ဘုံတစ်သောင်းပြိုင်ပွဲ
Vol. 104 Ch. 1442
စောင့်ကြပ်သူ၏ အသံပို့လွှတ်မှုက ကျန်းရီကို ကျောစိမ့်သွားစေ၏။ သူအိပ်နေစဉ်တွင် ကြက်ကန်းဆန်အိုးတိုးသလို အဖြစ်မျိုး ဖြစ်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ သူက အခွင့်အရေးကြီးတစ်ခုကို ရခဲ့သည်။ စောင့်ကြပ်သူကတော့ သူ့ကို မလိမ်လောက်ပေ။ သို့ဖြစ်၍ သူက အမှန်ပင် ထိုကောင်းကင်စည်းချက်ကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းဖြစ်မည်။ လတ်တလောတွင် သူ ၎င်းကို အာရုံမခံနိုင်သေးခြင်းသာ ရှိသည်။
ကျန်းရီသည် စောင့်ကြပ်သူဘက်သို့ ခပ်သွက်သွက် လှည့်၍ အလေးအနက် ဦးညွှတ်လိုက်၏။ ထို့နောက် သူ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်စွမ်းအားကို ကျင့်ကြံလိုက်သည်။ ကောင်းကင်စွမ်းအား ကျင့်ကြံနေရင်းဖြင့် ကောင်းကင်စမ်းရေစည်းချက်ကိုလည်း ရှာလိုက်၏။ သို့သော် နာရီများစွာ ရှာပြီးနောက်တွင်ပင် သူ မည်သည့်အရာကိုမှ ရှာမတွေ့သေးပေ။ အရာအားလုံးက အိပ်မက်တစ်ခု ဖြစ်ခဲ့ပြီး စောင့်ကြပ်သူက သူ့အား လိမ်နေသကဲ့သို့ပင်။ သူက မည်သည်ကိုမှ မဖမ်းဆုပ်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။
‘ထူးဆန်းတယ်...’
ကျန်းရီသည် သံသယများဖြင့် မျက်လုံးဖွင့်လိုက်၏။ အကယ်၍ ထိုစည်းချက်က သူ့စိတ်ဝိညာဉ်ထဲတွင် ရှိနေလျှင် အဘယ်ကြောင့် သူက ၎င်းကို ရှာမတွေ့ရသနည်း။ ၎င်းက တံဆိပ်စာလုံးများကဲ့သို့ သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ပုန်းအောင်းနေခြင်းလော။
“ရှင့်နာမည်က ဘာလဲ”
ကျန်းရီ၏ ခေါင်းထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့ကြောင့် သူ အံ့အားသင့်သွားသည်။ သစ်ပင်ထက်ရှိ အလွန်လှပသော ချင်ချန်စစ်နတ်ဘုရားမက သူ့ကို ကြည့်နေပေသည်။ သူ သူမကို ခေတ္တမျှ ငိုင်တိုင်တိုင်ဖြင့် စိုက်ကြည့်နေပြီးမှ အသိပြန်ကပ်လာကာ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျွန်တော့်နာမည်က ကျန်းရီပါ”
“ကျန်းရီ”
ချင်ချန်စစ်နတ်ဘုရားမသည် အတန်ငယ် တွေးတောနေပြီးမှ ထပ်အသံပို့လွှတ်သည်။
“ကျွန်မအချိန်က ပြည့်ပြီ။ ကျွန်မနာမည်က ချီချင်ချန်ပါ။ ကျွန်မ ရှင့်အပေါ် အကြွေးတစ်ခု တင်သွားပြီ။ နောက်ကျ ရှင် အခွင့်အရေးရရင် ဆောင်းဥတုဘုံကို လာခဲ့ပေါ့။ ကျွန်မ ရှင့်ကို စီရင်စုနယ်အရှင်ရာထူး ပေးပါမယ်”
ချင်ချန်စစ်နတ်ဘုရားမသည် စကားပြောပြီးနောက် လင်းလက်ကာ ပျောက်ကွယ်သွား၏။ ယခုတွင် ကျန်းရီ ပို၍ပင် အံ့အားသင့်သွားသည်။ ထိုအလှပဂေးလေးက မည်သည့်စိတ်ကူးပေါက်သွားခြင်းနည်း။ အဘယ်ကြောင့် သူမက သူ့အား ထိုစကားပြောခဲ့ရသနည်း။ အဘယ်ကြောင့် သူမက သူ့ထံတွင် အကြွေးတစ်ခု တင်နေရသနည်း။ ဆောင်းဥတုဘုံကရော မည်သည့်နေရာတွင်နည်း။
ကျန်းရီသည် စီရင်စုနယ်အရှင်ရာထူးကို အရေးမစိုက်ပေ။ တိရှဘုံထဲရှိ စီရင်စုနယ်အရှင်အားလုံးက သူ့အား လေးလေးစားစား ဆက်ဆံပေသည်။ သို့သော် ချင်ချန်စစ်နတ်ဘုရားမ၏ လေသံအရ သူမက အမှန်ပင် အရေးပါသူတစ်ယောက်ဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။ သူမက သူ့အား စီရင်စုနယ်အရှင်ရာထူးကို အလွယ်တကူ ပေးနိုင်သည်ကို ကြည့်လျှင် သူမသည် ဘုံအရှင်၏ အိမ်တော်မှ ဖြစ်ရပေမည်။
‘ထားလိုက်ပါတော့... ငါ့အတွက် အဲ့ဒါတွေကို အရေးမပါပါဘူး’
ကျန်းရီ ခေါင်းခါလိုက်ပြီး အတွေးအားလုံးကို မောင်းထုတ်လိုက်သည်။ သူ့တွင်လည်း အချိန်သိပ်မကျန်တော့ပေ။ ကျန်သေးသော အချိန်ကို သူ တန်ဖိုးထားရပေမည်။ ထို့ကြောင့် သူ စိတ်တည်တည်ငြိမ်ငြိမ်ထားကာ သူ့ခေါင်းထဲမှ အချက်အလက်အားလုံးကို စုစည်းလိုက်သည်။ သူ ထိုကောင်းကင်စမ်းရေစည်းချက်ကို လိုက်ရှာရပေမည်။
ကျန်းရီသည် ကောင်းကင်စမ်းရေစည်းချက်ကို ရှာမတွေ့သော်လည်း တစ်စုံတစ်ခုကို အမှတ်ရသွား၏။ သူက အဆိပ်ဝိညာဉ်ထံမှ ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်ကို သင်ခဲ့သော်လည်း လက်ရှိတွင် အဆင့်မတက်နိုင်ဘဲ တစ်နေပေသည်။ ကြားတွင် ကိစ္စများစွာ ဖြစ်ပွားခဲ့၍ သူ ထိုအတတ်အကြောင်းကို ထပ်မတွေးနိုင်ခဲ့ပေ။ ယခုက ထိုအတတ်ကို ဆက်ကျင့်ကြံရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
ကျန်းရီသည် ကောင်းကင်စမ်းရေစည်းချက်ကိစ္စကို ဘေးဖယ်ထားလိုက်ပြီး ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်လိုက်၏။ နှစ်နာရီကြာပြီးနောက် သူ စိတ်လှုပ်ရှားလာပြီး အလွန်ဝမ်းမြောက်လာသည်။ ဤနယ်မြေထဲတွင် သူ့ဦးနှောက်၏ အလုပ်လုပ်နှုန်းက အလွန်လျင်မြန်ပေသည်။ ယခင်တွင် သူတစ်နေခဲ့သော နေရာကို ဖြတ်ကျော်နိုင်သွားပေပြီ။ ဤနေရာတွင် သူ၏တိုးတက်နှုန်းက လျင်မြန်ပေသည်။ သူ ပုန်းကွယ်ခြင်းအတတ်ကို သေချာပေါက် ကျင့်ကြံနိုင်ပေလိမ့်မည်။
သို့သော်...
ကျန်းရီထံတွင် အချိန်သိပ်မကျန်တော့ပေ။ ပုန်းကွယ်ခြင်းအတတ်က သိသိသာသာ တိုးတက်မလာသေးခင်မှာပင် သူ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။ သူ မူးဝေစွာဖြင့် မျက်လုံးဖွင့်လိုက်၏။ ပထမဆုံး မြင်လိုက်ရသူမှာ သူ့ဘေးတွင်ထိုင်၍ စိတ်ရှည်ရှည်စောင့်ဆိုင်းနေသော လူဟုန်ပင်။ သူ စိတ်ပျက်စွာဖြင့် သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူသာ ဆန်းကြယ်နယ်မြေထဲတွင် နောက်ထပ်နေ့တစ်ဝက် ထပ်နေရမည်ဆိုလျှင် ပုန်းကွယ်ခြင်းအတတ်က ပြီးပြည့်စုံသွားလောက်ပေသည်။
“လူထုရေးရာ မဟာဝန်မင်း”
လူဟုန်လည်း နိုးလာ၏။ သူ ခပ်သွက်သွက် ထရပ်လိုက်ပြီး ကျန်းရီကို တွဲထူပေးလိုက်သည်။ ကျန်းရီသည် ထိုနေရာတွင် စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးနောက် မေးလိုက်၏။
“မြို့ထဲမှာ ဘာကြီးကြီးမားမားကိစ္စမှ မဖြစ်ခဲ့ဘူးမလား”
“ဟုတ်ကဲ့... လူထုရေးရာ မဟာဝန်မင်းရဲ့ နာမည်က တိရှဘုံတစ်ခွင်လုံးမှာ ကျော်ကြားနေတာဆိုတော့ ဘယ်သူက ဝန်မင်းကို ပြဿနာလာရှာရဲမှာပါလဲ”
လူဟုန်သည် အခွင့်အရေးကို အသုံးချ၍ ကျန်းရီကို မျက်နှာလိုမျက်နှာရ လုပ်လိုက်၏။ ထို့နောက် သူ စိတ်ဝင်တစား မေးလိုက်သည်။
“ဝန်မင်း ဒီတစ်ခေါက် အထဲမှာ တစ်ခုခု သိမြင်နားလည်ခဲ့ပါသလား”
“မသေချာဘူး”
ကျန်းရီသည် လူဟုန်ကို မတင်မကျ ဖြေလိုက်ပြီးနောက် သူ့ဘာသာ အပြင်ထွက်သွားလိုက်၏။ လူဟုန်က နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်သည်။ သိမြင်နားလည်ခဲ့လျှင် သိမြင်နားလည်ခဲ့သည်၊ မသိမြင်နားမလည်ခဲ့လျှင် မသိမြင်နားမလည်ခဲ့ဟု ဖြေသင့်သည် မဟုတ်လော။ ထို ‘မသေချာ’ဟူသော အဖြေက မည်သည့်အဓိပ္ပာယ်နည်း။
လူဟုန် ကျန်းရီနောက်သို့ ခပ်သွက်သွက် လိုက်သွားလိုက်ပြီး လေးလေးစားစား တင်ပြလိုက်၏။
“ဟုတ်သား.. ဝန်မင်း... အေးစက်ဆောင်းဦးတိထျန်းက ဒီမှာ ရောက်နေပါတယ်။ သူ ကျန်းအိမ်တော်မှာ စောင့်နေတာ တော်တော်ကြာပါပြီ”
“မိုလင်းချိုးလား”
ကျန်းရီ မျက်ခုံးလှုပ်သွား၏။ မိုလင်းချိုးက ဤသို့ ဘာလာလုပ်ခြင်းနည်း။ သူက ကျန်းရီကိုပင် အကြာကြီး စောင့်နေခဲ့သည်လော။ ကျန်းရီ နတ်သိမ်းငှက်မြို့ဆီသို့ လျင်မြန်စွာ ပျံတက်သွားလိုက်သည်။ မြို့ဂိတ်တံခါးကို စောင့်ကြပ်နေကြသော တိရှတပ်သားများက ကျန်းရီကို တွေ့သောအခါ ဂိတ်တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်ပြီး လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
ကျန်းရီသည် အမြန်ဆုံးအရှိန်ဖြင့် မြို့ထဲဝင်သွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူ့ကို တွေ့သောလူတိုင်းက ဦးညွှတ်ကြပေသည်။ သို့သော် ကျန်းရီထံတွင် သူတို့ကို တုံ့ပြန်နေရန် အချိန်မရှိပေ။ သူသည် ကျန်းအိမ်တော်သို့သာ အမြန်ဆုံးရောက်အောင် သွားနေပေသည်။ သူ အိမ်တော်သို့ ရောက်သွားချိန်တွင် ဟဲဝေက တံခါး၌ ရှိနေ၏။ သူသည် ကျန်းရီကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။
“ကျန်းရီ... နောက်ဆုံးတော့ မင်း ပြန်လာပြီပေါ့။ အရှင်မိုက မင်းကို အကြာကြီး စောင့်နေတာ”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဟဲဝေသည် သူ့ကို မိုရှန်းရှင်း၏ ခြံဝန်းဆီသို့ ခေါ်သွားလိုက်၏။ မိုရှန်းရှင်းနှင့် မိုလင်းချိုးတို့က ခြံဝန်းထဲတွင် ထိုင်၍ လက်ဖက်ရည်သောက်နေကြ၏။ ကျန်းရီ ခပ်သုတ်သုတ်နှင့် ရောက်လာသည်ကို မြင်လိုက်သောအခါ မိုလင်းချိုးက သိမ်မွေ့စွာပြုံးင ပြောလိုက်သည်။
“ကျန်းရီ... မင်းက အခွင့်အရေးကောင်းတစ်ခုကို ဖြုန်းပစ်လိုက်တာပဲ။ မင်းရဲ့ လက်ရှိအဆင့်နဲ့ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ ဝင်ရင် ဘာကိုမှ သိမြင်နားလည်နိုင်မှာ မဟုတ်ဘူး”
ကျန်းရီသည် လက်ဟန်ပြ၍ ဟဲဝေကို ပြန်သွားခိုင်းလိုက်၏။ ထို့နောက် သူ အရှေ့သို့ လျှောက်သွားပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့၍ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော်က ကျွန်တော့်ရဲ့စွမ်းရည်တွေကို တိုးတက်အောင်လုပ်ဖို့ အလျင်လိုနေခဲ့မိတာပါ”
ကျန်းရီသည် သူက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ကောင်းကင်စမ်းရေစည်းချက်ကို ဖမ်းဆုပ်နိုင်ခဲ့ကြောင်း မပြောလိုက်ပေ။ ယင်းက သူ့အတွက်ပင် ထူးဆန်းလွန်းနေသည် မဟုတ်ပါလား။ သူက ထိုစည်းချက်ကို အမှန်တကယ် ဖမ်းဆုပ်နိုင်ခဲ့၊ မနိုင်ခဲ့ကို သံသယရှိနေသည်။ သူသာ အမှန်တကယ် ဖမ်းဆုပ်နိုင်ခဲ့သည်ဆိုလျှင် အဘယ်ကြောင့် သူ့စိတ်ဝိညာဉ်ထဲ၌ မည်သည်ကိုမှ ရှာမတွေ့ရသနည်း။
“စားပိုးနင့်အောင် စားရုံနဲ့ ဝမလာနိုင်ဘူး”
မိုလင်းချိုးနှင့် မိုရှန်းရှင်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကျန်းရီကို စတင် ဆုံးမလိုက်ကြ၏။
“ကျန်းရီ မင်းက ငယ်ပါသေးတယ်။ အထက်ဘုံအချိန်နဲ့ဆိုရင် မင်းက ကလေးပဲရှိဦးမယ်။ မင်းအရှေ့မှာ လမ်းအရှည်ကြီး ကျန်သေးတယ်။ ကျင့်ကြံခြင်းလိုကိစ္စမျိုးကို မင်း လောလို့မရဘူး။ အခု မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်နေတယ်။ မင်း မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားဖြစ်လာရင် ကျင့်ကြံခြင်းမှာ နည်းနည်းလောက်တိုးတက်ဖို့ကို ဆယ်နှစ်၊ နှစ်တစ်ရာ အချိန်လိုတယ်ဆိုတာကို သိလာလိမ့်မယ်။ တချို့တွေဆိုရင် နှစ်ထောင်ချီ ကျင့်ကြံတာတောင် မတိုးတက်နိုင်ကြဘူး”
“ဟုတ်ကဲ့”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ သူ မိုလင်းချိုးနှင့် ငြင်းခုန်မနေလိုသဖြင့် လိုရင်းကိုသာ ပြောလိုက်သည်။
“အရှင်က ဒီကို ဘာအတွက် လာခဲ့တာပါလဲ”
မိုလင်းချိုးက အလွန်အဆင့်အတန်းဖြင့်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ကိစ္စကြီးကြီးမားမား မရှိလျှင် သူကိုယ်တိုင် ရောက်လာမည် မဟုတ်ပေ။ ထို့ကြောင့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့ပြီဟု ကျန်းရီ တွေးနေမိသည်။
မိုလင်းချိုးသည် စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“ကိစ္စနှစ်ခုအတွက်ပဲ...”
“ပထမတစ်ခုက...”
မိုလင်းချိုး ဆက်ပြောသည်။
“မကြာသေးခင်တုန်းက ငါ ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ လူတစ်ယောက် စေလွှတ်ခဲ့တယ်။ အဲ့မှာ အကုန်လုံး ပုံမှန်ပဲဆိုတော့ မင်း စိတ်အေးအေးနေလို့ ရပါတယ်။ ကျန်နေသေးတဲ့ တမလွန်ဘုံအင်အားစုတွေကို အကုန်လုံးကိုလည်း ရှင်းပစ်ပြီးပါပြီ။ ငါ့လူတွေက အဲ့မှာ ကောင်းကင်အထိမ်းအမှတ် ဆယ်ခု ချန်ပေးခဲ့တယ်။ အဲ့အထိမ်းအမှတ်တစ်ခုစီမှာ စည်းမျဉ်းတစ်ခုစီ ပါတယ်။ သူတို့က စွမ်းအားကြီး ဝိညာဉ်ချိတ်ဆက်အစီအရင်တစ်ခုလည်း တည်ဆောက်ပေးခဲ့တယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကလူတွေက ဒီကို တက်လာကြလိမ့်မယ်...”
“မင်းရဲ့ မိန်းမတွေကလည်း တော်တော်လေး ပါရမီပါကြတာပဲ။ သူတို့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ ပြီးတော့ သူတို့ တက်လှမ်းလာတဲ့အခါကျ တိရှဘုံကိုပဲ တက်လှမ်းလာမှာ။ အဲ့ကျရင် ငါ့လူတွေက သူတို့ကို သွားခေါ်ပေးလိမ့်မယ်”
“ဟာ... ကျေးဇူးတင်ပါတယ် အရှင်”
ကျန်းရီ အလွန်ဝမ်းမြောက်သွားသည်။ သူသည် မိုလင်းချိုးအား ဖက်၍ နှုတ်ခမ်းကို မနမ်းမိအောင် စိတ်တင်းထားရပေသည်။ မိုလင်းချိုးက သူ့ကို မျက်နှာလုပ်နေခြင်းဖြစ်ကြောင်း သူ သိသော်လည်း ထိုကျေးဇူးက အလွန်ကြီးလွန်းပေသည်။
“ဟုတ်သား...”
ကျန်းရီသည် တစ်စုံတစ်ခုကို တွေးမိသွား၍ မိုလင်းချိုးကို မေးလိုက်၏။
“အရှင်... အရှင်က အနိမ့်ဘုံကို လူတွေ စေလွှတ်နိုင်မှတော့ ကျွန်တော် အဲ့ကို တစ်ခေါက်လောက် အလည်သွားလို့ ရမလား”
“မရဘူး”
မိုလင်းချိုးက ခေါင်းခါ၍ ဖြေသည်။
“မင်းက တိရှစစ်တပ်က မဟုတ်ဘူး။ တိရှဘုံရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေအရ ငါ့မှာ အဲ့လိုလုပ်ပေးဖို့ အခွင့်အာဏာမရှိဘူး။ ဒါပေမဲ့ မင်း တိရှအရှင်ကို တောင်းဆိုမယ်ဆိုရင်တော့ သူက ခွင့်ပြုပေးလောက်ပါတယ်”
“တိရှအရှင်ကို တောင်းဆိုရမှာလား”
ကျန်းရီ ခေါင်းကုတ်လိုက်၏။ သူသည် လူများအပေါ် အကြွေးများစွာတင်ရသည်ကို သဘောမကျပေ။ အခြားလူများအား တောင်းဆိုရမည်ကိုလည်း သူ မုန်းသည်။ ထို့ကြောင့် သူ ခေတ္တမျှတွေးတောပြီး ထပ်မေးလိုက်သည်။
“ကျွန်တော့်ဘာသာရော အနိမ့်ဘုံကို သွားလို့မရဘူးလား”
“ရတယ်...”
မိုလင်းချိုးက ယုံကြည်မှုရှိရှိ ဖြေ၏။
“မင်း နတ်ဘုရားအမြစ် သန်းသုံးဆယ်တော့ လိုလိမ့်မယ်”
“အို့...”
ကျန်းရီ ရင်ခုန်မြန်သွား၏။ အတိတ်တွင်ဆိုလျှင် သန်းဆယ်ချီသော နတ်ဘုရားအမြစ်ကို ရနိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် ယခု သူ၏အဆင့်အတန်းအရ နတ်ဘုရားအမြစ်များကို အလွယ်တကူ ရနိုင်လောက်သည်။ သူ စိတ်ထဲမှနေ၍ တွက်ချက်ကြည့်လိုက်၏။ သူ ပိုအင်အားကြီးလာပြီး တာဝန်များကို ပိုလက်ခံလိုက်လျှင် နတ်ဘုရားအမြစ်များစွာ စုဆောင်းနိုင်ပေလိမ့်မည်။ ထိုအခါ သူ အနိမ့်ဘုံသို့ သွားရန် တွေးတောနိုင်ပေပြီ။
ကျန်းရီသည် သူ၏ခံစားချက်များကို တည်ငြိမ်အောင် လုပ်၍ ဆက်မေးလိုက်သည်။
“ဒုတိယကိစ္စက ဘာပါလဲ”
မိုလင်းချိုးက ထပ်မံ၍ သိမ်မွေ့စွာ ပြုံးလိုက်၏။
“ဆယ်ရက်နေပြီရင် အထက်ဘုံမှာ ဘုံတစ်သောင်းပြိုင်ပွဲ ကျင်းပလိမ့်မယ်။ အထက်ဘုံထဲက ဘုံတိုင်းက သူတို့ရဲ့ ပါရီရှင်လူငယ်တွေကို စေလွှတ်ပြီး ယှဉ်ပြိုင်ခိုင်းလိမ့်မယ်။ ငါက မင်းအတွေ့အကြုံရအောင် မင်းကို အဲ့ပြိုင်ပွဲဆီ ခေါ်သွားမလို့”
“ကျွန်တော်လား”
ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ထို့နောက် သူ ခပ်သွက်သွက် ခေါင်းခါကာ ပြောလိုက်သည်။
“အထက်ဘုံက ပါရမီရှင်လူငယ်တွေ ယှဉ်ပြိုင်တိုက်ခိုက်ကြမှာဆိုတော့ ကျွန်တော့်ရဲ့ လက်ရှိစွမ်းရည်နိုင်ဆို ဘယ်လိုမှ နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်က တိရှဘုံကို အရှက်ရစေပါလိမ့်မယ်”
အထက်ဘုံတွင် အသက်နှစ်ဆယ်အောက်ကို လူငယ်ဟု သတ်မှတ်သည်။ အထက်ဘုံမှ နှစ်နှစ်ဆယ်မှာ အနိမ့်ဘုံတွင် နှစ်နှစ်ထောင်ပင်။ အထက်ဘုံတွင် ပါရမီရှင်လူငယ်များဟု သတ်မှတ်ခံရသူများသည် အမှန်ပင် ပါရမီထူးသူများ ဖြစ်ကြပေသည်။ သူတို့က ဘွဲ့ထူးရစစ်နတ်ဘုရားများ မဖြစ်သေးလျှင်ပင် အနိမ့်ဆုံး စစ်နတ်ဘုရားအဆင့်တွင်တော့ ရှိနေလောက်သည်ဟု ကျန်းရီ ခန့်မှန်းသည်။ သူက ထိုသူများနှင့် တိုက်ခိုက်မည်ဆိုလျှင် ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်နေပေလိမ့်မည်။ ထို့ပြင် သူသည် အပျော်အတွက် တိုက်ခိုက်ခြင်းမျိုးကို သဘောမကျပေ။
“ဟင်းဟင်း...”
မိုလင်းချိုးနှင့် မိုရှန်းရှင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ခပ်ရေးရေး ပြုံးလိုက်ကြ၏။ မိုလင်းချိုးက စနောက်လိုက်သည်။
“ဒီတစ်ခေါက် မင်းလိုက်လာလည်း ငါက မင်းကို တိုက်ခိုက်ခိုင်းမှာ မဟုတ်ပါဘူး။ ငါက မင်းအတွေ့အကြုံရအောင် လိုက်ကြည့်ခိုင်းရုံပါပဲ။ ဒါပေမဲ့ မင်းက မလိုက်ချင်မှာတော့... ထားလိုက်ပါတော့။ ငါက မင်းကို သူတော်စင်ဝိညာဉ်ဘုံရဲ့ သူတော်စင်ဝိညာဉ်တောင်က ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ မြင်စေချင်လို့ ခေါ်သွားဖို့ လုပ်ခဲ့တာ”
“ဗျာ...”
ကျန်းရီသည် မိုလင်းချိုး၏ နောက်ဆုံးစကားကို ကြားလိုက်သောအခါ မျက်လုံးပြူးသွား၏။ ထို့နောက် သူ အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“အရှင် ဘာပြောလိုက်တာ... သူတော်စင်ဝိညာဉ်တောင်ဟုတ်လား။ ပြိုင်ပွဲက သူတော်စင်ဝိညာဉ်တောင်မှာ ကျင်းပမှာလား”
***