← Chapters

အကျိုးအမြတ်များစွာ ရလိမ့်မည်

Vol. 103 Ch. 1438

အကျိုးအမြတ်များစွာ ရလိမ့်မည်

Vol. 103 Ch. 1438

ရှင်းလင်းရေးလုပ်ငန်းက အမှန်ပင် အလွန်ချောမွေ့ခဲ့၏။ အနိမ့်ဘုံအချိန် တစ်ရက်မပြည့်ခင်မှာပင် ဟွင့်သွမ့်သားရဲအားလုံးနီးပါးကို သတ်ပစ်နိုင်ခဲ့သည်။ သားရဲအနည်းငယ်သာ နှင်းနက်ပင်လယ်ထဲသို့ ပြန်ပြေးသွားနိုင်ခဲ့သည်။

နှင်းနက်ပင်လယ်က အလွန်ကျယ်ပြောပြီး ပင်လယ်အောက်ထဲတွင် အားကောင်းသော ရေစီးကြောင်းများရှိသည်။ ထို့ပြင် ပင်လယ်ထဲမှ အပူချိန်ကလည်း အလွန်နိမ့်၏။ ကမ်းနှင့် ဝေးလေလေ အပူချိန်က ပိုနိမ့်လာလေလေပင်။ ယင်းက သိုင်းသမားများ၏ အမြန်နှုန်းကို များစွာလျော့ကျစေသဖြင့် ဟွင့်သွမ့်သားရဲများကို လိုက်သတ်ရန် ပိုခက်ခဲစေပေသည်။

ရှောင်ရှန်း၊ ချိုးရီနှင့် အခြားသူများသည် သူတို့၏ အင်အားစုများကို ပြန်ဆုတ်၍ ကျန်နေသေးသော ဟွင့်သွမ့်သားရဲများကို တာဝန်များ ထုတ်ပြန်၍သာ သတ်ခိုင်းရန် ဆုံးဖြတ်လိုက်ကြ၏။ စံအိမ်သုံးခုမှ သိုင်းသမားများက ထိုဟွင့်သွမ့်သားရဲများကို ဖြည်းဖြည်းချင်း ရှင်းပစ်နိုင်ပေသည်။ သို့ဖြင့် စစ်တပ်သည် ဟွင့်သွမ့်သားရဲများ၏ အလောင်းများကို အထက်လူကြီးများသို့ ပေးရန် စတင် ဆုတောင်းလိုက်ကြသည်။ ဤတစ်ခေါက်တွင် တိထျန်းများအပါအဝင် လူအချို့ ကျဆုံးသွားခဲ့သော်လည်း ပြန်ရလိုက်သည့် အကျိုးအမြတ်နှင့် မျှသည်ဟု ဆိုရပေမည်။

နှင်းနက်တောင်တန်းဒေသတွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားနေခဲ့သော နတ်ဘုရားဓားပြအဖွဲ့သုံးဖွဲ့လည်း ရှင်းပစ်ခံရသည်။ နတ်ဘုရားဓားပြတိုင်း၏ သိုလှောင်လက်စွပ်များထဲတွင် ပစ္စည်းအချို့တော့ ရှိကြသည်သာ။ သိုလှောင်လက်စွပ်အားလုံးထဲရှိ ရတနာများနှင့် နတ်ဘုရားအမြစ်များ စုစုပေါင်း မည်မျှရှိမည်ကို တွေး၍ပင် မကြည့်နိုင်ပေ။ ထို့ပြင် ထိုနေရာတစ်ခွင်လုံး၌ ဟွင့်သွမ့်သားရဲအလောင်းများနှင့် ပြည့်နှက်နေသည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ အလောင်းများကလည်း အနည်းဆုံး တစ်ထောင်လောက်ရှိသည်။ ၎င်းတို့အားလုံးကို နတ်ဘုရားအမြစ်များ၊ တိုက်ပွဲအမှတ်များနှင့် လဲလှယ်နိုင်ပေသည်။

သို့သော် ဤတစ်ခေါက်တွင် မျိုးနွယ်ကြီးအားလုံးမှ မျိုးနွယ်ခေါင်းဆောင်များနှင့် မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲအရှင်များသည် ရသောပစ္စည်းအားလုံးကို ရှောင်ဟုန်နှင့် ကျန်းရီအား ပေးလိုက်ရန် အမိန့် ပေးထားသည်။ ဤတစ်ကြိမ် သူတို့ တိုက်ခိုက်ရန် ထွက်လာခဲ့ခြင်းမှာ ကျန်းရီကို မျက်နှာလုပ်ရန်သာ ဖြစ်၏။ သို့ဖြစ်၍ တိုက်ပွဲမှရသော ပစ္စည်းအားလုံးကိုလည်း ကျန်းရီကိုသာ ခွဲဝေပေးခိုင်းရပေမည်။

ဝှစ်...

တိုက်ပွဲပြင်ကို ရှင်းလင်းပြီးနောက် ရှောင်ရှန်းနှင့် ချိုးရီတို့ ပျံသန်လားကာ နတ်ဘုရားလှေထဲ ဝင်လိုက်ကြသည်။ လှေထဲရောက်သောအခါ ချိုးရီက တင်ပြ၏။

“လူထုရေးရာ မဟာဝန်မင်း... တိုက်ပွဲကျန် ပစ္စည်းအကုန်လုံးကို ယူပြီးပါပြီ။ ဝန်မင်း အဲ့ဒါတွေကို အခု လိုချင်ပါသလား ဒါမှမဟုတ် ဝန်မင်းရဲ့ မြို့ကို ပို့ပေးရမလား။ တိုက်ပွဲကျန် ပစ္စည်းအကုန်လုံးကို ဝန်မင်းကို ခွဲပေးခိုင်းဖို့ စီရင်စုနယ်အရှင်က ကျုပ်တို့ကို ညွှန်ကြားထားပါတယ်”

“ကျွန်တော်က ခွဲဝေပေးရမှာလား”

ကျန်းရီ နားမလည်ပေ။ သို့သော် မိုရှန်းရှင်းက ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် သူ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... သူတို့က မင်းကို မျက်နှာသာပေးပြီး တိုက်ပွဲကျန် ပစ္စည်းအကုန်လုံးကို မင်းကို ပေးချင်နေတာ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ လူတချို့ ကျဆုံးခဲ့တော့ မင်း အဲ့ပစ္စည်းတွေကို အကုန်လုံး မယူသင့်ဘူး။ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေအတွက် နည်းနည်းခွဲပေးသင့်တယ်”

“အို့...”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပေပြီ။ သူ ခပ်သွက်သွက် ပြောလိုက်သည်။

“ကျွန်တော် တစ်ခုမှ မလိုချင်ပါဘူး။ အားလုံးပဲ ခွဲဝေယူလိုက်ကြပါ။ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေကိုတော့ ဆယ်ဆပိုပြီး ပေးပေးပါ”

“ဒါက...”

ချိုးရီနှင့် ရှောင်ရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ ချီတုံချတုံဖြင့် လက်ဆုပ်ကာ ပြောလိုက်ကြသည်။

“လူထုရေးရာ မဟာဝန်မင်းက တကယ့်ကို သဘောထားကြီးပြီး ဖြောင့်မတ်တာပဲ။ ကျဆုံးသွားတဲ့သူတွေကိုယ်စား ကျုပ်တို့ ဝန်မင်းကို ကျေးဇူးတင်ပါတယ်”

ကျန်းရီ အတန်ငယ် ချွေးပြန်နေ၏။ သူ့အမြင်တွင် ထိုလူများက သူ့ကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူ့ကြောင့်သာ မဟုတ်ခဲ့လျှင် ဤနေရာရှိ လူအများစု သေသွားခဲ့မည် ဖြစ်သော်လည်း သူ အတန်ငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် မည်သည့် တိုက်ပွဲကျန်ပစ္စည်းကိုမှ မလိုချင်သည့်အပြင် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲအလောင်းကိုပင် အားလုံး ခွဲဝေယူရန် ပေးပစ်လိုနေသည်။

သို့သော် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို တိရှအရှင်က သတ်ခဲ့ခြင်းဖြစ်ပြီး မိုရှန်းရှင်းကိုယ်တိုင် သူ့အားပေးခဲ့ခြင်းဖြစ်ရာ ကျန်းရီသာ ၎င်းကို အခြားသူများအား ပေးလိုက်ပါက သင့်တော်မည် မဟုတ်ပေ။ သို့ဖြစ်၍ ကျန်းရီ ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်သည်။

“ကျန်းရီ... မင်း အပြစ်ရှိသလို ခံစားနေစရာ မလိုပါဘူး”

မိုရှန်းရှင်းသည် ကျန်းရီအပေါ် ပို၍အကောင်းမြင်လာပြီဖြစ်သည်။ သူ၏ ဝေဝါးနေသော မျက်နှာက ရုတ်တရက် ပို၍ ထင်ရှားလာ၏။ မကြာခင်မှာပင် အမြော်အမြင်ကြီးပုံပေါ်သော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်‌ယောက်၏ မျက်နှာ ထွက်ပေါ်လာသည်။ မိုရှန်းရှင်းက ခပ်ရေးရေးပြုံးကာ ပြောသည်။

“သိုင်းသမားအားလုံးက သေဖို့ ကံကြမ္မာပါလာတာပဲ။ တိုက်ပွဲတိုင်းက စမ်းသပ်ချက်ဖြစ်သလို အတွေ့အကြုံရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်တယ်။ ကိုယ့်ရဲ့ အင်အားနဲ့ ကံက မလုံလောက်ဘူးဆိုရင် ဒီတစ်ကြိမ် မသေရင်တောင် နောက်တစ်ကြိမ်မှာ သေမှာပဲ။ အလောင်းပုံကြားထဲက ရုန်းထွက်နိုင်မှ အထွတ်အထိပ်ကို ဦးတည်နိုင်လိမ့်မယ်”

ကျန်းရီသည် ထိုသဘောတရားကို နားလည်သော်လည်း အတန်ငယ် စိတ်မသက်မသာ ခံစားနေရဆဲပင်။ ထို့ကြောင့် အကယ်၍ တစ်နေ့နေ့တွင် သူ အင်အားကြီးလာပါက သေချာပေါက် သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ မျိုးနွယ်အားလုံးကို စောင့်ရှောက်ပေးမည်ဟု သူ့ရင်ထဲတွင် ဆုံးဖြတ်ထားလိုက်ပေသည်။

***

စစ်တပ်သည် စတင်၍ ပြန်လည်ဆုတ်ခွာပေပြီ။ ကျန်းရီက တိုက်ပွဲကျန်ပစ္စည်းများကို ငြင်းခဲ့သဖြင့် ရှောင်မျိုးနွယ်၊ ချိုးရီနှင့် သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ အခြားမျိုးနွယ်ကြီးများကလည်း ပစ္စည်းတစ်ခုမှ မယူခဲ့ပေ။ သူတို့တွင် ပစ္စည်းများ မရှားပါပေ။ မျိုးနွယ်ကြီးများက ပစ္စည်းတစ်ခုမှ မယူသောအခါ တိထျန်းများလည်း လက်ရှောင်လိုက်ကြသည်။

သို့ဖြင့် တိုက်ပွဲကျန်ပစ္စည်းများက အဆင့်ဆင့် လက်ဆင့်ကမ်းသွားရာ နတ်ဘုရားဘုရင်အားလုံး အကျိုးအမြတ်ကောင်းကောင်း ရလိုက်လေသည်။ ချိုးရီနှင့် ရှောင်ရှန်းတို့ကလည်း အားလုံးကို တိုက်ပွဲအမှတ်အချို့ ချီးမြှင့်ပေးသည်။ ဤရှင်းလင်းရေးတာဝန်က တမလွန်ဘုံနှင့် ယှဉ်ခဲ့ရခြင်း မဟုတ်ပါလား။ ထို့ကြောင့် သူတို့ တိုက်ပွဲအမှတ်များ ချီးမြှင့်ပေးခွင့် ရှိပေသည်။

ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သော နတ်ဘုရားဘုရင်များအားလုံး ဝမ်းမြောက်နေကြသည်။ သူတို့သည် အကျိုးအမြတ်များ ရခဲ့ရုံသာမက ကြီးကျယ်သော တိုက်ပွဲတစ်ပွဲကိုလည်း မြင်ခဲ့ရသည်။ အရေးအကြီးဆုံးမှာမူ သူတို့က တိရှအရှင်၏ အစွမ်းကို ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ခဲ့ရခြင်းပင်။ ထို့ကြောင့် အားလုံး စိတ်လှုပ်ရှားနေကြပြီး ကျန်းရီက နောက်ထပ်တိုက်ပွဲကြီးတစ်ပွဲအတွက် သူတို့ကို ထပ်မံ စုစည်းပါစေဟု မျှော်လင့်နေကြပေသည်။

ကျန်းရီသည် သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် ထပ်မံ ကျော်ကြားသွားပြန်သည်။ သို့သော် ဤတစ်ခေါက်က ယခင်အခေါက်များနှင့် ကွာခြား၏။ ယခင်အခေါက်များတွင် လူများစွာက ကျန်းရီကို အထင်သေးခဲ့ကြသည်။ ဤတစ်ကြိမ်တွင်မူ ကျန်းရီ၏ ဆန်းကြယ်စွမ်းရည်က အားလုံး၏အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်ရာ သူတို့သည် ယခုတွင် ကျန်းရီကို ရင်ထဲမှ အပြည့်အဝ လေးစားနေကြပေပြီ။

ကျန်းရီသည် သိမ်းငှက်ပြာတောင်တွင် ရက်အနည်းငယ် နေပြီးမှ အိမ်ပြန်လိုက်၏။ ရှောင်ဟုန်ကလည်း သတိပြန်လည်နေပြီဖြစ်ပြီး သိသိသာသာ သက်သာလာပေပြီ။ ကျန်းရီသည် စကားများစွာ မပြောသော်လည်း ဤတစ်ခေါက် ရှောင်ဟုန်၏ စွမ်းဆောင်ချက်များကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ထို့နောက် သူသည် ရှောင်လန်၊ အဆိပ်ဝိညာဉ်နှင့် မိုရှန်းရှင်းတို့ကို ခေါ်၍ နတ်သိမ်းငှက်မြို့သို့ ပြန်သွားလိုက်၏။ မိုရှန်းရှင်းက လူလုံးထွက်ပြခဲ့ပြီးဖြစ်ရာ အရိပ်ထဲတွင် ဆက်နေစရာ မလိုတော့ပေ။

နတ်သိမ်းငှက်မြို့သို့ ပြန်ရောက်သောအခါ ကျန်းရီသည် ရှောင်လန်အား နတ်သိမ်းငှက်မြို့ကို စီမံခိုင်းလိုက်ပြီး တပ်မှူးလျှိုအား မိစ္ဆာသတ်ဖြတ်စံအိမ်ကို စီမံခိုင်းလိုက်သည်။ ထို့နောက် ကျန်းရီသည် မိုရှန်းရှင်း နေထိုင်ရန်အတွက် နေရာကောင်းတစ်ခု ပေးကာ ထပ်မံ၍ အခန်းအောင်း ကျင့်ကြံလိုက်ပေသည်။

သခင်မလေးဟယ်က ရွှေရောင်မီးကျောက်များနှင့် အနက်ရောင်မိုးကျောက်များကို ပို့ထားပေးပြီးပေပြီ။ သို့သော် သားရဲလေးက ယခုအထိ နိုးမလာသေးပေ။ ကျန်းရီသည် သားရဲလေးကို မနှောင့်ယှက်တော့ဘဲ ကျင့်ကြံခြင်းအပေါ်သာ အာရုံစိုက်လိုက်သည်။ သူ စတင်ကျင့်ကြံရန် မစောင့်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော ကောင်းကင်ကုလားအုပ်တောင်တွင် သူ တစ်စုံတစ်ခုကို သိမြင်နားလည်ခဲ့၍ပင်။ သို့သော် လမ်းတစ်ဝက်တွင် သူ ရှောင်မျိုးနွယ်ဝင်များ၏ နှောင့်ယှက်မှုကို ခံခဲ့ရပေသည်။

ကျန်းရီသည် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ၏ တစ္ဆေအော်သံကဲ့သို့သော အော်သံများကို ကြားလိုက်သောအခါ ရုတ်တရက် နတ်ဘုရားအသံကောင်းကင်အတတ်ကို ပိုနက်ရှိုင်းစွာ သိမြင်သွားခဲ့သည်။

ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ ထုတ်လွှတ်လိုက်သော အသံက နတ်ဘုရားဘုရင်များကို မလှုပ်နိုင်တော့အောင် လုပ်နိုင်၏။ ထိုအသံက မည်မျှအရှိန်အဝါကြီး၍ ကြောက်မက်ဖွယ်ကောင်းကြောင်းကို တွေးကြည့်၍ပင် မရနိုင်ပေ။ အကယ်၍ ကျန်းရီသာ ၎င်းကို အပြည့်အဝ သိမြင်နားလည်သွားမည်ဆိုလျှင် သူ၏နတ်ဘုရားအသံကောင်းကင်အတတ်ကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်လောက်သည်။

ယခုတွင် အဆိပ်ဝိညာဉ် ပြန်ရောက်လာပြီဖြစ်ပြီး တပ်မှူးလျှိုက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာရံပေးမည့် အစီအရင်ကြီးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်လိုက်ပြီဖြစ်ကြောင်း တင်ပြခဲ့ကာ မိုရှန်းရှင်းကလည်း ကောင်းကင်ကြယ်တာရာနယ်နမိတ် သေချာပေါက် လုံခြုံလိမ့်မည်ဟု ပြောခဲ့၍ ကျန်းရီ စိတ်အေးသွားကာ ကျင့်ကြံခြင်းအပေါ် အပြည့်အဝအာရုံစိုက်နိုင်လာပေသည်။ သူသည် အခြားအရာများ မလုပ်ခင် သူ၏အင်အားကို မြှင့်တင်လိုနေသည်။ သူ အထက်ဘုံအချိန် နှစ်ရက်ကြာအောင် အခန်းအောင်း ကျင့်ကြံနေလိုက်သည်။

ထို့နောက် ကျန်းရီ အခန်းအောင်း ကျင့်ကြံရာမှ ထွက်လိုက်၏။ နတ်ဘုရားအသံကောင်းကင်အတတ်ကို အဆင့်မမြှင့်တင်နိုင်ခဲ့သော်လည်း မီးဓာတ်စည်းမျဉ်း၏ ပထမအဆင့်ကိုမူ အောင်အောင်မြင်မြင် သိမြင်နားလည်သွားပြီဖြစ်သည်။ ဆွမ်းမွှေးပင်နှင့် ကောင်းကင်နှလုံးသားဆေးပင်တို့ကိုလည်း အပြည့်အဝ သန့်စင်စုပ်ယူပြီးသွား၍ ယခုတွင် သူ၏စိတ်ဝိညာဉ်က နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်သို့ ရောက်သွားပေပြီ။ ယခု သူ အကြိမ်ရာချီ၍ ဆက်တိုက်တည်နေရာပြောင်းရွှေ့နိုင်ပြီဖြစ်ပေသည်။

ကျန်းရီသည် အခန်းအောင်း ကျင့်ကြံရာမှ ထွက်လာပြီးနောက် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲဝင်ရန် ပြင်ဆင်လိုက်၏။ သူ အထက်ဘုံတွင် ရှိနေခဲ့သည်မှာ အထက်ဘုံအချိန် ဆယ့်ငါးရက်ဝန်းကျင် ရှိခဲ့ပြီဖြစ်သည်။ ယင်းက အချိန်တိုကလေးဟု ထင်ရသော်လည်း အထက်ဘုံအချိန်နှင့် အနိမ့်ဘုံအချိန်က မတူပေ။ အထက်ဘုံအချိန် ဆယ့်ငါးရက်က အနိမ့်ဘုံအချိန် ရက်တစ်ထောင့်ငါးရာဖြစ်သည်။ ထို့ကြောင့် အနိမ့်ဘုံတွင် လေးနှစ်ကုန်ဆုံးသွားပြီဖြစ်သည်။

ကျန်းရီတစ်ယောက် ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် ကျန်လူများအားလုံးကို အလွန်သတိရနေ၏။ သူသည် သူ၏အင်အားကို လျင်လျင်မြန်မြန် မြှင့်တင်၍ ရီဖျောင်ဖျောင်နှင့် ကျန်းရှောင်နူတို့ကို သွားရှာကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်လိုနေသည်။ ထို့ကြောင့် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ အလကားနိုင်မည့် အခွင့်အရေးက အလွန်အဖိုးတန်သော်လည်း သူ ထိုနယ်မြေထဲ စောစောဝင်ရန် ဆုံးဖြတ်လိုက်ပေသည်။

ကျန်းရီသည် တပ်မှူးလျှိုနှင့် ရှောင်လန်တို့ကို ခေါ်၍ မြို့ထဲမှ ကိစ္စများနှင့် တိရှဘုံမှ ကိစ္စများအကြောင်းကို ‌မေးလိုက်၏။ မည်သည့်ပြဿနာကြီးကြီးမားမားမှ မရှိကြောင်း အတည်ပြုပြီးသောအခါ သူ မိစ္ဆာသတ်ဖြတ်စံအိမ်သို့သွား၍ ကောင်းကင်တာအိုဆန်းကြယ်နယ်မြေထဲ ဝင်လိုကြောင်း ပြောလိုက်ပေသည်။

“မင်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ ဝင်ချင်လို့လား”

ရုတ်တရက် မိုရှန်းရှင်း ထွက်ပေါ်လာကာ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“အဲ့လိုလုပ်ဖို့ မဖြစ်မနေ မလိုအပ်ရင် မင်း အပြင်မှာ နှစ်ဝက်လောက် အရင်ဆုံး ကျင့်ကြံဖို့ ငါ အကြံပေးချင်တယ်”

“နှစ်ဝက်လား...”

အထက်ဘုံမှ နှစ်ဝက်က အနိမ့်ဘုံတွင် နှစ်ငါးဆယ်ဖြစ်သည်။ ကျန်းရီတွင် အချိန်မရှိပေ။ ထို့ကြောင့် သူ ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“ကျွန်တော့်မှာ ကျွန်တော့်အကြောင်းနဲ့ကျွန်တော် ရှိပါတယ်။ ကျွန်တော် အခုဝင်မှရပါမယ်”

“မင်းက ဆုံးဖြတ်ပြီးမှတော့ ငါတို့ မင်းကို ဆက်မဖျောင်းဖျတော့ပါဘူး”

မိုရှန်းရှင်းက ခေတ္တမျှတွေး၍ ဆက်ပြော၏။

“မင်း အဲ့ဆန်းကြယ်နယ်မြေထဲကို ဝင်သွားပြီးရင် အထဲက မိုးမြေအနှစ်သာရကို သိမြင်နားလည်ဖို့ အရေးမစိုက်နဲ့။ မင်းရဲ့ လက်ရှိအဆင့်နဲ့ အဲ့ဒါကို သိမြင်နားလည်နိုင်မှာ မဟုတ်ဘူး။ မင်း လုံးဝသက်တောင့်သက်သာ နေဖို့ ငါ အကြံပေးချင်တယ်။ မင်းရဲ့ အလိုဆန္ဒတွေနဲ့ ရည်မှန်းချက်တွေကို ဖယ်ထုတ်နိုင်လေလေ၊ မင်းရဲ့ စိတ်က ဗလာဖြစ်လာလေလေပဲ။ အဲ့ဒါဆို ပိုပြီးလွယ်လွယ် သိမြင်နားလည်လာနိုင်လိမ့်မယ်။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာ တစ်ခုခု သိမြင်နားလည်နိုင်ခဲ့ရင်ကို မင်းအတွက် အကျိုးအမြတ်အများကြီး ရမှာပါ”

***

All Chapters