ချီချင်ချန်
Vol. 104 Ch. 1447
မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို ကြွားဝါတတ်သူ...
ယင်းမှာ ကျန်းရီ၏ သိမ်းငှက်ဘုရင်လေးအပေါ် ပထမဆုံး အမြင်ဖြစ်သည်။ သာမန် သခင်လေးများနှင့် သခင်မလေးများကို ဓားအိမ်ထဲမှ ဓားများဟု ဆိုလျှင် သိမ်းငှက်ဘုရင်လေးက ဓားအိမ်ချွတ်ထားသည့် အတုမဲ့ရတနာဓားတစ်လက်ဖြစ်ပေသည်။ သူက ဟိတ်ဟန်အပြည့်နှင့်ပင်။
သိမ်းငှက်ဘုရင်လေး၏ဆံပင်က အစိမ်းရောင်ဖြစ်ပြီး သူ့ခေါင်းပေါ်တွင် ဦးချိုလေးနှစ်ချောင်း ရှိသည်။ သူ့မျက်ခုံးများက ဖြောင့်စင်းကာ နှာတံပေါ်သည်။ သူ့မျက်လုံးများမှာမူ သိမ်းငှက်မျက်လုံးများကဲ့သို့ စူးရှ၏။ လူများသည် ထိုမျက်လုံးကို တိုက်ရိုက်ကြည့်ဝံ့မည် မဟုတ်ပေ။ သူက အရပ်လည်းမြင့်သလို ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တင်းသည်။ သူ့အရှိန်အဝါမှာလည်း ထူးကဲသည်။ သူ့ကို မကြည့်ဘဲ သူ၏အရှိန်အဝါကိုသာ ခံစားရမည်ဆိုလျှင်ပင် သူက စွမ်းအားကြီးသော ပြိုင်ဘက်ကင်း သိုင်းသမားတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
သို့သော် သိမ်းငှက်ဘုရင်လေး၏ ရှိန်လောက်ဖွယ် အရှိန်အဝါက ကျန်းရီအတွက် သာမန်သာ။ ကျန်းရီသည် ပြိုင်ဘက်ကင်းခြင်း၏ အဓိပ္ပာယ်ကို နားလည်နေပြီဖြစ်သည်။ သိမ်းငှက်ဘုရင်လေးကဲ့သို့သော လူတစ်ယောက်ကို မိစ္ဆာသတ်ဖြတ်စံအိမ်မှ သခင်မလေးများက သူရဲကောင်းဟု ထင်ကြခြင်းမှာလည်း အံ့ဩစရာတော့ မရှိပေ။ သူ၏ အငွေ့အသက်က အမှန်ပင် ဩဇာအပြည့်ရှိသည်။ တစ်လောကလုံးက သူ့ကိုဗဟိုပြု၍ လည်ပတ်နေသည်ဟုပင် ခံစားရသည်။
တိလင်အာ၏ မျက်နှာလေးတွင် ရှက်သွေးများဖြာလာ၏။ သူမ၏ မျက်ဝန်းများထဲတွင်လည်း လေးစားမှုများနှင့် ပြည့်နှက်နေသည်။ မိုဟွိုက်စန်း၏ မျက်ဝန်းများကလည်း ခံစားချက်အနည်းငယ်ကို ဖော်ပြလိုက်သည်။ ရုတ်တရက် ရဲတိုက်ဂိတ်တံခါးဝတွင် လှပသော သခင်မလေးများ အားလုံး ထွက်ပေါ်လာသည်။ သူမတို့၏ မျက်ဝန်းများထဲ၌ ပြင်းပြသော ခံစားချက်များ ရှိနေကြပေသည်။
ရီပုဟွေ၊ ကျိုးထျန်းဝမ်နှင့် အခြားသခင်လေးများအားလုံး တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စွာဖြင့် ကြည့်လိုက်ကြ၏။ သိမ်းငှက်ဘုရင်လေး ရှိသည့်နေရာတိုင်း၌ သူတို့က လောင်းရိပ်မိနေကြမည်သာ။ သို့သော် သိမ်းငှက်ဘုရင်လေး၏ အငွေ့အသက်က အမှန်ပင် အားကောင်း၍ မည်သူကမှ သူ့ကို ရန်မစဝံ့ပါပေ။ ဆိုရလျှင် လူများစွာသည် ထိုပုဂ္ဂိုလ်က နေမင်းကြီးဖြစ်ရန် မွေးဖွားလာသူဖြစ်ပြီး သူတို့က သူ၏အခြွေအရံ ကြယ်တာရာများသာဖြစ်သည်ဟုပင် တွေးကြပေသည်။
ရီပုဟွေသည် အရှေ့သို့ လျှောက်သွား၍ သိမ်းငှက်ဘုရင်လေးကို ကြိုဆိုလိုက်၏။ သူ့ရင်ထဲ၌ မနာလိုစိတ်များ ပြည့်နှက်နေသော်လည်း သူ လေးလေးစားစား နှုတ်ဆက်လိုက်သည်။
“သိမ်းငှက်ဘုရင်လေး... ခင်ဗျားက အနှစ်သာရတစ်ခုကို နားလည်သွားပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်သွားတယ်လို့ ကျွန်တော် ကြားတယ်။ ဂုဏ်ပြုပါတယ်...”
“အနှစ်သာရလား”
ထိုစကားက လူများကို အုတ်အော်သောင်းနင်း ထပ်ဖြစ်သွားစေ၏။ ရဲတိုက်ဂိတ်တံခါးဝမှ လူများသည် သူတို့အချင်းချင်း စတင် ပြောဆိုလာကြ၏။ အားလုံး၏ မျက်ဝန်းများထဲရှိ အားကျမှုများ၊ မနာလိုမှုများကို ဖုံးဖိမရပါပေ။ သိမ်းငှက်ဘုရင်လေးက အမှန်ပင် အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားခဲ့လျှင် သူ အုပ်ချုပ်သူအဆင့်သို့ ရောက်ရန် အချိန်တစ်ခုသာ လိုမည်ဖြစ်သည်။ သူ အုပ်ချုပ်သူအဆင့်သို့ ရောက်သွားလျှင် သူ၏အင်အားက အဆရာထောင်ချီ၍ တိုးတက်သွားပေလိမ့်မည်။ ထိုအခါ သူက အထက်ဘုံ၏ ထိပ်သီးသိုင်းသမားအနည်းငယ်ထဲတွင် စာရင်းဝင်သွားမည်လည်းဖြစ်သည်။
သိမ်းငှက်ဘုရင်လေးက စူးရှသော အကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်၏။ သူ၏ မျက်နှာက မည်သည့်ခံစားချက်ကိုမှ မဖော်ပြပေ။ သူက အတန်ငယ်ပင် မပြုံးသဖြင့် လွန်စွာ အေးစက်၊ ရက်စက်သူတစ်ယောက်ဟု ထင်နေရသည်။ သူ အတန်ငယ် ခေါင်းဆတ်၍သာ အရေးမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
“အဲ့ဒါက ကံကောင်းသွားတာပါ”
“ဝိုး...”
ရဲတိုက်အရှေ့တွင် ဆူညံပွက်သွား၏။ သိမ်းငှက်ဘုရင်လေးက သူ အုပ်ချုပ်သူအဆင့်သို့ ရောက်တော့မည်ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံလိုက်ပေပြီ။ ထို့ကြောင့် ရီပုဟွေနှင့် အခြားသခင်လေးများ ပို၍ပင် မနာလိုဖြစ်သွားကြသည်။ သမိုင်းက တကြော့ပြန်လာပေပြီ။ သူတို့၏ မိဘများလက်ထက်တွင် သိမ်းငှက်စိမ်းဘုရင်က သူတို့၏မိဘများကို ဖြတ်ကျော်သွားခဲ့သည်။ သူတို့လက်ထက်တွင်လည်း သိမ်းငှက်ဘုရင်လေး၏ ဖိအားပေးမှုကို ခံနေရပေသည်။
‘ရှောင်နူ ပါမလာဘူးလား’
သို့သော် ကျန်းရီသည် ထိုအရာအားလုံးကို အရေးမစိုက်ပေ။ သိမ်းငှက်ဘုရင်လေးက မည်မျှစွမ်းအားကြီးသည်ကိုလည်း သူ ဂရုမစိုက်ချေ။ သူ သိမ်းငှက်ဘုရင်လေးနောက်ကို ကြည့်လိုက်ရာ အဖော်ပါလာသည့် သခင်လေးအချို့နှင့် သခင်မလေးအချို့ကို တွေ့လိုက်သည်။ သို့သော် ကျန်းရှောင်နူကို မတွေ့သဖြင့် ကျန်းရီ စိတ်ပျက်သွား၏။ သူ ယခုချက်ချင်းပင် လှည့်ပြန်လိုသွားပေသည်။
“ဝင်ခဲ့ကြပါ”
သိမ်းငှက်ဘုရင်လေးက ခေါင်းဆောင်အရည်အချင်းဖြင့် မွေးဖွားလာသူပင်။ ဤနေရာက သူတော်စင်ဝိညာဉ်ဘုံဖြစ်၍ အိမ်ရှင်မှာ ရီပုဟွေက အိမ်ရှင်ဖြစ်သော်လည်း သိမ်းငှက်ဘုရင်လေးက ရဲတိုက်ထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။ သို့သော် အားလုံးသည် ယင်းက မှားသည်ဟု မခံစားရဘဲ သူ့နောက်မှ လိုက်ဝင်သွားကြ၏။ တိလင်အာသည် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး ကျန်းရီက မလှုပ်ကြောင်းကို တွေ့သောအခါ သူ့အား ခပ်သုတ်သုတ်ဆွဲခေါ်၍ ပြောလိုက်၏။
“အထဲကို သွားကြစို့”
ကျန်းရီသည် မည်သို့မှ မတတ်နိုင်သဖြင့် လိုက်သွားလိုက်ရ၏။ ရဲတိုက်ထဲတွင် အလယ်ခန်းမကျယ်ကြီးတစ်ခု ရှိသည်။ ထိုခန်းမထဲတွင် ကျောက်စိမ်းဖြူခုံတန်းရှည်များ ပြည့်နှက်နေသည်။ ၎င်းတို့က အနည်းဆုံး တစ်ထောင်လောက် ရှိပေလိမ့်မည်။ ထိုခုံတန်းရှည်များကို စက်ဝိုင်းပုံ စီချထား၏။ အစေခံမလေးများက အားလုံးကို သူတို့ထိုင်ရမည့် နေရာများသို့ ခေါ်သွားကြ၏။ ထိုင်ရမည့် နေရာများကို ရာထူး၊ အဆင့်အတန်းနှင့် ခွဲထားခြင်းပင်။ သိမ်းငှက်ဘုရင်လေး၊ မိုဟွိုက်စန်းနှင့် အခြားသူများက ပထမအတန်းတွင် ထိုင်ရပြီး တိလင်အာက ဒုတိယတန်းတွင်သာ ထိုင်ရသည်။
ကျန်းရီကမူ နောက်ဆုံးတန်းတွင် ထိုင်ရပေသည်။
သခင်လေးများ၊ သခင်မလေးများသည် အရည်မရအဖတ်မရ စကားများကို အာဘောင်အာရင်းသန်သန်ဖြင့် စတင် ပြောကြ၏။ သူတို့သည် အုပ်ချုပ်ရေးအကြောင်း၊ တမလွန်ဘုံအကြောင်း၊ ဆန်းကြယ်နယ်မြေများအကြောင်းနှင့် ထူးဆန်းသော အဖြစ်အပျက်အကြောင်းများကို ပြောနေကြသည်။ ကျန်းရီသည် ထိုစကားများကို ခေတ္တမျှ နားထောင်နေပြီးနောက် ပျင်းလာ၏။ သူ နေရာမှာပင် ငြိမ်ငြိမ်ထိုင်နေလိုက်သည်။ သခင်လေးတစ်ယောက်က သူ့အား စကားလာပြောသောအခါတွင်ပင် သူ စိတ်မပါတပါဖြင့်သာ ပြန်ပြောလိုက်သည်။ နောက်ဆုံးတွင် ထိုသခင်လေးကလည်း ကျန်းရီကို လျစ်လျူရှုသွားတော့သည်။
သို့သော် ကျန်းရီသည် တည်ခင်းထားသော အစားအသောက်များကို အားရပါးရ စားပေသည်။ ထိုအစားအသောက်များက အလွန်အဖိုးတန်ကာ ရှားပါးသည်။ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို အားဖြည့်ပေးနိုင်သော ဝိညာဉ်သစ်သီးများစွာလည်း ရှိနေသည်။ ကျန်းရီ အားနာမနေတော့ပေ။
စားသောက်နေရင်းဖြင့် စကားသံများကိုလည်း ဆက်၍ကြားနေရရာ ယနေ့စုဝေးပွဲမှ လူများ၏ အဆင့်အတန်းများကို ကျန်းရီ အနည်းနှင့်အများဆိုသလို သိလာသည်။ သိမ်းငှက်ဘုရင်လေးက အရည်အချင်းအပိုင်းရော အဆင့်အတန်းအပိုင်းမှာပါ နံပါတ်(၁)ဖြစ်သည်။ ထို့ကြောင့် သူက အလယ်တွင် ထိုင်သည်။ သို့သော် သူသည် အေးစက်စက်သာနေ၍ စကားများစွာ မပြောပေ။
သိမ်းငှက်ဘုရင်လေး ပြီးလျှင် ရီပုဟွေ၊ မိုဟွိုက်စန်းနှင့် သူတို့အဖော်များလာသည်။ သူတို့အားလုံးက ဘုံကြီးများမှ ဘုံအရှင်များ၏ မျိုးဆက်များဖြစ်ကြသည်။ ထိပ်တန်းဘုံဆယ်ဘုံ၏ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ သခင်လေး၊ သခင်မလေးများကလည်း ယုံကြည်မှုအပြည့်၊ ဩဇာအပြည့်ဖြင့် ပြောဆိုကြသည်။ ဘုံအသေးလေးများမှ သခင်လေးများနှင့် သခင်မလေးများမှာမူ နားထောင်သူများသာဖြစ်ကြသည်။ သူတို့သည် တစ်ခါတရံမှ မျက်နှာလုပ်သည့် စကားမျိုးကို ဝင်ပြောကြပေသည်။
ရှပ်...ရှပ်...ရှပ်...
ငါးမိနစ်ကြာပြီးနောက် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ဝိညာဉ်မျိုးနွယ်မှ သိုင်းသမားတစ်ယောက်က ခန်းမထဲဝင်လာပြီး ရီပုဟွေကို တင်ပြလိုက်သည်။
“သခင်လေး... သခင်မလေးချင်ချန် ရောက်လာပါပြီ”
“အို့...”
ရီပုဟွေ မျက်လုံးများ အရောင်လက်သွားပြီး ခပ်သွက်သွက် ထရပ်လိုက်သည်။ အခြားသခင်လေးများစွာလည်း ထရပ်လိုက်ကြကာ ဝင်ပေါက်ကို လှမ်းကြည့်လိုက်ကြသည်။ သို့သော် သိမ်းငှက်ဘုရင်လေးက ထမရပ်ပေ။ သူ၏စူးရှသော အကြည့်ကတော့ ဝင်ပေါက်သို့ ရောက်သွားသည်။ မိုဟွိုက်စန်းနှင့် အခြားသခင်မလေးများ၏ မျက်ဝန်းများလည်း အရောင်မှိန်သွားကြလေသည်။
‘သခင်မလေးချင်ချန်တဲ့လား’
ကျန်းရီသည် အားပါးတရ စားသောက်နေရင်းဖြင့် ထိုအမည်ကို ကြားလိုက်သောအခါ ရင်းနှီးသလိုလို ခံစားလိုက်ရ၏။ သို့သော် သူ အရေးမစိုက်ဘဲ ဆက်၍သာ စားသောက်နေလိုက်သည်။ ရီပုဟွေ၏ ရယ်သံ ထွက်ပေါ်လာပြီး အပြင်ဘက်မှ လျှောက်ဝင်လာသည့် ခြေသံများကို ကြားလိုက်ရမှ သူ ခေါင်းမော့ကြည့်လိုက်ပေသည်။
‘အာ... သူလား...’
ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ သူ ထိုအမည်ကို ရင်းနှီးသည်ဟု ခံစားနေရခြင်းမှာ မထူးဆန်းတော့ပေ။ ထိုသခင်မလေးချင်ချန်မှာ သူ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲ၌ တွေ့ခဲ့သော ချင်ချန်စစ်နတ်ဘုရားမပင်။ သူမသည် သူမ၏အမည်က ချီချင်ချန်ဟု ပြောခဲ့သည်။ ထို့ပြင် သူမက သူ့အပေါ် ကျေးဇူးကြွေးတင်နေသည်ဟုလည်း ပြောခဲ့သေးသည်။
‘သူက တော်တော်လေး နာမည်ကြီးပုံပဲ’
ကျန်းရီသည် သခင်လေးများစွာ၏ မျက်ဝန်းများအတွင်းမှ တပ်မက်မှုများနှင့် သခင်မလေးများ၏ မနှစ်မြို့သော မျက်နှာထားများကို မြင်လိုက်ရ၏။ သိမ်းငှက်ဘုရင်လေး၏ အရောင်အဝါက ရီပုဟွေနှင့် အခြားသခင်လေးများ၏ အရောင်အဝါကို ဖုံးလွှမ်သွားသကဲ့သို့ ချီချင်ချန်၏ အလှအပကလည်း မိုဟွိုက်စန်းနှင့် အခြားသခင်မလေးများ၏ အလှအပကို အရိပ်မိုးသွားပေသည်။
ချီချင်ချန်က အမှန်ပင်လှသည်။ သို့သော် ရုပ်သွင်သက်သက်ကို ကြည့်မည်ဆိုလျှင် သူမက မိုဟွိုက်စန်းနှင့် အခြားသခင်မလေးများထက် သိသိသာသာ ပိုလှသည်ဟုတော့ မဆိုနိုင်ပေ။ သို့သော် လူတိုင်းတွင် မိမိ၏ဆွဲဆောင်မှုနှင့်မိမိ ရှိကြသည်။ ချီချင်ချန်သည် လူများကို သူမက အတောက်ပဆုံး ပုလဲလုံးလေးဖြစ်သည်ဟု ခံစားသွားမိစေသည်။
ယင်းမှာ ကျန်းရီ နားလည်နိုင်သော အရာတစ်ခုပင်။ သူ ခေတ္တမျှ တွေးတောပြီးနောက် သူ့ဘေးရှိ သခင်လေးတစ်ယောက်ကို တီးတိုးမေးလိုက်၏။
“အဲ့သခင်မလေးက ဘယ်သူလဲ။ ဘာလို့ သူက ဒီလောက်ကျော်ကြားနေရတာလဲ”
“မင်းက သူ့ကို မသိဘူးလား”
ကျန်းရီဘေးမှ သခင်လေးသည် အစောကတည်းက ကျန်းရီကို သိပ်မကြည်ပေ။ ယခု ကျန်းရီ၏ မေးခွန်းကို ကြားလိုက်သောအခါ ကျန်းရီအား မသိရကောင်းလားဟူသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“သူက ဆောင်းဥတုအရှင်ရဲ့ တစ်ဦးတည်းသောသမီးတော်လေ။ အနာဂတ် ဆောင်းဥတုဘုံအရှင်ပေါ့။ ပြီးတော့ လွန်ခဲ့တဲ့ လေးရက်လောက်တုန်းက သူ အုပ်ချုပ်သူအဆင့်ကို တက်လှမ်းနိုင်သွားခဲ့တယ်။ အဲ့သတင်းက အထက်ဘုံတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တာလေ... မင်း မသိဘူးလား”
“အုပ်ချုပ်သူအဆင့်...”
ကျန်းရီ မျက်မှောင်ကြုတ်ကာ ချီချင်ချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ သူမက အသက်အရွယ်ကြီးသည့်ပုံ မပေါ်ပေ။ သို့သော် အုပ်ချုပ်သူအဆင့်သို့ ရောက်သွားပြီလော။ တိရှဘုံတစ်ခုလုံးတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားက တိရှအရှင်တစ်ယောက်သာ ရှိသည်။ အထက်ဘုံတစ်ခုလုံးတွင်လည်း အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားအရေအတွက်က အနည်းငယ်သာ ရှိသည် မဟုတ်လော။
ကျန်းရီသည် ဆောင်းဥတုဘုံအကြောင်းကို အနည်းငယ်သိ၏။ ထိုဘုံမှ အထက်ဘုံထဲတွင် တတိယအဆင့်ရှိသော ဘုံတစ်ခုပင်။ ထို့ကြောင့် စတုတ္ထအဆင့်ဖြစ်သော တိရှဘုံထက် တစ်ဆင့်ပိုမြင့်သည်။
ဘုံအရှင်တစ်ယောက်၏ တစ်ဦးတည်းသောသမီးက အုပ်ချုပ်သူအဆင့်သို့ ရောက်သွားရာ သူမကို လက်ထပ်သူတိုင်းက ဆောင်းဥတုဘုံကိုလည်းရလိမ့်မည် မဟုတ်လော။ သူမက အလွန်ကျော်ကြားနေပြီး သိမ်းငှက်ဘုရင်လေးပင် သူမကို အကြိမ်အနည်းငယ် မသိမသာ ခိုးကြည့်ခဲ့ခြင်းမှာ မထူးဆန်းတော့ချေ။
ချီချင်ချန်က လူများကို ဝေ့ဝဲကြည့်လိုက်၏။ သို့သော် သူမ စကားများစွာ မပြောဘဲ ယဉ်ကျေးစွာ ပြုံး၍သာ နှုတ်ဆက်သူများကို အသိအမှတ်ပြုလိုက်သည်။ လူများကို ဝေ့ဝဲကြည့်နေသည့် သူမ၏ လှပသော မျက်ဝန်းလေးများက ကျန်းရီဆီ ရောက်သောအခါ ခေတ္တမျှ ရပ်တန့်သွား၏။ ထို့နောက် သူမ၏ မျက်ဝန်းများ တောက်ပသွား၏။ ထိုအခိုက်တွင် ကျန်းရီသည် သူ၏လျှို့ဝှက်ချက်အားလုံးကို ထိုသခင်မလေးက သိသွားပြီဟု ခံစားလိုက်ရပေသည်။
ငွေမိစ္ဆာမျက်နှာဖုံးက အလွန်အစွမ်းထက်သည်။ အုပ်ချုပ်သူအဆင့်သို့ မရောက်သေးလျှင် ကျန်းရီ၏ ရုပ်သွင်အစစ်အမှန်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို အာရုံခံနိုင်မည် မဟုတ်ချေ။ သို့သော် ချီချင်ချန်က အုပ်ချုပ်သူအဆင့်သို့ ရောက်နေပေပြီ။
‘မကောင်းတော့ဘူး’
ကျန်းရီ ခပ်သွက်သွက် ခေါင်းငုံ့လိုက်၏။ ဤတစ်ခေါက်တွင် သူသည် ပွဲကြည့်ပရိသတ်တစ်ယောက်အဖြစ် လာခဲ့ခြင်းပင်။ မိုလင်းချိုးကလည်း သူမည်သူဖြစ်ကြောင်း မပေါ်သွားစေနှင့်ဟု အကြိမ်ကြိမ် သတိပေးထားသည်။ ချီချင်ချန်က သူမည်သူဖြစ်ကြောင်း သိသွားလျှင် အခြေအနေက ဆိုးဝါးသွားနိုင်ပေသည်။
ကျန်းရီ နည်းလမ်းတစ်ခု စဉ်းစားရပေမည်။
ရီပုဟွေက ချီချင်ချန်ကို သူနှင့် သိမ်းငှက်လေးကြားတွင် လာထိုင်ရန် ဖိတ်ခေါ်လိုက်သောအခါ ချီချင်ချန်က ခပ်သဲ့သဲ့ပြုံး၍ ပြောလိုက်သည်။
“ကျွန်မ ဟိုမှာပဲ ထိုင်ပါမယ်”
ချီချင်ချန်သည် ထိုသို့ပြောပြီးနောက် အားလုံး၏ မျက်လုံးများအောက်မှာပင် ကျန်းရီဘေးသို့ လျှောက်သွားလိုက်၏။ ထို့နောက် ကျန်းရီဘေးတွင် ထိုင်နေသော သခင်လေးကို ကြည့်ကာ မေးလိုက်သည်။
“ဒီကသခင်လေး... ကျွန်မတို့ နေရာလဲထိုင်လို့ရမလား”
ဝှစ်...ဝှစ်...ဝှစ်...
အားလုံး၏ အကြည့်များက ထိုသခင်လေးအပေါ် ကျရောက်သွားကြ၏။ ထို့နောက် ကျန်းရီအပေါ် ဆက်ရွေ့လျားသွားသည်။
ချီချင်ချန်၏ ဦးနှောက်က တစ်ခုခုမှားနေခြင်း မဟုတ်လျှင် ကျန်းရီ ပြဿနာအကြီးကြီး တက်ပေပြီ။
***