ရီပုဟွေ
Vol. 104 Ch. 1446
“အထက်ဘုံတစ်ခုလုံးမှာ ဘယ်သူက သူ့ကိုယ်သူ သိမ်းငှက်ဘုရင်လေးလို့ ခေါ်ရဲသေးလို့လဲ။ သူက သိမ်းငှက်စိမ်းဘုရင်ရဲ့ တစ်ဦးတည်းသောသားတော်ပဲ”
တိလင်အာသည် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကို မသိပုံပင်။ သူမက လေးစားသော မျက်ဝန်းများဖြင့် ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့သုံးနှစ်ကတည်းက သိမ်းငှက်ဘုရင်လေးက ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက် ဖြစ်နေပြီ။ အခု သုံးနှစ်ကြာသွားပြီဆိုတော့ သူ ဘယ်လောက် စွမ်းအားကြီးနေပြီလဲဆိုတာကို ဘယ်သူသိမှာလဲ”
“နေပါဦး...”
ကျန်းရီ ပြောလိုက်၏။
“သိမ်းငှက်ဘုရင်လေးက မိစ္ဆာသတ်ဖြတ်စံအိမ်ကလား။ သိမ်းငှက်စိမ်းဘုရင်ကလည်း မိစ္ဆာသတ်ဖြတ်စံအိမ်ကလား။ အဲ့ဒါဆို မင်ရည်တောင်ပံမျိုးနွယ်ကလည်း မိစ္ဆာသတ်ဖြတ်စံအိမ်ကပဲပေါ့”
“ဟင့်အင်း... အဲ့လို မဟုတ်ဘူး”
တိလင်အာက ခေါင်းခါ၍ ရှင်းပြ၏။
“သိမ်းငှက်စိမ်းဘုရင်က ဘယ်အဖွဲ့အစည်းမှာမှ မပါဘူး။ မင်ရည်တောင်ပံမျိုးနွယ်ကလည်း မိစ္ဆာသတ်ဖြတ်စံအိမ်က မဟုတ်ဘူး။ သိမ်းငှက်ဘုရင်လေးကပဲ သူ့ဘာသာ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ခဲ့တာ”
တိလင်အာသည် ထိုအကြောင်းပြောသောအခါ မျက်နှာလင်းလက်လာ၏။ သူမ လေးလေးစားစားဖြင့် ဆက်ပြောသည်။
“လွန်ခဲ့တဲ့ငါးနှစ်တုန်းက သိမ်းငှက်ဘုရင်လေးက ပင်မမိစ္ဆာသတ်ဖြတ်စံအိမ်ထဲ အတင်းဝင်ပြီး သူက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို အရမ်းလေးစားလို့ ဒုတိယမိစ္ဆာသတ်ဖြတ်မဟာဧကရာဇ် ဖြစ်ချင်ပါတယ်ဆိုပြီး ပြောခဲ့တယ်။ ပြီးတော့ သူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ချင်တယ်လို့လည်း ပြောခဲ့တယ်...”
“အဲ့တုန်းက အဲ့ကိစ္စအကြောင်းက အထက်ဘုံတစ်ခုလုံးမှာ ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့တာ။ သိမ်းငှက်စိမ်းဘုရင်လည်း အတော်လေး ဒေါသူပုန်ထသွားတယ်။ သူက သိမ်းငှက်ဘုရင်လေးကို ဖမ်းပြီး ချုပ်နှောင်ထားလိုက်တယ်။ ဒါပေမဲ့ သိမ်းငှက်ဘုရင်လေးက ထွက်ပြေးခဲ့တယ်၊ ဘုံတစ်သောင်းကို ဖြတ်ကျော်ခဲ့တယ်။ သူက မင်ရည်တောင်ပံမျိုးနွယ်က ထွက်ချင်တယ်လို့ ပြောမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ မင်ရည်တောင်ပံမျိုးနွယ်က လိုက်ဖမ်းကြတဲ့ အင်အားစုတွေကြောင့် သူ ဒဏ်ရာရခဲ့တယ်။ နောက်ဆုံးကျ သူ သိမ်းငှက်စိမ်းဘုရင်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ သူသေရမယ်ဆိုရင်တောင် မင်ရည်တောင်ပံမျိုးနွယ်ကို ပြန်မလိုက်ဘူးလို့ ငြင်းခဲ့တယ်...”
“အဲ့ဒါနဲ့ သိမ်းငှက်စိမ်းဘုရင်လည်း ရွေးချယ်စရာ မရှိတော့ဘဲ သိမ်းငှက်ဘုရင်လေးကို မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ခွင့်ပေးခဲ့ရတာပဲ။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကိုယ်တိုင်က သိမ်းငှက်ဘုရင်လေးကို သိမ်းငှက်ဘုရင်လေးဆိုတဲ့ ဘွဲ့ ပေးခဲ့တာ။ အဲ့လိုနဲ့ သိမ်းငှက်ဘုရင်လေးက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လူငယ်မျိုးဆက်ကြားမှာ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့တာပဲ”
“သူရဲကောင်း...”
ကျန်းရီ မျက်လုံးပင့်လိုက်၏။ ထိုအဖြစ်အပျက်မှာ ပုန်ကန်တတ်သော အကျင့်ရှိသည့် ရေပေါ်ဆီသခင်လေးတစ်ယောက်က မိမိ၏မျိုးနွယ်ကို ဆန့်ကျင်ခဲ့သည့်အဖြစ်သာ။ သို့သော် မိစ္ဆာသတ်ဖြတ်စံအိမ်မှ သခင်မလေးများ၏ ရင်ထဲတွင် သူက သူရဲကောင်းတစ်ယောက် ဖြစ်သွားသည်လော။ မည်သို့ပင်ဖြစ်စေ သိမ်းငှက်ဘုရင်လေးက သေရမည်ကိုပင် မမှုဘဲ သူ့အဖေ၊ သူ့မျိုးနွယ်နှင့် နှောင်ကြိုးဖြတ်ခဲ့ခြင်းမှာ လေးစားစရာတော့ ကောင်းပေသည်။ အနည်းဆုံးတော့ သူက သူ့ဆုံးဖြတ်ချက်ကို မပြင်ခဲ့သလို သေရမည်ကိုလည်း မကြောက်ခဲ့ချေ။
‘သိမ်းငှက်ဘုရင်လေး ရောက်လာတယ်ဆိုတော့ ရှောင်နူရော ပါလာလောက်လား’
ကျန်းရီသည် ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်၍ တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူသည် ကျန်းရှောင်နူအကြောင်းကို မတွေးမိအောင် သူ့ကိုယ်သူ အတင်းထိန်းထားရသည်။ သူမအကြောင်းကို တွေးမိတိုင်း သူ ရင်နာရသည်။
ကျန်းရီ တံတွေးမျိုချ၍ စိတ်လှုပ်တရှား မေးလိုက်၏။
“သခင်မလေးလင်အာ... သိမ်းငှက်ဘုရင်လေးရဲ့ ညီမတော်ရော ပါလာခဲ့လားဆိုတာ သခင်မလေး သိပါသလား”
“သိမ်းငှက်ဘုရင်လေးရဲ့ ညီမတော်လား”
တိလင်အာက မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ပြောလိုက်သည်။
“ရှင်က အကြာကြီး ပျောက်သွားခဲ့တဲ့ သိမ်းငှက်စိမ်းဘုရင်ရဲ့ သမီးတော်ကို ပြောတာလား။ သူပါလာလား၊ ပါမလားဘူးလားဆိုတာတော့ ကျွန်မ မသိဘူး။ သိမ်းငှက်ဘုရင်လေးက စုဝေးပွဲကို တက်လိမ့်မယ်ဆိုတာပဲ ကြားခဲ့တာ။ လူထုရေးရာ မဟာဝန်မင်း... ရှင် လိုက်မှာလား၊ မလိုက်ဘူးလား”
“လိုက်မယ်”
ကျန်းရီ အလွန်ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ သိမ်းငှက်ဘုရင်လေး ရောက်လာခဲ့ပြီဖြစ်၍ ကျန်းရှောင်နူလည်း ပါလာလောက်သည်။ သူ ထိုသို့သော အခွင့်အရေးကို မည်သို့လက်လွတ်ခံနိုင်မည်နည်း။ ထို့ကြောင့် သူ အပြင်သို့ ချက်ချင်း ထွက်လိုက်သည်။ သို့သော် သူ အပြင်သို့ ရောက်လာသော်လည်း တိလင်အာက မလှုပ်သေးကြောင်း တွေ့လိုက်ရ၍ နားမလည်ဟန်ဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ သခင်မလေးလင်အာ... သခင်မလေးက မသွားတော့ဘူးလား”
“ရှင်က ဒီလိုအဝတ်အစားနဲ့ သွားမှာလား”
တိလင်အာက ကျန်းရီ၏ အနက်ရောင်စစ်ချပ်ဝတ်ကို ကြည့်၍ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ ကျန်းရီသည် သူ့ကိုယ်သူ ကြည့်လိုက်ပြီး ပို၍ နားမလည်နိုင်ဖြစ်သွား၏။
“ဒီစစ်ချပ်ဝတ်က ဘာဖြစ်နေလို့လဲ”
“ကျွန်မ ဆိုလိုတာ အဲ့လိုမဟုတ်ဘူး”
တိလင်အာက မျက်စချီ၍ ပြောသည်။
“စုဝေးပွဲကို တက်ကြမဲ့ သခင်လေးတွေ၊ သခင်မလေးတွေ အကုန်လုံးက မျိုးနွယ်ကြီးတွေကချည်းပဲ။ ရှင် မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ စစ်ချပ်ဝတ်ကို ဝတ်ပြီး ပွဲတက်မယ်ဆိုရင် နည်းနည်လေး မတော်တရော် ဖြစ်နေလိမ့်မယ်။ ရှင့်မှာ ဈေးကြီးတဲ့ အဝတ်အစားတွေ မရှိဘူးလား”
“မရှိဘူး”
ကျန်းရီ ခေါင်းခါလိုက်၏။ သူက အမြဲ စစ်ချပ်ဝတ်ကိုသာ ဝတ်ထားခဲ့သည်။ စစ်ချပ်ဝတ် မဝတ်ချိန်တွင်လည်း သာမန်ဝတ်ရုံများကိုသာ ဝတ်ခဲ့သည်။ သူ အထက်ဘုံကို တက်လာခဲ့ခြင်းမှာ အပျော်ရှာရန် မဟုတ်ရာ အဘယ်ကြောင့် သူ့တွင် ဝတ်ကောင်းစားလှများ ရှိရမည်နည်း။
ကျန်းရီ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သခင်မလေးလင်အာ... ကျွန်တော် သခင်မလေးရဲ့ နောက်လိုက်အဖြစ် လိုက်ခဲ့လို့ ရပါတယ်။ ကျွန်တော်က သခင်မလေးရဲ့ ကိုယ်ရံတော်ဆိုရင် ဝတ်ကောင်းစားလှတွေ ဝတ်နေစရာ မလိုဘူးမလား။ ကျွန်တော်က သိမ်းငှက်ဘုရင်လေးကို မြင်ဖူးချင်ရုံပါ။ သွားကြစို့...”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
တိလင်အာက လက်လျှော့လိုက်ဟန်ဖြင့် ရယ်မောကာ အပြင်သို့ လျှောက်သွားလိုက်၏။ ကျန်းရီက သူမအနောက်မှ ကပ်လိုက်သွားလိုက်သည်။ တိလင်အာက တိမင်၏ အဖိုးတန်မြေးမလေး မဟုတ်ပါလား။ သူမထံတွင် ကိုယ်ရံတော်တစ်ယောက် ရှိနေခြင်းမှာ သာမန်သာ ဖြစ်ပေသည်။
သို့သော်...
တိလင်အာက ကျန်းရီထက် များစွာပို၍ သန်မာသည်။ သူမက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ပြီး ကျန်းရီကမူ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်တွင်သာ ရှိပေသေးသည်။ သို့သော် ကျန်းရီက ငွေမိစ္ဆာမျက်နှာဖုံးကို ဝတ်ထားသဖြင့် သူ့စွမ်းအားအစစ်အမှန်ကို မည်သူမှ သိကြမည် မဟုတ်ပေ။ ဆိုရလျှင် သူ၏ ဆန်းကြယ်သော အငွေ့အသက်က တိလင်အာ၏ ကိုယ်ရံတော်တစ်ယောက်နှင့် ကိုက်ညီမှု ရှိနေပေသည်။
တိလင်အာနှင့် ကျန်းရီတို့ ဖုန်ဟွားရဲတိုက်ထဲမှ ထွက်လာသောအခါ ဝိညာဉ်မျိုးနွယ်မှ အစောင့်အချို့က သူတို့နှစ်ယောက်အတွက် စစ်ရထားလုံးနှစ်စီး ချက်ချင်း ပြင်ဆင်ပေးလိုက်ကြ၏။ ထိုအခိုက်တွင် မိုဟွိုက်စန်းနှင့် သခင်လေးသုံးယောက်တို့လည်း ထွက်လာကြသည်။ ထိုလေးယောက်ည် တိလင်အာနှင့် ကျန်းရီတို့ကို တွေ့သောအခါ ကျန်းရီကို လျစ်လျူရှု၍ တိလင်အာနှင့်သာ စကားပြောလိုက်ကြ၏။ သူမတို့လေးယောက်ကလည်း စုဝေးပွဲသို့ တက်ကြမည်ဖြစ်သည်။
ရွှမ်ယွမ်ဝူတိက မိစ္ဆာသတ်ဖြတ်စံအိမ်မှဖြစ်၍ သူ စုဝေးပွဲ တက်ခြင်းမှာ ပြဿနာမရှိပေ။ သို့သော် ချင်ဟွမ်နှင့် မိုဟွိုက်စန်းတို့က တိရှစံအိမ်မှဖြစ်ပြီး ကျိုးထျန်းဝမ်က စစ်နတ်ဘုရားစံအိမ်မှဖြစ်ကြသည်။ သူတို့အနေဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်၏ စုဝေးပွဲကို တက်ခြင်းက အတန်ငယ် မသင့်တော်ပုံပေါ်ပေသည်။
သို့သော် သိမ်းငှက်ဘုရင်လေးက စုဝေးပွဲ တက်မည်ဖြစ်ရာ ထိုသခင်လေးများနှင့် သခင်မလေးများ စုဝေးပွဲ တက်လိုကြခြင်းမှာ မထူးဆန်းပေ။ ထိုစုဝေးပွဲကလည်း အပျော်သာဖြစ်သည်။ အရေးကြီး စုဝေးပွဲမျိုး မဟုတ်ချေ။ သိမ်းငှက်ဘုရင်လေးက မင်ရည်တောင်ပံမျိုးနွယ်၏ ဘုရင်လောင်းဖြစ်သလို လူငယ်မျိုးဆက်ကြား၌ စွမ်းအားအကြီးဆုံး သိုင်းသမားတစ်ယောက်လည်း မဟုတ်ပါလား။
အားလုံးသည် စစ်ရထားလုံးများပေါ်သို့ တက်၍ လျင်မြန်စွာ ထွက်ခွာသွားလိုက်ကြ၏။ ဆယ်မိနစ်ကြာ ကွေ့ပတ်သွားပြီးနောက်တွင် သူတို့ အလွန်ခမ်းနားကြီးကျယ်စွာ ပြင်ဆင်ထားသော ရဲတိုက်တစ်လုံးသို့ ရောက်သွားကြသည်။ သူတို့ စစ်ရထားလုံးများပေါ်မှ ဆင်းလိုက်သောအခါ ခံ့ညားသောလူငယ်တစ်ယောက်က လူတစ်စုကို ဦးဆောင်လာ၍ သူတို့ကို လာရောက်နှုတ်ဆက်၏။ ထိုလူငယ်သည် အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် မိုဟွိုက်စန်းထံ၌သာ အကြည့်ဝဲနေတော့၏။ ထို့နောက် သူ ရယ်မောကာ ပြောလိုက်သည်။
“သခင်မလေးမို.. ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တာတောင် တစ်နှစ်ကျော်သွားပြီနော်။ သခင်မလေးက ပိုပိုပြီး လှလာတာပဲ”
“သူက ဝိညာဉ်မျိုးနွယ်ရဲ့ တော်ဝင်မိသားစုက ပထမသခင်လေး ရီပုဟွေပဲ။ ကြည့်ရတာ ဒီနေ့စုဝေးပွဲက မိစ္ဆာသတ်ဖြတ်စံအိမ်က မျိုးဆက်သစ်တပည့်တွေရဲ့ စုဝေးပွဲပဲ မဟုတ်တော့တဲ့ပုံပဲ”
တိလင်အာသည် ရီပုဟွေကို ကြည့်၍ မျက်မှောင်ကြုတ်ကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
‘တော်ဝင်မိသားစု... ရီပုဟွေ...’
ကျန်းရီ မျက်မှောင်ကြုတ်၍ ရီပုဟွေကို စိုက်ကြည့်လိုက်၏။ ရီဖျောင်ဖျောင်ကလည်း တော်ဝင်မိသားစုမှဖြစ်ရာ ထိုရီပုဟွေက ရီဖျောင်ဖျောင်နှင့် အမျိုးတော်သည်ဆိုသော အဓိပ္ပာယ်ပင်။ သူတို့နှစ်ယောက်က မောင်နှမ သို့မဟုတ် သူက သူမ၏ တူတော်မောင် ဖြစ်နိုင်သည်။ ကျန်းရီသည် ရီမျိုးနွယ်၏ တော်ဝင်မိသားစုဝင်တစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ မြင်ဖူးခြင်းဖြစ်၍ အတန်ငယ် စိတ်လှုပ်ရှားလာ၏။ သူ မိုဟွိုက်စန်း၊ ကျိုးထျန်းဝမ်၊ ချင်ဟွမ်တို့နှင့် စကားပြောနေသော ရီပုဟွေကို ကြည့်၍ တံတွေးမျိုချကာ တိလင်အာထံ အသံပြန်ပို့လွှတ်လိုက်သည်။
“သခင်မလေးလင်အာ.. ရီပုဟွေက ဘယ်မျိုးဆက်ကလဲ။ ရီဖျောင်ဖျောင်နဲ့ သူနဲ့က ဘာတော်လဲ”
“သူက တတိယမျိုးဆက်ပါ...”
တိလင်အာက အသံပို့လွှတ်၍ ရှင်းပြသည်။
“ရီဖျောင်ဖျောင်က ဝိညာဉ်မျိုးနွယ်ဘုရင်ရဲ့ အငယ်ဆုံး သမီးတော်မလား။ အင်း... အဲ့တော့ ရီပုဟွေက ရီဖျောင်ဖျောင်ရဲ့ တူပေါ့”
‘ထင်ထားသလိုပဲ’
ကျန်းရီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ပုံမှန်ဆိုလျှင် မိမိ မိခင်၏ တူတော်မောင်နှင့် တွေ့ရခြင်းက ပျော်ရွင်ဖွယ်ကောင်းနေသင့်သည်။ သို့သော် ကျန်းရီ မပျော်နိုင်။ ထိုသို့ဖြစ်ရခြင်းမှာ ရီမျိုးနွယ်က သူ့ကို အထင်သေးခြင်းကြောင့် သို့မဟုတ် သူ့အမေကို သူတော်စင်ဝိညာဉ်တောင်အောက်တွင် ဖမ်းချုပ်ထားခြင်းကြောင့် ဖြစ်နိုင်သည်။ ရီပုဟွေကို အတော်ကြာအောင် ကြည့်ပြီးနောက် ကျန်းရီ၏ မျက်ဝန်းများထဲတွင် သဘောမကျသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။
“အန်...”
ရီပုဟွေက ရီမျိုးနွယ် တော်ဝင်မိသားစု၏ ပထမသခင်လေးဖြစ်သဖြင့် သန်မာ၏။၊ သူက နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ကျန်းရီထံမှ အားကောင်းသော ခံစားချက်များကို ရီပုဟွေ ခံစားမိလိုက်၏။ ထို့ကြောင့် သူ လှမ်းကြည့်လိုက်သည်။ သို့သော် ကျန်းရီက ငွေမိစ္ဆာမျက်နှာဖုံးကို တပ်ထားသဖြင့် ရီပုဟွေသည် ကျန်းရီ၏ အင်အားအစစ်အမှန်ကို မသိနိုင်ချေ။ ထို့ပြင် ကျန်းရီထံမှ အားကောင်းသည့် ဖိအားတစ်ခုကိုလည်း ခံစားနေရသဖြင့် ရီပုဟွေ ကျန်းရီနှင့် မဖက်ပြိုင်ဝံ့ချေ။ သို့သော် သူ ချက်ချင်း ခပ်သဲ့သဲ့ပြုံး၍ ကျန်းရီကို ညွှန်ပြကာ မိုဟွိုက်စန်းကို မေးလိုက်သည်။
“သခင်မလေးမို... ဒီအရှင်က ဘယ်သူပါလဲ”
မိုဟွိုက်စန်းသည် ရီပုဟွေ ညွှန်ပြသောသူကို ကြည့်လိုက်၏။ သို့သော် သူမ ကျန်းရီကို မည်သူအဖြစ် မိတ်ဆက်ပေးလိုက်ရမည်ကို မသိသဖြင့် ချီတုံချတုံဖြစ်သွားသည်။ မိုလင်းချိုးသည် သူမအား ကျန်းရီက မည်သူဖြစ်ကြောင်း မဖော်ရန် ပြောခဲ့၏။ ထို့ကြောင့် ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ လူထုရေးရာ မဟာဝန်မင်းဖြစ်ကြောင်းလည်း သူမ ပြော၍မဖြစ်သည် မဟုတ်လော။
ထိုစဉ် ကျန်းရီက ခပ်ရေးရေးပြုံး၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“သခင်လေးရီကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်နာမည်က တစ်ကိုယ်တော်ဝံပုလွေပါ။ ကျွန်တော်က သခင်မလေးတိလင်းအာရဲ့ ကိုယ်ရံတော်ပါ”
“တစ်ကိုယ်တော်ဝံပုလွေတဲ့လား...”
ရီပုဟွေသည် ခေတ္တမျှ တွေးတောလိုက်သော်လည်း ထိုအမည်ရှိသူကို စဉ်းစားမရပေ။ ကျန်းရီသည်လည်း တိလင်အာနောက်သို့ ဆုတ်၍ ခေါင်းငုံ့ကာ မည်သည့်စကားမှ ထပ်မပြောတော့ချေ။ ထို့ကြောင့် ရီပုဟွေသည် ကျန်းရီကို ဆက်အရေးမစိုက်ရန် ဆုံးဖြတ်လိုက်ပြီး မိုဟွိုက်စန်းနှင့်သာ အာလာပသလ္လာပ ဆက်ပြောနေလိုက်လေသည်။
ဂျုန်း...ဂျုန်း...ဂျုန်း...
ထိုအခိုက်တွင် အဝေးမှနေ၍ စစ်ရထားလုံး တစ်ဒါဇင် မောင်းနှင်လာ၏။ အားလုံး၏ ကောင်းကင်စိတ်အာရုံများက ထိုရထားလုံးများအပေါ် ရောက်သွား၏။ ရီပုဟွေနှင့် မိုဟွိုက်စန်းတို့၏ မျက်လုံးများလည်း လင်းလက်လာသည်။ တိလင်အာသည်လည်း ရောက်လာသူများကို အာရုံခံမိလိုက်၍ စိတ်လှုပ်ရှားသွားသည်။ သူမသည် သူမ၏ဝတ်စုံအနားစကို ဆုပ်ကိုင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“သိမ်းငှက်ဘုရင်လေး ရောက်လာပြီ”
***