များစွာ မျက်နှာသာပေးခြင်း
Vol. 103 Ch. 1437
ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများက အလွန်ဉာဏ်ကောင်း၏။ သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲဆိုလျှင် မည်မျှဉာဏ်ကောင်းမည်နည်း။ ၎င်းသည် ၎င်း၏ စွမ်းအားအကြီးဆုံး ဆန်းကြယ်စွမ်းရည်ကို အသုံးပြု၍ မိုရှန်းရှင်းတို့ကို အသိလွတ်သွားအောင် လုပ်ကာ ကျန်းရီကို ချက်ချင်း တိုက်ခိုက်လိုက်သည်။ ကျန်းရီကိုသာ သတ်နိုင်မည်ဆိုလျှင် ပတ်ဝန်းကျင်မှ တမလွန်ဘုံအရှိန်အဝါများကို ဆက်စုပ်ယူ၍ ယခု နှင်းနက်တောင်တန်းဒေသထဲတွင် ရှိနေသော လူအများစုကို သတ်ပစ်နိုင်မည်ဖြစ်ကြောင်းကို ၎င်း သိပေသည်။
“မိစ္ဆာကောင်... မင်းရဲ့ ရန်သူက ငါပဲ”
မိုရှန်းရှင်းက ပထမဆုံး ပြန်အသိကပ်လာ၏။ ဟွင့်သွမ့်သားရဲက ကျန်းရီတို့အား ဝါးမျိုးပစ်တော့မည်ကို တွေ့လိုက်သောအခါ သူ တုန်လှုပ်သွားသည်။ တိထျန်းများက သေမည်၊ မသေမည်ကို သူမသိသော်လည်း ကျန်းရီသာ ထိုဟွင့်သွမ့်သားရဲ၏ ဝါးမျိုမှုကို ခံလိုက်ရလျှင် သေချာပေါက် သေပေလိမ့်မည်။
ထို့ကြောင့် မိုရှန်းရှင်းသည် ဒေါသတကြီး ဟစ်အော်၍ သူ့ကိုယ်သူ ဓားတစ်လက်အဖြစ် ပြောင်းလဲကာ ဟွင့်သွမ့်သားရဲ၏ အပျော့ပိုင်းကို တိုက်ရိုက်ချိန်ရွယ်လိုက်၏။ ထိုဟွင့်သွမ့်သားရဲ၏ ဟွင့်သွမ့်အမြုတေကလည်း ထိုအပျော့ပိုင်းတွင် ရှိပေသည်။ ဟွင့်သွမ့်သားရဲက ကျန်းရီတို့ကို တိုက်ခိုက်ရန်သာ အာရုံစိုက်နေသဖြင့် မိုရှန်းရှင်အတွက် ၎င်းကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးတစ်ခု ရလိုက်လေသည်။
သို့သော် အပြောလွယ်သော်လည်း အလုပ်ခက်ပေသည်။
၎င်းဟွင့်သွမ့်သားရဲသည် ဤတိုက်ပွဲကို အတော်ကြာအောင် တိုက်ခဲ့ပြီးပြီဖြစ်၍ ကျန်းရီ မသေလျှင် ယနေ့၌ ၎င်း သေချာပေါက် သေရမည်ဖြစ်ကြောင်းကို သိသည်။ ထို့ကြောင့် ၎င်းသည် မိုရှန်းရှင်းကို လုံးဝအရေးမစိုက်ဘဲ ကျန်းရီတို့ထံသာ ဆက်ပျံဝင်သွားလေသည်။ ၎င်း၏ ပါးစပ်မှ အနက်ရောင်အရှိန်အဝါများက ကျန်းရီတို့ကို လွှမ်းခြုံပြီးနေပေပြီ။ ၎င်း၏ ချွန်မြသော အဆွယ်များကလည်း အေးစက်စက်အလင်း တောက်ပနေသည်။ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်သာ ရှိမထားလျှင် ထိုတိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလောက်ပေသည်။
“ဟွန်း...”
ထိုအခိုက်တွင် အာကာပြင်ထဲရှိ လေနှင့် တိမ်များ စတင်ရွေ့လျာလာပြီး လေထဲ၌ မျက်လုံးတစ်စုံ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုမျက်လုံးများက ကြယ်တာရာနှစ်စင်းအလား တောက်ပစွာ လင်းလက်နေပြီး အမှောင်ထုကို အဝေးသို့ ဖယ်ရှားနေသည်။ မျက်လုံးများ ထွက်ပေါ်လာသောအခါ အားလုံး အသိပြန်ကပ်လာကြသည်။ မိုရှန်းရှင်းလည်း လေထဲတွင် ရပ်တန့်လိုက်ပြီး ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
“အရှင်...”
တိရှအရှင် ရောက်လာပေပြီ။ သူ၏ နတ်ဘုရားဝိညာဉ် တစ်ပိုင်းတစ်စသာ ရောက်လာချင်းဖြစ်သော်လည်း ယင်းမှာ လုံလောက်သည်ထက်ပင် ပိုသေးသည်ဟု မိုရှန်းရှင်း ခံစားရသည်။ တိရှဘုံတွင် တိရှအရှင်မှာ စွမ်းအားအကြီးဆုံး လူများထဲမှ တစ်ယောက်ဖြစ်ပြီး အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်လည်း ဖြစ်ပေသည်။
ဝှစ်...
မျှော်လင့်ထားသကဲ့သို့ပင် မျက်လုံးနှစ်လုံးအတွင်းမှနေ၍ အဖြူရောင်အလင်းတန်း နှစ်တန်း ပျံထွက်လာသည်။ အဖြူရောင်အလင်းတန်းများသည် စက္ကန့်ပိုင်းအတွင်းမှာပင် ဟွင့်သွမ့်သားရဲ၏ ဦးခေါင်းကို ထိမှန်သွား၏။ ထို့နောက် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ကာ ဟွင့်သွမ့်သားရဲ၏ ပြားကပ်သော ဧရာမဦးခေါင်းကြီးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး သွေးနက်များနှင့် အသားစများက ကျန်းရီတို့အပေါ် လွင့်စင်ကျသွားလေသည်။ အဖြူရောင်အလင်းတန်းများနှင့်အတူ မယုံနိုင်လောက်အောင် အားကောင်းသော အရှိန်အဝါတစ်ခုလည်း ပါလာ၍ မိုရှန်းရှင်းမှလွဲက ကျန်လူအားလုံး မြေပြင်ပေါ်သို့ ဖိနှိပ်ခံလိုက်ရ၏။ တစ်ယောက်မှ မလှုပ်နိုင်တော့ပေ။
‘ဒါက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းအားလား။ မဟုတ်ဘူး... နေဦး.. ဒါက သူ့နတ်ဘုရားဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်’
ယခုတွင် ကျန်းရီ၏ တစ်ကိုယ်လုံးကို သွေးနက်များနှင့် အသားစများက ဖုံးလွှမ်းထားသည်။ သို့သော် သူသည် ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး မျက်လုံးတစ်စုံနှင့် ခေါင်းပြတ်သွားသော ဟွင့်သွမ့်သားရဲကြီးကို မှင်တက်စွာ ကြည့်နေလေသည်။ ဘွဲ့ထူးရတိထျန်းများမှာ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ဖြစ်လာရန် တစ်ဆင့်သာ လိုတော့သည်ဖြစ်သော်လည်း ထိုအဆင့်နှစ်ဆင့်၏ စွမ်းအားကွာခြားမှုက အလွန်ကြီးမားပေသည်။
ရွှစ်...ရွှစ်...
ဟွင့်သွမ့်သားရဲ၏ ဦးခေါင်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်သော်လည်း ၎င်း၏တစ်ကိုယ်လုံးမှနေ၍ အနက်ရောင်အရှိန်အဝါများ ထုတ်လွှတ်နေပေသေးသည်။ ထို့နောက် ခန္ဓာကိုယ်မှနေ၍ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်လာပြီး နှင်းနက်ပင်လယ်ဆီသို့ ဦးတည်ပျံသန်းသွား၏။ မိုရှန်းရှင်းက ခပ်လှောင်လှောင်ပြုံး၍ ပြောလိုက်သည်။
“ဒီမှာ အရှင်ရှိနေတာကို အဲ့အကြွင်းအကျန်ဝိညာဉ်က တမလွန်ဘုံကို ထွက်ပြေးချင်နေသေးတယ်ပေါ့လေ။ စိတ်ကူးယဉ်နေတာပဲ”
ရွှီး...
ကောင်းကင်ထဲရှိ လေများ၊ တိမ်များက ထပ်မံ ရွေ့လျားသွားပြီး မျက်လုံးတစ်စုံက ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အောက်ဘက်သို့ ကျဆင်းလာ၏။ ထို့ကြောင့် အားလုံးသည် ၎င်း၏ လှုပ်ရှားမှုကိုပင် မမြင်နိုင်ကြပေ။
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ကီလိုမီတာငါးသန်း အဝန်းအဝိုင်းအတွင်း တုန်ခါသွားသည်။ အဝေးရှိ ကောင်းကင်ကုလားအုပ်တောင်၏ တောင်ထွတ်တစ်ခုလည်း ပြိုကျသွားပြီး နေရာအနှံ့သို့ ဖုန်မှုန့်များ လွင့်ပျံထွက်သွားသည်။ ကျန်းရီနှင့် အခြားသူများသည်လည်း မြေပြင်ပေါ်တွင် ပြားပြားဝပ်ကာ တုန်ယင်နေကြ၏။ သူတို့၏ နားများက အူထွက်နေပြီး သူတို့၏ စိတ်ဝိညာဉ်များက တုန်ခါနေကြသည်။ သူတို့အားလုံး စတင်မူးဝေလာကြပြီး အသိမကပ်နိုင်ကြတော့ပေ။
ထို့နောက် ပတ်ဝန်းကျင်မှ အနက်ရောင်အရှိန်အဝါက တဖြည်းဖြည်း စတင်လွင့်ပြယ်လာ၏။ တိရှအရှင်၏ ထိုတိုက်ခိုက်မှု ပြီးသွားသောအခါ မိုရှန်းရှင်း၊ ဘွဲ့ထူးရစစ်နတ်ဘုရားအချို့နှင့် ဘွဲ့ထူးရတိထျန်းအချို့တို့ ပတ်ဝန်းကျင်ရှိ ကျန်နေသေးသော ဟွင့်သွမ့်သားရဲများကို ရှင်းပစ်နေသည့် အသံများမှလွဲ၍ အခြားမည်သည့်အသံမှ မရှိတော့ချေ။ ကျန်းရီ ခေါင်းခါလိုက်ပြီး လှည့်ပတ်ကြည့်လိုက်၏။ သူ မှင်တက်သွားရသည်။
အဝေးတွင် ဧရာမချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက အောက်ခြေမဲ့ချောက်နက်တစ်ခုကဲ့သို့ပင်။ ထိုအခိုက်တွင် ကျန်းရီ ရုတ်တရက် တွေးမိသွား၏။ မီးချောက်နက်မှာလည်း အကြွင်းမဲ့ စွမ်းအားကြီးသော သိုင်းသမားတစ်ယောက်၏ လက်ဝါးချက်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းလော။
“တိရှအရှင်က ပြိုင်ဘက်ကင်းပါပဲ။ အားလုံး တိရှအရှင်ကို ဦးညွှတ်ကြ”
တိထျန်းများသည် အသိပြန်ကပ်လာကြပြီး လေးစားသောလေသံဖြင့် အော်ဟစ်ချီးကျူးလိုက်ကြ၏။ ကျန်းရီသည်လည်း လူသားမျိုးနွယ်၏ ထိပ်သီး သိုင်းသမားများကို လေးစားပေသည်။ သူတို့ကြောင့်သာ လူသားမျိုးနွယ်က ဆက်လက်ရပ်တည်နေနိုင်သည် မဟုတ်ပါလား။ မဟုတ်လျှင် တမလွန်ဘုံက သောင်းချီသော ဘုံများကို ကျွန်ပြုထားပြီးလောက်ပေပြီ။
တိရှအရှင်က မည်သို့မှ ပြန်မတုံ့ပြန်ပေ။ သူက သူ၏နတ်ဘုရားဝိညာဉ်ကို ပြန်ခေါ်လိုက်ပြီ ဖြစ်ရမည်။ သူ၏မျက်လုံးထဲတွင် ဤကဲ့သို့သော အသေးအဖွဲကိစ္စလေးကို အာရုံစိုက်စရာမလိုဟု မြင်ပုံပင်။ သို့သော် ဤနေရာရှိ လူများအတွက်မူ တိရှအရှင်က ပို၍ဆန်းကြယ်၊ ပို၍မြင့်မြတ်သွားပေသည်။
“သတ်ကြ...”
တိရှအရှင်က တမလွန်ဘုံမိစ္ဆာအစီအရင်ကို ဖျက်ဆီးပေးလိုက်ပြီး ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို သတ်ပေးခဲ့သော်လည်း ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဟွင့်သွမ့်သားရဲများ ရှိနေပေသေးသည်။ သို့သော် ၎င်းတို့က အားလုံးအတွက် အန္တရာယ်သိပ်မရှိတော့ပေ။ ဤတစ်ခေါက်တွင် သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ စွမ်းအားကြီး သိုင်းသမားအားလုံးနီးပါး ရောက်လာခဲ့သည် မဟုတ်ပါလား။
ရွှီး...ရွှီး...
လေဟာနယ်နတ်ဘုရားအသုံးအဆောင်များ တစ်ခုပြီးတစ်ခု လင်းလက်လာပြီး သိုင်းသမားများ ပြန်ထွက်လာကြသည်။ ထို့နောက် သူတို့သည် ဟွင့်သွမ့်သားရဲများကို အမဲလိုက်ကြလေတော့သည်။ ဤနေရာရှိ ဟွင့်သွမ့်သားရဲအများစုက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံထားရပြီးဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က လူသားများ၏ ရန်သူများဖြစ်နေပေပြီ။ ထို့ကြောင့်လည်း သူတို့သည် ၎င်းတို့ကို ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ဝှစ်...
မိုရှန်းရှင်းက ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြီး ပျံသန်းလာ၏။ သူသည် ရှောင်လန်နှင့် အခြားသူများကို ပြန်ထုတ်ပေးပြီးနောက် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ၏ အလောင်းကို ညွှန်ပြကာ ပြောလိုက်၏။
“ကျန်းရီ... အဲ့ဟွင့်သွမ့်သားရဲက မင်းအပိုင်ပဲ။ အဲ့ဒါကို မင်း တိုက်ပွဲအမှတ်တွေအများကြီးနဲ့ လဲနိုင်တယ်”
“ဒါက...”
ကျန်းရီ အံ့ဩသွားပြီး ခေါင်းခါ၍ ပြန်ပြောလိုက်၏။
“အရှင်... ကျွန်တော်က အဲ့ဒါကို ဘယ်လိုလုပ် လက်ခံရဲမှာလဲ။ အဲ့သားရဲကို သတ်ခဲ့တဲ့သူက တိရှအရှင်ပါ။ ပြီးတော့ အားလုံးလည်း ကိုယ့်အပိုင်းကိုယ် လုပ်ဆောင်ခဲ့တာပါပဲ...”
“ဟင်းဟင်း...”
မိုရှန်းရှင်းက ကျန်းရီကို မျက်နှာသာပေးလိုနေကြောင်း ထင်ရှား၏။ သူ ချိုးရီတို့ကို ကြည့်ကာ ပြောလိုက်သည်။
“တိရှအရှင်က အဲ့အလောင်းကို လိုချင်မှာ မဟုတ်ပါဘူး။ ပြီးတော့ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီလောက်အကြာကြီး တောင့်ခံထားနိုင်ခဲ့မှာ မဟုတ်ဘူး။ မင်းက အဲ့အလောင်းကို မလိုချင်ရင် ဘယ်သူက ယူနိုင်ဦးမှာလဲ”
“ဟုတ်တယ်...”
ချိုးရီ၊ ရှောင်ရှန်းနှင့် အခြားသူများအားလုံးကလည်း ခေါင်းညိတ်လိုက်ကြ၏။ ထိုဟွင့်သွမ့်သားရဲ၏ အလောင်းက အလွန်အဖိုးတန်သည်။ ထို့ပြင် အများဆုံး တိုက်ခိုက်ခဲ့သူမှာ မိုရှန်းရှင်းဖြစ်သည်။ သူကပင် ဝေစုမလိုချင်လျှင် မည်သူက လိုချင်ဝံ့ပါဦးမည်နည်း။
ဤတစ်ခေါက်တာဝန်က ကျန်းရီနှင့် မိတ်ဆွေဖွဲ့နိုင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့သည်။ တိရှအရှင်က ကျန်းရီအား ကိုယ်တိုင်ကူညီခဲ့သည်ကို သူတို့ မြင်ခဲ့ပြီးပေပြီ။ တိရှအရှင်သည် ကျန်းရီ သေတော့မည့် အခိုက်တွင်လည်း ကိုယ်တိုင်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် တိရှအရှင်၏ သဘောထားကို အားလုံး ကောင်းစွာ နားလည်ကြပေသည်။
“အဲ့ဒါဆိုလည်း ကောင်းပါပြီ”
ကျန်းရီ ဆက်၍ငြင်းနေလျှင် မျက်နှာပျက်စရာများ ဖြစ်ပေတော့မည်။ ကျန်းရီသည် ထိုဧရာမသားရဲကြီး၏ အလောင်းကို သူ၏သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။ ကျယ်ဝန်းသော သိုလှောင်လက်စွပ်သည် ထိုအလောင်းတစ်လောင်းနှင့်ပင် ပြည့်လုနီးပါး ဖြစ်သွားပေသည်။ ထိုမှ မိုရှန်းရှင်းက ခေါင်းဆတ်ကာ ပြောလိုက်သည်။
“ကျန်းရီ... ငါတို့ အရင်ပြန်ကြမလား။ ဒီနေရာမှာ တပ်သားတွေ အများကြီး ရှိနေတာပဲဆိုတော့ တမလွန်ဘုံရဲ့ ဒီလျှို့ဝှက်စခန်းက အနှေးနဲ့အမြန်ဆိုသလို လုံးဝရှင်းပစ်ခံရမှာပါ”
မိုရှန်းရှင်းသည် မိုမျိုးနွယ်က သူ့အား ကျန်းရီကို ကာကွယ်ပေးရန် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်းကို သိသိသာသာ မပြောပေ။ ကျန်းရီကလည်း ထိုအကြောင်းကို မမေးပေ။ သို့သော် သူတို့နှစ်ယောက်စလုံး ထိုအကြောင်းကို သိကြပေသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်၍ ပြောလိုက်၏။
“အရှင်မို... ကျွန်တော်တို့ နတ်ဘုရားလှေထဲဝင်ပြီး စောင့်နေကြမလား။ ရှင်းလင်းရေးလုပ်ငန်းက မြန်ဆန်နေတာပဲဆိုတော့ အားလုံးပြီးသွားတဲ့အထိ စောင့်ပြီးမှ ပြန်သွားတာ ကောင်းမယ်ထင်တယ်”
“အဲ့ဒါ အမှန်ပဲ”
မိုရှန်းရှင်းက နတ်ဘုရားလှေတစ်စင်း ထုတ်လိုက်ပြီး ကျန်းရီကို အထဲသို့ ခေါ်လိုက်၏။ ရှောင်လန်သည် နောက်မှ လိုက်သွားလိုက်သည်။ သို့သော် အခြားသူများက ဝင်ခွင့်မရှိပေ။ ရှောင်ရှန်းသည်လည်း နတ်ဘုရားလှေတစ်စင်းထုတ်၍ ရှောင်ဟုန်ကို အပြင်သို့ ပြန်ထုတ်လိုက်၏။ ရှောင်ဟုန်က ဒဏ်ရာအပြင်းအထန်ရထားကာ သတိမေ့နေသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း အတည်ပြုပြီးသောအခါမှ ရှောင်ရှန်း အသက်ကောင်းကောင်း ရှူနိုင်တော့သည်။
ရွှီး...
နတ်ဘုရားလှေထဲတွင် မိုရှန်းရှင်းက အဆိပ်ဝိညာဉ်ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်အပြင်သို့ ထုတ်လိုက်၏။ အဆိပ်ဝိညာဉ်က သတိမေ့နေဆဲဖြစ်ပင်။ မိုရှန်းရှင်း၏လက်က အဖြူရောင်အလင်း လင်းလက်လာပြီး အဆိပ်ဝိညာဉ်၏ ဦးခေါင်းကို ထိလိုက်သည်။ ထိုမှ အဆိပ်ဝိညာဉ် သတိလည်လာပြီး သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ကျန်းရီကို မြင်သောအခါ အဆိပ်ဝိညာဉ် အံ့အားသင့်သွား၏။
“အာ.. အရှင်ငယ်လား။ အရှင်ငယ်က ဘာလို့ လာခဲ့ရတာလဲ”
“ဟင်းဟင်း...”
ကျန်းရီက ပြန်ပြောရန် ဟန်ပြင်နေစဉ်မှာပင် မိုရှန်းရှင်းက အေးစက်စက်ရယ်၍ ပြောလိုက်၏။
“အဆိပ်ဝိညာဉ်... ကျန်းရီက မင်းကို အများကြီး မျက်နှာသာပေးခဲ့တာပဲ။ သူက သိမ်းငှက်ပြာစီရင်စုနယ်ထဲက စွမ်းအားကြီး သိုင်းသမား အကုန်လုံးနီးပါးကို စုစည်းပြီး မင်းကို လာကယ်တာ။ ဒီတစ်ခေါက် ငါတို့အကုန်လုံး သေကြတော့မလို့”
“အာ...”
အဆိပ်ဝိညာဉ် မှင်တက်သွား၏။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ထုတ်၍ အာရုံခံလိုက်ရာ အပြင်ဘက်တွင် အမှန်ပင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေကြောင်း သိလိုက်ရသည်။ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် ကိစ္စများကိုတော့ သူ နားမလည်နိုင်သေးပေ။ သို့သော် ကျန်းရီက ထိုလူများကို ခေါ်၍ သူ့ကိုကယ်တင်ရန် ရောက်လာခဲ့ခြင်းလော။
“ကဲပါ.. အဆိပ်ဝိညာဉ် မေးခွန်းတွေအများကြီး မေးမနေနဲ့တော့။ အရင်ဆုံး အချိန်ယူပြီး ဒဏ်ရာတွေပျောက်အောင် လုပ်ပါ။ ကျွန်တော်တို့ နတ်သိမ်းငှက်မြို့ကို ပြန်ရောက်မှ စကားထပ်ပြောနိုင်ပါတယ်”
ကျန်းရီ အဆိပ်ဝိညာဉ်ထံ လျှောက်သွားလိုက်၏။ ထို့နောက် သူ တစ်စုံတစ်ခုကို တွေးမိ၍ ပြောလိုက်သည်။
“ဟုတ်သား... တိရှအရှင်က ခင်ဗျားရဲ့ ပြစ်မှုတွေ အကုန်လုံးကို ဖျက်ပေးလိုက်ပြီ။ ချင်မျိုးနွယ်က ခင်ဗျားကို ပြဿနာထပ်ရှာတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားလည်း သူတို့ကို ပြဿနာထပ်ရှာလို့ မရဘူး။ အခုကစပြီး အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ ရန်လိုမှုတွေ ထပ်ရှိလို့ မရတော့ဘူး”
“တိရှအရှင်လား”
အဆိပ်ဝိညာဉ် ထပ်မံ တုန်လှုပ်သွား၏။ သူ သတိမေ့နေခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း။ ထိုအတောအတွင်း ကျန်းရီ ဘာဖြစ်ခဲ့သနည်း။ ကျန်းရီက သိမ်းငှက်ပြာစီရင်စုနယ်၏ စွမ်းအားကြီး သိုင်းသမားများကို ခေါ်လာနိုင်သည့်အပြင် တိရှအရှင်နှင့်ပါ ပတ်သတ်မှုတစ်ခု တည်ဆောက်နိုင်ခဲ့သည်လော။
***