← Chapters

စည်းချက်ကျသော လှုပ်ရှားမှု

Vol. 104 Ch. 1440

စည်းချက်ကျသော လှုပ်ရှားမှု

Vol. 104 Ch. 1440

“ခူး...ခေါ...”

ကျန်းရီ မအိပ်ခဲ့ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ သိုင်းသမားများသည် ကျင့်ကြံခြင်းတွင် အဆင့်တက်လာလျှင် အိပ်စက်ရန် မလိုတော့ပေ။ ကျင့်ကြံလိုက်ရုံဖြင့် သူတို့ကိုယ်သူတို့ အားပြန်ဖြည့်နိုင်ကြသည်။ သို့သော် အိပ်စက်ခြင်းက လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို အပြေလျော့စေဆုံး နည်းလမ်းဖြစ်သည်။ ကျင့်ကြံခြင်းက ယင်းကို အစားမထိုးနိုင်ပေ။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားများသည် အချိန်တစ်ခုလောက်တော့ အိပ်စက်ကြပေသေးသည်။

ပြဿနာမှာ...

ဤနေရာက မည်သည့်နေရာနည်း။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေပင်။ မည်သူဖြစ်စေ ဤနေရာသို့ တစ်နှစ်လျှင်သုံးကြိမ်သာ အလကားလာနိုင်သည်။ သို့ဖြစ်၍ ဤနေရာသို့ အိပ်စက်ရန်လာသူ ရှိပါမည်လော။ ဦးနှောက်ချောင်နေသူဆိုလျှင်တော့ မပြောတတ်ပေ။ ကျန်းရီသည် ရှေးဦးဆန်းကြယ်နယ်မြေထဲ၌ မြေပြင်ပေါ်တွင်လှဲ၍ တရေးတမောအိပ်နေကြသူများကို တွေ့ခဲ့ဖူးသည်။ အမှန်တွင် ထိုလူများက အိပ်စက်နေခြင်း မဟုတ်ဘဲ နက်ရှိုင်းစွာ စိတ်နှစ်၍ ကျင့်ကြံနေကြခြင်းသာ။ သဘာဝနှင့် နီးနိုင်သမျှ နီးစပ်ရန် ကြိုးစားနေကြခြင်းသာ။

ထို့ကြောင့် ကျန်းရီ၏ ဟောက်သံက အခြားလူများကို အာရုံစိုက်သွားစေသည်။ အချို့၏ သိမြင်နားလည်နေခြင်းကိုလည်း အနှောင့်အယှက်ဖြစ်သွားစေသည်။ ကောင်းကင်စိတ်အာရုံများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ သူတို့သည် ကျန်းရီ၏ စိတ်ဝိညာဉ်က အပြည့်အဝ အနားယူနေကြောင်း အာရုံခံမိလိုက်သောအခါ ဆွံ့အသွားကြ၏။ ထိုအသုံးမကျသူက မည်သည့်မျိုးနွယ်မှ လာခဲ့သနည်း။ သူက ဤကဲ့သို့ အဖိုးတန်အခွင့်အရေးတစ်ခုကို ဖြုန်းတီးပစ်နေသည်လော။ သူ အိပ်လိုလျှင် အဘယ်ကြောင့် ကိုယ့်အိမ်၌ကိုယ် မိန်းမတစ်ယောက်ကိုဖက်၍ မအိပ်ရသနည်း။ ယင်းက ပို၍ သက်တောင့်သက်သာရှိမည် မဟုတ်လော။

လူများသည် သူတို့၏ အာရုံခြောက်ပါးကို ပိတ်၍ ကျန်းရီအား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ကြသည်။ ဤနေရာမှ သူတို့၏အချိန်က အလွန်အဖိုးတန်၏။ သူတို့သည် တတ်နိုင်သမျှများများ သိမြင်နားလည်လိုနေကြပေသည်။

“အာ...”

သစ်ပင်ပေါ်တွင် ရပ်နေသော ဘွဲ့ထူးရစစ်နတ်ဘုရားမ ‘ချင်ချန်’ နိုးထလာသည်။ ကျန်းရီ၏ ဟောက်သံက အလွန်ကျယ်သဖြင့် သူမ ဆက်ကျင့်ကြံ၍ မရတော့ပေ။ သူမ မျက်လုံးဖွင့်လိုက်သောအခါ မှင်တက်ဖွယ်လှပသော မျက်ဝန်းတစ်စုံ ထွက်ပေါ်လာ၏။ သူမသည် ကျန်းရီကို အထင်သေးဟန်ဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမ လက်ဝှေ့ယမ်းလိုက်ရာ သူမလက်ထဲမှ သစ်ရွက်ဝါက ပျံထွက်သွားပြီး ကျန်းရီ၏ နှုတ်ခမ်းပေါ်သို့ ကျဆင်းသွားသည်။ သစ်ရွက်က လင်းလက်လာပြီး ကျန်းရီ၏နှုတ်ခမ်းပေါ်တွင် ကပ်သွား၏။ ကျန်းရီ၏ ဟောက်သံလည်း ရပ်သွားလေသည်။

ကျန်းရီက အမှန်ပင် အိပ်မောကျနေခြင်းဖြစ်၍ မည်သို့မှ မတုံ့ပြန်ပေ။ သို့မဟုတ် ချင်ချန်စစ်နတ်ဘုရားမ၏ အတတ်က ညင်သာသဖြင့် ကျန်းရီ နိုးမလာခြင်းလည်း ဖြစ်နိုင်သည်။ ကျန်းရီက မဟောက်တော့‌သော်လည်း သူ့နှာခေါင်းမှ အသက်ရှူသံက အတန်ငယ် ပိုကျယ်လာသည်။ သို့သော် ထိုအသံက အစောမှ ဟောက်သံလောက်တော့ မကျယ်ပါပေ။

ချင်ချန်သည် ကျန်းရီကို ခေတ္တမျှ ငေးကြည့်နေ၏။ ကျန်းရီက အိပ်မောကျနေဆဲဖြစ်ကြောင်း တွေ့သောအခါ သူမ မျက်လုံးပင့်၍ ကျန်းရီကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ သူမသည် နောက်ထပ်သစ်ရွက်ဝါတစ်ရွက်ကို ခူးလိုက်ပြီး မျက်လုံးမှိတ်ကာ ဆက်၍ ကျင့်ကြံနေလိုက်လေသည်။

မကြာခင်တွင် ကောင်းကင်ထဲရှိ တိမ်များက စတင်ရွေးလျားလာပြီး အဝါရင့်ရောင် အလင်းတန်းများက တိမ်များကို ဖောက်ကာ တောင်ကြားတစ်ခုလုံးကို ရွှေဝါရောင်အလင်းပေးလိုက်သည်။ လေညင်းလေးတစ်ချက်ကလည်း တောင်ကြားထဲတွင် ဝေ့ဝဲတိုက်ခတ်နေပြီး သစ်ရွက်ဝါများကို ပွတ်တိုက်သွားသည်။ ထို့ကြောင့် သစ်ရွက်ဝါများ ယိမ်းထိုးသွားကာ သစ်ရွက်ချင်းပွတ်တိုက်သံလေးများ ထွက်ပေါ်လာသည်။ သို့သော် သစ်ရွက်ဝါတစ်ရွက်မှတော့ ကြွေကျမသွားပေ။ ယင်းမှာ အတော်လေး မှော်ဆန်ပေသည်။

အဝေးမှကြည့်လျှင် ချောက်ကမ်းပါးများမှ စီးဆင်းလာသော စမ်းချောင်းတစ်ခုက တောင်ကိုဖြတ်၍ တောင်ကြားထဲ ဝင်ကာ ရေကန်လေးထဲသို့ စီးဝင်သွားပုံကို အစအဆုံး မြင်ရသည်။ ထိုရေကန်လေး၏အောက်ခြေတွင် မြေအောက်မြစ်တစ်ခု ရှိပုံရသည်။ ရေကန်လေး၏ ရေမျက်နှာပြင်အမြင့်က တစ်ညီတည်း ရှိနေပြီး အလွန်တည်ငြိမ်နေသည်။

အချိန်က တ‌ရွေ့ရွေ့ ကုန်ဆုံးလာ၏။ လူများလည်း ထွက်သွားလိုက်၊ ဝင်လာလိုက်နှင့် ရှိနေကြသည်။ အသစ်ဝင်လာသူများသည် ကျန်းရီက အိပ်မောကျနေသည်ကို မြင်လိုက်သောအခါ အံ့ဩသွားကြသည်။ ယင်းက ကျင့်စဉ်အသစ်တစ်ခုလော။ သို့မဟုတ် ထိုကောင်စုတ်က ဦးနှောက်ပျက်နေခြင်းလော။

ကျန်းရီက အချိန်အတော်ကြာ အိပ်နေခဲ့သည်။ ထိုသို့အိပ်နိုင်ခဲ့ခြင်းမှာ သူ့ကိုယ်သူ စိတ်အေးအေးထားရန် အဆက်မပြတ် ပြောခဲ့၍ဖြစ်နိုင်သည်။ သူသည် အမှန်ပင် အထက်ဘုံအချိန်တစ်ရက်၏ လေးပုံတစ်ပုံကြာအောင် အိပ်ခဲ့သည်။ အထက်ဘုံအချိန် နေ့တစ်ဝက်က အနိမ့်ဘုံအချိန် ရက်ငါးဆယ်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက အနိမ့်ဘုံအချိန် နှစ်ဆယ့်ငါးရက်လောက် ကြာအောင် အိပ်ခဲ့ခြင်းပင်။

တင်...တုန်...

ထိုအခိုက်တွင် တောင်မှ စီးဆင်လာသော စမ်းရေအရှိန်က ရုတ်တရက် ပြောင်းလဲလာ၏။ အရှိန်မှာ မြန်သွားလိုက်၊ နှေးလာလိုက်နှင့် ရှိနေသည်။ စမ်းရေပြင်ကလည်း လှုပ်ခတ်လာကာ လှိုင်းများ ထလာသည်။ သို့သော် ယင်းအဖြစ်များက စည်းချက်ကျသော အသံတစ်သံကို ထုတ်ပေးနေလေသည်။

ထိုအသံထွက်ပေါ်လာသောအခါ လူနှစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး မျက်လုံးဖွင့်၍ စမ်းရေကို ရုတ်ခြည်း ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများက ကြယ်တာရာများကဲ့သို့ တောက်ပသွားကြပေသည်။ သူတို့သည် စမ်းရေစီးဆင်းရာမှ ထွက်ပေါ်လာသော ကောင်းကင်စည်းချက်တစ်ခုကို ရှင်းရှင်းလင်းလင်း ကြားနိုင်နေကြသည်။

မိစ္ဆာသတ်ဖြတ်စံအိမ်မှ ကျော်ကြားသော စွမ်းအားကြီး သိုင်းသမားတိုင်းသည် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ၏ အဆန်းကြယ်ဆုံးအပိုင်းက စမ်းချောင်းဖြစ်ကြောင်း သိကြ၏။ သူတို့တော်တော်များများသည် ဤနေရာသို့ စမ်းရေအတွက် လာခဲ့ကြခြင်းဖြစ်သည်။ ထိုစမ်းရေက မည်သို့ ဆန်းကြယ်နေကြောင်းကိုမူ မည်သူကမှ မသိပေ။ သူတို့သည် မိစ္ဆာသတ်ဖြတ်စံအိမ်မှ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ထိုစမ်းရေတွင် ဆန်းကြယ်မှုတစ်ခုရှိကြောင်း ပြောခဲ့သည်ကိုသာ ကြားဖူးထားခြင်းဖြစ်ပေသည်။

ထိုအခိုက်တွင် စမ်းရေက ရုတ်တရက်ကြီး ထူးထူးခြားခြား ပြုမူလာရာ အားလုံး အာရုံစိုက်လိုက်သည်မှာ ပုံမှန်သာ ဖြစ်သည်။ အားလုံးသည် သူတို့သာ ထိုစမ်းရေ၏ ဆန်းကြယ်မှုအနှစ်သာရကို သိမြင်နားလည်သွားလျှင် အလွန်အင်အားကြီးလာလိမ့်မည်ဟု မျှော်လင့်လိုက်ကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

အားလုံး စမ်းချောင်းအနီးသို့ ရုတ်ခြည်း ပျံသန်းသွားကြပြီး ကမ်းတွင် တိတ်တဆိတ် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ သူတို့သည် စမ်းရေစီးဆင်းသံကို နားထောင်၍ ထိုစီးချက်ကျသော လှုပ်ရှားမှုအတွင်းမှ အရာကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားနေကြပေသည်။

လူနှစ်ယောက်သာ မလှုပ်သေးပေ။ တစ်ယောက်မှာ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ၏ စောင့်ကြပ်သူဖြစ်သည်။ သူသည် မည်သည့်အရှိန်အဝါမှ မထုတ်ဘဲ ရေကန်လေးဘေးတွင် လူသေတစ်ယောက်ကဲ့သို့ တင်ပျဉ်ခွေထိုင်နေ၏။ ကျန်တစ်ယောက်မှာ ကျန်းရီပင်။ ဤတစ်ခေါက်တွင် ကျန်းရီက အမှားကြီးတစ်ခု လုပ်ခဲ့မိပုံပင်။ သူသည် စမ်းရေက ထူးထူးခြားခြား ပြုမူလာသည်ကိုပင် သတိမပြုမိနိုင်အောင် အိပ်မောကျနေပေသည်။ သူ နိုးလာချိန်တွင် သူက ထိုကဲ့သို့သော အခွင့်အရေးကြီးတစ်ခုကို လွတ်သွားကြောင်း သိလိုက်ရလျှင် သူ့တစ်ဘဝလုံး နောင်တရသွားလောက်ပေသည်။

ချင်ချန်စစ်နတ်ဘုရားမသည် အဝေးမှ လှမ်းကြည့်လိုက်ပြီး အတန်ငယ် ချီတုံချတုံဖြစ်နေ၏။ သူမက ကျန်းရီကို နှိုးသင့်၊ မနှိုးသင့် တွေးတောနေပုံပင်။ ဤအခွင့်အရေးမှာ ရရန် ခက်ခဲသည် မဟုတ်လော။ သို့သော် သူမသည် ခပ်သွက်သွက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျန်းရီကို လျစ်လျူရှုလိုက်သည်။ လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိသည်။ ကျန်းရီက သူ၏ကံကြမ္မာကို ဖြုန်းပစ်ရန် ရွေးချယ်ခဲ့ပြီဖြစ်၍ အဘယ်ကြောင့် သူမက သူ့အတွက် သူ၏ကံကြမ္မာကို ဖမ်းဆုပ်ပေးရမည်နည်း။ ကျန်းရီကဲ့သို့သော အသုံးမကျသူတစ်ယောက်အတွက် သူမ အရေးစိုက်မနေနိုင်ပေ။

တင်..တုန်...တင်... တင်တုန်...

စမ်းရေက ဆက်၍ စီးဆင်းနေ၏။ ရေစီးနှုန်းမှာလည်း မြန်သွားလိုက်၊ နှေးသွားလိုက် ဖြစ်နေသည်။ ထိုပြောင်းလဲမှုက အလွန်စည်းချက်ကျသဖြင့် လှပသောတေးသွားတစ်ခုကို ဖန်တီးနိုင်နေ၏။ ရှင်းပြ၍ မရနိုင်သော ကောင်းကင်စည်းချက်တစ်ခုက စမ်းချောင်းလေးအနီးမှ သိုင်းသမားများ၏ နှလုံးသားထဲတွင် ခုန်နေပေသည်။ အားလုံးသည် ထိုစည်းချက်ကို ခံစားနိုင်ကြ၏။ သို့သော် သူတို့ ထိုမှော်ဆန်သောခံစားချက်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ချိန်တွင်မူ လုံးဝမဖမ်းဆုပ်နိုင်ကြပေ။

ဤနေရာရှိ လူရာကျော်ထဲတွင် ထိပ်တန်း ဉာဏ်ကြီးရှင်များစွာ ပါပေသည်။ သူတို့သည် စမ်းရေမှ ပဲ့တင်ထွက်လာသော ကောင်းကင်စည်းချက်ကို သိမြင်နားလည်ရန် မကြိုးစားဘဲ ရေလှုပ်ရှားမှုနှင့် ရေလှုပ်ရှားမှုမှ ဖြစ်ပေါ်လာသော စည်းချက်သံကိုသာ မှတ်မိရန် ကြိုးစားနေကြသည်။ ထိုစည်းချက်သံက အလွန်ထူးခြား၏။ ၎င်းကို မည်သူမှ နားမလည်နိုင်သေးသော်လည်း အားလုံးသည် ၎င်းကိုသာ မှတ်သားထားလျှင် နောင် သူတို့၏ကျင့်ကြံခြင်း၌ အလွန်အကျိုးရှိလိမ့်မည်ဟု ယုံကြည်နေကြပေသည်။

သို့သော်...

အကြောင်းအချို့ကြောင့် လူများက စည်းချက်သံကို မမှတ်သားနိုင်ကြပေ။ မှတ်သားပြီးလျှင်လည်း ချက်ချင်း ပြန်မေ့သွားကြသည်။ ထိုအသံကို နားထောင်၍သာ ရနိုင်ပြီး မှတ်သား၍ မရနိုင်ပုံပင်။

‘ဒီစည်းချက်ကျတဲ့ လှုပ်ရှားမှုကိုက ထူးခြားနေတာ ဖြစ်ရမယ်။ ဆိုးတာက ငါဒီကံကြမ္မာကို မဖမ်းဆုပ်နိုင်တာပဲ’

ချင်ချန်စစ်နတ်ဘုရားမသည် နှစ်နာရီကြာ ကြိုးစားပြီးနောက် စိတ်ပျက်စွာဖြင့် လက်လျှော့လိုက်ရ၏။ စမ်းရေ၏ လှုပ်ရှားမှုကလည်း တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာပေပြီ။

စမ်းရေက ပုံမှန်ပြန်ဖြစ်သွားသောအခါ သူမ၏ ခေါင်းထဲမှ ကောင်းကင်စည်းချက်လည်း ပျောက်ကွယ်သွားသဖြင့် ချင်ချန်စစ်နတ်ဘုရားမက မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သူမ မြင်လိုက်ရသည်မှာ စိတ်ပျက်နေသော မျက်နှာထားများပင်။ ထိုနှစ်နာရီအတွင်း၌ တစ်ယောက်ကမှ စည်းချက်ကျသော လှုပ်ရှားမှုအတွင်းရှိ အနှစ်သာရကို မဖမ်းဆုပ်နိုင်ခဲ့ပုံပင်။

ဝှစ်...

ချင်ချန်စစ်နတ်ဘုရားမသည် ထရပ်၍ အစောမှ သစ်ပင်အိုကြီးဆီသို့ ပျံသန်းသွားလိုက်၏။ အခြားလူများလည်း သူတို့၏မူလနေရာများသို့ ပြန်သွားလိုက်ကြသည်။ သူတို့အားလုံးသည် ထပ်မံ၍ ကျင့်ကြံရန် ဟန်ပြင်လိုက်ကြပေသည်။ ချင်ချန်စစ်နတ်ဘုရားမမှာလည်း သစ်ရွက်ဝါတစ်ရွက်ကို ထပ်ခူး၍ မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံလိုက်သည်။

“ရှူး...ရှဲ...ရှူး...ရှဲ...”

ချင်ချန်စစ်နတ်ဘုရားမ အာရုံအပြည့်အဝ မစိုက်နိုင်သေးခင်မှာပင် လူတစ်ယောက်၏ အသက်ရှူသံကို ကြားလိုက်ရ၏။ ထိုအသက်ရှူသံမှာ ကျန်းရီထံမှ အသံပင်။ သူက အိပ်မောကျနေသေးဆဲဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် ဤတစ်ခေါက် အသက်ရှူသံက အတန်ငယ် ကွဲပြားနေသည်။

ချင်ချန်သည် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ အတန်ကြာ နားထောင်ပြီးနောက် သူမ၏ မျက်ဝန်းများက ရုတ်တရက် ပြူးကျယ်သွား၏။ ထို့နောက် သူမ ကျန်းရီကို မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် စွမ်းအားကြီး သိုင်းသမားများစွာသည်လည်း ကျန်းရီကို အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။

အားလုံးသည် တူညီသောအရာတစ်ခုကို သိခဲ့ကြသည်။ ကျန်းရီ၏ အသက်ရှူသံတွင် စည်းချက်တစ်ခု ရှိနေသည်။ ထိုစည်းချက်မှာ အစောမှ စမ်းရေစီးသံ စည်းချက်နှင့် တစ်ပုံစံတည်း တူညီနေပေသည်။

***

All Chapters