လိုအပ်သည်ကို ကူညီခြင်း
Vol. 104 Ch. 1443
“ဟုတ်တယ်”
မိုလင်းချိုးက မသိချင်ယောင်ဆောင်၍ မေး၏။
“ဒီဘုံတစ်သောင်းပြိုင်ပွဲက ဆယ်နှစ်တစ်ကြိမ် ကျင်းပတာ။ ကျင်းပတိုင်းလည်း အမြဲ သူတော်စင်ဝိညာဉ်ဘုံမှာ ကျင်းပခဲ့တာပဲ။ အဲ့ဒါက ပြဿနာရှိလို့လား”
“မရှိပါဘူး”
ကျန်းရီ တံတွေးမျိုချ၍ လေးလံသော အသံဖြင့် ပြောလိုက်၏။
“အရှင်မို... ကျွန်တော် သူတော်စင်ဝိညာဉ်တောင်ကို သွားချင်နေခဲ့တာ ကြာပါပြီ။ အရှင်သာ အစောက အဲ့လိုပြောခဲ့ရင် ကျွန်တော်က အရှင်နဲ့လိုက်ခဲ့ဖို့ ချက်ချင်း သဘောတူလိုက်မှာပေါ့”
“ဟားဟားဟား...”
မိုလင်းချိုးနှင့် မိုရှန်းရှင်းတို့က တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်၍ ကျယ်လောင်စွာ ရယ်လိုက်ကြ၏။ မိုလင်းချိုးက ကျန်းရီကို ဆက်စသည်။
“မင်းက သူတော်စင်ဝိညာဉ်တောင်အောက်မှာ လူတစ်ယောက်ကို သွားရှာချင်တာမလား”
“အာ...”
ကျန်းရီသည် မိုလင်းချိုးက ထိုအကြောင်းကို သိနေခဲ့ပြီးဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် ပြန်တွေးကြည့်သောအခါ မိုလင်းချိုးက ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ လူစေလွှတ်ခဲ့သည်။ ထို့ကြောင့် ရီဖျောင်ဖျောင်အကြောင်းကို သူ အလွယ်တကူ သိသွားနိုင်ပေသည်။ ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော့်အမေက ရီဖျောင်ဖျောင်ပါ။ အခု သူက သူတော်စင်ဝိညာဉ်တောင်အောက်မှာ အဖိခံထားရပါတယ်”
“ကျန်းရီ...”
မိုလင်းချိုး၏ မျက်နှာထားက တည်သွား၏။
“ငါ မင်းကို သူတော်စင်ဝိညာဉ်ဘုံဆီ ခေါ်သွားပေးနိုင်တယ်။ ဒါပေမဲ့ မင်း မဆင်မခြင် မလုပ်ပါဘူးလို့တော့ ကတိပေးရမယ်။ မင်းအမေ လုပ်ခဲ့တဲ့ကိစ္စကို အထက်ဘုံတစ်ခုလုံး သိကြတယ်။ ပြီးတော့ မင်းရဲ့အဘိုးက အတော်လေး ဒေါသထွက်နေတုန်းပဲ။ သူက သူ့ဂုဏ်သိက္ခာတစ်ခုလုံး ပျက်စီးသွားပြီလို့ ခံစားနေရတာ။ အခုအထိ သူ စိတ်ပြေလိမ့်ဦးမယ်လို့ ငါ မထင်ဘူး။ မင်း သွားကြည့်နိုင်ပေမဲ့ မင်းဘယ်သူဆိုတာကိုတော့ ထုတ်ပြလို့ မဖြစ်ဘူး.. နားလည်လား။ မဟုတ်ရင် မင်း မင်းရဲ့အမေကို မကယ်နိုင်ရုံတင်မကဘူး မင်းပါ ဘုံထဲက မောင်းထုတ်ခံရလိမ့်မယ်။ မင်းအမေလည်း ပိုဆိုးတဲ့ အပြစ်ဒဏ်တွေကို ခံသွားရနိုင်တယ်”
ကျန်းရီ၏ အကြည့် မည်းမှောင်သွား၏။ အဆိပ်ဝိညာဉ်ကလည်း သူ့ကို ထိုသို့ပင် ပြောခဲ့သည်။ လက်ရှိ သူ၏အင်အားအရ သူမည်သူဖြစ်ကြောင်း ထုတ်ဖော်ပြလိုက်လျှင် သူတော်စင်ဝိညာဉ်ဘုံမှ လူများ၏ သတ်ဖြတ်မှုကို ခံရနိုင်သည်။ ဤတစ်ခေါက်တွင် မိုလင်းချိုးက သူ့ကို သူတော်စင်ဝိညာဉ်ဘုံသို့ ခေါ်သွားပေးမည်ဖြစ်သဖြင့် သူ့အကြောင်းသာ ပေါ်သွားလျှင် မိုလင်းချိုးလည်း ပြဿနာတက်သွားနိုင်ပေသည်။
ကျန်းရီ ခေါင်းငုံ့၍ အတော်ကြာအောင် နှုတ်ဆိတ်သွား၏။ နောက်ဆုံးမှ သူ မော့ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“အရှင်မို... ကျွန်တော့်အမေကို ကယ်နိုင်ဖို့ ကျွန်တော် ဘာလုပ်ရမလဲ”
“ပိုသန်မာလာရမယ်”
မိုလင်းချိုးက ပြတ်သားစွာ ဖြေသည်။
“မင်း ပိုသန်မာလာပြီး မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား ဒါမှမဟုတ် ဘွဲ့ထူးရစစ်နတ်ဘုရားတစ်ယောက် ဖြစ်လာမှ မင်းရဲ့အဘိုးက မင်းကို လက်ခံလိမ့်မယ်။ အဲ့ကျရင် သူက မင်းအမေကို စောစောလွှတ်ပေးဖို့လည်း သဘောတူလောက်မှာပါ။ သူ သဘောမတူရင်လည်း မင်းက အုပ်ချုပ်သူအဆင့်ကို ရောက်တဲ့အထိ ကျင့်ကြံပြီး မင်းအမေကို အတင်းကယ်နိုင်တာပဲ.. မဟုတ်ဘူးလား”
“ဟုတ်ပါတယ်”
မိုလင်းချိုးကြောင့် ကျန်းရီ စိတ်အားတက်ကြွလာသည်။ သူ၏မျက်ဝန်းများလည်း လင်းလက်သွားသည်။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။
“သူတို့က အမေ့ကို လွှတ်မပေးရင် ကျွန်တော် တိုက်ခိုက်မယ်။ ကျေးဇူးတင်ပါတယ် အရှင်... အရှင့်ရဲ့ ကျေးဇူးကို စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး”
ကျန်းရီ မိုလင်းချိုးကို အလေးအနက် ဦးညွှတ်လိုက်သည်။ မိုလင်းချိုးရော မိုရှန်းရှင်းပါ သဘောကျစွာ ပြုံးလိုက်ကြသည်။ မိုလင်းချိုး၏ လာရင်းရည်ရွယ်ချက်က အထမြောက်သွားပေပြီ။ သူ ကျန်းရီအပေါ် ကျေးဇူးကြီးကြီးပြုလိုက်နိုင်ပေပြီ။ ယခုမှစ၍ ကျန်းရီသည် မိုလင်းချိုးအပေါ် ထာဝရ ကျေးဇူးတင်နေပေတော့မည်။
ကျန်းရီကို မြှောက်ပင့်စကားများ၊ လက်ဆောင်ပဏာများနှင့် မျက်နှာလုပ်နေမည့်အစား သူ အမှန်တကယ် အကူအညီလိုနေသောနေရာတွင် ကူညီလိုက်ခြင်းက များစွာပို၍ အသုံးဝင်ပေသည်။ တိရှအရှင်က ကျန်းရီကို အရေးပေးသည်။ ယခု မိုလင်းချိုးတို့က ကျန်းရီ အာဏာရမလာခင်တွင် ကျန်းရီအပေါ် ကျေးဇူးပြုနိုင်လိုက်ပြီဖြစ်၍ ကျန်းရီသည် ထိုကျေးဇူးတရားကို ရင်ထဲ၌ မှတ်သားထားတော့မည်ဖြစ်သည်။ ကျန်းရီ အာဏာရပြီးခါမှ သူတို့ ကူညီမည်ဆိုလျှင် ယင်းက ကျန်းရီအတွက် အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။
မိုလင်းချိုးသည် သူအလိုရှိသည်ကို ရလိုက်ပြီဖြစ်၍ ပြန်ရန် ဟန်ပြင်၏။ သူသည် မပြန်ခင်တွင် ကျန်းရီကို ပြောခဲ့သည်။
“ကျန်းရီ... မင်းရဲ့ အတွင်းအားက နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်ကို ရောက်နေပြီမလား။ ဆယ်ရက်အချိန်ရပါသေးတယ်။ ကောင်းကောင်းကျင့်ကြံပါ။ အချိန်ကျလာရင် ရှန်းရှင်းက မင်းကို တိရှမြို့ဆီ ခေါ်သွားပါလိမ့်မယ်။ တိရှမြို့ကိုရောက်မှ ငါတို့အတူ သူတော်စင်ဝိညာဉ်ဘုံကို သွားကြတာပေါ့”
မိုလင်းချိုး ထွက်သွား၏။ ကျန်းရီ၏ စိတ်ကမူ ရှုပ်ထွေး၍ ကျန်ခဲ့သည်။ သူ၏ခံစားချက်များကလည်း ဗြောင်းဆန်နေပေသည်။
ကျန်းရီ သူတော်စင်ဝိညာဉ်ဘုံသို့ သွားလိုနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူက သူတော်စင်ဝိညာဉ်ဘုံသို့ သွား၍ ရီဖျောင်ဖျောင်ကို သွားရှာသည်ဟုလည်း အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူးသည်။ ယခု ထိုအိပ်မက်က လက်တွေ့ဖြစ်လာတော့ပေမည်။ ထို့ကြောင့် ကျန်းရီ မည်သို့ခံစားနေရမည်ကို တွေးကြည့်နိုင်ပေသည်။
ကျန်းရီသည် မြောက်ပိုင်းမြစ်မြို့မှ ပြန်ရောက်လာပြီးကတည်းက သူတော်စင်ဝိညာဉ်ဘုံကို ချက်ချင်းသွားရန် တွေးခဲ့သည်။ သူ့တွင် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲအလောင်းတစ်လောင်း ရှိနေသည်။ ထိုအလောင်းက အလွန်အဖိုးတန်သည်။ သူသာ ၎င်းကို ရောင်းလိုက်လျှင် အနည်းဆုံး နတ်ဘုရားအမြစ်ဆယ်သန်းလောက် ရလိမ့်မည်ဟု သူ ယုံကြည်သည်။ ထို့ပြင် ဤတစ်ခေါက်တွင် လူများစွာကလည်း သူ့အား လက်ဆောင်များ ပေးခဲ့ကြသည်။ ထို့ကြောင့် သူ့အတွက် နတ်ဘုရားအမြစ်များ စုဆောင်းရန် မခက်ခဲတော့ပေ။ သူ့တွင် အလုံအလောက်မရှိလျှင်ပင် မိုလင်းချိုးနှင့် အခြားသူများထံ အကူအညီတောင်းနိုင်သေးသည်။ သို့ဆိုလျှင် သူ သူတော်စင်ဝိညာဉ်ဘုံသို့ တည်နေရာပြောင်းရွှေ့နိုင်မည်သာ။
သို့သော် နောက်ဆုံးတွင် ကျန်းရီ ထိုအကြံကို ခေါင်းထဲမှ ထုတ်ပစ်ခဲ့သည်။ သူ၏လက်ရှိအင်အားနှင့် သူတော်စင်ဝိညာဉ်ဘုံသို့ သွားလျှင် သူ သေချာပေါက် အသတ်ခံရလိမ့်မည်ဟု အဆိပ်ဝိညာဉ်က ပြောခဲ့သည်။ သူ အသတ်မခံရလျှင်ပင် ရီဖျောင်ဖျောင်က ပို၍အပြစ်ဒဏ်ခံရမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီ မသွားဝံ့ခဲ့ခြင်းပင်။
ယခုတွင်မူ ကျန်းရီ၌ အခွင့်အရေးတစ်ခု ရှိလာပေပြီ။ သူက မိုလင်းချိုးနှင့်အတူ သူတော်စင်ဝိညာဉ်ဘုံသို့သွား၍ သူတော်စင်ဝိညာဉ်တောင်ကို ကြည့်နိုင်ပေလိမ့်မည်။ သူ ရီဖျောင်ဖျောင်နှင့် တွေ့နိုင်မည့် နည်းလမ်းတစ်ခုကိုလည်း တွေးတောနိုင်သည်။ ထိုအရာအားလုံးကို တွေးကြည့်ရုံဖြင့်ပင် ကျန်းရီ စိတ်လှုပ်ရှားလာပေသည်။
မွေးကတည်းက မိခင်ကို မမြင်ခဲ့ဖူးသူတစ်ယောက်သည် သူ့မိခင်အပေါ် သံယောဇဉ်သိပ်ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ရီဖျောင်ဖျောင်က မတူပေ။ ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ မည်သည့်နေရာသို့သွားသွား ရီဖျောင်ဖျောင်က သူ့အတွက် မည်မျှစဉ်းစားလုပ်ဆောင်ပေးခဲ့ကြောင်း၊ မည်မျှအနစ်နာခံခဲ့ကြောင်းများကို ခံစားနိုင်ပေသည်။ သူမ သူ့အတွက် ချန်ခဲ့သော အစီအစဉ်များနှင့် သူမ၏ သူ့အပေါ်ထားသော နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာကို သူ ခံစားနိုင်သည်။
ကြယ်တံခွန်ကျွန်းပေါ်မှ ရုပ်တုနှင့် ထိုသစ်သားရုပ်တုထဲရှိ ပုံရိပ်က ကျန်းရီ၏ ရီဖျောင်ဖျောင်အပေါ် အမြင်ကို ရှင်းလင်းပေးခဲ့သည်။ ရီဖျောင်ဖျောင်က အရာများစွာ ချန်ခဲ့သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် သူမ၏ ခြေရာများ၊ ဇာတ်လမ်းများနှင့် ပြည့်နှက်နေသည်။ ယင်းတို့က ကျန်းရီကို သူ၏အမေအပေါ် နက်နက်ရှိုင်းရှိုင်း လေးစားချစ်ခင်လာစေသည်။ နောက်ဆုံးတွင် ထိုခံစားချက်များက နက်ရှိုင်းသောတမ်းတမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
နောက်ပိုင်းတွင် ကျန်းရီသည် ရီဖျောင်ဖျောင်က ကျန်းရီနှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်တို့ကြောင့် သူမမျိုးနွယ်၏ အပြစ်ပေးမှုကို ခံနေရကြောင်း သိခဲ့ရ၏။ သူမက နတ်ဘုရားတောင်တစ်လုံးအောက်တွင် နှစ်တစ်ထောင်ကြာ ဖိနှိပ်ခံထားရမည်ဖြစ်သည်။ ယင်းက ကျန်းရီကို အလွန်နာကျင်စေသည်။ ရီဖျောင်ဖျောင်၏ အခြေအနေက အလွန်ဆိုးဝါးနေသည်။ ရီဖျောင်ဖျောင်ကို ကယ်တင်နိုင်ရန် သူ ဓားတစ်ချောင်းကို ကိုင်ဆွဲ၍ သတ်ရမည့်သူတိုင်းကို သတ်ပစ်လိုခဲ့ပေသည်။
“ဆယ်ရက်... အမေ နောက်ဆယ်ရက်နေရင် ကျွန်တော် သူတော်စင်ဝိညာဉ်ဘုံကို လာနိုင်ပြီ။ အမေ့ကို ကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခုကို ကျွန်တော် သေချာပေါက် ရှာမှာပါ”
ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်ပြီး မိုရှန်းရှင်း၏ ခြံဝန်းထဲမှ ခပ်သွက်သွက် ထွက်သွားလိုက်၏။ သူသည် တပ်မှူးလျှိုနှင့် ရှောင်လန်တို့ကိုပင် သွားမတွေ့လိုက်ဘဲ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ချက်ချင်းပြန်၍ အဆတစ်ထောင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ ဝင်လိုက်သည်။
အထက်ဘုံအချိန်ဆယ်ရက်ဆိုသည်မှာ အလွန်ကြာသောအချိန်တစ်ခုပင်။ အနိမ့်ဘုံတွင်ဆိုလျှင် ထိုအချိန်က တစ်နှစ်လောက်နှင့် ညီပေလိမ့်မည်။ ကျန်းရီ ထိုအချိန်ကို ဖြုန်းမပစ်နိုင်ပေ။ သူသည် ထိုဆယ်ရက်အတွင်း အခန်းအောင်းကျင့်ကြံ၍ သူ့ကောင်းကင်စွမ်းအားကို နတ်ဘုရားဘုရင်အဆင့်သို့ မြှင့်တင်လိုနေပေသည်။ တစ်ချိန်တည်းမှာလည်း သူ ပုန်းကွယ်ခြင်းအတတ်ကို ဆက်ကျင့်ကြံကာ ကောင်းကင်စမ်းရေစည်းချက်ကို ရှာလိုပေသည်။
ကျန်းရီက အဆတစ်ထောင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင် ကျင့်ကြံနေသော်လည်း ယခု သူ၏တိုးတက်နှုန်းက ရှေဦးဆန်းကြယ်နယ်မြေထဲ သို့မဟုတ် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှ တိုးတက်နှုန်းနှင့် မယှဉ်နိုင်ပေ။ သူ၏ ပုန်းကွယ်ခြင်းအတတ်ကို မြှင့်တင်နိုင်ရန် အချိန်များစွာ ယူနေရပေသည်။ ထို့ကြောင့် သူ အတော်ကြာအောင် တွေးတောလိုက်ပြီး ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကို တိုက်ပွဲအမှတ်များနှင့်လဲ၍ ရှေးဦးဆန်းကြယ်နယ်မြေထဲ ထပ်ဝင်ရန်ပင် စဉ်းစားလိုက်မိ၏။
သို့သော် နောက်ဆုံးတွင် ရူးမိုက်သည့် လုပ်ရပ်မျိုး မလုပ်ရန် ကျန်းရီ ဆုံးဖြတ်လိုက်သည်။ ထိုဟွင့်သွမ့်သားရဲအလောင်းက အလွန်အဖိုးတန်လွန်းသည်။ သူ ၎င်းကို သိမ်းထားရပေမည်။ နောင်တွင် ၎င်းက သူ့အတွက် အသုံးဝင်လာနိုင်သည်။ သို့ဖြင့် သူ စိတ်ကို ပြန်တည်ငြိမ်အောင် လုပ်ကာ ဆက်၍ကျင့်ကြံလိုက်သည်။ သူသည် အခြားမည်သည့်အရာကိုမှ အရေးစိုက်မနေတော့ဘဲ ကျင့်ကြံခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းတို့အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်လေသည်။
***
အချိန်အတော်ကြာ ကျင့်ကြံပြီးနောက်...
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျန်းရီသည် အထက်ဘုံ၏ ရှည်လျားသော နေ့ရက်များနှင့် အသားကျလာပြီဖြစ်သည်။ အထက်ဘုံမှ သိုင်းသမားများအတွက် တစ်ကြိမ် အခန်းအောင်းကျင့်ကြံလျှင် လချီ၊ နှစ်ချီ ကျင့်ကြံကြသည်မှာ ပုံမှန်သာဖြစ်သည်။ နတ်ဘုရားအဆင့်သို့ ရောက်လာသည့် သိုင်းသမားများ၏ သက်တမ်းက အလွန်ရှည်လျားနေပြီးဖြစ်သည်။ ထို့ကြောင့် အနိမ့်ဘုံမှ သေမျိုးများက အထက်ဘုံမှ သိုင်းသမားများကို မသေမျိုးများအဖြစ် ရည်ညွှန်ကြခြင်းပင်။
ခြောက်ရာကြာ ကျင့်ကြံပြီးနောက် ကျန်းရီ၏ ကောင်းကင်စွမ်းအားက စတင် ပြောင်းလဲလာ၏။ ကောင်းကင်စွမ်းအားများက သိသိသာသာ သိပ်သည်းလာကာ နတ်ဘုရားဘုရင်အဆင့်သို့ ရောက်သွားသည်။ သို့သော် ယင်းမှာ ယခုမှစ၍ သူ၏ ကျင့်ကြံမှုတိုးတက်နှုန်းက အဆတစ်ထောင်ပို၍ နှေးသွားတော့မည်ဆိုသော အဓိပ္ပာယ်လည်းဖြစ်သည်။ ပိုမြင့်သောအဆင့်သို့ ရောက်လာလေလေ၊ အထက်သို့ ဆက်တက်ရန် ပိုခက်ခဲလာလေလေပင်။ သူ၏ကောင်းကင်စွမ်းအားကို မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ မြှင့်တင်လိုလျှင်၊ ထိုသို့ မြှင့်တင်ရာတွင်လည်း ဆန်းကြယ်နယ်မြေတစ်ခုထဲဝင်၍ မကျင့်ကြံနိုင်လျှင် ထိုအဆင့်သို့ရောက်ရန် အချိန်မည်မျှ ကြာလိမ့်မည်ကို သူ မသိပေ။
ကိုးရက်မြောက်နေ့တွင် ကျန်းရီသည် ပုန်းကွယ်ခြင်းအတတ်တွင် သိသိသာသာ တိုးတက်အောင် လုပ်နိုင်ခဲ့သည်။ သူ စိတ်ဝိညာဉ်ဆေးပင်အချို့ကိုလည်း အသုံးပြုခဲ့၏။ သို့သော် ထိုဆေးပင်များက အဆင့်နိမ့်လွန်းသဖြင့် သူ့စိတ်ဝိညာဉ်ကို များစွာမသန်မာလာစေခဲ့ပေ။ ထို့ကြောင့် သူ့စိတ်ဝိညာဉ်က နတ်ဘုရားစစ်သူကြီးအဆင့်တွင်သာ တစ်နေလေသည်။
ကျန်းရီသည် သူ၏ကောင်းကင်စွမ်းအားနှင့် ပုန်းကွယ်ခြင်းအတတ်တို့၏ တိုးတက်မှုအပေါ် အတော်လေး ကျေနပ်နေ၏။ သို့သော် သူ မကျေနပ်သောအရာတစ်ခုလည်း ရှိသည်။ ယင်းမှာ ကောင်းကင်စမ်းရေစည်းချက်ပင်။ သူ ၎င်းကို နေ့တိုင်းရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ သူ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေသို့ သွားခဲ့သည်က အိပ်မက်တစ်ခုဖြစ်ပြီး စောင့်ကြပ်သူကလည်း သူ့ကို လိမ်ညာခဲ့သကဲ့သို့ပင်။
ဆယ်ရက်မြောက်နေ့သို့ မရောက်ခင်တွင် ကျန်းရီ အခန်းအောင်းကျင့်ကြံနေရာမှ ထွက်လိုက်သည်။
ကျန်းရီ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲမှ ထွက်လိုက်သောအခါ မိုရှန်းရှင်းက တစ္ဆေတစ်ကောင်ကဲ့သို့ လွင့်မျောလာ၏။ သူ ခပ်သဲ့သဲ့ပြုံး၍ ကျန်းရီကို ကြည့်လိုက်သည်။
“စီစဉ်စရာရှိတာတွေကို စီစဉ်လိုက်။ ခဏနေရင် ငါတို့ တိရှမြို့ကို သွားကြမယ်။ ပြိုင်ပွဲကိုသွားမဲ့ တိရှဘုံက ပါရမီရှင်တွေ အဲ့မှာ စုဝေးနေကြပြီ။ သူတို့အကုန်လုံးက မင်းကို စောင့်နေကြတာ...”
***