← Chapters

ဖုန်းရွှယ်ဂိုဏ်းသို့ အလည်အပတ်တစ်ခေါက်

Vol. 31 Ch. 421

ဖုန်းရွှယ်ဂိုဏ်းသို့ အလည်အပတ်တစ်ခေါက်

Vol. 31 Ch. 421

ခြံဝင်းတစ်ခုထဲကို ဆင်းသက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အိမ်တံခါးကို ညင်သာ တိုးတိတ်စွာနဲ့ တွန်းဖွင့် လိုက်ပါတယ်။

အိမ်ထဲမှာတော့ ဇောင်မင်းယွီတစ်ယောက် ရှိနေပြီး သူက အိပ်ရာထဲမှာ လဲလျောင်းနေတဲ့ အဘိုးဖြစ်သူ ဇောင်ဝူကျင်းကို ဆေးတိုက်ဖို့ ကြိုးစားနေပါတယ်။  သူ့ရဲ့ မျက်နှာကတော့ အချိန်မရွေး ငိုချတော့မယ့် ပုံပါပဲ။

ကျွီ  ...

ဇောင်မင်းယွီက အိမ်တံခါးကို တွန်းဖွင့်သံ ကြားလိုက်ရတဲ့ အတွက် တစ်ချက် လှည့်ကြည့် လိုက်ပါတယ်။

" ဖူချန်း "

ဇောင်မင်းယွီရဲ့ မျက်ရည်တွေကတော့ အတားအဆီးမရှိ စီးကျလာခဲ့ပါပြီ။

" အင်း  ...  ငါပြန်လာပြီ "

လီဖူချန်းက တိုးတိတ်စွာနဲ့ ပြောလိုက်ပါတယ်။ သူက ဇောင်မင်းယွီကို ဘယ်လိုနှစ်သိမ့်လို့ နှစ်သိမ့်ရမှန်း မသိတော့ပါဘူး။

" အဟင့်  ...  အဟင့်  ...   ... ။  နင်ဘာဖြစ်လို့ သည်လောက်အကြာကြီး ပျောက်သွားခဲ့တာလဲ။ ငါနဲ့ အဘိုးက နင့်ကို ဘယ်လောက် စိုးရိမ်နေသလဲ ဆိုတာကော သိရဲ့လား။  ပြီးတော့ အဘိုးက အိပ်ရာထဲမှာ လဲနေတာတောင်မှ နင်ပြန်ရောက် လာပြီလားဆိုတာကို   နေ့တိုင်း မေးနေသေးတယ် "

ဇောင်မင်းယွီက လီဖူချန်းရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်လာပြီး အားရပါးရ ငိုချလိုက်ပါတော့တယ်။  သူ့ကို  ကြည့်ရတာက သည်အတောအတွင်းမှာ အတော်လေး စိတ်ဆင်းရဲ နေခဲ့တဲ့ ပုံပါပဲ။

လီဖူချန်းက ဇောင်မင်းယွီရဲ့ သွယ်လျလျ ခန္ဓာကိုယ်လေးကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တာ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေး လိုက်ပါတယ်။ ပြီးမှ သူက လေသံတိုးတိုးဖြင့်

" မင်းယွီ  ...။  စိတ်မပူပါနဲ့တော့။  ငါပြန်ရောက်လာပြီပဲ "

ထို့နောက်မှာတော့ လီဖူချန်းဟာ ဇောင်မင်းယွီကို အသာအယာ တွန်းဖယ်လိုက်ပြီး ဇောင်ဝူကျင်းဆီကို သွားလိုက်ပါတယ်။

" အကြီးအကဲခေါင်ချုပ်  ...။ ဖူချန်းပြန်ရောက်လာပါပြီ။  စိတ်ပူစေမိခဲ့တဲ့ အတွက် တောင်းပန်ပါတယ်"

သူက ဇောင်ဝူကျင်းရဲ့  အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး လေသံနူးညံ့စွာနဲ့  ပြောလိုက်ပါတယ်။

" မင်း  ...  မင်းက ဘယ်သူလဲ "

ဇောင်ဝူကျင်းရဲ့ အခြေအနေက အတော်လေး ဆိုးနေခဲ့ပါပြီ။  သူက လီဖူချန်းကိုတောင်မှ မမှတ်မိတော့ပုံပါပဲ။   အခုလက်ရှိ ဇောင်ဝူကျင်းရဲ့ ပုံစံဟာ အရင်တုန်းက ပုံစံနဲ့ လားလားမှ မတူတော့ပါဘူး။  အရင်တုန်းက လီဖူချန်းသိခဲ့တဲ့ ဟိတ်ဟန်ကောင်းကောင်းနဲ့ လေးစားဖွယ်ရာ လူကြီးဟာ အိပ်ရာပေါ်မှာ လဲလျောင်းနေရင်း သေရမယ့်ရက်ကို လက်ချိုးရေ စောင့်နေရတဲ့ လူအိုကြီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။

အချိန်အတော်လေးကြာမှ ဇောင်ဝူကျင်းဟာ လီဖူချန်းကို မှတ်မိလာခဲ့ပါတယ်။  သူက အရိုးအပြိုင်းပြိုင်း ထနေတဲ့ သူ့ရဲ့လက်နဲ့ လီဖူချန်းကို ဆုပ်ကိုင်လိုက်ပြီး

" ဖူချန်း   ...။  မင်းပြန်ရောက်လာပြီလား  ... ။  ကောင်းတယ်   ... အရမ်းကောင်းတယ်။  မင်းတွေ့တဲ့ အတိုင်းပဲ။  ငါကတော့ သည်လောကကြီးပေါ်မှာ ကြာကြာ နေရာတော့မှာ မဟုတ်ဘူး။  မသေခင်လေး မင်းကို ပြန်တွေ့ရတာ ကောင်းလိုက်တာကွာ။  ကြည့်ရတာ ကောင်းကင်ဘုံက ငါ့ကို  သည်အတိုင်း ကြည့်မနေနိုင်ဘူး ထင်ပါရဲ့ "

ဇောင်ဝူကျင်းရဲ့ ဘဝမှာ  ဂုဏ်အယူရဆုံး ကိစ္စကတော့ လီဖူချန်းလို နဂါးတစ်ကောင်ကို  ရှာဖွေတွေ့ရှိ ခဲ့တာပါပဲ။ လီဖူချန်း  အစွမ်းအစ မထက်ခင်ကတည်းက သူဟာ လီဖူချန်းကို နည်းအမျိုးမျိုးနဲ့ ကူညီပေးခဲ့တာပါ။    အတိတ်တုန်းက အကြောင်းအရာတွေကို ပြန်သတိ ရလာခဲ့တဲ့အတွက်  ဇောင်ဝူကျင်းဟာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိပါသေးတယ်။

" အကြီးအကဲခေါင်ချုပ်   ...  စိတ်မလျှော့လိုက်ပါနဲ့။  ကျွန်တော်က အကြီးအကဲ ခေါင်ချုပ်ကို ဘယ်လိုနည်းနဲ့မှ  အသေမခံပါဘူး "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူ့ရဲ့ လက်မှာ စွပ်ထားတဲ့  ကုသရေး လက်စွပ်ကို အသက်သွင်း လိုက်ပါတော့တယ်။

ချွမ်  ...

အစိမ်းရောင် ရောင်ခြည်စက်ကွင်း တစ်ခုဟာ လက်စွပ်ထဲကနေ ထွက်ပေါ်လာပြီး ဇောင်ဝူကျင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။

အချိန်အနည်းငယ် အတွင်းမှာပဲ  ဇောင်ဝူကျင်းရဲ့ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ဟာ အနည်းငယ် တောင့်တင်း လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဇောင်ဝူကျင်းရဲ့ အသက်ဓာတ်တွေ ဟာလည်း တိုးပွား လာခဲ့ပါပြီ။

ဇောင်မင်းယွီကတော့ သူ့ရဲ့ ပါးစပ်ကို လက်နဲ့အုပ်ပြီး အကြောင်သား ငေးကြည့်နေခဲ့ပါတယ်။

ဒါက လုံးဝ မယုံကြည်နိုင်စရာပါပဲ။  သည်အဖြစ်အပျက်ကို သူကိုယ်တိုင်သာ မျက်စိနဲ့ တပ်အပ် မမြင်ခဲ့လို့ကတော့ ဘယ်သူပြောပြော လုံးဝ ယုံမှာ မဟုတ်ပါဘူး။

' ကုသရေး လက်စွပ်က တကယ် အစွမ်းထက်တာပဲ '

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းဟာ ဆေးအချို့ကို သုံးပြီး ဇောင်ဝူကျင်းကို ကုသပေးနိုင်ပါတယ်။  ဒါပေမဲ့လည်း ဆေးတွေရဲ့ ပြင်းထန်လှတဲ့ သက်ရောက်မှုကို ဇောင်ဝူကျင်းရဲ့ ခန္ဓာကိုယ်ဟာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။  အဲသည်အတွက် သူဟာ ကုသရေး လက်စွပ်ကို အသုံးပြုပြီး ဇောင်ဝူကျင်းကို ကုသပေးဖို့ ဆုံးဖြတ်လိုက်တာပါ။  ပြီးတော့ ကုသရေးလက်စွပ်ရဲ့ အစွမ်းဟာ ဆေးတွေထက် အဆပေါင်းများစွာ ပိုကောင်းမွန်ပါတယ်။

" ငါ့ရဲ့ ဒဏ်ရာတွေ "

ဇောင်ဝူကျင်းရဲ့ အသံက ပိုပြီး ကြည်လင်ပြတ်သား လာခဲ့သလို မျက်နှာဟာလည်း သွေးရောင် လွှမ်းလာခဲ့ပါပြီ။

လီဖူချန်းက အသိစိတ်အာရုံကို ဇောင်ဝူကျင်းရဲ့ ခန္ဓာကိုယ်ထဲကို ပို့ဆောင်လိုက်တဲ့ အခါမှာတော့  ဇောင်ဝူကျင်းရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်ဟာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာကို တွေ့လိုက်ရပါတယ်။

" ကြည့်ရတာတော့ ငါက ကုသရေးလက်စွပ်ရဲ့ အစွမ်းကို လျော့တွက် ထားမိတာပဲ "

လီဖူချန်းက  အကျေနပ်ကြီး ကျေနပ်သွားခဲ့ပါပြီ။

စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို ပြန်လည် ကောင်းမွန်စေတယ် ဆိုတာက သာမန် မြေကမ္ဘာအဆင့် ဆေးတွေတောင်မှ မစွမ်းဆောင်နိုင်ပါဘူး။  ဒါပေမဲ့ ကုသရေး လက်စွပ်ကတော့ အလွယ်တကူပဲ  စွမ်းဆောင် ပေးခဲ့ပါတယ်။

အကြီးအကဲ ခေါင်ချုပ်ဇောင်ရဲ့ စွမ်းအင်ဗဟိုချက်မပင်လယ် ပြန်ကောင်းမွန် လာမှတော့  သိပ်ပြီး စိုးရိမ်နေစရာ မလိုတော့ပါဘူး။  ဇောင်ဝူကျင်းဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့ နဂိုမူလ ကျင့်ကြံ့ခြင်းအဆင့်ကို  ပြန်ပြီး  ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်။

" ဖူချန်း  ...  ဘာတွေဖြစ်သွားတာလဲ "

ဇောင်ဝူကျင်းက အိပ်ရာထဲကနေ ငေါက်ခနဲ ထထိုင်လာခဲ့ပါပြီ။

လီဖူချန်းက ရယ်လိုက်ပြီး ရှင်းပြလိုက်ပါတယ်။

" အကြီးအကဲခေါင်ချုပ်   ...။  အဲဒါက ကုသရေး လက်စွပ်တစ်ခုပါ။  ကျွန်တော်က အဲသည် လက်စွပ်ကို မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကနေ ရလာခဲ့တာလေ။  အဲဒါက ဘယ်လို ဒဏ်ရာမျိုးကိုမဆို ကုသပေးနိုင်တယ် "

" ဟားဟား  ...။  ကြည့်ရတာ  ကောင်းကင်ဘုံက ငါ့အပေါ်မှာ လက်မလျှော့သေးဘူးပဲ။  အဲသည်တော့ ငါကလည်း လက်မလျော့ဘဲနဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ရောက်အောင် ကြိုးစားကျင့်ကြံရမယ် "

ဇောင်ဝူကျင်းက စိတ်လှုပ်ရှားမှု အပြည့်နဲ့  ကြုံးဝါးလိုက်ပါတယ်။

" ဘိုးဘိုး  ... "

ဇောင်မင်းယွီကလည်း  ဇောင်ဝူကျင်းရဲ့ ရင်ခွင်ထဲကို တိုးဝင်လာခဲ့ပါပြီ။

" အိုး  ...  ငါ့ရဲ့ မြေးချော အလိမ္မာလေး။  သည်အတောအတွင်းမှာ အရမ်းပင်ပန်း သွားခဲ့ပြီပေါ့  "

ဇောင်ဝူကျင်းက ဇောင်မင်းယွီရဲ့ ခေါင်းကို အသာအယာ ပုတ်လိုက်ပါတယ်။

နောက်ထပ်အချိန် အနည်းငယ် အကြာမှာတော့ ဇောင်ဝူကျင်းရဲ့ စိတ်ခံစားချက်တွေဟာ ပုံမှန် အခြေအနအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။

သူက လီဖူချန်းကို စိုးရိမ်တကြီးနဲ့ ပြောလိုက်ပါတယ်။

''ဖူချန်း   ... မင်းဘာဖြစ်လို့ သည်လောက်အစောကြီး ပြန်လာခဲ့တာလဲ။   မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ရောက်နေပြီ ဆိုတာကို ငါခံစားမိတယ်။  ဒါပေမဲ့ မင်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃လောက်နဲ့  အရှေ့ယူနီကွန်းတိုက်မှာ မင်းမူလို့ မရသေးဘူးလေ။ မင်းရဲ့ ပင်ကိုပါရမီက ပြိုင်ဘက်မရှိဘူး ဆိုတာကိုလည်း အားလုံးအသိပဲ။  အခု မင်းပြန်ရောက်လာပြီ ဆိုတော့ လူတွေအားလုံးရဲ့ အမြင်မှာ မင်းဟာ ဆူးတစ်ချောင်း ဖြစ်လာတော့မှာ။ သွား  ...  အခုချက်ချင်း မင်းလာခဲ့တဲ့ နေရာကို ပြန်သွားတော့။  နောက်ထပ် ဆယ်နှစ်နေမှ အရှေ့ယူနီကွန်းတိုက်ကို ပြန်လာခဲ့  "

လီဖူချန်းက  ဇောင်ဝူကျင်းရဲ့ စကားကို လက်မခံပါဘူး။ သူက ခေါင်းခါလိုက်ပြီး

"  အကြီးအကဲခေါင်ချုပ်  ...။  ကျွန်တော် ဘာဖြစ်လို့ ပြန်လာတာလည်း သိလား။  ကျွန်တော် ပြောပြမယ်။  အရှေ့ယူနီကွန်းတိုက်မှာ ကျွန်တော် ကြောက်ရမယ့်လူ မရှိတော့လို့ ပြန်လာခဲ့တာ "

လီဖူချန်းက သူ့ရဲ့ စကားကို ဆက်ပါတယ်။

"  မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းက ကျွန်တော့်ရဲ့ လီကလန်သားတွေကို အတင်းအကျပ် ဖမ်းဆီးပြီး အကြီးအကဲခေါင်ချုပ်ကိုလည်း ဒဏ်ရာအကြီးအကျယ် ရစေခဲ့တယ်။  အကြီးအကဲ ခေါင်ချုပ် အေးအေးဆေးဆေးသာ စောင့်ကြည့်လိုက်။  ကျွန်တော်  အဲသည် ဂိုဏ်းနှစ်ဂိုဏ်းကို ကောင်းကောင်းကြီး ဆုံးမခဲ့မယ်   "

" ဖူချန်း  ... မင်း "

ဇောင်ဝူကျင်းက  ဘာဆက်ပြောလို့ ပြောရမှန်း မသိတဲ့အထိ ဆွံ့အသွားခဲ့ပါပြီ။  သည်လီဖူချန်းက  အရင်တုန်းက သူသိတဲ့ လီဖူချန်းထက်တောင်မှ ခေါင်းမာပြီး ယုံကြည်မှု အားကောင်း နေသေးတာ မဟုတ်ပါလား။

လီဖူချန်းက ဇောင်ဝူကျင်းရဲ့ စိုးရိမ်ပူပန်မှုကို နားမလည်စရာ အကြောင်းမရှိပါဘူး။    အဲသည်အတွက် သူက ပြုံးပြီး ဇောင်ဝူကျင်းကို အာမခံလိုက်ပါတယ်။

" အကြီးအကဲခေါင်ချုုပ်  ...   ကျွန်တော့်ကို ယုံလိုက်စမ်းပါ။  ကျွန်တော် ဘယ်တုန်းက  အကြီးအကဲ ခေါင်ချုပ်ကို  စိတ်ပျက်အောင် လုပ်ဖူးလို့လဲ။  အကြီးအကဲက  နားနားနေနေ နေပြီး  ကျင့်ကြံခြင်းကိုပဲ အာရုံ စိုက်ထားလိုက်။  ကျန်တဲ့ကိစ္စတွေကို ကျွန်တော် ကြည့်စီစဉ်လိုက်မယ် "

"မင်းယွီ  ...။  ရော့  ...   သည်မှာ အကြီးအကဲ ကျင့်ကြံဖို့အတွက်  ရင်းမြစ်ပစ္စည်းတွေ  "

လီဖူချန်းက သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူကာ  ဇောင်မင်းယွီထံ ပေးအပ် လိုက်ပါတယ်။

အဲသည်အိတ်ထဲမှာက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ကျင့်ကြံခြင်းကို မြန်စေတဲ့ ဆေးအချို့ပါတဲ့ အတွက် ဇောင်ဝူကျင်း  ကို အချိန်တိုအတွင်းမှာ  နဂိုကျင့်ကြံခြင်း အဆင့်ကို ပြန်ရောက်စေမှာ  အသေအချာပါပဲ။

ပြန်လည်မွေးဖွားခြင်း ဆေးရည်ကိုတော့ လီဖူချန်းဟာ သိုလှောင်အိတ်ထဲမှာ ထည့်မထားပေးခဲ့ပါဘူး။  ဇောင်ဝူကျင်းရဲ့ ကျင့်ကြံခြင်းအဆင့် ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကို ပြန်ရောက်မှ ပေးလည်း နောက်မကျဘူးလို့ သူ တွက်ထားခဲ့ပါတယ်။

" ဟုတ်ပြီလေ။  မင်းက အာမခံနေမှတော့ ငါမင်းကို ယုံပါတယ်။  ဒါပေမဲ့ အရမ်းကြီး အရဲမကိုးနဲ့ "

ဇောင်ဝူကျင်း လီဖူချန်းကို  မယုံချင်ယုံချင်နဲ့   ယုံလိုက်ရပါတော့တယ်။

ထို့နောက်မှာတော့ လီဖူချန်းက ဇောင်ဝူကျင်းတို့ မြေးအဘိုး နှုတ်ဆက်ပြီး ထွက်ခွာ သွားခဲ့ပါပြီ။

လီဖူချန်းက  မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းကို  တန်းပြီးသွားဖို့ မစဉ်းစားထား ခဲ့ပါဘူး။  သူ့အနေနဲ့ လိုအပ်တာတွေကို မေးမြန်း စုံစမ်းရပါဦးမယ်။  သူက မိုးကြိုးနတ်ဘုရား ဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ရဲ့ အကြောင်းကို သေသေချာချာ စုံစမ်းဖို့အတွက် ဖုန်းရွှယ်ဂိုဏ်းကို ဦးတည်ပြီး ပျံသန်းသွားပါတော့တယ်။

သူက ဘယ်သူ့ကိုမှ မကြောက်ပေမယ့်လည်း အဆင်အခြင်မဲ့ လုပ်လို့တော့ မဖြစ်သေးပါဘူး။

ဖုန်းရွှယ်ဂိုဏ်းကတော့  ဖုန်းရွှယ်နယ်မြေဒေသရဲ့ နံပါတ်တစ် တောင်တန်းဖြစ်တဲ့ ဖုန်းရွှယ် တောင်တန်းပေါ်မှာ တည်ရှိနေတာပါ။

သည်ဖုန်းရွှယ်တောင်တန်းပေါ်မှာတော့ တစ်နှစ်ပတ်လုံး ဆီးနှင်းတွေ ကျဆင်းလေ့ရှိပြီး အင်မတန်မှလည်း ချမ်းအေး လွန်းလှပါတယ်။

တစ်နေ့မှာတော့ လူငယ်တစ်ယောက်ဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ အဝင်ဝမုခ်ဦးကို လူငယ်တစ်ယောက် ပျံသန်း ရောက်ရှိလာခဲ့ပါပြီ။  ထိုလူငယ်ကတော့ လီဖူချန်းပါပဲ။

" ဟေ့   ... ရပ်စမ်း။  မင်းဘယ်သူလဲ   ...။  ဘာကြောင့် ဖုန်းရွှယ်ဂိုဏ်းကို လာခဲ့တာလဲ "

ဖုန်းရွှယ်ဂိုဏ်းရဲ့  မုခ်ဦးကိုစောင့်နေတဲ့ မြေကမ္ဘာအဆင့် အစောင့်အကြပ် ကိုးဦးက လီဖူချန်းကို ဟန့်တား လိုက်ပါတယ်။

လီဖူချန်းက မြေပြင်ပေါ်ကို လုံးဝမဆင်းပါဘူး။  သူက  လေသံမာမာနဲ့ အစောင့်အကြပ်တွေကိုတောင် ပြန်ပြီး အမိန့်ပေးလိုက်ပါသေးတယ်။

" အခုချက်ချင်း မင်းတို့ရဲ့ ဂိုဏ်းချုပ်ကို သတင်းသွားပို့လိုက်။  လီဖူချန်း  အလည်အပတ် ရောက်လာတယ်လို့ "

" လီဖူချန်း   ...   ဟုတ်လား  "

" မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် လီဖူချန်းလား "

အစောင့်အကြပ် ခေါင်းဆောင်ဖြစ်ဟန်သူတဲ့ လူက လီဖူချန်းဆိုတဲ့ နာမည်ကို ကြားထားဖူးပုံပါပဲ။

" အေး  ... ဟုတ်တယ် "

" ဒါဆိုရင် သည်မှာ ခဏလေး စောင့်ပေးပါဦး "

လီဖူချန်းရဲ့ နာမည်က အရှေ့ယူနီကွန်းတိုက် တစ်တိုက်လုံးကို ပျံ့နှံ့နေခဲ့ပါပြီ။

သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ကြယ်ဘုရင် သို့မဟုတ် အရှေ့ယူနီကွန်းတိုက်ရဲ့ လူငယ် ပါရမီရှင်။

မိုးကြိုးနတ်ဘုရားဂိုဏ်း၊ ဆန်းကြယ်ကိရိယာဂိုဏ်းနဲ့ မိစ္ဆာတာအို အင်အားစုတို့ရဲ့ လိုက်လံ ရှာဖွေခြင်းကို ခံနေရတဲ့ လူငယ်။

သည်အချက် နှစ်ချက်ကြောင့် အရှေ့ယူနီကွန်းတိုက်မှာ လီဖူချန်းဆိုတဲ့ နာမည်ကို မကြားဖူးတဲ့သူ မရှိတော့ပါဘူး။

မြေကမ္ဘာနယ်ပယ် အစောင့်အကြပ် ခေါင်းဆောင်က လီဖူချန်း ပြန်ပေါ်လာခြင်းဟာ ကိစ္စကြီးတစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် အစပျိုးခြင်း ဆိုတာကို ရိပ်စားမိပါတယ်။  အဲသည်အတွက် သူဟာ ဖုန်းရွှယ် ဂိုဏ်းချုပ်ကို အကြောင်းကြားပေးဖို့အတွက် ဆုံးဖြတ်လိုက်တာပါ။

အချိန်အနည်းငယ် အကြာမှာပဲ ဖုန်းရွှယ်ဂိုဏ်းချုပ် ဆရာမကြီး ရှီဟွဝေဟာ များပြားလှတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို ခြံရံလျက် အဝင်ဝမုခ်ဦးကို ပျံသန်း ရောက်ရှိလာခဲ့ပါပြီ။

ရှီဟွဝေဟာ သက်လတ်ပိုင်း အရွယ်ရှိတဲ့  မိန်းမချောကြီးတစ်ဦးပါ။  သူက လီဖူချန်းကို ကြယ်ကံကြမ္မာ တောင်ထိပ်ပေါ်မှာ တစ်ခါ တွေ့ဖူးခဲ့ပါတယ်။  သူက အဲသည် ကတည်းက လီဖူချန်းရဲ့ ပါရမီကို သဘောကျနေတာ ဆိုရင်လည်း မမှားပါဘူး။

မုခ်ဦးဝမှာ စောင့်နေတဲ့ လူငယ်ဟာ လီဖူချန်းဆိုတာကို သေချာသွားတဲ့ အခါမှာတော့ ရှီဟွဝေရဲ့ မျက်လုံးတွေဟာ အရောင်တောက် သွားခဲ့ပါပြီ။  သည်လူငယ်ဟာ အရင်က သူသိတဲ့ လီဖူချန်းနဲ့ ချီအရှိန်အဝါ၊ ရုပ်ရည်သွင်ပြင်ပိုင်းမှာ သိပ်မတူတော့ ပေမယ့်လည်း လီဖူချန်းမှ လီဖူချန်း အစစ်ပါပဲ။

' ဟင်   ...  သည်ကလေးရဲ့ ကျင့်ကြံမှု အဆင့်က.  ...  '

လီဖူချန်းရဲ့ ကျင့်ကြံမှုအဆင့်က ရှီဟွဝေကို အံ့အားသင့် သွားစေခဲ့ပါတယ်။

ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃  ဟုတ်လား။  သည်လီဖူချန်းက ပျောက်သွားတဲ့ နှစ်နှစ် အတွင်းမှာ ဘယ်လိုများ ကျင့်ကြံလိုက်ပါလိမ့်။

ရှီဟွဝေရဲ့ ခေါင်းထဲမှာတော့ မေးခွန်းတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

သူတို့ ဖုန်းရွှယ်ဂိုဏ်းရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်ဖြစ်တဲ့ နှင်းရေခဲနတ်မိမယ် စုလင်းတောင်မှ ကောင်းကင် နယ်ပယ် အဆင့်၅မှာသာ ရှိနေသေးတာပါ။  မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ လူငယ်ခေါင်းဆောင် ဖြစ်တဲ့ ကြယ်ဘုရင် စီးတုလေ့ ဆိုရင်လည်း ကောင်းကင်နယ်ပယ် အဆင့်၇မှာသာ ရှိနေပါသေးတယ်။  လီဖူချန်းကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်နေပါပြီ။  လီဖူချန်းနဲ့ အရှေ့ယူနီကွန်းတိုက်ရဲ့ လူငယ်မျိုးဆက်တွေကြားက ကွာဟမှုက ကြီးမား လွန်းလှပါတယ်။  ဒါက ကောင်းကင်ပေါ်မှာ ရှိနေတဲ့ တိမ်တွေနဲ့ မြေပြင်ပေါ်မှာ ရှိနေတဲ့ ရွှံ့နွံတွေလိုပါပဲ။

ရှီဟွဝေ မှတ်မိတာ မမှားဘူး ဆိုရင်တော့ လီဖူချန်းရဲ့ အသက်ဟာ အခုမှ ၂၆ ၊၂၇သာ ရှိနေပါသေးတယ်။ သည်အတိုင်းဆိုရင်တော့ လီဖူချန်းဟာ  အရှေ့ယူနီကွန်းတိုက် လူငယ်မျိုးဆက်ရဲ့ နံပါတ်၁ လူငယ် ပါရမီရှင်တင် မကတော့ပါဘူး။  သူက အရှေ့ယူနီကွန်းတိုက်ရဲ့   သမိုင်းတစ်လျှောက် နံပါတ်၁ ပါရမီရှင်လည်း ဖြစ်ပါတယ်။  အရှေ့ယူနီကွန်းတိုက်မှာရှိတဲ့ ဘယ်ပညာရှင်မှ လီဖူချန်းရဲ့ ပါရမီကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။

" လီဖူချန်း  ...။  မင်းက ဘာကိစ္စရှိလို့ ငါ့ရဲ့ ဖုန်းရွှယ်ဂိုဏ်းကို လာခဲ့တာလဲ "

ရှီဟွဝေက သူ့ရဲ့ အံ့သြမှုကို ထိန်းလိုက်ပြီး လီဖူချန်းကို မေးလိုက်ပါတယ်။

သူ့ရဲ့ ဖုန်းရွှယ်ဂိုဏ်းက လီဖူချန်းရဲ့ ဘာရန်ကြွေးမှ မရှိပါဘူး။  တိတိကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သူတို့အပေါ်မှာ ပြန်ဆပ်စရာ ကျေးဇူးကြွေးတောင် ကျန်ရှိနေပါသေးတယ်။  တကယ်လို့ ဖုန်းရွှယ်ဂိုဏ်းကသာ မိုးပြာရောင်ဂိုဏ်းကို ခိုလှုံခွင့် မပေးခဲ့ရင် အခုချိန်လောက်ဆိုရင် မိုးပြာရောင်ဂိုဏ်းဟာ မြေပေါ်မှာတောင် တည်ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

လီဖူချန်းက ရှီဟွဝေကို အရိုအသေပေးပြီး အကူအညီ တောင်းလိုက်ပါတယ်။

" မင်္ဂလာပါ    ... ဂိုဏ်းချုပ်ဆရာမကြီးရှီ။  ကျွန်တော်က သည်ကို မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာ ဂိုဏ်းကြောင့် လာခဲ့တာပါ။  ကျေးဇူးပြုပြီး ဂိုဏ်းချုပ် ဆရာမကြီးရှီ အနေနဲ့ ကျွန်တော့်ကို အဲသည် ဂိုဏ်းနှစ်ဂိုဏ်းရဲ့ အတွင်းရေး အကြောင်းတွေကို သေသေချာချာ ပြောပြပေးလို့ ရမလား ခင်ဗျာ "

မိုးပြာရောင်ဂိုဏ်းကို ကူညီထားတာကြောင့် လီဖူချန်းဟာ ဖုန်းရွှယ်ဂိုဏ်းကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံချင်ပါဘူး။  အဲသည်အတွက်သူဟာ ရိုသေစွာနဲ့  အကူအညီ တောင်းလိုက်တာပါ။

ရှီဟွဝေက  ခေါင်းခါလိုက်ပြီး ငြင်းလိုက်ပါတယ်။

" တောင်းပန်ပါတယ် လီဖူချန်း။  ဒါက ငါကူညီနိုင်တဲ့ ကိစ္စ မဟုတ်ဘူး "

လီဖူချန်းအတွက်နဲ့  မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းကို ရန်စတယ်ဆိုတာက လုံးဝ မိုက်မဲတဲ့ အပြုအမူပါပဲ။

လီဖူချန်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ ကို ရောက်နေပြီဆိုတာ အသာထားပါဦး။  လီဖူချန်း ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၉ကို ရောက်နေပြီ ဆိုရင်တောင်မှ ရှီဟွဝေဟာ လီဖူချန်းတောင်းတဲ့ အကူအညီကို ပေးမှာ မဟုတ်ပါဘူး။

" ဂိုဏ်းချုပ်ဆရာမကြီးရှီ   ...  ကျွန်တော့်ရဲ့ လက်သီး တစ်ချက်ကို ခုခံကြည့်ပါဦး "

လီဖူချန်းက ဆင်နဂါးစွမ်းအားကို အသက်သွင်းလိုက်ပြီး ရှီဟွဝေကို လက်သီးနဲ့ ထိုးထည့် လိုက်ပါတယ်။

" ရိုင်းစိုင်းလိုက်တဲ့ကောင် "

ရှီဟွဝေရဲ့ အမူအရာတွေက ပြောင်းလဲ သွားခဲ့ပါပြီ။  သူက ဖုန်းရွှယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆရာမကြီး တစ်ယောက် ဖြစ်ပေမယ့်လည်း လီဖူချန်းရဲ့ ပါရမီကို လေးစားတဲ့အတွက် စကား ကောင်းကောင်းမွန်မွန် ပြောပြီး အကူအညီ မပေးနိုင်ကြောင်း ငြင်းပယ်လိုက်တာပါ။  ဒါကို  လီဖူချန်းဆိုတဲ့ကောင်က  စတင်ပြီး တိုက်ခိုက် လာပါသေးတယ်။

ဟူး  ... ဟူး  ... ဟူး  ...

ရှီဟွဝေက နှင်းနဲ့လေကို ဆင့်ခေါ်ပြီး လက်သီးချက်ကို ခုခံဖို့အတွက်  လက်ဝါးရိုက်ချက်တစ်ချက်  ပြင်ဆင်လိုက်ပါပြီ။

' ဟမ့်  ... မင်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃နဲ့ လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား '

ရှီဟွဝေက စိတ်ထဲကနေ လီဖူချန်းကို သရော် လိုက်ပါတယ်။

သူက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈က ပညာရှင် တစ်ယောက်ပါ။  သူနဲ့ လီဖူချန်းကြားမှာ ရှိနေတဲ့ အဆင့်ကွာဟမှုက ဟာသတစ်ခု မဟုတ်ပါဘူး။

သူက သည်လက်ဝါးရိုက်ချက်နဲ့ လီဖူချန်းကို  သင်ခန်းစာ ပေးဖို့ကိုလည်း ရည်ရွယ် ထားပါတယ်။

ဝေါင်း  ...

အဲသည်အချိန်မှာပဲ အနက်ရောင် ကျားဝိညာဉ်တစ်ခုက ကောင်းကင်ယံမှာ ဖြစ်တည်လာပြီး မိုင်အနည်းငယ် ပတ်လည်ကို ဖိနှိပ်လာခဲ့ပါပြီ။

ဝုန်း  ... ဝုန်း  ...

ဘန်း  ...   ...

ရှီဟွဝေရဲ့  နှင်းရေခဲ လက်ဝါးဟာ  ပျက်ပြယ် သွားခဲ့သလို သူကိုယ်တိုင်ဟာလည်း အနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပါတယ်။

" ဘာ  ...  ဘာဖြစ်သွားတာလဲ "

ရှီဟွဝေက ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သေသေချာချာ မသိလိုက်ရပါဘူူး။

တကယ့်ကို ဟာသပါပဲ။  သူ့လို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၈ ပညာရှင်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်တစ်ယောက်ရဲ့ လက်သီးချက်ကို တောင့်မခံနိုင်ဘဲ နောက်ဆုတ် ပေးလိုက်ရတယ်တဲ့လား။

" ရဲတင်းလွန်းလိုက်တဲ့ကောင် "

ရှီဟွဝေကို ခြံရံပြီး လိုက်လာတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အားလုံးက တစ်ချိန်တည်းလိုလို လီဖူချန်းကို တိုက်ခိုက် လိုက်ကြပါတယ်။

ဒါပေမဲ့လည်း သူတို့ဟာ လီဖူချန်းကို ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။

ဘန်း  ...

သူတို့အားလုံးဟာ လီဖူချန်းရဲ့ လက်သီးချက်ကြောင့် လွင့်ထွက် ကုန်ကြပါတယ်။

လက်သီးတစ်ချက်  ...   ...

တကယ်ကို လက်သီးတစ်ချက်ပါပဲ။

ဖုန်းရွှယ်ဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို လက်သီးတစ်ချက်နဲ့ လွင့်ထွက် စေပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆက်မတိုက်တော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံမှာ ရပ်နေပါတော့တယ်။

" အဲဒါက လီဖူချန်းကော ဟုတ်ရဲ့လား "

မြေကမ္ဘာနယ်ပယ်အဆင့် အစောင့်အကြပ်တွေကတော့ အကာအကွယ် အစီအရင်ထဲမှာ ပုန်းအောင်း နေကြပါပြီ။  သူတို့က ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေရဲ့ ချီအရှိန်အဝါကို ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

" လီဖူချန်း  ...  ဒါ ဘာသဘောလဲ "

ရှီဟွဝေရဲ့ မျက်လုံးလှလှတစ်စုံကတော့ အနည်းငယ် အေးစက်နေခဲ့ပါပြီ။

လီဖူချန်းက တည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်ပါတယ်။

" ဘာသဘောမှ မဟုတ်ပါဘူး  ဂိုဏ်းချုပ် ဆရာမကြီးရှီ။  လီဖူချန်းက အရင်လို ပမွှားလေး တစ်ယောက် မဟုတ်တော့ဘူး ဆိုတာကို ပြလိုက်တာပါ။   မိုးကြိုး နတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းက ကျွန်တော့်ရဲ့ လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။  အဲသည် အတွက် ကျွန်တော်က သူတို့ကို လက်တုံ့ပြန်ရပါမယ်။  တကယ်လို့သာ ဖုန်းရွှယ်ဂိုဏ်းက သည်နေ့မှာ ကျွန်တော့်ကို ကူညီခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ အခုလို ကူညီခဲ့တာထက် နှစ်ဆ ပိုအကျိုးကျေးဇူး ရပါလိမ့်မယ်။  ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ "

လီဖူချန်းက ဖုန်းရွှယ်ဂိုဏ်းနဲ့ ရန်စရှိချင်လို့ ရှီဟွဝေကို တိုက်ခိုက်လိုက်တာ မဟုတ်ပါဘူး။  သူက သူ့ရဲ့ အစွမ်းကို ပြသချင်ရုံ သက်သက်ကြောင့် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

တချို့ နေရာတွေမှာက  ပါးစပ်နဲ့ ပြောနေတာထက် လက်သီးနဲ့ ပြောလိုက်တာက ပိုပြီး အကျိုးသက်ရောက်မှု ရှိစေတာ မဟုတ်ပါလား။

***

All Chapters