အိပ်ပျော်သွားခြင်း...
Vol. 103 Ch. 1439
ကျန်းရီတစ်ယောက် ကျန်းအိမ်တော်ထဲမှနေ၍ ပြတ်သားစွာ ထွက်သွားသည်ကို ကြည့်၍ မိုရှန်းရှင်း၊ တပ်မှူးလျှိုနှင့် အခြားသူများအားလုံး ခေါင်းခါလိုက်ကြ၏။ ကျန်းရီ၏ ဆုံးဖြတ်ချက်က သိပ်မကောင်းဟု သူတို့ ခံစားနေကြရသည်။ ကျန်းရီက စိတ်မရှည်ဘဲ အလျင်စလို လုပ်တတ်သော လူငယ်တစ်ယောက်ပင်။ ကျင့်ကြံခြင်းဆိုသည်မှာ လော၍ရသော အရာမဟုတ်ကြောင်း သူတို့အားလုံး သိပေသည်။ ဆန်းကြယ်နယ်မြေတစ်ခုအတွင်းသို့ အလကားဝင်ခွင့်ရသော အခွင့်အရေးမှာ အလွန်ရှားပေသည်။ ယခု ကျန်းရီ ဆန်းကြယ်နယ်မြေထဲသို့ ဝင်ခြင်းက ဖြုန်းတီးခြင်းသာဖြစ်ပေသည်။
“လူထုရေးရာ မဟာဝန်မင်းကို နှုတ်ခွန်းဆက်ပါတယ်”
မိစ္ဆာသတ်ဖြတ်စံအိမ်အရှေ့တွင် စောင့်ကြပ်နေသော အစောင့်တစ်စုသည် ကျန်းရီကို မြင်သောအခါ အားကျမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ခပ်သွက်သွက် နှုတ်ဆက်လိုက်ကြ၏။ လွန်ခဲ့သော လဝက်က ကျန်းရီတစ်ယောက် ဟဲဝေနောက်မှ ယောင်ချာချာ လိုက်လာခဲ့စဉ်ကလည်း သူတို့ ထိုနေရာတွင် စောင့်ကြပ်နေခဲ့ကြသည်။ ထိုစဉ်က သူတို့သည် ကျန်းရီကို အထင်သေးခဲ့ကြသည်။ သို့သော် ဆယ့်ငါးရက် ကြာပြီးနောက်တွင် ကျန်းရီက သူတို့ အိပ်မက်ပင် မမက်နိုင်သော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားပေသည်။
လူဟုန်သည် ကျန်းရီ ရောက်လာမည်ဖြစ်ကြောင်း သတင်းရထားပြီးဖြစ်၍ ခပ်သုတ်သုတ် ထွက်လာ၏။ သူက လက်ထောက်စံအိမ်အရှင်တစ်ယောက် ဖြစ်နေသေးသော်လည်း တပ်မှူးလျှိုက ကျန်းရီကို ကိုယ်စားပြုနေ၍ ယခုတွင် သူ့၌ ဩဇာအာဏာ သိပ်မရှိတော့ချေ။ သို့သော် လူဟုန်သည် အရှင်တိုင်းက သူတို့၏ လူယုံများကိုသာ ယုံကြည်ကြမည်ဖြစ်ကြောင်း သိသည်။ ထို့ကြောင့် သူ့အနေဖြင့် ကျန်းရီ၏ ယုံကြည်မှုကို ရအောင် အစွမ်းကုန်ကြိုးစားရန်သာ ရှိပေတော့သည်။
“ကျွန်တော် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ ဝင်ချင်တယ်။ အရှေ့က လမ်းပြပေးပါ”
ကျန်းရီက ခေါင်းဆတ်၍ ပြောလိုက်၏။ လူဟုန်သည် တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ကျန်းရီကို ဖျောင်းဖျဖို့ မကြိုးစားရန် ဆုံးဖြတ်လိုက်ပြီး အရှေ့မှ လမ်းပြခေါ်သွားလိုက်သည်။ သူတို့ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေသို့ ရောက်သည့် အခန်းဝသို့ ရောက်ခါမှ လူဟုန် လေးလေးစားစား ပြောလိုက်လေသည်။
“လူထုရေးရာ မဟာဝန်မင်း... အထဲမှာ စိတ်အေးအေးထားဖို့ အကောင်းဆုံး ကြိုးစားပါ။ ဝန်မင်း စိတ်တည်တည်ငြိမ်ငြိမ် ထားရပါမယ်။ အဲ့လိုဆို သိမြင်နားလည်နိုင်ဖို့ ပိုလွယ်တယ်လို့ ကျုပ်ကြားထားတယ်”
“အွန်း... ကျွန်တော် နားလည်ပါတယ်”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့က ယခင်မှ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့သာ ရောက်လာခြင်းဖြစ်ကြောင်း သတိပြုမိလိုက်၍ စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“ဒါက ရှေးဦးဆန်းကြယ်နယ်မြေကို ရောက်တဲ့ တည်နေရာပြောင်းရွှေ့အစီအရင် မဟုတ်ဘူးလား”
“ဆန်းကြယ်နယ်မြေအကုန်လုံးက တည်နေရာပြောင်းရွှေ့အစီအရင် တစ်ခုတည်းကိုပဲ သုံးတာပါ”
လူဟုန်က ရှင်းပြ၏။ ထို့နောက် တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော အစောင့်များအားကြည့်ကာ ပြောလိုက်သည်။
“မြန်မြန် လူထုရေးရာ မဟာဝန်မင်းကို အရိုအသေပေးလိုက်ကြ”
“အဲ့လိုတွေလုပ်စရာ မလိုပါဘူး”
ကျန်းရီက လက်ကာပြလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။
“ကျွန်တော့်ကို တည်နေရာပြောင်းရွှေ့ပေးပါ”
တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာပြီး ကျန်းရီက ၎င်းထဲတွင် ပျောက်ကွယ်သွား၏။ ဤတစ်ကြိမ် တည်နေရာပြောင်းရွှေ့ခြင်းက ပိုကြာသည်။ ကျန်းရီသည် တစ်နာရီကြာအောင် တည်နေရာပြောင်းရွှေ့နေပြီးမှ ခြေထောက်များနှင့် မြေပြင်ထိသည်ကို ခံစားလိုက်ရ၏။ သူ့ပတ်ပတ်လည်မှ အဖြူရောင်အလင်းလည်း ပျောက်ကွယ်သွားသည်။ သူသည် အတန်ငယ် မူးဝေနေ၍ မည်သည့်အရာမှ မလုပ်နိုင်သေးဘဲ ထိုင်ချကာ အနားယူလိုက်၏။
ကျန်းရီသည် သူ့ကိုကြည့်နေသော မျက်လုံးများစွာကို ခံစားလိုက်ရ၏။ ထို့ပြင် လှောင်ပြောင်ရယ်သံအချို့ကိုလည်း ကြားလိုက်ရသည်။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ ဝင်နိုင်သူအားလုံးက စွမ်းအားကြီး သိုင်းသမားများ ဖြစ်ရမည်ဖြစ်ကြောင်း ကျန်းရီသိသည်။ သူ့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်က မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်တွင်သာ ရှိသူတစ်ယောက်က ဤဆန်းကြယ်နယ်မြေထဲ ဝင်လာခြင်းမျိုးမှာ အမှန်ပင် ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပေသည်။
ထင်ထားသလိုပင်။
ကျန်းရီ ခေါင်းမူးပျောက်သွား၍ မျက်လုံးများဖွင့်ကြည့်လိုက်ရာ သူ့အနားမှ သိုင်းသမားအားလုံးက ကြောက်မက်ဖွယ်အရှိန်အဝါများ ရှိကြောင်း တွေ့လိုက်ရ၏။ သူတို့အားလုံးက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများပင်။ သူ့ကဲ့သို့ မိစ္ဆာသတ်ဖြတ်စစ်သူကြီးများ မဆိုထားနှင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တစ်ယောက်ပင် ရှိမနေချေ။ ထို့ပြင် သိုင်းသမားတော်တော်များများ၏ စစ်ချပ်ဝတ်ပေါ်တွင် စာလုံးများပါသော တံဆိပ်များလည်း ရှိနေ၏။ ထိုလူများက ဘွဲ့ထူးရစစ်နတ်ဘုရားများပင်။
ကျန်းရီ မျက်လုံးဖွင့်လိုက်သောအခါ မည်သူကမှ သူ့ကို အရေးစိုက်မနေကြတော့ပေ။ ထိုနေရာတွင် အချိန်က အလွန်အဖိုးတန်ပေသည်။ အားလုံးသည် ထိုနေရာတွင် အလွန်ဆုံး သုံးရက်သာ နေနိုင်ကြသည်။ ထိုစွမ်းအားကြီး သိုင်းသမားများသည် သူတို့၏အဖိုးတန်အချိန်များကို ကျန်းရီအတွက် ဖြုန်းတီးကြမည် မဟုတ်ပေ။
ကျန်းရီသည် လှည့်ပတ်ကြည့်၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ ဤဆန်းကြယ်နယ်မြေက ထင်သလောက် မထူးခြားကြောင်း သူ သိလိုက်ရသည်။ ထိုနေရာတွင် တောင်ကြားတစ်ခုရှိပြီး မြစ်လေးတစ်စင်းက တောင်ပေါ်မှနေ၍ စီးဆင်းလာသည်။ မြစ်ရေများက ရေကန်လေးတစ်ခုထဲသို့ စီးဝင်နေကြသည်။ ပတ်ပတ်လည်တွင်လည်း ချောက်ကမ်းပါးများနှင့် မက်စောက်သော ချောက်နံရံများရှိ၏။ တောင်ကြားအနီးတွင် ရွက်ဝါများနှင့် ရှေးသစ်ပင်ရှည်ကြီးများ ဆယ်နှင့်ချီ၍ ရှိနေ၏။ ကောင်းကင်ထဲတွင် နေရော ကြက်သွေးရောင်လများကိုပါ မမြင်ရပေ။ အဝါရင့်ရောင် အလင်းတန်းများကိုသာ တိမ်များကိုဖြတ်၍ မြင်နေရ၏။ ထိုအလင်းတန်းများကြောင့် အောက်ဘက်ရှိ တောင်ကြားကို အတော်လေး ထင်ထင်ရှားရှား မြင်ရပေသည်။
ဤဆန်းကြယ်နယ်မြေ၏ အထူးခြားဆုံးအရာမှာ အရှိန်အဝါဖြစ်သည်။ ထိုအရှိန်အဝါက ရှေးဦးဆန်းကြယ်နယ်မြေ၏ အရှိန်အဝါထက် ပိုရှေးကျပေသည်။ သစ်ပင်များမှာလည်း ပေတစ်သိန်းလောက် မြင့်ကြသော်ငြား ၎င်းတို့၏ပင်စည်များက မကြီးမားကြချေ။ သစ်ရွက်များမှာ ခြောက်သွေ့နေကြပြီဖြစ်သော်လည်း မကြွေကျကြသေးပေ။ ထိုနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်ကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းနေသည်။ တိတိကျကျ ဆိုရလျှင် ရှေးဦးဆန်းကြယ်နယ်မြေကထက် အနည်းဆုံး ဆယ်ဆပို၍ သိပ်သည်းပေသည်။
‘ဟိုလူက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေရဲ့ စောင့်ကြပ်သူ ထင်တယ်’
ကျန်းရီသည် ရေကန်လေးအနီးတွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ယောက်ကို ကြည့်လိုက်၏။ ထိုအဘိုးအို၏ ခန္ဓာကိုယ်ကို ဖုန်မှုန့်များက ဖုံးလွှမ်းထားသည်။ သူ ထိုနေရာ၌ တင်ပျဉ်ခွေထိုင်နေခဲ့သည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကို မည်သူ သိပါမည်နည်း။ သူ၏ခန္ဓာကိုယ်က မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေပေ။ မသိလျှင် သူက သေဆုံးသွားခဲ့ပြီးသလိုပင်။ သို့သော် သူ၏မျက်ဝန်းများကို မြင်သူတိုင်း ရုတ်ခြည်း ရင်ခုန်မြန်သွားကြမည်သာ။
‘သူက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လောက်တယ်’
ကျန်းရီသည် ထိုစောင့်ကြပ်သူထံမှနေ၍ တိရှအရှင်ထံမှရသော အငွေ့အသက်တစ်မျိုးကို ရနေသည်။ ထိုထူးခြားသောအငွေ့အသက်ကို ရှင်းပြ၍ မရနိုင်ပေ။ ၎င်းသည် လူတစ်ယောက်ကို အလွန်ထူးထူးခြားခြား ခံစားရစေ၏။ ထိုအငွေ့အသက်ရှိသူမှာ အလွန်စွမ်းအားကြီးသည်ဟုလည်း ခံစားရ၏။ ယင်းမှာ ရှေးဦးဆန်းကြယ်နယ်မြေထဲရှိ မိုးမြေအနှစ်သာရကဲ့သို့ပင်။ ရှင်းပြ၍မရသော်လည်း ထိုအငွေ့အသက်ရှိမှာ အလွန်ထူးကဲသည်ဟု ခံစားရပေသည်။
တောင်ကြားက အလွန်မကြီးပေ။ ထိုနေရာတွင် လူနှစ်ရာကျော် သုံးရာလောက် ရှိနေသည်။ ရှေးဦးဆန်းကြယ်နယ်မြေမှာကဲ့သို့ပင် အချို့လူများက တင်ပျဉ်ခွေထိုင်နေကြသည်၊ အချို့က ရုပ်တုများကဲ့သို့ ရပ်နေကြပြီး အချို့မှာ ချောက်ကမ်းပါးများမှနေ၍ ဇောက်ထိုးတွဲလောင်းခိုနေကြသည်။ အချို့ဆိုလျှင် သစ်ပင်ရှည်ကြီးများအနီး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေကြပေသည်။
‘အဲ့တစ်ယောက်က အရမ်းလှတာပဲ...’
ကျန်းရီ၏ အကြည့်က မိန်းမပျိုလေးတစ်ယောက်ဆီသို့ ရောက်သွား၏။ သူမက ငယ်ပုံမပေါ်သလို အသက်ကြီးသည်ဟုလည်း ဆို၍မရပေ။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သစ်ပင်အိုတစ်ပင်၏ သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ရပ်နေ၏။ သူမ၏ ရုပ်ရည်က အလွန်လှပပြီး သူမ၏ မျက်နှာက အဖြူရောင်ရေးရေး တောက်ပနေသည်။ သူမသည် မျက်လုံးများမှိတ်ထားပြီး လက်တစ်ဘက်ဖြင့် သစ်ရွက်ဝါတစ်ရွက်ကို ညင်သာစွာ ကိုင်ထား၏။ သူမ၏ မျက်နှာထားက တည်ငြိမ်အေးချမ်းနေသည်။ သူမ၏ နှုတ်ခမ်းစွန်းတွင်သာ အပြုံးသဲ့သဲ့ ရှိသည်။ သူမကို ကြည့်မိသူတိုင်း စိတ်ထဲ ဂယက်ထသွားကြမည်သာ။
‘ချင်ချန်...’
ကျန်းရီသည် ထိုအမျိုးသမီး၏ ဝတ်စုံပေါ်တွင် မိစ္ဆာသတ်ဖြတ်စံအိမ်တံဆိပ်ရှိကြောင်း သတိပြုမိလိုက်၏။ သွေးနီရောင် ဝံပုခေါင်းပုံစံတံဆိပ်၏ အထက်တွင် စာလုံးနှစ်လုံး ရှိနေသည်။ ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ ထိုအမျိုးသမီးက ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်ပင်။ သူမက မည်သည့်ဘုံမှ လာကြောင်းကို မည်သူသိမည်နည်း။
‘ငါ ဒီလို လျှောက်ကြည့်နေလို့မရဘူး။ အချိန်က အရမ်းအဖိုးတန်တယ်’
ကျန်းရီသည် ဆက်ငေးကြည့်လိုစိတ်ကို ဖိနှိပ်၍ မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်၏။ သူ ထိုနေရာရှိ မိုးမြေနှင့် တစ်သားတည်းဖြစ်သွားသည်။ ထို့နောက် သူ ကောင်းကင်စွမ်းအားကို စတင်ကျင့်ကြံလိုက်ပြီး မဟာနတ်ဘုရားအတတ်ကို ဆက်လေ့လာလိုက်သည်။ သူသည် အရင်ဆုံး မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်မြင်အောင် ကျင့်ကြံလိုနေပေသည်။
‘တာအိုကောင်းကင်ဆန်းကြယ်နယ်မြေက တကယ်ကို မှော်ဆန်တာပဲ...’
ကျန်းရီသည် စတင်ကျင့်ကြံလိုက်သည်နှင့် ကွဲပြားမှုကို ခံစားလိုက်ရ၏။ ဤနယ်မြေထဲတွင် သူ၏ ဦးနှောက်က ပုံမှန်ထက် အဆတစ်ထောင်ပိုမြန်စွာ အလုပ်လုပ်နိုင်၏။ သူ၏ သိမြင်နားလည်နှုန်းကလည်း အလွန်လျင်မြန်နေသည်။ ထို့ပြင် ယခင်က သူနားမလည်နိုင်ခဲ့သော မဟာနတ်ဘုရားအတတ်၏ အချို့အပိုင်းများကို အလွယ်တကူ နားလည်နိုင်သွားသည်။ သို့ဖြင့် သူ လျင်မြန်စွာ တိုးတက်လာပေသည်။
ခြောက်နာရီကြာပြီးနောက်...
ခြောက်နာရီအတွင်းမှာပင် ကျန်းရီသည် မဟာနတ်ဘုရားအတတ် ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ထိုအခါ သူ ရပ်တန့်လိုက်ရသည်။ လက်ရှိ သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် မဟာနတ်ဘုရားအတတ်၏ ဒုတိယအဆင့်ကို ကျင့်ကြံနိုင်ဦးမည် မဟုတ်ပေ။ ဒုတိယအဆင့်ကို တက်လိုလျှင် အနိမ်ဆုံး မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်တွင် ရှိနေရမည်ဖြစ်သည်။
မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်က ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အဆတစ်ရာ ပိုသန်မာသွားစေသည်။ ဒုတိယအဆင့်မှာ အဆတစ်ထောင် ပိုသန်မာစေပြီး တတိယအဆင့်မှာမူ အဆတစ်သောင်း ပိုသန်မာစေသည်။ အဆင့်တက်လာလေလေ၊ ဆတိုး တိုးတက်လာလေလေပင်။ သို့သော် ကျင့်ကြံဖို့လည်း ပိုခက်ခဲလာမည်ဖြစ်သည်။ မဟာနတ်ဘုရားအတတ်၏ တတိယအဆင့်ကို ကျင့်ကြံရန် လွယ်ကူမည်ဆိုလျှင် မဟာနတ်ဘုရားမျိုးနွယ်က ပျက်သုဉ်းခဲ့မည် မဟုတ်ချေ။
‘နတ်ဘုရားအသံကောင်းကင်အတတ်’
ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ၏ တစ္ဆေအော်သံကဲ့သို့သော အော်သံက ကျန်းရီအတွက် နတ်ဘုရားအသံကောင်းကင်အတတ်ကို အဆင့်မြှင့်တင်နိုင်ဖို့ တံခါးဖွင့်ပေးခဲ့သည်။ သူက ၎င်းကို အပြည့်အဝ နားမလည်သေးသော်လည်း ဤနယ်မြေထဲမှ သိမြင်နားလည်နှုန်းက အလွန်မြန်ရာ သူ ထိုအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။
သို့သော်...
ကျန်းရီ ကြားခဲ့ရသည်မှာ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲ၏ ထူးခြားသော ဆန်းကြယ်စွမ်းရည်တစ်ခု ဖြစ်နိုင်သလို အခြားအရာတစ်ခုလည်း ဖြစ်နိုင်ပေသည်။ ကျန်းရီ တစ်နေကုန် ကြိုးစားခဲ့သော်လည်း မူလနေရာမှာပင် တစ်နေသည်။ သူ၏နတ်ဘုရားအသံကောင်းကင်အတတ်တွင် မည်သည့်တိုးတက်မှုမှ မရှိပါပေ။
ဤနေရာမှ အချိန်က အလွန်အဖိုးတန်သည်။ ကျန်းရီသည် ကောင်းကင်စွမ်းအား ကျင့်ကြံရန် ဤနေရာသို့ လာခဲ့ခြင်းလည်း မဟုတ်ပေ။ သူ နောက်ထပ်နှစ်နာရီ ဆက်ကြိုးစားပြီးနောက် လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်၏။ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ဤတာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှ ထူးခြားသောအရာတစ်ခုကို သိမြင်နားလည်သွားရန် ဖြစ်သည်။ သူသည် သူ့ခေါင်းထဲရှိ အတွေးအားလုံးကို ရှင်းလင်းလိုက်ပြီး တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ၏ အနှစ်သာရအချို့ကို သိမြင်နားလည်နိုင်ရန် ကြိုးစားလိုက်၏။ သူ ဤနေရာမှ တစ်စုံတစ်ခုကို သိမြင်နားလည်နိုင်ခဲ့လျှင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရှိလိမ့်မည်ဟု မိုရှန်းရှင်းက ပြောခဲ့သည်။
‘သက်တောင့်သက်သာနေ၊ အရာအားလုံးကို မေ့ပစ်ပြီး စိတ်ကို ရှင်းလင်းထား’
ကျန်းရီသည် မိုရှန်းရှင်း ပြောခဲ့သော စကားများကို ပြန်တွေးလိုက်ပြီး ယခင် သူ ဆန်းကြယ်နယ်မြေထဲသို့ ဝင်ခဲ့စဉ်ကအကြောင်းများကိုလည်း တွေးတောလိုက်၏။ ထို့နောက် မြေပြင်ပေါ်တွင် လှဲချရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းမှာပဲ ဆက်နေ၍ မည်သည့်အရာကိုမှ မတွေးဘဲ သူ့အတွေးကို ဗလာဖြစ်နေအောင် လုပ်လိုက်၏။ သူသည် မည်သည်ကိုမှလည်း သိမြင်နားလည်နိုင်ရန် ကြိုးစားမနေတော့ပေ။
ထိုသို့ဖြင့် ငါးမိနစ်ကြာပြီးနောက် ကျန်းရီ အေးအေးချမ်ချမ်း အိပ်ပျော်သွားလေတော့သည်။