ကောင်းကင်စမ်းရေစည်းချက်
Vol. 104 Ch. 1441
“ရှူး...ရှဲ...ရှူးရှဲ...”
ကျန်းရီ၏ ဝင်သက်၊ ထွက်သက်က အလွန်စည်းချက်ကျနေရာ တဖြည်းဖြည်းဖြင့် အာရုံစိုက်သူများ ပိုများလာ၏။ လူများစွာသည် မှင်တက်နေကြပြီးနောက် ဝမ်းသာလာကြ၏။ ကျန်းရီ၏ အသက်ရှူသံက စမ်းရေစီးသံနှင့် တစ်ပုံစံတည်းတူညီ၏။ ထိုအသံထဲတွင် ရှင်းပြ၍မရနိုင်သော စည်းချက်လှုပ်ရှားမှုတစ်ခု ရှိနေသည်။
ဝှစ်...ဝှစ်...ဝှစ်...
လူများသည် လေထဲသို့ ပျံတက်လိုက်ကြပြီး ကျန်းရီပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ သို့သော် သူတို့သည် အသံတစ်ချက်မှ မထွက်အောင် သတိထား၍ လုပ်ဆောင်ကြ၏။ ကျန်းရီ နိုးသွားမည်ကို သူတို့ စိုးပေသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ထူးဆန်းသည့်အရာတစ်ခု ဖြစ်လာသည်ကို မည်သူမှ မသိပေ။ အဘယ်ကြောင့် ကျန်းရီက အိပ်ပျော်နေစဉ်တွင် စမ်းရေစီးသံ၏ စည်းချက်ကို မှတ်သားနိုင်ခဲ့ကြောင်းကိုလည်း မည်သူမှ မသိကြချေ။
သို့သော် ယခုက ထိုအရာများကို တွေးနေရမည့် အချိန်မဟုတ်သေး။
ကျန်းရီက အချိန်မရွေး နိုးလာနိုင်သည်။ အားလုံးသည် လက်ရှိအခိုက်အတန့်ကို ဖမ်းဆုပ်၍ စည်းချက်လှုပ်ရှားမှုကို သိမြင်နားလည်အောင် လုပ်ရပေမည်။ ယင်းက သူတို့အတွက် နောက်ဆုံးအခွင့်အရေးပင်။ အားလုံးသည် အစောမှ စမ်းရေစီးသံကို ကြားထားခဲ့ပြီးဖြစ်၍ သူတို့သာ ဤစည်းချက်လှုပ်ရှားမှုကို သိမြင်နားလည်နိုင်လျှင် ၎င်းစည်းချက်အတွင်းမှ အနှစ်သာရကိုလည်း ဖမ်းဆုပ်နိုင်လိမ့်မည်ဟု အလွန်ယုံကြည်မှုရှိနေကြသည်။
အနှစ်သာရ...
၎င်းက စည်းမျဉ်းများထက် များစွာပို၍ စွမ်းအားကြီးသည်။ ၎င်း၏ မည်သည့်အရာက ထိုမျှစွမ်းအားကြီးနေရသနည်း။ လူများသည် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတိုင်းက အနှစ်သာရတစ်ခုကို သိမြင်နားလည်ထားကြကြောင်းကိုသာ သိကြပေသည်။
“ရှူး...ရှဲ...”
ယခုတွင် အထက်ဘုံမှ ဂုဏ်သရေရှိ သိုင်းသမားတစ်စုက နတ်ဘုရားစစ်သူကြီးတစ်ယောက်ကို စက်ဝိုင်းပုံ ဝန်းရံထားကြသည်။ ချင်ချန်စစ်နတ်ဘုရားမသည်လည်း ထိုလူများအကြားတွင် ရှိနေသည်။ သူမသည် အစောတွင် အားလုံး၏ အထင်သေးမှုကို ခံခဲ့ရသော လူတစ်ယောက်က ယခု အားလုံး၏ အာရုံစိုက်မှုကို ခံနေရသဖြင့် အတန်ငယ် စိတ်မသက်မသာတော့ ဖြစ်နေ၏။ သို့သော် သူမသည်လည်း စက်ဝိုင်းပုံ လူစုထဲတွင် ပါဝင်၍ ကျန်းရီ၏ မနှစ်မြို့ဖွယ် အိပ်စက်ပုံမှနေ၍ တစ်စုံတစ်ခု သိမြင်နားလည်နိုင်ရန် ကြိုးစားနေလေသည်။
ကျန်းရီက အမှန်ပင် အိပ်မောကျနေ၏။ သူက အလွန်အေးချမ်းပုံပေါ်နေပြီး သူ့ခန္ဓာကိုယ်က ကလေးတစ်ယောက်ကဲ့သို့ ခွေခွေလေး ဖြစ်နေ၏။ သူ အိပ်မက် မက်နေပုံလည်းပေါ်သည်။
ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်နေ၏။ လေပင် ဆက်မတိုက်တော့ပေ။ စမ်းရေစီးသံနှင့် ကျန်းရီ၏ စည်းချက်ကျသော ဝင်သက်၊ ထွက်သက်ကိုသာ ကြားနေရသည်။ ထိုအသက်ရှူသံက စွမ်းအားကြီး သိုင်းသမားတိုင်း၏ နှလုံးသားများအပေါ် သက်ရောက်နေပြီး သူတို့ကို ရင်ခုန်မြန်လာစေသည်။ သို့သော် အဘယ်ကြောင့် ထိုသို့ဖြစ်ရကြောင်းကိုမူ မည်သူမှ မသိချေ။
ငါးမိနစ်၊ နှစ်နာရီ... နာရီနှစ်ဆယ်...
မည်သူကမှ ဉာဏ်အလင်းပွင့်မသွားသေးပေ။ ထိုအခိုက်တွင် ကျန်းရီက လှုပ်ရှားလာပြီး စည်းချက်ကျသော အသက်ရှူသံလည်း ရပ်သွား၏။ အားလုံး ပြာပြာသလဲဖြင့် ကျန်းရီကို ကြည့်လိုက်ကြပြီး သူနိုးလာတော့မည်ဟု တွေးလိုက်ကြသည်။
မည်သူက ထင်ခဲ့မည်နည်း။
ကျန်းရီသည် တစ်ဘက်သို့ လှည့်၍ ဆက်အိပ်စက်နေသည်။ သူတစ်ဘက်သို့ လှည့်လိုက်၍ သူ့နှုတ်ခမ်းပေါ်မှ သစ်ရွက်ဝါလည်း ပြုတ်ကျသွားသည်။ ထိုအခါ သူ့ပါးစပ်မှနေ၍ သွားရည်များပင် စီးကျလာလေသည်။ လူများ မျက်လုံးပင့်လိုက်၏။ သို့သော် ကျန်းရီ ဆက်ဟောက်နေပါစေဟုသာ အားလုံး မျှော်လင့်နေကြပေသည်။ သစ်ရွက်ဝါ ကျသွားပြီဖြစ်၍ ဟောက်သံ ပြန်ထွက်ပေါ်လာသည်။
“ခူး...ခေါ...”
ဟောက်သံမှာလည်း စည်းချက်ကျကျပင်။ ထိုအခါမှ အားလုံး သက်ပြင်းချလိုက်ပြီး မျက်လုံးများမှိတ်၍ ဆက်အာရုံစိုက်လိုက်ကြလေသည်။
ချင်ချန်စစ်နတ်ဘုရားမသည်လည်း ရင်ထဲမှအလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ ကျန်းရီ တစ်ဘက်သို့ လှည့်သွားခိုက်တွင် သူမ အလွန်ရင်တုန်ခဲ့ရသည်။ သူမက အတန်ငယ် သိမြင်နားလည်နေပေပြီ။ အကယ်၍ ကျန်းရီသာ နိုးလာလျှင် သူမ အလွန်ကောင်းသော အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။
ချင်ချန် သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်၍ ဆက်အာရုံစိုက်လိုက်၏။ လေးနာရီကြာပြီးနောက် သူမ၏ ဦးနှောက်ထဲတွင် စည်းချက်လှုပ်ရှားမှုလေးတစ်ခု စတင်ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် သူမ၏ စိတ်ဝိညာဉ်တစ်ခုလုံး နိုးကြားလာသော်လည်း ထိုစည်းချက်လှုပ်ရှားမှုက ပျောက်မသွားပေ။ ၎င်းက သူမ၏ စိတ်ဝိညာဉ်ထဲတွင် ထာဝရငြိတွယ်သွားပုံပင်။ သူမသည် ထိုစည်းချက်လှုပ်ရှားမှုက မည်သို့အသုံးဝင်ကြောင်း မသိသော်လည်း ၎င်းကိုသာ ဆက်လေ့လာလျှင် သေချာပေါက် အကျိုးအမြတ်ကြီးကြီး ရလိမ့်မည်ဟု ယုံကြည်နေပေသည်။
ချင်ချန်သည် စိတ်လှုပ်ရှားလာပြီး သူမ၏ စိတ်ဝိညာဉ်ကို ထပ်မံစစ်ဆေးလိုက်၏။ သူမက ထိုစည်းချက်လှုပ်ရှားမှုကို မြဲမြံစွာ ဖမ်းဆုပ်နိုင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမ မျက်လုံးဖွင့်ကာ ကျန်းရီကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်သည်။
ခေတ္တမျှကြီးပြီးနောက် ကျန်းရီ၏ ဟောက်သံက ရပ်သွားသည်။ သူ ငမ်းဝေကာ ထထိုင်လိုက်ပြီး အကြောဆန့်လိုက်လေသည်။
“...”
ကျန်းရီ၏ ပတ်ပတ်လည်မှ လူအားလုံး တစ်ချိန်တည်း မျက်လုံးဖွင့်လိုက်ကြပြီး ကျန်းရီကို စိုက်ကြည့်လိုက်ကြ၏။ မျက်လုံးများစွာထဲတွင် ဒေါသနှင့် မချင့်မရဲဖြစ်မှုတို့ ရှိနေကြသည်။ ထိုအကြည့်များက သူ့ကို စောစောနိုးလာရပါမည်လောဟု တိတ်တဆိတ် ကြိမ်းမောင်းနေသကဲ့သို့ပင်။
“အာ...”
ကျန်းရီလည်း လန့်သွား၏။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ပတ်ပတ်လည်၌ လူရာကျော် ထိုင်နေကြသည်။ သူတို့၏ မျက်ဝန်းများကလည်း သူ့အား မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။
ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့လက်ထဲ၌ ငါးရောင်ခြယ်မီးတောက်လုံး ထွက်ပေါ်လာသည်။ ထို့နောက် သူ မေးလိုက်သည်။
“ခင်ဗျားတို့က ဘာဖြစ်ချင်တာလဲ”
“စိတ်မလှုပ်ရှားပါနဲ့”
ချင်ချန်စစ်နတ်ဘုရားမသည် ယခုတွင် ကျန်းရီအပေါ် ပို၍စိတ်ကောင်းရှိလာပြီဖြစ်၏။ ကျန်းရီက တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်ကို မြင်လိုက်သောအခါ သူမ လျင်မြန်စွာ အသံပို့လွှတ်လိုက်သည်။
“သူတို့က ရှင့်ကို ထိခိုက်အောင်လုပ်မလို့ မဟုတ်ပါဘူး။ ပြီးတော့ ဒီနေရာမှာ ဘယ်သူကမှလည်း ရှင့်ကို ထိခိုက်အောင် မလုပ်ရဲကြပါဘူး”
“အို့...အို့...’
ကျန်းရီသည် အပြည့်အဝ နိုးလာပြီး ရေကန်ဘေးတွင် ထိုင်နေသော အဘိုးအိုကို လှမ်းကြည့်လိုက်၏။ ထိုမှ သူ စိတ်အေးသွားသည်။ သို့သော် အားလုံးက သူ့အား ငေးကြည့်နေကြသေး၍ သူ မေးလိုက်သည်။
“အားလုံးပဲ.. ဘာလို့ ခင်ဗျားတို့က ကျွန်တော့်ကို စိုက်ကြည့်နေကြတာလဲ။ ကျွန်တော်က ယောက်ျားတွေကို စိတ်မဝင်စားပါဘူး... ခင်ဗျားတို့ရဲ့ အကြည့်ကို လွှဲလိုက်ကြပါ။ မိန်းမတွေကတော့ စိတ်ကြိုက်ကြည့်နိုင်ပါတယ်”
“ဟင်...”
ယခု ဤတောင်ကြားထဲတွင် မိန်းမတစ်ယောက်သာ ရှိနေသည်။ ချင်ချန်စစ်နတ်ဘုရားမသည် မျက်လုံးပင့်လိုက်ပြီး အတန်ငယ် ဆွံ့အသွား၏။ လူများက သူမကို ငဲ့ကြည့်လာကြသဖြင့် သူမ ရှက်လာသည်။ ထို့ကြောင့် သူမ သစ်ပင်ပေါ်သို့ ပြန်သွားလိုက်ပြီး မျက်လုံးမှိတ်နေလိုက်လေသည်။
“ကောင်လေး... မင်း နည်းနည်းလောက် ဆက်အိပ်လို့ရဦးမလား”
“ကောင်လေး... အစောက မင်းရဲ့ အသက်ရှူသံစည်းချက်ကို မင်း မှတ်မိသေးလား”
“ညီငယ်လေး... မင်းက အဲ့စည်းချက်လှုပ်ရှားမှုကို နားလည်သွားပြီလား။ မင်းသာ ငါ့ကို အဲ့ဒါ သင်ပေးမယ်ဆိုရင် ငွေရေးကြေးရေးက ပြဿနာမဟုတ်ဘူး”
“...”
လူများက လူစုခွဲနေကြပြီးဖြစ်သော်လည်း ကျန်းရီထံ အသံပို့လွှတ်နေသူများလည်း များစွာရှိနေသေးသည်။ ကျန်းရီက နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်နေ၏။ ထိုလူများက မည်သည့်အရာကို ပြောနေကြောင်း သူမသိပေ။ သူ အတန်ကြာ နားထောင်ပြီးနောက် သည်းမခံနိုင်တော့ဘဲ ပြောလိုက်လေသည်။
“တော်လောက်ပြီ... ကျွန်တော့်ဆီ အသံပို့လွှတ်မနေကြပါနဲ့တော့။ ခင်ဗျားတို့ ဘာတွေပြောနေတယ်ဆိုတာကို ကျွန်တော် နားမလည်ဘူး...”
ချင်ချန်စစ်နတ်ဘုရားမက မျက်လုံးပြန်ဖွင့်၍ ကျန်းရီကို လှမ်းကြည့်လိုက်၏။ သူမသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ကျန်းရီထံ အသံပို့လွှတ်ကာ ရှင်းပြလိုက်၏။
“အစောက စမ်းရေမှာ ထူးထူးခြားခြားအရာတစ်ခု ဖြစ်လာခဲ့တယ်။ ကောင်းကင်စည်းချက်တစ်ခု ပေါ်ထွက်လာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှင်က အိပ်နေရင်း အဲ့ကောင်းကင်စည်းချက်ကို မှတ်မိသွားပုံပဲ...”
ချင်ချန်စစ်နတ်ဘုရားမက ရှင်းပြလိုက်သော်လည်း ကျန်းရီ နားမလည်နိုင်သေးပေ။ သူသည် သူအိပ်ပျော်သွားခဲ့သည်ကိုသာ သိ၏။ သူ အိပ်ပျော်နေစဉ် မည်သည့်အရာများ ဖြစ်ခဲ့သည်ကိုမူ လုံးဝမသိချေ။ လူများစွာက သူ့ထံ အသံပို့လွှတ်နေကြသေး၍ သူ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ဆီ အသံမပို့လွှတ်ကြပါနဲ့တော့။ ကျွန်တော် ဘာမှ မသိပါဘူး”
“အားလုံး လူစုခွဲကြ”
အသံအိုတစ်သံ ထွက်ပေါ်လာ၏။
“ကောင်းကင်စည်းချက်ဆိုတာ အတင်းသိမြင်နားလည်အောင် လုပ်လို့ရတဲ့အရာတစ်ခု မဟုတ်ဘူး။ အဲ့ဒါက သင်ပေးလို့ရတဲ့အရာလည်း မဟုတ်ဘူး။ မင်းတို့က အဲ့ဒါကို သိမြင်နားလည်နိုင်မဲ့ အကောင်းဆုံးအခွင့်အရေးနဲ့ လွဲချော်ခဲ့ကြပြီးပြီ။ မင်းတို့ ဆက်ပြီး ရုတ်ရုတ်သဲသဲ လုပ်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ အချိန်တွေပဲ ပြုန်းတီးကုန်မှာ”
ထိုအသံ ထွက်ပေါ်လာသောအခါ တောင်ကြားက ချက်ချင်း ပြန်အေးချမ်းတိတ်ဆိတ်သွား၏။ လူများသည် ရေကန်အနီးမှ အဘိုးအိုကို လေးလေးစားစား လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မူလနေရာများသို့ ပြန်သွားလိုက်ကြ၏။ သူတို့တွင် အခြားရွေးချယ်စရာလည်း မရှိပေ။
ထိုစောင့်ကြပ်သူက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သလို သူ့စကားများကလည်း လုံးဝမှန်ပေသည်။
‘စည်းချက်၊ စည်းချက်လှုပ်ရှားမှု၊ ကောင်းကင်စည်းချက်’
ကျန်းရီ ခေါင်းရှုပ်နေပေသေးသည်။ မည်သည့်ကိစ္စဖြစ်ခဲ့ကြောင်း မသိသဖြင့် သူ့ခေါင်းထဲ၌ မေးခွန်းများနှင့် ပြည့်နှက်နေ၏။ သူသည် ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်၏။ သူ ချင်ချန်စစ်နတ်ဘုရားမကို ထိုအကြောင်း မေးလိုနေသည်။ သို့သော် သူမက မျက်လုံးမှိတ်၍ ကျင့်ကြံနေပြီဖြစ်ကြောင်းကို တွေ့လိုက်သောအခါ သူ တိတ်တဆိတ်သာ ဆက်ထိုင်နေလိုက်ပြီး သူ့ဘာသာသာ ကြိုးစားတွေးတောလိုက်လေသည်။
ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် နားမလည်နိုင်သေးဟန်ဖြင့် မျက်လုံးများဖွင့်လိုက်၏။ သူ့ထံတွင် မည်သည့်ပြောင်းလဲမှုကိုမှ သူ မတွေ့ပေ။ သူ့ဦးနှောက်ထဲတွင်လည်း မည်သည့် အကြောင်းအရာအသစ်တစ်ခုမှ ရှိမနေချေ။ အားလုံး ပြောနေကြသည့် စည်းချက်ဆိုသည်လည်း မရှိပေ။
“ကောင်စုတ်လေး...”
ကျန်းရီ၏ ခေါင်းထဲတွင် အသံအိုတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ ချက်ချင်း ခါးမတ်သွားသည်။ စောင့်ကြပ်သူက သူ့ထံသို့ အသံပို့လွှတ်နေခြင်းပင်။
“မင်းရဲ့ ကံက တကယ့်ကို ကောင်းလွန်းတာပဲ။ စမ်းရေရဲ့ စည်းချက်က မင်းစိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိနေလောက်တယ်။ အခုလောလောဆယ် မင်း အဲ့ဒါကို အာရုံမခံနိုင်သေးတာ။ ဒါမှမဟုတ် မင်းရဲ့ လက်ရှိအင်အားက အရမ်းနိမ့်နေသေးတာဖြစ်မယ်။ အဲ့ဒါကြောင့် မင်း အခု အဲ့ဒါကို မသိမြင်နိုင်သေးတာပဲ။ မင်း မှတ်ထားပါ.. ဒီကောင်းကင်စမ်းချောင်း ရှိနေခဲ့တာ ရှေးဟောင်းခေတ်ကတည်းကပဲ။ အဲ့စည်းချက်ကလည်း အရမ်းဆန်းကြယ်ပြီး အံ့ဩစရာကောင်းတယ်။ မင်း အဲ့ဒါကို သိမြင်နားလည်သွားပြီးရင်လည်း ဆက်ပြီးဆင်ခြင်သုံးသပ်ရလိမ့်မယ်။ အဲ့ကောင်းကင်စည်းချက်ကို အပြည့်အဝ နားလည်သွားမှ မင်း အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်မဲ့ အခွင့်အရေးတစ်ခုကို ရလိမ့်မယ်”
***