ငွေမိစ္ဆာမျက်နှာဖုံး
Vol. 104 Ch. 1444
တိရှရဲတိုက်၏ ဘေးဆောင်တစ်ခုထဲတွင် ပါရမီရှင်အချို့ စိတ်မရှည်နိုင် ဖြစ်လာကြ၏။ မိုလင်းချိုးကမူ အေးအေးလူလူဖြင့် လက်ဖက်ရည်သောက်နေ၏။ သူ့တစ်ဘက်တစ်ချက်စီတွင် အဝတ်အစား သားနားစွာ ဝတ်ဆင်ထားကြပြီး ရုပ်ရည်ချောမောခံ့ညားကြသော ယောက်ျားပျို၊ မိန်းမပျိုများရှိနေကြသည်။ သူ့ဘယ်ဘက်တွင် အနက်ရောင်ဂါဝန် ဝတ်ဆင်ထားသည့် အလွန်ဆွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်သွယ်လျသော အမျိုးသမီးတစ်ယောက် ရှိနေ၏။ ထိုအမျိုးသမီးက ရွှမ်ယွမ်လင်းယန်ထက်ပင် ပိုလှပေသည်။ ဂါဝန်အောက်မှနေ၍ သူမ၏ ဖြူဝင်းသွယ်လျသော ခြေတံတစ်ပိုင်းတစ်စ ထွက်ပေါ်နေသည်။ ထို့ကြောင့် ယောက်ျားပျိုများက အတော်လေး သဘောကျနေကြပေသည်။
ထိုအမျိုးသမီးက မည်သို့ ဝတ်စားရမည်ကို ကောင်းကောင်းသိပေသည်။ သူမ၏ ဂါဝန်ကို မည်သည့်အထည်စဖြင့် လုပ်ထားကြောင်း မည်သူမှ မသိသော်လည်း ၎င်းက အလွန်ထင်ရှားနေသည်။ သူမ၏ ရင်ဘတ်အရှေ့တွင် ပုလဲကုံးတစ်ကုံးကလည်း တွဲရရွဲကျနေရာ အနက်ရောင်ဂါဝန်နှင့် အလွန်လိုက်ဖက်နေပေသည်။ သူမ၏ နားပေါက်များတွင်လည်း ခရမ်းရောင်ပုလဲနားကပ်များ ပန်ဆင်ထားသည်။ သူမ၏ ဆံပင်ကို စုစည်းချည်နှောင်ထားရာ ကျောက်စိမ်းကဲ့သို့ လည်တိုင်ကျော့ကျော့ကို မြင်နေရ၏။ သူမ၏ အငွေ့အသက်က အလွန်ကြော့ရှင်းကာ ဂုဏ်ကျက်သရေရှိနေပေသည်။
သို့သော် ထိုအမျိုးသမီးထံတွင် ရွှမ်ယွမ်လင်းယန်ကဲ့သို့ ဝင့်ဝါသော အငွေ့အသက်တစ်ခုလည်း ရှိနေ၏။ သူမသာမဟုတ် အခန်းထဲတွင် ထိုင်နေကြသော အခြားလူလေးယောက်ထဲတွင် ငယ်ရွယ်သော ယောက်ျားပျိုသုံးယောက်ထံတွင်လည်း တူညီသော ဝင့်ဝါမှု ရှိနေသည်။ သူတို့က သူတို့ကိုယ်သူတို့ မြေပြင်ကို အလင်းပေးသော လမင်းကဲ့သို့ တွေးကြပြီး သာမန်သေမျိုးလေးများက သူတို့အနား ကပ်ခွင့်မရှိဟု တွေးကြပုံပင်။
လူတစ်ယောက်သာ တမူကွဲပြားနေသည်။
ဘယ်ဘက်အစွန်တွင် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော သေးသွယ်သည့် မိန်းမပျိုတစ်ယောက် ရှိနေ၏။ သူမက မျက်လုံးကလေးများ မှေးသွားသည်အထိ ချိုသာစွာ ပြုံးထား၏။ သူမသည် သူမအနားမှ လူများကို နွေးထွေးသွားစေပေသည်။ စားပွဲတွင် ဝိုင်းထိုင်နေသော အခြားလူလေးယောက်က လက်ဖက်ရည်သောက်နေကြသော်လည်း သူမက အပြင်သို့သာ မကြာမကြာ ကြည့်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်တစ်ခု ရှိနေလေသည်။
ရှပ်...ရှပ်...ရှပ်...
နောက်ဆုံးတွင် မိန်းမပျိုသည် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ မိုလင်းချိုးလည်း မော့ကြည့်လိုက်သည်။ ပန်းရောင်ဝတ်စုံနှင့် မိန်းမပျိုမှလွဲ၍ အခြားလေးယောက်၏ မျက်နှာများက မည်းမှောင်သွားကြ၏။ သူတို့သည် ခေါင်းငုံ့ကာ လက်ဖက်ရည်သောက်လိုက်ကြသည်။ မည်သူကမှ အပြင်ကို လှမ်းမကြည့်ကြပေ။
အပြင်ဘက်မှနေ၍ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ဝင်လာ၏။ သူ့အနောက်တွင် အနီရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ပါလာသည်။ ထိုလူငယ်၏ မျက်နှာတွင် မုတ်ဆိတ်ကျင်စွယ်ကင်းပြီး အပြုံးတစ်ပွင့်ရှိနေ၏။ သူက သူ့အနားမှ လူများကို စိတ်လက်ပေါ့ပါးစေပေသည်။ သူသည် အခန်းထဲ ဝင်လာသည်နှင့် သခင်လေး၊ သခင်မလေး ငါးယောက်ကို ကြည့်လိုက်၏။ ပန်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးကို တွေ့သောအခါ သူ ခေါင်းဆတ်ပြလိုက်သည်။ ထို့နောက် မိုလင်းချိုးကို လက်ဆုပ်အရိုအသေပေးကာ ပြောလိုက်လေသည်။
“ကျန်းရီ အရှင်မိုကို နှုတ်ခွန်းဆက်ပါတယ်”
“ကျန်းရီ မင်းရောက်လာပြီလား”
မိုလင်းချိုးက ထရပ်၍ ပြုံးလိုက်။ ထို့နောက် သူ့ဘေးမှ သခင်လေးများနှင့် သခင်မလေးများကို ကျန်းရီနှင့် မိတ်ဆက်ပေးလိုက်သည်။ မိုလင်းချိုးသည် အနက်ရောင်ဂါဝန်နှင့် အမျိုးသမီးကို အရင်ဆုံးညွှန်ပြကာ ပြောလိုက်၏။
“သူက တိရှအရှင်ရဲ့ အချစ်တော်မြေးမလေး မိုဟွိုက်စန်းတဲ့။ သူကတော့ ကျိုးထျန်းမျိုးနွယ်ရဲ့ သခင်လေး(၁၈) ကျိုးထျန်းဝမ်။ သူက ရွှမ်ယွမ်မျိုးနွယ်ရဲ့ ပထမသခင်လေး ရွှမ်ယွမ်ဝူတိ။ သူက ချင်မျိုးနွယ်ရဲ့ မိစ္ဆာပါရမီရှင် ချင်ဟွမ်။ သူကတော့ မင်းရဲ့စံအိမ်အရှင် တိမင်ရဲ့ အငယ်ဆုံးအချစ်တော်မြေးမလေး တိလင်အာ”
ပါရမီရှင်ငါးယောက်၊ မိစ္ဆာငါးကောင်
ပါရမီရှင်ငါးယောက်သည် တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်တို့၏ တံဆိပ်ကို မတပ်ထားကြပေ။ သို့သော် သူတို့အားလုံးက တိထျန်းများ၊ နတ်ဘုရားဧကရာဇ်များနှင့် စစ်နတ်ဘုရားများဖြစ်ကြောင်း ခပ်ရေးရေး ခံစားနိုင်၏။ မိုဟွိုက်စန်း၊ တိလင်အာနှင့် ချင်ဟွမ်တို့က အတော်လေး ငယ်ကြသေးသည်။ ဆိုရလျှင် ကျန်းရီအတွက် တိလင်အာနှင့် ချင်ဟွမ်တို့က ကလေးများကဲ့သို့ပင် ဖြစ်နေပေသည်။
ကြောက်မက်ဖွယ်ပင်။
ကျန်းရီသည် ယခု သူက ပါရမီရှင်အစစ်အမှန်များနှင့် တွေ့လိုက်ရခြင်းဖြစ်ကြောင်း ပြောနိုင်၏။ ပါရမီရှင်ငါးယောက်သည် မျိုးနွယ်ကြီးများမှဖြစ်၍ အရင်းအမြစ်များကို အကန့်အသတ်မဲ့ ရနိုင်သော်လည်း သူတို့တွင်သာ ပါရမီမရှိလျှင် ကျင့်ကြံခြင်းတွင် မည်သို့ အဆင့်မြန်မြန် တက်နိုင်ပါမည်နည်း။ ကျိုးထျန်းကျဲ၊ ရွှမ်ယွမ်လင်းယန်နှင့် ချင်ရုံတို့ကလည်း ထိုမျိုးနွယ်ကြီးများမှပင် ဖြစ်ကြသည်။ သို့သော် သူတို့က ထိုပါရမီရှင်များလောက် စွမ်းအားကြီး မကြီးကြပေ။
“မင်္ဂလာပါ... ကျွန်မနာမည်က တိလင်အာပါ။ အဘိုးက ကျွန်မကို ရှင့်အကြောင်းတွေ အများကြီး ပြောပြထားတယ်”
ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေးက ချိုသာစွာပြုံးကာ ထရပ်၍ ကျန်းရီကို နှုတ်ဆက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် သခင်မလေးလင်အာ”
အခြားလူများမှာမူ ကျန်းရီကို ခေါင်းဆတ်ရုံသာ ဆတ်ပြကြသည်။ ဆွဲဆောင်မှုရှိသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သခင်မလေးမိုဟွိုက်စန်းသည် ကျန်းရီကို တစ်ချက်ပင် မကြည့်ခဲ့ချေ။ ထိုအစား မိုလင်းချိုးကိုသာ လောလိုက်သည်။
“အဘိုး(၅) အခု ကျွန်မတို့ သွားလို့ရပြီလား”
“ကျန်းရီ... သူ့ကို စိတ်မရှိပါနဲ့။ ဒီကောင်မလေးက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတော့ ဆိုးနေတာ”
မိုလင်းချိုးက ရှက်ရွံ့ဟန်ဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားကြစို့... ငါတို့ သူတော်စင်ဝိညာဉ်ဘုံကို သွားကြမယ်”
ကျန်းရီ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ထိုမိန်းမပျို၏ အပြုအမူကို စိတ်ထဲမထားပါပေ။ ထိုသခင်လေးများနှင့် သခင်မလေးများက မျိုးနွယ်ကြီးများမှဖြစ်ကြသည်။ သူတို့၏ မျိုးနွယ်များက အင်အားကြီးကြရာ သူတို့သည်လည်း ဝင့်ဝါမှုဖြင့် မွေးဖွားလာကြပေသည်။ ထို့ကြောင့် သူတို့က အနိမ့်ဘုံမှ တက်လာသည့် လူတစ်ယောက်ကို အထင်သေးကြသည်မှာ သာမန်သာဖြစ်ပေသည်။ ကျိုးထျန်းမျိုးနွယ်၊ ရွှမ်ယွမ်မျိုးနွယ်နှင့် ချင်မျိုးနွယ်တို့က ယခင်တွင် ကျန်းရီနှင့် ပဋိပက္ခ ရှိခဲ့ဖူးကြသည်။ ထိုသခင်လေးသုံးယောက်က သူ့အား ခေါင်းဆတ်ပြ၍ အသိအမှတ်ပြုသည်ကပင် တော်နေပြီဖြစ်သည်။
သို့သော် တိလင်အာက သူ့အပေါ် အလွန်ရင်းရင်းနှီးနှီး ဆက်ဆံနေသည့်အတွက်တော့ ကျန်းရီ အံ့ဩမိ၏။ ယင်းက ကျန်းရီ၏ တိမင်အပေါ် လေးစားမှုကိုလည်း ပိုတိုးသွားစေသည်။ တိမျိုးနွယ်၏ စည်းမျဉ်းစည်းကမ်းများက အလွန်တင်းကြပ်လောက်သည်။ ထို့ပြင် တိမင်က သူ့အပေါ် အကောင်းမြင်နေပုံပေါ်သည်။ ထို့ကြောင့်လည်း တိလင်အာက သူ့ကို ဖော်ဖော်ရွေရွေ ဆက်ဆံခြင်း ဖြစ်နိုင်ပေသည်။
တစ်အုပ်စုလုံးသည် မိုရှန်းရှင်းနောက်လိုက်၍ အပြင်ဘက်မှ စင်္ကြံလမ်းတစ်ခုထဲ လျှောက်ဝင်လိုက်ကြ၏။ လမ်းတစ်ဝက်တွင် မိုလင်းချိုးသည် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် သူ၏လက်စွပ်ထဲမှနေ၍ ငွေမျက်နှာဖုံးတစ်ခုကို ထုတ်ကာ ကျန်းရီအား ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အသံလည်း ပို့လွှတ်လိုက်သည်။
“ကျန်းရီ... ဒီမျက်နှာဖုံးကို တပ်လိုက်။ အဲဒါတပ်ထားရင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတွေကလွဲလို့ ကျန်တဲ့သူတွေက မင်းရဲ့ ရုပ်ရည်အစစ်အမှန်နဲ့ အရှိန်အဝါကို အာရုံခံနိုင်မှာ မဟုတ်ဘူး။ ငါတို့ သူတော်စင်ဝိညာဉ်ဘုံကို ရောက်ရင် ငါ့နောက်ကပဲ လိုက်ခဲ့ပါ။ မင်း ဘယ်သူဆိုတာ ပေါ်မသွားပါစေနဲ့။ မင်း တစ်ခုခု အလျင်စလို လုပ်တာနဲ့ ငါ မင်းကို ငါ့လက်စွပ်ထဲ အတင်းထည့်ပစ်လိုက်မှာ။ အဲ့ဒါက တိရှအရှင်ရဲ့ အမိန့်ပဲ”
“ဟုတ်ကဲ့ပါ”
ကျန်းရီ၏ နှုတ်ခမ်းပေါ်တွင် ခါးသီးသော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ အစတွင် သူသည် အဆိပ်ဝိညာဉ်ကို သူနှင့်အတူ ခေါ်လာလိုခဲ့၏။ သို့သော် မိုရှန်းရှင်းက ခွင့်မပြုခဲ့ပေ။ ယခုတွင်လည်း မိုလင်းချိုးက သူ တစ်စုံတစ်ခု အလျင်စလို လုပ်လိုက်သည်နှင့် ချက်ချင်း အဖမ်းခံလိုက်ရမည်ဖြစ်ကြောင်း ပြောနေသည်။ သူသည် ရီဖျောင်ဖျောင်ကို မကယ်နိုင်လျှင်ပင် တွေ့ခွင့်တော့ ရနိုင်လောက်သေးသည်ဟု တွေးခဲ့၏။ ယခုတွင်မူ ယင်းက သူ၏စိတ်ကူးယဉ်မှုသာ ဖြစ်နေပုံပင်။
“ငွေမိစ္ဆာမျက်နှာဖုံးလား”
မိုဟွိုက်စန်းက မျက်နှာဖုံးကို ကြည့်၍ နှုတ်ခမ်းမဲ့လိုက်၏။ ထို့နောက် မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“အဘိုး(၅)... အရင်တုန်းက ကျွန်မကို အဲ့မျက်နှာဖုံးနဲ့ ပေးဆော့ပါလို့ ပြောခဲ့တုန်းက အဘိုးက ခွင့်မပြုခဲ့ဘူး။ အခုတော့ အဲ့ဒါကို သူ့ကို ပေးလိုက်တယ်ပေါ့လေ။ အဘိုးက တအား မျက်နှာလိုက်တာပဲ...”
မိုလင်းချိုး ခါးသက်သက်ပြုံး၍ ရှင်းပြ၏။
“မင်းရဲ့ အဘိုးသာ အမိန့်ပေးမထားရင် ငါ ဒီမျက်နှာဖုံးကို ကျန်းရီကိုလည်း ပေးမှာ မဟုတ်ဘူး။ ကောင်မလေး... ငါတို့ ပြန်ရောက်ရင် ငါ မင်းကို ခရမ်းရောင်ကျောက်စိမ်းဝါးတစ်ချောင်း ပေးမယ်။ အဲ့ဝါးကို မင်းအတွက် ပုလွေလုပ်ပေးဖို့လည်း ငါ ဆရာအန်ကို ပြောပေးမယ်။ ကျေနပ်ပြီလား...”
“ခရမ်းရောင်ကျောက်စိမ်းဝါးလား... အဲ့လိုမှပေါ့”
မိုဟွိုက်စန်းတစ်ယောက် ချက်ချင်း ပြုံးသွားပြန်၏။ ထို့နောက် သူမသည် လက်နောက်ပစ်ကာ ခေါင်းမော့ရင်ကော့၍ ဝံ့ကြွားသော ဒေါင်းမလေးကဲ့သို့ လျှောက်သွား၏။ ကျန်းရီသည် သူမကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် များစွာအရေးမစိုက်ရန် ဆုံးဖြတ်လိုက်ပြီး မျက်နှာဖုံးကိုသာ သူ၏ကောင်းကင်စွမ်းအားဖြင့် သန့်စင်လိုက်သည်။
မိုလင်းချိုးက မျက်နှာဖုံးထဲမှ ဝိညာဉ်အမှတ်အသားကို ဖျက်ပေးထားပြီးဖြစ်၍ စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်းရီ ၎င်းကို သန့်စင်နိုင်လိုက်သည်။ ထို့နောက် မျက်နှာဖုံးကို သူ့မျက်နှာပေါ်တွင် ညင်သာစွာ တပ်လိုက်သည်။ မျက်နှာဖုံးက မျက်နှာနှင့် အလိုလို ကပ်သွား၏။ မျက်နှာဖုံးက အံဝင်ဂွင်ကျ ဖြစ်လွန်းရာ မျက်နှာဖုံးတပ်ထားသည်ဟုပင် မခံစားရချေ။
မျက်နှာဖုံး တပ်လိုက်သည်နှင့် ကျန်းရီ၏ ခန္ဓာကိုယ်မှ အရှိန်အဝါက ပျောက်ကွယ်သွား၏။ သူသည် မည်သည့်ကျင့်ကြံခြင်းအဆင့်မှ မရှိသော သေမျိုးတစ်ယောက်ကဲ့သို့ပင်။ သို့သော် ငွေမျက်နှာဖုံးကို ကြည့်မိသူတိုင်းကတော့ ရင်တုန်သွားမည်သာ။ ထိုမျက်နှာဖုံးက ကျန်းရီကို အလွန်စွမ်းအားကြီးသော စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကဲ့သို့ ဖြစ်နေစေသည်။ မည်သူကမှ သူ့ကို ရန်စဝံ့မည် မဟုတ်ပေ။
“ငွေမိစ္ဆာမျက်နှာဖုံးက တကယ့်ကို အစွမ်းထက်တာပဲ”
တိလင်အာသည် မျက်နှာဖုံးကို ခေတ္တမျှ ငေးကြည့်နေပြီးနောက် တီးတိုးရေရွတ်လိုက်၏။ ကျိုးထျန်းဝမ်၊ ရွှမ်ယွမ်ဝူတိနှင့် ချင်ဟွမ်တို့ကလည်း ၎င်းကို ကြည့်လိုက်ပြီး ခေါင်းဆတ်လိုက်ကြ၏။ ထိုမျက်နှာဖုံးက အမှန်တကယ် အဖိုးတန်သော ရတနာတစ်ခုပင်။ ၎င်းသည် ဝတ်ဆင်သူ၏ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည့်အပြင် ကြောက်မက်ဖွယ်စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသည်။ ငွေရောင် အရောင်အဝါက ကျန်းရီတွင် ရှိပြီးသည့် ဆန်းကြယ်မှုကို ပိုတိုးလာစေသေးသည်။
“သွားကြစို့...”
မိုလင်းချိုးသည် အုပ်စုကို ဦးဆောင်၍ စင်္ကြံလမ်းရှည်ကြီးကို ဖြတ်လျှောက်နေ၏။ နောက်ဆုံးတွင် သူတို့ ခန်းမကျယ်ကြီးတစ်ခုထဲသို့ ရောက်သွားကြသည်။ ထိုခန်းမအလယ်တွင် တည်နေရာပြောင်းရွှေ့အစီအရင်ကြီးတစ်ခု ရှိနေသည်။ ထိုအစီအရင်ကို တိထျန်းငါးယောက်က စောင့်ကြပ်နေကြသည်။ သူတို့သည် မိုလင်းချိုးတို့ ဝင်လာသည်ကို တွေ့လိုက်သောအခါ ချက်ချင်း ဦးညွှတ်လိုက်ကြလေသည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”
မိုလင်းချိုးက အုပ်စုကို တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဦးဆောင်ခေါ်သွား၏။ တိထျန်းငါးယောက်သည် သူတို့၏ ကောင်းကင်စွမ်းအားများကို တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ထည့်လိုက်ကြ၏။ ထိုအခါ အစီအရင်က ဖြည်းဖြည်းချင်း နိုးထလာသည်။
‘သူတော်စင်ဝိညာဉ်ဘုံ၊ အမေ... အမေ့ရဲ့သား အမေ့ကို လာရှာပြီ’
ကျန်းရီက မျက်နှာဖုံးတပ်ထားသော်လည်း သူ၏ မျက်ဝန်းများနှင့် နှာခေါင်းက ပေါ်နေသေးသည်။ ထို့ကြောင့် တောက်ပလာသော သူ့မျက်ဝန်းများကို တွေ့လိုက်ရ၏။ သူ ရင်ခုန်လည်းမြန်လာသည်။ သူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် သူ့အမေရှိသော ဘုံသို့ သွားရတော့ပေမည်။
***