အရေးကြီး သတင်းအချက်လက်
Vol. 31 Ch. 422
" တကယ်လို့ ငါတို့ ဖုန်းရွှယ်ဂိုဏ်းက မင်းကို မကူညီဘူး ဆိုရင်ရော "
ရှီဟွဝေက လီဖူချန်းရဲ့ သဘောထားကို တီးခေါက် ကြည့်လိုက်ပါတယ်။ သူက လီဖူချန်း တောင်းတဲ့ အကူအညီကို ပေးရမလား ၊ မပေးရဘူးလား ဆိုတာကို ဝေခွဲမရသေးပါဘူး။
လီဖူချန်း ပြုံးလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
" ကျွန်တော်က ဖုန်းရွှယ်ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပါတယ်။ ဖုန်းရွှယ်ဂိုဏ်းက ကျွန်တော့်ကို မကူညီဘူးဆိုရင်လည်း ကျွန်တော်က ဖုန်းရွှယ်ဂိုဏ်းကို ရန်ငြိုးထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖုန်းရွှယ်ဂိုဏ်းကတော့ အခွင့်အရေးကြီး တစ်ခုကို လက်လွှတ်သွားပါလိမ့်မယ်။ ဂိုဏ်းချုပ် ဆရာမကြီးရှီက ဉာဏ်ပညာနဲ့ ပြည့်စုံသူ တစ်ယောက်ပါ။ အဲသည်အတွက် သေသေချာချာ စဉ်းစား ဆုံးဖြတ် ပေးစေချင်ပါတယ် "
" တကယ်လို့ ဂိုဏ်းချုပ် ဆရာမကြီးရှီအနေနဲ့ တစ်ယောက်တည်း ဆုံးဖြတ်ရမှာ ခက်ခဲနေတယ်ဆိုရင် အထွတ်ခေါင်ချုပ် အကြီးအကဲတွေနဲ့ တိုင်ပင်လို့ ရပါတယ်။ ကျွန်တော် သည်နေရာမှာပဲ စောင့်နေပါ့မယ် "
လီဖူချန်းက တစ်ဖက်လူကို အတင်းအကျပ် ဖိအား မပေးချင်ပါဘူး။ ဒါက အားနည်းတဲ့သူကို အားကြီးတဲ့သူက အနိုင်ကျင့်တာနဲ့ အတူတူပါပဲ။ တကယ်လို့ သူက ရှီဟွဝေကို အတင်းအကျပ် ဖိအားပေးလိုက်မယ် ဆိုရင် သူ့ရဲ့ လုပ်ရပ်က မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ လုပ်ရပ်နဲ့ အတူတူပဲ ဖြစ်သွား ပါလိမ့်မယ်။
" ဟုတ်ပြီလေ ... သည်မှာ ခဏ စောင့်နေလိုက် "
ရှီဟွဝေက ဖုန်းရွှယ်ဂိုဏ်းထဲကို ပြန်ဝင် သွားခဲ့ပါတယ်။
သည်ကိစ္စက အတော်လေး ရှုပ်ထွေးလာပြီ ဖြစ်တဲ့အတွက် သူ့အနေနဲ့ လက်လွှတ်စပယ် မဆုံးဖြတ် ရဲတော့ပါဘူး။ လီဖူချန်းကို ကူညီလိုက်တာက မဟာအခွင့်အရေးကြီး တစ်ရပ် ရဖို့ ဖြစ်နိုင်သလို ကပ်ဆိုးကြီး တစ်ခုကို ဖိတ်ခေါ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
အချိန်အနည်းငယ် အကြာမှာတော့ ရှီဟွဝေဟာ တစ်ဂိုဏ်းလုံးမှာ ရှိသမျှ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို ခြံရံပြီး ပြန်ထွက်လာခဲ့ပါပြီ။
ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲဖြစ်တဲ့ ဆံဖြူအဘိုးအိုဟာလည်း သူနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ သည်ဆံဖြူအဘိုးအိုက ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖူးခဲ့ သူပါ။ သူ့ရဲ့ အစွမ်းဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ထက် မဆိုစလောက် ကလေးသာ နိမ့်ကျပါတယ်။
" မင်းက လီဖူချန်း ဆိုတာလား "
ဆံဖြူအဘိုးအိုက အရှေ့ကို ခြေတစ်လှမ်း လှမ်းထွက်လိုက်တဲ့ အခါမှာတော့ ရေခဲတမျှ အေးစက်နေတဲ့ ချီအရှိန်အဝါ တစ်ခုဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ တိုးထွက်လာပြီး လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါပြီ။
ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ပိုင်းက ပညာရှင်ဆိုတာက ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၉မှာသာ ရှိနေသေးတဲ့ ပညာရှင်ပါပဲ။ ချီအရည်အသွေးပိုင်းမှာ သိပ်မကွာပေမယ့်လည်း ပမာဏပိုင်းမှာတော့ အရမ်းကို ခြားနားသွားခဲ့ပါပြီ။
ဆံဖြူအဘိုးအိုဟာ သူ့ရဲ့ ချီအရှိန်အဝါကို ထုတ်သုံးလိုက်တာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးဟာ ဆီးနှင်းမုန်တိုင်းတစ်ခုထဲကို ရောက်သွား ခဲ့သလိုပါပဲ။
ဆယ်မိုင်ပတ်လည် အတွင်းမှာလည်း မရေမတွက်နိုင်တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်လာခဲ့သလို ကောင်းကင် တစ်ခုလုံးဟာလည်း မှိုင်းညှို့သွားခဲ့ပြီး ဆီးနှင်းမုန်တိုင်းတစ်ခုဟာ လီဖူချန်းအပေါ်ကို ကျဆင်းလာခဲ့ပါတယ်။
ချီအရှိန်အဝါလေး ထုတ်လိုက်ရုံနဲ့တင် ဆယ်မိုင်ပတ်လည်က ရာသီဥတုကို ပြောင်းလဲနိုင်တယ် ဆိုတာက တကယ်ကို ချီးကျူးစရာပါပဲ။
လီဖူချန်းကတော့ ဆီးနှင်းမုန်တိုင်း ကြားထဲမှာ မားမားမတ်မတ် ရပ်နေဆဲပါပဲ။ သူ့ရဲ့ ၁၀မီတာ ပတ်ပတ်လည်မှာတော့ ဆီနှင်းတွေဟာ အရည်ပျော်ကျ နေပါတယ်။ သည်ဆီးနှင်း မုန်တိုင်းက သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မပေးစွမ်း နိုင်ပါဘူး။
" သည်ဖုန်းရွှယ်ဂိုဏ်းက မဆိုးဘူး။ သူတို့ဆီမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အများကြီး ရှိနေတာပဲ"
သာမန်လူတစ်ယောက် ဆိုရင်တော့ သည်လောက်များတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့ မျက်နှာချင်း ဆိုင်လိုက်ရမယ်ဆိုရင် သေချာပေါက် ကြောက်ရွံ့ သွားမှာပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ အေးအေး သက်သာပဲ ရှိနေပါတယ်။
သူက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတုန်းကဆိုရင် တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တွေကို တောင်မှ တွေ့ခဲ့ပြီးပါပြီ။ သူ့ရဲ့မျက်လုံးထဲမှာတော့ သည်ဖုန်းရွှယ်ဂိုဏ်းက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ သာမန်ပညာရှင်တွေနဲ့ ဘာမှ သိပ်မကွာလှပါဘူး။
"သည်အဘိုးအိုကြီးရဲ့ နာမည်က မူဟန်ရှင်းလို့ ခေါ်တယ်။ လီဖူချန်း... မင်းအကူအညီ တောင်းတဲ့ ကိစ္စကို ငါသိပြီးသွားပြီ။ သည်လိုလုပ်ကြရအောင်...။ မင်းက ငါ့ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို နောက်မဆုတ်ဘဲ ကြံ့ကြံခံနိုင်မယ်ဆိုရင် ငါတို့ ဖုန်းရွှယ်ဂိုဏ်းက မင်းကို ကူညီမယ်။ ဘယ်လို သဘောရလဲ "
ဆံဖြူအိုက လီဖူချန်းကို စကား ကမ်းလှမ်း လိုက်ပါတယ်။
" လက်ဝါးရိုက်ချက် တစ်ချက်မဟုတ်ပါဘူး။ လက်ဝါးရိုက်ချက် တစ်ရာဆိုရင်လည်း ကျွန်တော်က တောင့်ခံပါ့မယ် "
လီဖူချန်းက ဆံဖြူအဘိုးအိုရဲ့ ကမ်းလှမ်းမှုကို မငြင်းပါဘူး။
" လေကြီးလိုက်တဲ့ကောင် "
ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က မကြားတကြား လှောင်ပြောင် သရော် လိုက်ပါတယ်။
မူဟန်ရှင်းကတော့ လီဖူချန်းရဲ့ ပြောစကားနဲ့ ပက်သက်ပြီး ဘာမှ ခံစားရပုံ မပေါ်ပါဘူး။
" သတိထား "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မူဟန်ရှင်းဟာ သူ့ရဲ့ ချီအတွင်းအားတွေကို ညာဘက်လက်ဝါးထဲသို့ ပို့ဆောင်လိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပါတယ်။
ဟူး ...
အနက်ရောင် ရေခဲချီတွေဟာ ဖြစ်တည်လာခဲ့ပါပြီ။ ဒါက မူဟန်ရှင်းရဲ့ မဟူရာ ရေခဲလက်ဝါးသိုင်းပါပဲ။ သူက သည်သိုင်းကျမ်း ပထမပိုင်းကို မမျှော်လင့်ဘဲ ရခဲ့တာဖြစ်ပါတယ်။
ဝုန်း ...
လက်ဝါးရိုက်ချက် နဲ့အတူ ထွက်ပေါ်လာတဲ့ ရေခဲစွမ်းအင် စက်ကွင်းတစ်ခုဟာ လီဖူချန်းကို ဖိနှိပ် ပစ်လိုက်ပါပြီ။
" ဟမ့် ... ကိုယ့်အဆင့်အတန်း ကိုယ်မသိတဲ့ သည်ကလေးကတော့ သွားပြီ "
ဖုန်းရွှယ်ဂိုဏ်းရဲ့ နောက်ထပ် အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကလည်း လီဖူချန်းကို နှာခေါင်းရှုံ့ လိုက်ပါတယ်။
" လာစမ်းပါ "'
လီဖူချန်းက မူဟန်ရှင်းရဲ့ လက်ဝါးရိုက်ချက်ထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ စွမ်းအားတွေကို ခံစားရပါတယ်။ ဒါပေမဲ့ သည်လောက်နဲ့တော့ သူ့ကို ခြေတစ်လှမ်း နောက်ဆုတ်အောင် လုပ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။
သူက ဆင်နဂါး စွမ်းအားကို အသက်သွင်းလိုက်ပြီး ကျားဝိညာဉ်လက်သီးနဲ့ မူဟန်ရှင်းရဲ့ လက်ဝါးရိုက်ချက်ကို ခုခံလိုက်ပါတယ်။
ဝေါင်း ...
လီဖူချန်းရဲ့ လက်သီးကနေ အနက်ရောင် ကျားဝိညာဉ်တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
ဝုန်း ...
လက်ဝါးနဲ့ လက်သီး ထိပ်တိုက် တွေ့ဆုံတဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တသိမ့်သိမ့် တုန်ခါသွားခဲ့သလို လူရိပ်တစ်ရိပ်ဟာ လည်း လွင့်ထွက်သွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရေခဲစွမ်းအင်စက်ကွင်းနဲ့ နှင်းမုန်တိုင်းတွေဟာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့ပါပြီ။
အနောက်ကို လွင့်ထွက် သွားသူကတော့ မူဟန်ရှင်းပါပဲ။ မူဟန်ရှင်းမျက်နှာက အတော်လေး ပျက်ယွင်း နေခဲ့သလို သူ့ရဲ့ အဝတ်အစားတွေဟာလည်း မီးကျွမ်းခံလိုက်ရသလို အပေါက်အပေါက်တွေ ဖြစ်နေခဲ့ပါတယ်။
လီဖူချန်းကတော့ နဂိုမူလ သူရပ်နေတဲ့ နေရာကနေ တစ်စက်ကလေးမှကို ရွေ့မသွားခဲ့ပါဘူး။
လက်သီးတစ်ချက် ... ...
မူဟန်ရှင်းက လက်သီးတစ်ချက်နဲ့ပဲ လီဖူချန်းကို ရှုံးနိမ့်သွားခဲ့ပါပြီ။
အစောတုန်းက မူဟန်ရှင်း ပြောခဲ့တဲ့ စကားတွေက လုံးဝကို ဟာသပါပဲ။ သူက လီဖူချန်းကို သူ့ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို နောက်မဆုတ်ဘဲ တောင့်ခံနိုင်မလားလို့ မေးခဲ့တာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ သူဟာ လီဖူချန်းရဲ့ လက်သီးတစ်ချက်ကိုတောင် တောင့်မခံနိုင်ခဲ့ပါဘူး။
ရှီဟွဝေနဲ့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အခြားသော ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကတော့ ပါးစပ် အဟောင်းသား ဖြစ်နေကြပါပြီ။
မူဟန်ရှင်းဆိုတာက ဖုန်းရွှယ်ဂိုဏ်းရဲ့ နံပါတ်၁ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးပါ။ ဒါပေမဲ့လည်း သူဟာ လီဖူချန်းရဲ့ လက်သီး တစ်ချက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။ သည်အချက်နဲ့တင် လီဖူချန်း ဘယ်လောက်အထိ အစွမ်းထက်လည်း ဆိုတာကို သိနိုင်ပါတယ်။
ကြည့်ရတာကတော့ လီဖူချန်းဟာ ပျောက်သွားတဲ့ နှစ်နှစ်အတွင်းမှာ ဇာတ်မြုပ် နေထိုင်နေတဲ့ ပညာရှင်ကြီး တစ်ယောက်ထံက နေပြီး ပညာရည်နို့ သောက်သုံးခွင့်ရခဲ့တာ ဖြစ်ရပါမယ်။ ဒါကြောင့်လည်း သူဟာ အခုလို ကြောက်စရာကောင်းလှတဲ့ စွမ်းရည်မျိုးကို ထုတ်ပြနေနိုင်တာပါ။
" အဟမ်း ... ။ ဂိုဏ်းချုပ် ... သူရဲကောင်းလေးလီကို ဂိုဏ်းထဲ ဖိတ်ခေါ်လိုက်ဦးလေ "
မူဟန်ရှင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှီဟွဝေကို သတိပေး လိုက်ပါတယ်။
သူက လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါပြီ။
မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းက လီဖူချန်းကို ဒဏ်ရာ ကြီးကြီးမားမား ရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့သာ ဖုန်ရွှယ်ဂိုဏ်း အနေနဲ့ လီဖူချန်းကို အကူအညီပေးပြီး အခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့မယ် ဆိုရင်တော့ နောက်အနာဂတ်မှာ အကျိုးအမြတ်ကြီး တစ်ခုကို သေချာပေါက် ရလာပါလိမ့်မယ်။
မူဟန်ရှင်း အမြင်မှာတော့ လီဖူချန်းဟာ တစ်နေ့ကျရင် အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးရဲ့ အရှင်သခင် တစ်ပါး ဖြစ်လာနိုင်မယ့် အလားအလာတွေကိုတောင် ပိုင်ဆိုင် ထားနေခဲ့ပါပြီ။
" သူရဲကောင်းလေးလီ ... ကြွပါ "
ရှီဟွဝေက လီဖူချန်းကို ဖိတ်ခေါ်လိုက်ပါတယ်။
" ကျေးဇူးပါ ဂိုဏ်းချုပ်ဆရာမကြီးရှီ "
လီဖူချန်းက ရှီဟွဝေရဲ့ ဖိတ်ခေါ်မှုကို မငြင်းပါဘူး။
- ဖုန်းရွှယ်ဂိုဏ်းရဲ့ ပင်မခန်းဆောင် -
ဖုန်းရွှယ်ဂိုဏ်းက လီဖူချန်းကို ပင်မခန်းဆောင်ရဲ့ ညာဘက်ခြမ်းမှာ ရှိတဲ့ အရှေ့ဆုံးခုံမှာ နေရာချထား ပေးပါတယ်။
ဘယ်ဘက်ခြမ်းရဲ့ အရှေ့ဆုံးခုံမှာတော့ မူဟန်ရှင်း ရှိနေပြီး အိမ်ရှင် နေရာမှာတော့ ရှီဟွဝေ ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရှီဟွဝေက ဖုန်းရွှယ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် ဖြစ်တဲ့အတွက် အိမ်ရှင်နေရာမှာ ထိုင်ရမှာပါပဲ။
" သူရဲကောင်းလေးလီ ... ။ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းက အရှေ့ယူနီကွန်းတိုက်ရဲ့ ထိပ်တန်းဂိုဏ်း ၁၀ဂိုဏ်းထဲက ဖြစ်ပေမယ့်လည်း တကယ့်တကယ်မှာတော့ သူတို့ရဲ့ အခြေခံအုတ်မြစ်က ကျုပ်တို့ရဲ့ ဖုန်းရွှယ်ဂိုဏ်းထက် တောင်မှ အများကြီး တောင့်တင်းတယ်။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းထဲမှာဆိုရင် သူတို့ဂိုဏ်းနှစ်ဂိုဏ်းကို ယှဉ်နိုင်တဲ့ ဂိုဏ်းက နတ်စမ်းရေ တောင်ကြားပဲ ရှိတော့တာ "
မူဟန်ရှင်းက လက်ဖက်ရည်နွေးကြမ်းကို ခပ်ဖြည်းဖြည်း မှုတ်သောက်နေရင်းနဲ့ စကားဝိုင်းကို စလိုက်ပါပြီ။
" ကျေးဇူးပြုပြီး ကျွန်တော့်ကို တိတိကျကျ ပြောပြပေးပါလားခင်ဗျာ "
လီဖူချန်း ရိုရိုသေသေနဲ့ ပြောလိုက်ပါတယ်။
အိမ်ရှင်နေရာမှာ ရှိနေတဲ့ ရှီဟွဝေက မနေနိုင်တော့ပါဘူး။ သူကလည်း စကားဝိုင်းထဲကို ဝင်လာပါတော့တယ်။
" ဟုတ်ပြီ ... ဆန်းကြယ်ကိရိယာ ဂိုဏ်းကနေ စလိုက်ကြရအောင်။ ဆန်းကြယ် ကိရိယာဂိုဏ်းက အရှေ့ယူနီကွန်းတိုက်ရဲ့ ရှေးအကျဆုံး ဂိုဏ်းတစ်ခုပဲ။ သူတို့က အရမ်းအစွမ်းထက်တဲ့ ကိရိယာနဲ့လူ ပေါင်းစည်းခြင်း ဆိုတဲ့ ပညာရပ် တစ်ခုကိုလည်း ပိုင်ဆိုင် ထားသေးတယ်။ ဒါပေမဲ့ အဲသည်ပညာရပ်ကို ပြန်လည်ဝင်စားခြင်း နယ်ပညာရှင်တွေပဲ ကျင့်ကြံလို့ရတာ။ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ လျှို့ဝှက်အင်းကွက် ဆိုတာကလည်း အဲသည်ပညာရပ်ကနေ ဆင့်ပွားထားတာ။ ငါသိထားသလောက် ဆိုရင်တော့ ဆန်းကြယ်ကိရိယာ ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ ခေါ့ယွင်က ကိရိယာနဲ့လူ ပေါင်းစည်းခြင်း ပညာရပ်ကို လေ့ကျင့်ပြီးသွားပြီ။ သူ့ရဲ့ အစွမ်းက ရှင်းတိကောဝမ် ထက်တောင်မှ မဆိုစလောက် ကလေးဘဲ နိမ့်ကျနေတော့တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ခံနိုင်ရည်အပိုင်းမှာတော့ ရှင်းတိကောဝမ်တောင်မှ သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး "
" ကိရိယာနဲ့ လူ ပေါင်းစည်းခြင်း ဟုတ်လား ... "
လီဖူချန်းက သည်ပညာနဲ့ ပတ်သက်ပြီး ဘာမှ ရေရေရာရာ မသိပါဘူး။ ဒါပေမဲ့ သည်ပညာရပ်က လျော့တွက်လို့ ရတဲ့ ပညာရပ် မဟုတ်ဘူး ဆိုတာကိုတော့ သူကောင်းကောင်းကြီး ရိပ်စားမိပါတယ်။
ရှီဟွဝေက သူ့ရဲ့ စကားကို ထပ်ဆက်ပါတယ်။
" ပြီးတော့ ဆန်းကြယ်ကိရိယာဂိုဏ်းမှာ စစ်သင်္ဘော တစ်စင်းလည်း ရှိသေးတယ် "
" ဘာ ... စစ်သင်္ဘော တစ်စင်းကော ရှိတာလား "
လီဖူချန်းရဲ့ မျက်လုံးအစုံကတော့ ပြုးကျယ် သွားခဲ့ပါပြီ။
ရှီဟွဝေက သူ့ရဲ့ လေသံကို နိမ့်လိုက်ပြီး ပြန်ပြောလာခဲ့ပါတယ်။
" အဲသည် စစ်သင်္ဘောက နည်းနည်း ပျက်စီးနေပြီ ဖြစ်တဲ့အတွက် မပျံနိုင်တော့ဘူး။ ဒါပေမဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းက အဲသည်စစ်သင်္ဘောကို အကောင်းဆုံးနေရာမှာ ခင်းကျင်း ထားတယ်။ ငါကြားတာကတော့ ရှင်းတိကောဝမ်က အဲသည် စစ်သင်္ဘောရဲ့ သတင်းကို ကြားလို့ သွားလုသေးတယ်တဲ့။ ဒါပေမဲ့ စစ်သင်္ဘောမှာ ရှိနေတဲ့ စေတီ တိုက်ခိုက်ရေးအစီအရင်ကြောင့် ရှင်းတိကောဝမ်က မအောင်မြင်ခဲ့ဘူး။ ပြီးတော့ ဒဏ်ရာ အကြီးအကျယ်တောင် ရသွားသေးတယ်။ အဲသည် အချိန်ကစပြီး ရှင်းတိကောဝမ်က ဆန်းကြယ် ကိရိယာဂိုဏ်းကို ပြဿနာ မရှာရဲတော့တာ "
ရှီဟွဝေရဲ့ ရှင်းပြမှုကို ကြားအပြီးမှာတော့ လီဖူချန်းရဲ့ အမူအရာတွေဟာ လေးနက် တည်ကြည် သွားခဲ့ပါပြီ။
သူက တိုက်ခိုက်ရေး အစီအရင်တွေရဲ့ ကြောက်စရာ ကောင်းပုံကို မသိစရာ အကြောင်းမရှိပါဘူး။ သူက မဟူရာဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေမှာတုန်းက ဘုရားဆင်းတုတော်နဲ့ ခင်းကျင်းထားတဲ့ တိုက်ခိုက်ရေး အစီအရင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ စေတီ တိုက်ခိုက်ရေး အစီအရင်က ရှင်းတိကောဝမ်ကိုတောင်မှာ ဒဏ်ရာ အကြီးအကျယ် ရစေခဲ့တယ်ဆိုတော့ သူကြုံခဲ့ဖူးတဲ့ ဘုရားဆင်းတုတော် တိုက်ခိုက်ရေး အစီအရင်ထက် ပိုအစွမ်းထက်မှာ အသေအချာပါပဲ။
ရှီဟွဝေက လီဖူချန်းကို နားချလိုက်ပါတယ်။
" တကယ်လို့ မင်းက ဆန်းကြယ်ကိရိယာ ဂိုဏ်းထဲကို ဇွတ်အတင်း ဝင်ဖို့ တွေးထားတယ် ဆိုရင်တော့ အဲသည်အတွေးကို ဖျောက်ပစ်လိုက်ဖို့ ငါ အကြံပေးပါရစေ။ မင်းက ရှင်းတိကောဝမ်ထက် အစွမ်းထက်ရင် တောင်မှ ဆန်းကြယ်ကိရိယာဂိုဏ်းထဲကို ဝင်နိုင်မှာ မဟုတ်ပါဘူး "
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး " စိတ်မပူပါနဲ့ ... ။ ကျွန်တော်ရဲ့ ကန့်သတ်ချက်ကို ကျွန်တော်သိပါတယ် " ဟု ပြန်ဖြေလိုက်ပါတယ်။
သည်စေတီ တိုက်ခိုက်ရေး အစီအရင်က အစွမ်းထက်ရင် ထက်ပါလိမ့်မယ်။ ဒါပေမဲ့ သည်အစီအရင်ရဲ့ တိုက်ခိုက်မှုကို ရှောင်နိုင်သရွေ့ကတော့ သူ့အနေနဲ့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံအပေါ်မှာ ၁၀၀ရာခိုင်နှုန်း ယုံကြည်မှု ရှိပါတယ်။
ရှီဟွဝေက ခေါင်ကို ခါယမ်းနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ အတန်ကြာမှ သူက စကားကို ထပ်ဆက်ပါတယ်။
" ငါမင်းကို မိုးကြိုးနတ်ဘုရား ဂိုဏ်းအကြောင်း ပြောပြမယ်။ သူတို့က ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ နံပါတ်၁ ဂိုဏ်းဆိုပေမယ့် ဆန်းကြယ် ကိရိယာ ဂိုဏ်းလောက် ရင်ဆိုင်ရတာ မခက်ဘူး။ မိုးကြိုးနတ်ဘုရား ဂိုဏ်းက သူတို့ရဲ့ မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင်ကိုပဲ အားကိုးနေရတာ။ အဲဒါကလည်း တိုက်ခိုက်မှုကို အားပေးတဲ့ အစီအရင်တစ်ခုပဲ။ အဲသည် ဝင်္ကပါ အစီအရင်က ဆန်းကြယ်ကိရိယာ ဂိုဏ်းရဲ့ စေတီ တိုက်ခိုက်ရေး အစီအရင်လောက်တော့ အားမကောင်းဘူး။ ဒါပေမဲ့လည်း မိုးကြိုးနတ်ဘုရား ဂိုဏ်းမှာက အစွမ်းထက်တဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အများကြီး ရှိနေသေးတယ်။ တကယ်လို့ မင်းက မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကို ဇွတ်အတင်း ဝင်မယ်ဆိုရင် မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင်နဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရလိမ့်မယ် "
" မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင်လား "
လီဖူချန်းက ပြုံးလိုက်မိပါပြီ။
စစ်သင်္ဘောတစ်စင်းနဲ့ ရင်ဆိုင်ရမှာထက် စာရင်တော့ ဝင်္ကပါ အစီအရင်တစ်ခုနဲ့ ရင်ဆိုင်ရတာက ပိုပြီး ခံသာပါသေးတယ်။
ဒါက မိုးကြိုးမီးတောက် ဝင်္ကပါအစီအရင်ဟာ အစွမ်းမထက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို ယုံကြည်ချက် ရှိလို့သာ အခုလို တွေးလိုက်ရခြင်း ဖြစ်ပါတယ်။
သူကြုံတွေ့ရတဲ့ ဝင်္ကပါ အစီအရင်က အဆင့်၆ ဝင်္ကပါ အစီအရင် မဟုတ်သေး သရွေ့တော့ လီဖူချန်းဟာ ဝင်္ကပါရဲ့ အားနည်းချက်ကို ရှာနိုင်စွမ်း ရှိပါတယ်။
မူဟန်ရှင်းကတော့ လီဖူချန်းကို အဆုံးစွန်အထိ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့ ပုံပါပဲ။ သူက လီဖူချန်း လုံးဝ မထင်ထားတဲ့ စကားတစ်ခွန်းကို ပြောလာခဲ့ပါတယ်။
" သူရဲကောင်းလေးလီ ... ။ ကျုပ်တို့ ဖုန်းရွှယ်ဂိုဏ်းက ဆန်းကြယ် ကိရိယာဂိုဏ်းနဲ့ မိုးကြိုးနတ်ဘုရား ဂိုဏ်းကို သွားပြီး လီကလန်သားတွေကို လွှတ်ပေးဖို့ သွားတောင်းဆို ပေးရမလား "
လီဖူချန်းက ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
" ဆရာကြီးမူ ... ။ ဖုန်းရွှယ်ဂိုဏ်းက သွားတောင်းဆိုရုံနဲ့ သူတို့က လီကလန်သားတွေကို လွှတ်ပေး လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား။ လုံးဝ မဖြစ်နိုင်ဘူး ဆရာကြီးမူ။ သူတို့က ကျွန်တော် မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန်နယ်မြေထဲက ရလာတဲ့ ရှေးဟောင်း ပစ္စည်းတွေကို အပိုင်စီးချင် နေကြတာ "
" အဲဒါက ... "
လီဖူချန်းရဲ့ ပြောစကားက မှန်နေတဲ့အတွက် မူဟန်ရှင်းဟာ ဘာပြန်ပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။
" အခုလို သတင်းအချက်အလက်တွေကို ပြောပြပေးတဲ့အတွက် ဖုန်းရွှယ်ဂိုဏ်းကို ကျေးဇူးအများကြီး တင်ပါတယ်။ နောင်အနာဂတ်မှာ လီဖူချန်းက ဖုန်းရွှယ်ဂိုဏ်းရဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ် "
ထို့နောက်မှာတော့ လီဖူချန်းဟာ ဖုန်းရွှယ်ဂိုဏ်းက အကြီးအကဲတွေကို နှုတ်ဆက်ပြီး ပင်မ ခန်းဆောင်ထဲကနေ ထွက်သွားခဲ့ပါပြီ။
ဖုန်းရွှယ်ဂိုဏ်းရဲ့ အကြီးအကဲတွေကတော့ လီဖူချန်းရဲ့ နောက်ကျောကို ငေးကြည့်နေရင်းနဲ့ ကျန်နေခဲ့ပါတော့တယ်။
" အရှေ့ယူနီကွန်းတိုက်ရဲ့ ကံကြမ္မာကတော့ နောက်ထပ်တစ်ကြိမ် ပြောင်းလဲတော့မှာပဲ။ သည်တစ်ခါ ပြောင်းလဲမှုက ကောင်းသော ပြောင်းလဲမှု ဖြစ်ပါစေကွာ "
မူဟန်ရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
အစောပိုင်းတုန်းကတည်းက သူဟာ လီဖူချန်းကို ကောင်းကောင်းကြီး အကဲခတ် နေခဲ့တာပါ။ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ရဲ့ အကြောင်းတွေကို သိသွားတာတောင်မှ လီဖူချန်းဟာ လုံးဝ ကြောက်လန့် တုန်လှုပ်သွားခြင်း မရှိခဲ့ပါဘူး။ လီဖူချန်းရဲ့ လက်ထဲမှာ ဝှက်ဖဲတွေ ရှိနေသေးတယ်ဆိုတာ အသိသာကြီးပါပဲ။
လီဖူချန်းက မွေးရာပါ အကြောက်အလန့် ကင်းတဲ့ လူတစ်ယောက် ဖြစ်ရင်လည်း ဖြစ်ပါမယ်။ ဒါပေမဲ့ အချက်အလက်ကိုတော့ လိမ်ညာလို့ မရပါဘူး။ အစောပိုင်းတုန်းက လီဖူချန်း ပြသခဲ့တဲ့ စွမ်းရည်ဟာ အရှေ့ယူနီကွန်း တိုက်ကြီးကို မွှေနှောက်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေခဲ့ပါပြီ။
***