာပင် သူတို့ မိုရှန်းရှင်းနှင့် အခြားသူများအနားသို့ ရောက်သွားကြသည်။ တိထျန်းများသည် ကြောက်မက်ဖွယ် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို စတင် အာရုံခံမိလိုက်ကြ၏။

အဝေးမှ မြူခိုးနက်တစ်တန်းသည် အနက်ရောင်လေဆင်နှာ‌မောင်းကြီးကဲ့သို့ တွန့်ခွေလည်ပတ်နေ၏။ ထိုလေဆင်နှာ‌မောင်းကြီးက အနက်ရောင်မြားများကိုလည်း ကြောက်မက်ဖွယ်အရှိန်ဖြင့် တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်နေသည်။ မိုရှန်းရှင်းတို့က ထိုအနက်ရောင်လေဆင်နှာမောင်းကြီးကို ဝန်းရံထားကြပြီး ထိုမြားများကို ရှောင်၍ လေဆင်းနှာမောင်းကြီးအား အဆက်မပြတ် တိုက်ခိုက်နေကြသည်။

သို့သော် သူတို့၏ တိုက်ခိုက်မှုအများစုက လေဆင်နှာမောင်းကြီးအပေါ် သက်ရောက်မှုများစွာ ရှိသည့်ပုံ မပေါ်ပေ။ မိုရှန်းရှင်း ပစ်လွှတ်လိုက်သော အလင်းတန်းများကသာ လေဆင်နှာမောင်းကြီးကို အနောက်သို့ ပေရာဂဏန်းအနည်းငယ် ဆုတ်သွားအောင် လုပ်နိုင်ပေသည်။

“စီရင်စုနယ်အရှင်က ဘယ်မှာလဲ”

ရှောင်မျိုးနွယ်မှ တိထျန်းအချို့သည် ရှောင်ဟုန်ကို မမြင်သဖြင့် ရှောင်ဟုန် သေသွားပြီးလောဟု တွေးမိကာ မျက်နှာများ မည်းမှောင်သွားကြသည်။ အဝေးမှနေ၍ ရှောင်ရှန်း၏ အသံ ထွက်ပေါ်လာ၏။

“မင်းတို့က ဘာတွေ စောင့်နေကြတာလဲ။ ဒီဟွင့်သွမ့်သားရဲကို သတ်ဖို့ မြန်မြန် လာကူညီကြလေ။ စီရင်စုနယ်အရှင်က ငါ့ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှာ”

“အို့...အို့...”

ရှောင်ဟုန်က အသက်ရှင်နေသေးကြောင်း ကြားလိုက်ရသောအခါ အားလုံး စိတ်သက်သာရာရသွားကြ၏။ ကျန်းရီသည် ဧရာမ အနက်ရောင်လေဆင်နှာမောင်းကြီးကို ကြည့်၍ အော်ပြောလိုက်သည်။

“အဲ့နားကို ကပ်ကြ။ ကျွန်တော့်ရဲ့ ဆုတ်လမ်းကို ကာကွယ်ထားဖို့လည်း မမေ့ပါနဲ့”

“ကောင်းပါပြီ”

တိထျန်းနှစ်ယောက်သည် ကျန်းရီကို ခေါ်၍ အလင်းတန်းများအလား ဧရာမလေဆင်နှာမောင်းကြီးထံသို့ ပျံသန်းသွားကြ၏။ ကျန်းရီက တံဆိပ်စာလုံးများကို အဖြောင့်အတိုင်း စီစေလိုက်သည်။ ထိုအခါ ၎င်းစာလုံးများက ထက်ရှသော ရွှေဓားတစ်ချောင်းကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် ကျန်းရီသည် တံဆိပ်စာလုံးများကို အနက်ရောင်လေဆင်နှာ‌မောင်းထံ ပစ်လွှတ်လိုက်လေသည်။

“ဟုတ်ပြီ”

တံဆိပ်စာလုံးများက လေဆင်နှာမောင်းကြီးကို ထိမှန်သွားသောအခါ မိုရှန်းရှင်းတို့၏ မျက်လုံးများ အရောင်လက်လာကြသည်။ အနက်ရောင်လေဆင်နှာမောင်းကြီးကို ဖြစ်စေနေသော မြူခိုးနက်အများစုက လျင်မြန်စွာ လွင့်ပြယ်သွားကြပြီး အေးစက်စက်အလင်း တောက်ပနေသည့် အနက်ရောင်အကြေးခွံများကို မြင်လိုက်ရသည်။

ရွှစ်...ရွှစ်...

ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကြီးသည် အန္တရာယ်ကို ခံစားလိုက်ရ၍ အနက်ရောင်အရှိန်အဝါတန်း အချို့ကို ပစ်လွှတ်လိုက်၏။ ၎င်းတို့အားလုံးက ကျန်းရီကို ချိန်ရွယ်ထားခြင်းပင်။ မိုရှန်းရှင်းသည် အလင်းတန်းတစ်တန်းအလား ပျံသန်းသွားပြီး သူ၏ခန္ဓာကိုယ်ကိုသုံး၍ တိုက်ခိုက်မှုအချို့ကို ကာပေးလိုက်၏။ ထို့နောက် သူ အော်လိုက်သည်။

“တိုက်ကြ...”

မိုရှန်းရှင်းနှင့် ဘွဲ့ထူးရတိထျန်း အနည်းငယ်က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပြီး ကျန်းရီအနောက်ရှိ တိထျန်းများကလည်း ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကို ထုတ်လွှတ်ကာ ဟွင့်သွမ့်သားရဲကို ကျန်းရီထံမှ အာရုံလွှဲလိုက်ကြသည်။ ကျန်းရီက သူ၏တံဆိပ်စာလုံးများကို ဆက်ထိန်းချုပ်နေ၏။ ၎င်းစာလုံးများ အနက်ရောင်လေဆင်နှာမောင်းကြီးကို ဝင်တိုးလိုက်တိုင်း ဟွင့်သွမ့်သားရဲပတ်ပတ်လည်ရှိ တမလွန်ဘုံအရှိန်အဝါက သန့်စင်ခံလိုက်ရပေသည်။

တဖြည်းဖြည်းဖြင့် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ၏ ပတ်ပတ်လည်မှ အနက်ရောင်အရှိန်အဝါက ပါးလျလာပြီး မိုရှန်းရှင်းတို့၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာကြသည်။ တမလွန်ဘုံအရှိန်အဝါက သူတို့၏ တိုက်ခိုက်မှုများကို ကာမထားတော့လျှင် ထိုဟွင့်သွမ့်သားရဲက မည်မျှစွမ်းအားကြီးပါစေ အချိန်တစ်ခုအတွင်း အသတ်ခံလိုက်ရမည်သာ။

နောက်ဆုံးတွင် ကျန်းရီသည်လည်း ထိုဟွင့်သွမ့်သားရဲ၏ ပုံစံအစစ်အမှန်ကို မြင်လိုက်ရ၏။ ၎င်းက ပေတစ်သောင်းရှည်သော အနက်ရောင်စပါးအုံးကြီးပင်။ ၎င်း၏ခေါင်းက ပြားပြီး ၎င်း၏မျက်လုံးများကို ချွန်ထွက်နေသည်။ ၎င်း၏ခန္ဓာကိုယ်ကိုမူ အနက်ရောင်အကြေးခွံများက ဖုံးလွှမ်းထားသည်။ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ၏ ခံနိုင်ရည်က မည်မျှကောင်းကြောင်း ကျန်းရီ မြင်လိုက်ရပေပြီ။ ဘွဲ့ထူးရတိထျန်းအချို့က အကြာကြီး တိုက်ခိုက်နေသည်ပင် ၎င်း၏ အကြေးခွံအချို့ကိုသာ ဖျက်ဆီးနိုင်သေးသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်မှနေ၍ သွေးနက်များ အဆက်မပြတ် ထွက်နေရာ အချိန်တစ်ခုအတွင်း ၎င်း အသတ်ခံရတော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။

“ကျန်းရီ... ဆက်တိုက်”

မိုရှန်းရှင်း၏မျက်နှာက ဝေဝါးနေဆဲပင်။ သို့သော် သူ၏မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။ သက်တမ်း နှစ်ဆယ်သန်းရှိသည့် ဟွင့်သွမ့်သားရဲ၏ ဟွင့်သွမ့်အမြုတေက အလွန်အဖိုးတန်မည်ဖြစ်သည်။ အားလုံး ခွဲဝေယူရမည်ဆိုလျှင်ပင် လူတိုင်း စို့စို့ပို့ပို့ ရနိုင်လောက်ပေသည်။

အရေးအကြီးဆုံးမှာ သက်တမ်း နှစ်ဆယ်သန်းရှိသည့် ဟွင့်သွမ့်သားရဲကို သတ်နိုင်လျှင် တိုင်းတာ၍မရနိုင်သော ဂုဏ်ကို ရမည်ဖြစ်ခြင်းပင်။

“ဟုတ်ကဲ့”

ကျန်းရီသည် စွမ်းအားကြီး သိုင်းသမားတစ်စု၏ ဝန်းရံမှုကို ခံထားရသဖြင့် သူတို့ထံမှ ထွက်နေသော ကြောက်မက်ဖွယ် ကောင်းကင်စွမ်းအားအရှိန်အဝါများကို ခံစားနေရသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူ အသက်ရှူရန်ပင် ခက်ခဲနေသည်။ သို့သော် သူ၏သွေးများက ဆူပွက်နေပေသည်။ ကမ္ဘာဦးခေတ်မှ မဟာအရှင်သားရဲတစ်ကောင်ကို တိုက်ခိုက်နေသော ထိုစွမ်းအားကြီး သိုင်းသမားတစ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရခြင်းမှာ အလွန်စိတ်တက်ကြွဖွယ်ကောင်းပေသည်။

“ဝူ...ဝူ...”

ဧရာမစပါးအုံးကြီးက ကျန်းရီကိုသာ ဆက်တိုက်ခိုက်လိုနေ၏။ သို့သော် မိုရှန်းရှင်းနှင့် တိထျန်းအုပ်စုက ၎င်းကို အဆက်မပြတ် တိုက်ခိုက်နေကြရာ ၎င်း အနောက်သို့ ရွေ့ရွေ့သွားလေသည်။ ထို့ကြောင့် ၎င်း ဒေါသထွက်လာပြီး ပါးစပ်ကြီးဟကာ လျှာထုတ်လိုက်၏။ ၎င်း၏မျက်လုံးများကလည်း နီရဲလာ၏။ ထို့နောက် ၎င်း လေပေါ်သို့ ခုန်တက်လိုက်သည်။ ၎င်းသည် လေထဲတွင် တွန့်လှုပ်၍ ကျယ်လောင်စွာ အော်လိုက်၏။ ထိုအော်သံ ထွက်ပေါ်လာသောအခါ မိုရှန်းရှင်းအပါအဝင် အားလုံး၏ မျက်လုံးများ ဝေဝါးသွား၏။ ကျန်းရီသည်ပင် ထိုအော်သံကို တောင့်မခံနိုင်လိုက်ပေ။

မြွေကြီး၏ နီရဲနေသော မျက်လုံးများက ကျန်းရီကို စိုက်ကြည့်နေ၏။ ထို့နောက် ၎င်း၏ ဦးခေါင်းက တောက်ပလာပြီး တဖြည်းဖြည်း ကြီးလာသည်။ နောက်ဆုံးတွင် ဦးခေါင်းသည် ဗျက် ပေတစ်ထောင်ရှိလာ၏။ ထို့နောက် ၎င်းက ကျန်းရီနှင့် သူ့ပတ်ပတ်လည်ရှိ တိထျန်းများထံ ပျံဝင်သွားလိုက်သည်။ ၎င်းက သူတို့ကို ဝါးမျိုပစ်တော့မည့်ပုံပင်။

***

All Chapters