← Chapters

သိမ်းငှက်ဘုရင်လေး

Vol. 104 Ch. 1445

သိမ်းငှက်ဘုရင်လေး

Vol. 104 Ch. 1445

ဤတစ်ကြိမ်တွင် ကျန်းရီတို့သည် အလွန်ဝေးသော နေရာသို့ တည်နေရာပြောင်းရွှေ့ခဲ့သည်။ သူတို့ မည်မျှကြာကြာ တည်နေရာပြောင်းရွှေ့နေရကြောင်းကို ကျန်းရီ မသိပေ။ အဆုံးနားနီးလာသောအခါ ကျန်းရီ ခေါင်းမူးလာသည်။ ထို့နောက် သူ လုံးဝ သတိလွတ်သွားတော့သည်။ သူ အခြားတစ်နေရာ၌ ထွက်ပေါ်လာချိန်တွင် ယိမ်းထိုးကာ လဲကျမလိုပင် ဖြစ်သွားသည်။ မိုလင်းချိုးကသာ သူ့ကို ဆွဲမထားလိုက်လျှင် သူ့မျက်နှာနှင့် မြေပြင်က မိတ်ဆက်သွားလောက်ပေပြီ။

“ဟင်းဟင်း...”

မိုဟွိုက်စန်းနှင့် သခင်လေးသုံးယောက်တို့က ကျန်းရီကို အထင်သေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။ တိလင်အာတစ်ယောက်သာ စိုးရိမ်ဟန်ဖြင့် မေးသည်။

“ကျန်းရီ... ရှင် အဆင်ပြေရဲ့လား”

“ရှောင်လင်အာ”

မိုလင်းချိုးက တိလင်အာကို ကြည့်၍ သူမထံ ချက်ချင်း အသံပို့လွှတ်လိုက်၏။

“သူ့ကို နာမည်တပ်ပြီး မခေါ်နဲ့လေ။ လူထုရေးရာ မဟာဝန်မင်းလို့ပဲခေါ်...”

“အာ.. ဟုတ်ကဲ့”

တိလင်အာ ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် သူမကို ပြန်မဖြေပဲ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ငါးမိနစ်ကြာ အနားယူလိုက်၏။ ပြီးမှ သူ မျက်လုံးများ ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ သူ အံ့အားသင့်သွားသည်။ သူတို့က လေထဲရှိ ဧရာမကျောက်တုံးကြီးတစ်တုံပေါ်သို့ ရောက်နေကြခြင်းပင်။ သူတို့ပတ်ပတ်လည်တွင် နူးညံ့ပုံပေါ်သော အကာအရံအလွှာတစ်ခု ရှိသည်။ ထိုအလွှာအပြင်ဘက်တွင်မူ မည်းမှောင်နေသော ဟင်းလင်းပြင်တစ်ခု ရှိပေသည်။

ကျောက်တုံးပေါ်တွင် မည်သည့် အဆောက်အဦမှ မရှိပေ။ မရေမတွက်နိုင်သော တည်နေရာပြောင်းရွှေ့အစီအရင်များသာ ရှိသည်။ အစီအရင်တစ်ခုစီဘေးတွင် ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော သိုင်းသမားများစွာ ရပ်နေကြသည်။ အဝေးတွင်မူ စွမ်းအားကြီး အဘိုးအိုသုံးယောက်ရှိသည်။ သို့သော် ထိုအဘိုးအိုများက တရားထိုင်နေကြပုံပင်။ သူတို့သည် လူစုအနားသို့ မလာကြပေ။

“အရှင်... ကျွန်တော်တို့က ဘယ်မှာလဲ။ ဒါက သူတော်စင်ဝိညာဉ်ဘုံ မဟုတ်ဘူးမလား”

ကျန်းရီက လေသံတိုးတိုးဖြင့် မေးလိုက်၏။ မိုလင်းချိုးက ခပ်သဲ့သဲ့ပြုံး၍ ခေါင်းခါသည်။ မိုဟွိုက်စန်းနှင့် သခင်လေးသုံးယောက်တို့က အထင်‌သေးဟန်ဖြင့် ထပ်ကြည့်ကြ၏။ တိလင်အာကမူ ပြုံး၍ ရှင်းပြသည်။

“လူထုရေးရာ မဟာဝန်မင်း... ဒါက တည်နေရာပြောင်းရွှေ့ဆန်းကြယ်နယ်မြေပါ။ သူတော်စင်ဝိညာဉ်ဘုံ၊ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေနဲ့ ကျွန်မတို့ရဲ့ တိရှဘုံက ဒီနေရာနဲ့ ချိတ်ဆက်ထားကြတာ။ ကျွန်မတို့က ဘုံကြီးတွေကို တန်းပြီးသွားလို့ မရဘူး။ ဒီတည်နေရာပြောင်းရွှေ့ဆန်းကြယ်နယ်မြေကနေ ဖြတ်သွားမှရတယ်။ အဲ့ဒါက တမလွန်ဘုံ တခြားဘုံတွေကို အလွယ်တကူ မကျူးကျော်နိုင်အောင် ကာကွယ်ဖို့ လုပ်ထားတာပါ”

“ဪ...”

ကျန်းရီ နားလည်သွား၏။ ဘုံကြီးများသည် အခြားဘုံများက တမလွန်ဘုံ လက်အောက်သို့ ရောက်သွားမည်ကို စိုးရိမ်ကြ၏။ ထိုသို့သာဖြစ်လာလျှင် တမလွန်ဘုံစစ်တပ်က ထိုဘုံများမှတဆင့် သူတို့၏ဘုံများထဲသို့ အလွယ်တကူ ဝင်လာနိုင်မည်ဖြစ်သည်။ သို့သော် ကြားတွင် တည်နေရာပြောင်းရွှေ့ဆန်းကြယ်နယ်မြေ ခံထားပါက ထိုသို့သော ကိစ္စမျိုးကို ကာကွယ်နိုင်သည်။ ဤတည်နေရာပြောင်းရွှေ့ဆန်းကြယ်နယ်မြေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်သည်ဟု ကျန်းရီ ခန့်မှန်းမိ၏။ ၎င်းကို ဖျက်ဆီးလိုက်လျှင် တမလွန်ဘုံစစ်တပ်သည် သူတို့၏ ဘုံများထဲသို့ ဝင်လာနိုင်တော့မည် မဟုတ်ချေ။

“သွားကြစို့... ငါတို့ မကြာခင် သူတော်စင်ဝိညာဉ်ဘုံကို ရောက်တော့မှာပါ။ ဒီတည်နေရာပြောင်းရွှေ့ဆန်းကြယ်နယ်မြေက သူတော်စင်ဝိညာဉ်ဘုံ ဘေးမှာပဲ”

မိုလင်းချိုးသည် ကျန်းရီတို့ကို ဦးဆောင်၍ အတန်ငယ်ပိုသေးသော အခြားတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲသို့ ဝင်လိုက်၏။ ထို့နောက် သူ့လက်ထဲမှ အမိန့်ပြားက လင်းလက်လာ၏။ ထိုအခါ အစီအရင်ကို စောင့်ကြပ်နေကြသော အစောင့်အချို့က ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်ကြသည်။

“အရှင်က တိရှဘုံက အရှင်တစ်ယောက်ကိုး... တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ကြ”

ဤတစ်ခေါက် တည်နေရာပြောင်းရွှေ့မှုက ပိုလျင်မြန်ခဲ့သည်။ တစ်နာရီအတွင်းမှာပင် ကျန်းရီတို့အုပ်စုက မြို့တစ်မြို့သို့ ရောက်သွားကြသည်။ မြို့ရင်ပြင်က အလွန်လူစည်ကားနေ၏။ ထို့ပြင် အနည်းဆုံး အင်အားတစ်ထောင်ရှိမည့် စစ်တပ်တစ်တပ်ကလည်း မြို့ရင်ပြင်ထဲ၌ ရှိနေ၏။ ထိုစစ်တပ်၏ တပ်မှူးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် တစ်ယောက် ဖြစ်ပေသည်။

‘ဝိညာဉ်မျိုးနွယ်က စစ်နတ်ဘုရားစံအိမ်ကလား’

ကျန်းရီ၏ မျက်ဝန်းများထဲ၌ နားမလည်နိုင်မှုများ ပြည့်နှက်သွား၏။ တည်နေရာပြောင်းရွှေ့ဆန်းကြယ်နယ်မြေထဲနှင့် ဤမြို့ထဲမှ စွမ်းအားကြီး သိုင်းသမားအားလုံးက ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ ထိုစစ်ချပ်ဝတ်များပေါ်တွင် စစ်နတ်ဘုရားစံအိမ်၏ တံဆိပ်ပါပေသည်။ သဘောတရားအရဆိုလျှင် မြို့များကို စောင့်ကြပ်နေသူများက ဝိညာဉ်မျိုးနွယ်မှ ဖြစ်သင့်၏။ ယခုတွင်မူ စစ်နတ်ဘုရားစံအိမ်မှ တပည့်များက စောင့်ကြပ်နေကြသည်။ ထိုအတွက် ရှင်းပြချက်တစ်ခုသာ ရှိသည်။ ဝိညာဉ်မျိုးနွယ်က စစ်နတ်ဘုရားစံအိမ်နှင့် ပူးပေါင်းခဲ့ခြင်းပင်။

“ကျန်းရီ... ဝိညာဉ်မျိုးနွယ်က တကယ်ကို စစ်နတ်ဘုရားစံအိမ်ကပဲ။ မင်းရဲ့အဘိုးကလည်း အထက်ဘုံရဲ့ ပင်မစစ်နတ်ဘုရားစံအိမ်ရဲ့ စံအိမ်အရှင်”

မိုလင်းချိုးသည် ကျန်းရီ၏ နားမလည်နိုင်ဖြစ်နေသော မျက်နှာထားကို တွေ့၍ အသံပို့လွှတ်ကာ ရှင်းပြလိုက်၏။ သူသည် ရှင်းပြနေရင်းဖြင့် စစ်တပ်၏ တပ်မှူးထံ လျှောက်သွားပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“အရှင်ရီဂူ... ကျုပ်တို့ ထပ်ဆုံကြပြန်ပြီ”

“ကျန်းခံ့သာပါရဲ့လား အရှင်မို။ သခင်မလေးဟွိုက်စန်းလည်း ပါလာတာလား။ ကြည့်ရတာ ဗိုလ်ဆွဲသူက သခင်မလေးဟွိုက်စန်း ဖြစ်တော့မယ်ထင်တယ်”

တပ်မှူးက မိုလင်းချိုး၊ မိုဟွိုက်စန်းတို့နှင့် အာလာပသလ္လာပများ ပြောလိုက်၏။ မိုလင်းချိုးက တိရှအရှင်ကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ်သည် သူ့ကို လေးလေးစားစား ဆက်ဆံပြီး မိုဟွိုက်စန်းကိုလည်း အလွန်ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေပေသည်။ မိုဟွိုက်စန်းသည်လည်း မာနကြီးတစ်ခွဲသားနှင့် ရှိမနေတော့ပေ။ သူမသည် ဝိညာဉ်မျိုးနွယ်မှ ထိုဘွဲ့ထူးရနတ်ဘုရားဧကရာဇ်ကို အလွန်ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ချင်ဟွမ်နှင့် ရွှမ်ယွမ်ဝူတိတို့က စကားဝိုင်းထဲ ဝင်ပါရန် အခွင့်အရေး မရှိပေ။ တိလင်အာသည်လည်း ဘေးတွင် တိတ်တဆိတ်သာ ရပ်နေသည်။ ကျိုးထျန်းဝမ်သာ စကား‌တော်တော်များများ ဝင်ပြောနိုင်ခဲ့သည်။ ယင်းမှာလည်း သူက စစ်နတ်ဘုရားစံအိမ်မှဖြစ်ပြီး ကျိုးထျန်းဝူ၏သား ဖြစ်နေခြင်းကြောင့်ပင်။

ကျန်းရီသည် ဘေးတွင်ရပ်ကာ အေးစက်စက်အကြည့်ဖြင့် ကြည့်နေ၏။ သူသည် ပတ်ပတ်လည်ရှိ ဝိညာဉ်မျိုးနွယ်ဝင်များကို အကဲခတ်နေပြီး မိုလင်းချိုးနှင့် ရီဂူတို့၏ စကားများကိုလည်း နားစွင့်နေသည်။ သူ နားမလည်သောနေရာရှိလျှင် တိလင်အာထံ အသံပို့လွှတ်၍ ရှင်းပြခိုင်းပေသည်။

မကြာခင်မှာပင် ကျန်းရီ အခြေအနေကို ကောင်းကောင်းနားလည်သွားသည်။ ယခု သူတို့က ကောင်းကင်ညှို့ဓာတ်မြို့ဟု ခေါ်သော မြို့တစ်မြို့သို့ ရောက်နေခြင်းပင်။ ဤမြို့က ကြီးမားပြီး သူတော်စင်တောင်နှင့် ကီလိုမီတာငါးသိန်း ကွာဝေးသည်။

ပြိုင်ပွဲကို တစ်ရက်နေပြီးလျှင် ကျင်းပမည်ဖြစ်သည်။ စည်းမျဉ်းများမှာ ယခင်နှစ်ကအတိုင်းပင်။ သူတို့က မြို့တွင် အရင်စုဝေးရမည်ဖြစ်သည်။ ဘုံအသီးသီးမှ သခင်လေးများနှင့် သခင်မလေးများသည် အခြားဘုံများမှ ပါရမီရှင်များနှင့် တွေ့ဆုံမိတ်ဆက်ကြမည်ဖြစ်သည်။ ဤသို့လာ၍ ယှဉ်ပြိုင်နိုင်သူအားလုံးက အနာဂတ်တွင် သူတို့၏ဘုံများ၌ စွမ်းအားကြီး သိုင်းသမားများ ဖြစ်လာနိုင်ကြသူများပင် မဟုတ်ပါလား။ ယခု သူတို့ အဆက်အသွယ်များ တည်ဆောက်ထားလျှင် အနာဂတ်၌ သူတို့အတွက် အသုံးဝင်လာနိုင်ပေသည်။

‘တစ်ရက် ထပ်စောင့်ရဦးမှာလား’

ကျန်းရီ အတန်ငယ် မချင့်မရဲဖြစ်သွားသည်။ သူက အဆက်အသွယ် တည်ဆောက်ရခြင်းကို အမုန်းဆုံးဖြစ်သည်။ ထို့ပြင် ဤတွေ့ဆုံပွဲက မည်သို့သော တွေ့ဆုံပွဲမျိုးနည်း။ သခင်လေးများနှင့် သခင်မလေးများက တစ်ယောက်ကိုတစ်ယောက် ဟန်‌ဆောင်စကားများပြောကာ မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများကို ကြွားဝါးကြမည့် တွေ့ဆုံပွဲသာ။ ကျန်းရီသည် သူတော်စင်ဝိညာဉ်တောင်ကို သွားလိုနေပြီဖြစ်သည်။

ကျန်းရီသည် မရင်းနှီးသော ပတ်ဝန်းကျင်တွင် မရင်းနှီးသောလူများနှင့် အတူရှိနေသည်။

ထို့ပြင် မိုလင်းချိုးက ကျန်းရီအား မဆင်မခြင် မပြုမူရန် ညွှန်ကြားထားသည်။ သူ အုပ်စုနောက်သို့ နာနာခံခံနှင့် လိုက်ရမည်ဖြစ်သည်။ မိုလင်းချိုးနှင့် ရီဂူတို့ စကားပြောပြီးသွားသောအခါ ရီဂူက သူတို့အတွက် ခမ်းနားသော စစ်ရထားလုံးများ ပြင်ဆင်ပေးသည်။ စစ်ရထားလုံးများက သူတို့ကို မြို့ရင်ပြင် မြောက်ဘက်ရှိ ရဲတိုက်ဝန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။ လမ်းတစ်လျှောက်တွင်လည်း သူတို့ကို နတ်ဘုရားဘုရင်တစ်စုက ကာကွယ်ပေးပေသည်။

ထိုရဲတိုက်ဝန်းမှာ ဘုံအသီးသီးမှ ရောက်ရှိလာသော အရေးကြီးပုဂ္ဂိုလ်များ တည်းခိုရန်အတွက် ဖြစ်ကြောင်း ထင်ရှား၏။ ရဲတိုက်ဝန်းတစ်ခွင်လုံးတွင် တပ်သားများ ကင်းလှည့်နေကြသည်။ ထို့ပြင် ရဲတိုက်ဝန်းထဲရှိ ရဲတိုက်များက အလွန်ခမ်းနားကြပြီး လှပစွာပြင်ဆင်ထားကြသည်။ ရဲတိုက်အားလုံးကို ကျောက်စိမ်းဖြူဖြင့် တည်ဆောက်ထားခြင်းပင်။ ရဲတိုက်နံရံများပေါ်၌လည်း စွမ်းအားကြီး ဟွင့်သွမ့်သားရဲများ၏ ပုံများကို ထွင်းထုထားကြသည်။ ထိုရဲတိုက်ဝန်းမှာ ခမ်းနားလှပပေသည်။

ကျန်းရီတို့က ‘ဖုန်ဟွား’ရဲတိုက်ဟုခေါ်သော ရဲတိုက်တစ်လုံးတွင် တည်းခိုရ၏။ ထိုရဲတိုက်က အလွန်ကြီးသည်။ ရဲတိုက်အပြင်၌ အစေခံမလေးတစ်တန်း ရပ်နေပြီး ရဲတိုက်ဂိတ်တံခါး၌ စွမ်းအားကြီး အစောင့်များ စောင့်ကြပ်နေကြသည်။ ရဲတိုက်ထဲတွင် အလယ်ခန်းမတစ်ခုနှင့် ဘေးခန်းမဆယ်ခုရှိသည်။ ဘေးခန်းမတစ်ခုစီတွင် အခန်းငယ်လေးများ ရှိသေးသည်။ ထိုရဲတိုက်က အလွန်ကြီးကျယ်ခမ်းနားသည်ဟု ဆိုနိုင်ပေသည်။

မိုဟွိုက်စန်းက ဘယ်ဘက်ရှိ ပထမဆုံး ဘေးခန်းမကို ရွေး၏။ ကျိုးထျန်းဝမ်၊ ရွှမ်ယွမ်ဝူတိနှင့် ချင်ဟွမ်တို့က သူမ၏ခန်းမဘေးမှ ခန်းမများကို ရွေးကြသည်။ ကျန်းရီသည် ထိုသခင်လေးများ၊ သခင်မလေးများနှင့် နီးနီးကပ်ကပ် မနေလို၍ ညာဘက်မှ ပထမဆုံး ဘေးခန်းမကို ရွေးလိုက်သည်။ တိလင်အာကမူ သူ့ခန်းမဘေးမှ ခန်းမကို ရွေးပေသည်။

မိုလင်းချိုးသည် ထိုရွေးချယ်မှုများကို အရေးမစိုက်ပေ။ ဤရဲတိုက်ကို ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ ဆယ်နှင့်ချီ၍ စောင့်ကြပ်နေကြောင်း သူသိသည်။ ထိုသူများက ဝိညာဉ်မျိုးနွယ်မှ ထိပ်တန်းသိုင်းသမားများပင်။ ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူများ မဆိုထားနှင့် ခြင်တစ်ကောင်ပင် ဤရဲတိုက်ထဲ ဝင်လာနိုင်လိမ့်မည် မဟုတ်ချေ။ ဤရဲတိုက်က အလွန် လုံခြုံပေသည်။

“ကျန်းရီ... အနားယူလိုက်ပါဦး။ မကြာခင် တခြားဘုံတွေက ပါရမီရှင်တွေ ထပ်ရောက်လာကြလိမ့်မယ်။ ပြီးရင် တွေ့ဆုံပွဲကြီးတစ်ပွဲ ကျင်းပလိမ့်မယ်။ အကုန်လုံး အဲ့ပွဲကို တက်ရမယ်။ အချိန်ကျရင် ငါ မင်းကို ခေါ်လိုက်ပါမယ်”

မိုလင်းချိုးသည် ရဲတိုက်ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ပြီးနောက် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီက မည်သည့်မှ မပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက် သူသည် သူရွေးချယ်ထားသော ဘေးခန်းမထဲဝင်လိုက်၏။ ထိုခန်းမထဲမှ အစေခံမလေးများကိုလည်း ထွက်သွားစေလိုက်သည်။ အစေခံမလေးများ ထွက်သွားမှ သူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်လေသည်။

ကျန်းရီသည် ထိုသခင်လေးများ၊ သခင်မလေးများ၏ တွေ့ဆုံပွဲကို စိတ်မဝင်စားပေ။ သူ သူတို့နှင့်လည်း မတွေ့လိုချေ။ သူအလိုရှိသည်မှာ ရီဖျောင်ဖျောင်ကိုကယ်၊ ကျန်းရှောင်နူကို ပြန်ခေါ်၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်ကာ တစ်ဘဝလုံး အေးအေးချမ်းချမ်း နေထိုင်သွားရန်ပင်။

ရွှီး...

နှစ်နာရီကြာပြီးနောက် ကျန်းရီအခန်း၏ အကာအရံများက လင်းလက်လာ၏။ သူ စိတ်ပျက်စွာဖြင့် အပြင်ထွက်လိုက်ရသည်။ သို့သော် တိလင်အာက သူ့အခန်းအပြင်တွင် ရပ်နေကြောင်း တွေ့လိုက်ရသောအခါ စိတ်ပျက်မှုက အံ့ဩမှုအဖြစ် ပြောင်းလဲသွား၏။

“သခင်မလေးလင်အာ... တစ်ခုခု ဖြစ်လို့လား”

“အွန်း...”

တိလင်အာက ခေါင်းညိတ်၍ ပြောသည်။

“ဘုံကြီးတွေက သခင်လေးတွေနဲ့ သခင်မလေးတွေက စုဝေးဖို့ ပြင်ဆင်နေကြတယ်။ သူတို့အကုန်လုံးက မိစ္ဆာသတ်ဖြတ်စံအိမ်ကပဲ။ ရှင်က တိရှဘုံက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လူထုရေးရာ မဟာဝန်မင်းဆိုတော့ ကျွန်မနဲ့အတူ လိုက်ခဲ့မလား”

“စုဝေးပွဲလား”

ကျန်းရီသည် ထိုစကားကို ကြားလိုက်သောအခါ ခေါင်းကိုက်သွား၏။ သူ ခပ်သွက်သွက် ခေါင်းခါကာ ပြောလိုက်သည်။

“သခင်မလေးလင်အာ... ကျွန်တော် မလေးမစားလုပ်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က မွေးကတည်းက အဲ့လိုပွဲမျိုးတွေကို မုန်းခဲ့တာ။ ကျွန်‌တော် တောင်းပန်ပါတယ်...”

“အို့...”

တိလင်အာက နှုတ်ခမ်းလေးစူ၍ စိတ်ပျက်စွာ ပြန်ပြော၏။

“ရှင် မလိုက်ချင်ရင်လည်း ရပါတယ်။ ကျွန်မက သိမ်းငှက်ဘုရင်လေးနဲ့ ရှင့်ကို မိတ်ဆက်ပေးမလို့။ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ သိမ်းငှက်ဘုရင်လေးက စွမ်းအားအကြီးဆုံး သိုင်းသမားပဲ”

“သိမ်းငှက်ဘုရင်လေး.. ဘယ်သိမ်းငှက်ဘုရင်လေးလဲ”

ကျန်းရီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ထွက်ပေါ်လာ၏။ ထိုသိမ်းငှက်ဘုရင်လေးက သိမ်းငှက်စိမ်းဘုရင်၏ သားတော်လော။ သို့ဆိုလျှင် သူက ကျန်းရှောင်နူ၏ အစ်ကိုတော် မဟုတ်လော။ သို့သော် သိမ်းငှက်ဘုရင်လေးသည် မည်သည့်အချိန်က မိစ္ဆာသတ်ဖြတ်စံအိမ်၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ခြင်းနည်း။

***

All Chapters