← Chapters

ကျွန်တော် အလကားမယူတတ်ဘူး

Vol. 104 Ch. 1448

ကျွန်တော် အလကားမယူတတ်ဘူး

Vol. 104 Ch. 1448

ဘုံအရှင်တစ်ယောက်၏ တစ်ဦးတည်းသော သမီးတော် ဖြစ်နေခြင်းဖြင့်ပင် ချီချင်ချန်သည် သိမ်းငှက်ဘုရင်လေးပြီးလျှင် ဒုတိယအ‌ရေးကြီးဆုံးသူ ဖြစ်ပေသည်။ သူမက သူမဖခင်၏ ဆက်ခံသူ မဟုတ်ပါလား။

ချီချင်ချန်သည် အုပ်ချုပ်သူအဆင့်သို့လည်း ရောက်နေပြီဖြစ်သလို စာပေပညာလည်းနှံ့စပ်ကာ ပါရမီထူးသည်။ တိရှဘုံတစ်ခုလုံးမှ သခင်လေးများနှင့် သခင်မလေးများ မဆိုထားနှင့် မိုလင်းချိုးပင် သူမကို လေးလေးစားစား ပြောဆိုဆက်ဆံရမည်ဖြစ်သည်။ ချီချင်ချန်၏ အဆင့်အတန်းအရ သူမက နောက်ဆုံးတန်းတွင် ထိုင်လျှင် မည်သူက သူမအရှေ့တွင် ထိုင်ဝံ့ပါဦးမည်နည်း။

ထို့ကြောင့်...

လူများစွာသည် ကျန်းရီကို စတင်ကြည့်လာကြပြီး ချီချင်ချန်၏ ထူးဆန်းသော အပြုအမူက သူ့ကြောင့် ဖြစ်သည်ဟု တွေးလာကြ၏။ လူအချို့သည် ချီချင်ချန်က ကျန်းရီကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွားခဲ့ကြောင်းကို သတိပြုမိခဲ့ကြသည်။

သို့သော်...

ကျန်းရီက မည်သို့မှ မပြုမူခဲ့ပေ။ သူက ချီချင်ချန် ရောက်လာခြင်း၊ သူ့ဘေးမှ သခင်လေးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နေရာဖယ်ပေးခြင်းတို့က သတိမပြုမိသကဲ့သို့ အစားအသောက်များကိုသာ ဆာလောင်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ အားရပါးရ စားသောက်နေပေသည်။

ချီချင်ချန်ကလည်း သာမန်မဟုတ်သည်များကို မလုပ်ချေ။ သူမသည် တိတ်တဆိတ်သာထိုင်၍ အစေခံမလေးတစ်ယောက်ကို သူမအတွက် အစားအသောက်အသစ်၊ လက်ဖက်ရည်အသစ် ပြင်ပေးရန်သာ ပြောလိုက်သည်။ ထို့နောက် သူမ အားလုံးကို ကြည့်ကာ ပြုံး၍ဆိုသည်။

“အားလုံးက ဘာတွေ ကြည့်နေကြတာလဲ။ ကိုယ့်ဘာကိုယ် စကားဆက်ပြောကြပါ။ ကျွန်မက ပွဲကြည့်ရအောင်ပဲ လာခဲ့တာပါ”

ရီပုဟွေသည် ကျန်းရီကို သံသယဖြင့် ထပ်မံကြည့်လိုက်၏။ ထို့နောက် မသင်္ကာသောအကြည့်ဖြင့် သူ့ဘေးမှ မိုဟွိုက်စန်းထံ အသံပို့လွှတ်လိုက်သည်။

“သခင်မလေးမို... အဲ့လူမှာ ထူးခြားတာတစ်ခုခု ရှိလား”

“ကျွန်မတော့ မထင်ပါဘူး”

မိုဟွိုက်စန်းက စကားကို အလွန်သတိထား၍ ပြောနေသည်။ ကျန်းရီက အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သော တောသားတစ်ယောက်ဖြစ်သည်။ သူ၏ထူးခြားမှုဟူ၍ သူမအဘိုးက သူ့ကို အလွန်သဘောကျခြင်းသာ။ သို့သော် မိုဟွိုက်စန်း၏ မျက်လုံးထဲတွင် ကျန်းရီက များစွာအရေးမပါချေ။ တိရှအရှင်ကလည်း သူမကို ကျန်းရီနှင့်ပတ်သတ်၍ ညွှန်ကြားချက်များ မပေးခဲ့ပေ။ ကျန်းရီသာ အရေးပါသူတစ်ယောက်ဆိုလျှင် တိရှအရှင်က သူမအား ကျန်းရီကို ဒေါသဖြစ်အောင် မလုပ်ရန် မှာလိုက်ပေလိမ့်မည်။

မိုဟွိုက်စန်းသည် ခေတ္တမျှ တွေးတောပြီးနောက် အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် အသံပြန်ပို့လွှတ်လိုက်၏။

“သူက တိလင်အာနဲ့အတူ လိုက်လာတာပဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ သူ့အဆင့်က လူထုရေးရာ မဟာဝန်မင်းလို့ ပြောတယ်”

ရီပုဟွေလည်း နားမလည်နိုင်ပေ။ နောက်ဆုံးတွင် ချီချင်ချန်က လူများကို ရုတ်ရုတ်သဲသဲ ဖြစ်မသွားစေလိုခြင်း သို့မဟုတ် သူမက အဆင့်အတန်းမခွဲသူတစ်ယောက်ဟု လူများကို ပြလိုခြင်းသာ ဖြစ်ရမည်ဟု သူ ကောက်ချက်ချလိုက်လေသည်။

ရီပုဟွေသည် ခပ်သဲ့သဲ့ပြုံး၍ အားလုံးကို ပြန်ထိုင်ကာ စကားပြောဆို၊ စားသောက်ကြရန် လက်ဟန်ပြလိုက်သည်။ ခန်းမထဲမှ အငွေ့အသက်က ပြန်၍ သက်ဝင်လှုပ်ရှားလာသည်။ သို့သော် သခင်လေးများစွာသည် အတွေးနယ်ချဲ့နေကြဟန်ဖြင့် ချီချင်ချန်ကို ခိုးခိုးကြည့်နေကြသေး၏။ သခင်မလေးများစွာကလည်း ချီချင်ချန်ရောက်လာကတည်းက အတော်လေး ငြိမ်သွားကြပေသည်။

သိမ်းငှက်ဘုရင်လေး၏ အကြည့်များက ရံဖန်ရံခါဆိုသလို ချီချင်ချန်ဆီသို့ ရောက်ရောက်သွားသည်။ သူ့မျက်ဝန်းများထဲတွင် သူမကို သိမ်းပိုက်လိုသော အလိုဆန္ဒများရှိနေသည်။ သူသည် သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ရန်ပင် မကြိုးစားဘဲ ပေါ်ပေါ်ထင်ထင် ချပြနေပေသည်။

ချီချင်ချန်ကမူ အကြည့်များအားလုံးကို လျစ်လျူရှု၍ သူမဘာသာ လက်ဖက်ရည်သောက်နေ၏။ သူမသည် တောင်ပေါ်တွင် အေးအေးချမ်းချမ်းဖြင့် တိတ်ဆိတ်စွာ ထိုင်နေသော ဘုန်းကြီးအိုတစ်ပါးကဲ့သို့ပင်။

ကျန်းရီကလည်း မျက်နှာသေဖြင့် ဗိုက်ဝအောင် ဆက်စားနေသည်။ သို့သော် ရင်ထဲတွင်မူ ကူကယ်ရာမဲ့နေပေသည်။ ချီချင်ချန်က အလွန်တိုက်ဆိုင်စွာ ရောက်လာခဲ့သည်။ အကယ်၍ သူမည်သူဖြစ်ကြောင်းသာ ပေါ်သားလျှင် မိုလင်းချိုးက သူ့ကို တိရှဘုံသို့ ချက်ချင်း ပြန်ပို့လိုက်လောက်သည်။ သူ သူတော်စင်ဝိညာဉ်တောင်သို့ သွားရန်ပင် အခွင့်အရေး ရလိုက်မည် မဟုတ်ချေ။

“ကျန်းရီ... ဒီလောက်မြန်မြန် ပြန်တွေ့ကြလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး”

ကျန်းရီ၏ ခေါင်းထဲတွင် နူးညံ့သော အသံလေးတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီသည် ဘေးသို့ မကြည့်ဘဲ ချက်ချင်း အသံပြန်ပို့လွှတ်လိုက်သည်။

“သခင်မလေးချင်ချန်... ကျေးဇူးပြုပြီး ကျွန်တော့်ဆီ အသံမပို့လွှတ်ပါနဲ့။ လူတွေအများကြီးက ကျွန်တော့်ကို ကြည့်နေကြတယ်။ ကျွန်တော် အဲ့သခင်လေးတွေ ပစ်မှတ်ထားတာကို မခံချင်ဘူး...”

ချီချင်ချန်က ထပ်မံအသံပို့လွှတ်၍ ယုံကြည်မှုရှိရှိ ပြောလိုက်၏။

“ဟားဟား... ရှင်က ဘာတွေကြောက်နေတာလဲ။ ဒီမှာ ကျွန်မရှိနေရင် ရှင့်ကို ဘယ်သူမှ ထိရဲမှာ မဟုတ်ပါဘူး”

‘လခွမ်းနဲ့...’

ကျန်းရီ စိတ်ထဲမှ ဆဲလိုက်၏။ သူ မည်သို့ရှင်းပြလိုက်ရမည် မသိပေ။ ထို့ကြောင့် အသံသာ ထပ်မံပို့လွှတ်လိုက်သည်။

“ကျွန်တော်က မိန်းမတစ်ယောက်အပေါ်မှာ မမှီခိုတတ်ဘူး။ ပြီးတော့ ကျွန်တော်က အလကားလည်း မယူတတ်ဘူး။ သခင်မလေးချင်ချန်... ကျေးဇူးပြုပြီးတော့ ကျွန်တော့်ဆီ ပြဿနာတွေ သယ်မလာပါနဲ့.. ဟုတ်ပါပြီလား”

ချီချင်ချန်သည် အပြင်တွင် မည်သည့်ခံစားချက်မှ မပြသော်လည်း စိတ်ထဲတွင် ဆွံ့အသွားသည်။ ယောက်ျားများစွာက ခြင်များကဲ့သို့ သူအနားတွင် တဝီဝီဝဲနေကြသည်။ သူမသည် ထိုယောက်ျားများကို ‌မောင်းထုတ်မပစ်နိုင်ပေ။ ထိုအဖြစ်ကို သူမ နှစ်ပေါင်းများစွာ မြင်ခဲ့ပြီးပေပြီ။ သို့သော် ကျန်းရီကဲ့သို့သော ယောက်ျားတစ်ယောက်ကို သူမ မတွေ့ခဲ့ဖူးသေးချေ။ သူမဘက်က စကားစသည်ပင် သူက ၎င်းကို မကျေမနပ်ဖြစ်နေသည်လော။

ချီချင်ချန်သည် ကျန်းရီအပေါ် မည်သည့်မရိုးသားသောစိတ်မှ မရှိပေ။ သူမက သူ့ကို ကျေးဇူးတင်နေခြင်းသာ။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီက သူမကို စမ်းရေလှုပ်ရှားမှုကို နားလည်သွားစေခဲ့၏။ ယင်းက အနှစ်သာရတစ်ခုပင်။ ထိုစဉ်က သူမသည် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်ပြီး အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းရန် အနှစ်သာရတစ်ခုကို သိမြင်နားလည်ရန် လိုအပ်နေခဲ့ခြင်းပင်။

ချီချင်ချန် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှ ထွက်လာသောအခါ တန်ကြေးကြီးကြီးပေး၍ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ ဝင်ခဲ့၏။ ထိုဆန်းကြယ်နယ်မြေထဲတွင် သုံးရက် ကျင့်ကြံပြီးနောက် သူမ အုပ်ချုပ်သူအဆင့်သို့ ရောက်သွားခဲ့ပေသည်။ သူမသည် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှ မထွက်ခင်တွင် ကျန်းရီအား သူမက သူ့အပေါ် အကြွေးတစ်ခု တင်နေသည်ဟု ပြောခဲ့၏။ သို့သော် ကျန်းရီကို သူတော်စင်ဝိညာဉ်ဘုံ၌ တွေ့ရလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ထို့ကြောင့် ကျန်းရီကို တိုက်တိုင်ဆိုင်ဆိုင်တွေ့သောအခါ သွားနှုတ်ဆက်၍ သူမ၏ ကျေးဇူးတင်မှုကို ပြသခြင်းဖြစ်သည်။

သို့သော် ကျန်းရီက သူမနှင့် စကားမပြောလိုကြောင်း ငြင်းလိုက်သောအခါ ချီချင်ချန် ရှက်သွားသည်။ သူမသည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် အသံထပ်မံပို့လွှတ်လိုက်သည်။

“ကျွန်မက နှင်းလရဲတိုက်မှာ တည်းတယ်။ ရှင် အကူအညီလိုရင် ကျွန်မကို လာရှာပါ။ ကျွန်မက ရှင့်အပေါ် အကြွေးတစ်ခု တင်နေတယ်လို့ ကျွန်မ ပြောခဲ့ပြီးပြီ မဟုတ်လား”

ချီချင်ချန်သည် အသံပို့လွှတ်ပြီးနောက် ထရပ်ကာ လက်ဆုပ်၍ အားလုံးကို ပြုံးပြကာ ပြောလိုက်သည်။

“အားလုံးပဲ ကျွန်မ နည်းနည်းပင်ပန်းနေလို့ အရင် ပြန်လိုက်ပါဦးမယ်။ မနက်ဖြန် တိုက်ပွဲကွင်းကျမှ အားလုံးနဲ့ ပြန်တွေ့တာပေါ့”

ချီချင်ချန် ထရပ်လိုက်သောအခါ ရီပုဟွေနှင့် အခြးသူများလည်း မြန်မြန်ထရပ်ကာ သူမကို ဆက်နေရန် ဖျောင်းဖျလိုက်ကြသည်။ သို့သော် ချီချင်ချန်က ခပ်သဲ့သဲ့ပြုံး၍ ခေါင်းခါကာ ငြင်းလိုက်သည်။ ထို့ကြောင့် သူတို့သည် နှမြောစွာဖြင့် ချီချင်ချန်ကို ထွက်သွားခွင့်ပေးလိုက်ကြရတော့၏။

ထိုစဉ် ရုတ်တရက် ချီချင်ချန် ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောခဲ့သော သိမ်းငှက်ဘုရင်လေးက ပါးစပ်ဟလိုက်သည်။

“သခင်မလေးချီချန်... ခဏနေပါဦး”

ချီချင်ချန်က ပြုံး၍ သိမ်းငှက်ဘုရင်လေးကို လှည့်ကြည့်ကာ မေးလိုက်၏။

“သိမ်းငှက်ဘုရင်လေးမှာ ဘာများပြောစရာရှိလို့ပါလဲ”

သိမ်းငှက်ဘုရင်လေးက ဟိတ်ဟန်အပြည့်ဖြင့် ထရပ်ကာ ချီချင်ချန်ကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော့်မှာ ကြင်ရာတော်တစ်ယောက် လိုအပ်နေပါတယ်။ သခင်မလေးက ကျွန်တော့်ရဲ့ မိဖုရား ဖြစ်လာသင့်ပါတယ်။ သခင်မလေး ဘယ်လိုသဘောရပါသလဲ”

“ဖူး...”

လူတော်တော်များများ လက်ဖက်ရည် သီးသွားကြ၏။ ကျန်းရီသည်လည်း သူအရသာခံနေသော သေရည်ကောင်းကို မှုတ်ထုတ်လိုက်ရ၏။ သိမ်းငှက်ဘုရင်လေးက တဲ့တိုးဆန်လွန်းသည် မဟုတ်လော။ သူက စကားပရိယာယ်များကို မသိသည်လော။ ယနေ့ ဤနေရာတွင် အထက်ဘုံတစ်ခုလုံးမှ ထိပ်တန်းအဆင့် သခင်လေးများနှင့် သခင်မလေးများ ရှိနေကြသည် မဟုတ်လော။

ရီပုဟွေနှင့် အခြားသခင်လေးများသည် မည်သို့လုပ်ရမည်မသိ ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ တိလင်အာ၊ မိုဟွိုက်စန်းနှင့် အခြားသခင်မလေးများအားလုံးကမူ မျက်နှက်ပျက်သွားကြသည်။ သူမတို့ စိတ်ထဲ စနိုးစနောင့် ဖြစ်သွားကြပေသည်။ သူမတို့သည် သိမ်းငှက်ဘုရင်လေးကို နာကျင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ထိုအကြည့်များက သိမ်းငှက်ဘုရင်လေးအား သူမတို့ အသည်းကွဲသွားကြောင်း တိတ်တဆိတ် ပြောနေသကဲ့သို့ပင်။

သိမ်းငှက်ဘုရင်လေးသည် မည်သူ့ကိုမှ အရေးမစိုက်ဘဲ ချီချင်ချန်ကိုသာ စူးရှသော အကြည့်ဖြင့် ကြည့်၍ သူမ၏အဖြေကို စောင့်နေ၏။ ချီချင်ချန်၏ မျက်နှာထားက များစွာပြောင်းလဲမသွားပေ။ သူမသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် တံခါးဆီသို့ လျှောက်သွားလိုက်၏။ ခန်းမထဲမှနေ၍ အပြင်သို့ ထွက်ခါနီးမှ သူမ ပြောလိုက်သည်။

“ရှင် အုပ်ချုပ်သူအဆင့်ကို ရောက်သွားမှ ကျွန်မကို လာပြောပေါ့။ အခုတော့... ရှင့်မှာ ကျွန်မကို အဲ့လိုမေးဖို့ အခွင့်မရှိသေးဘူး”

ချီချင်ချန်၏စကားက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေ၏။ သူမသည် သိမ်းငှက်ဘုရင်လေးကို လုံးဝ မျက်နှာသာမပေးချေ။ လူများသည် သိမ်းငှက်ဘုရင်လေးက ဒေါသထွက်သွားပြီး တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်လိုက်မည်ကို ကြောက်ရွံ့သွားကြ၏။ အားလုံး စတင်၍ စိတ်မသက်မသာ ခံစားလာရပေသည်။

သို့သော် သိမ်းငှက်ဘုရင်လေးက ဒေါသထွက်မသွားပေ။ ထိုအစား ယှဉ်ပြိုင်လိုစိတ် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရယ်ကာ ပြောလိုက်သည်။

“မဆိုးဘူး... မဆိုးဘူး၊ ချီချင်ချန်... စောင့်ကြည့်နေပါ။ အနှေးနဲ့အမြန်ဆိုသလို မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းကို လက်ခံပေးဖို့ တောင်းဆိုစေရမယ်”

ရူးသွပ်မှု၊ မယဉ်ကျေးမှု... အရိုင်းဆန်မှု...

ထိုနေရာရှိ လူအားလုံး အထက်ပါအတိုင်း တွေးလိုက်ကြသည်။ သို့သော် ခေတ္တမျှကြာပြီးနောက် သိမ်းငှက်ဘုရင်လေး၏ စကားများက အတော်လေး အကျိုးအကြောင်းဆီလျှော်သည်ဟု အားလုံး ခံစားလိုက်ကြရသည်။ အချို့သခင်မလေးများ၏ မျက်ဝန်းများထဲတွင်ဆိုလျှင် လေးစားချစ်ခင်သော အရိပ်အယောင်များပင် ထွက်ပေါ်လာသည်။ သူမတို့က သိမ်းငှက်ဘုရင်လေး၏ ပွင့်လင်းမှုနှင့် ဝံ့ကြွားမှုတို့ကြောင့် ရင်ထဲထိသွားကြပေသည်။

ကျန်းရီသည် မိုဟွိုက်စန်းနှင့် အခြားသခင်မလေးများ၏ မျက်ဝန်းများက မီးဝင်းဝင်းတောက်နေကြောင်းကို တွေ့လိုက်သောအခါ မျက်လုံးပင့်လိုက်၏။ ထိုမျိုးနွယ်ကြီးများမှ သခင်မလေးများမှာ အားလုံးအတူတူပင်။ သူမတို့သည် သူမတို့အပေါ် စိတ်ဝင်စားသူများကို ပြန်မကြိုက်ကြဘဲ သူမတို့အား လျစ်လျူရှုသူများကိုသာ စွဲလမ်းနေတတ်ကြပေသည်။

သို့သော် ယင်းမှာ လူ့သဘာဝဖြစ်ပုံပင်။ လွယ်လွယ်ရသည်ကို တန်ဖိုးမထားတတ်ဘဲ မရနိုင်သည်ကိုမှ တောင့်တတတ်သည်။

စုဝေးပွဲက ဤအခြေအနေထိပင် ရောက်လာပြီဖြစ်၍ ပွဲကိုဆက်ရန် မလိုတော့ပေ။

သိမ်းငှက်ဘုရင်လေးသည် အားလုံးကို လက်ဆုပ်နှုတ်ဆက်၍ ထွက်သွားလိုက်၏။ တံခါးဝသို့ ရောက်သောအခါ သူ ရုတ်တရက် ကျန်းရီကို လှည့်ကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ချင်ချန်နဲ့ ကင်းကင်းနေပါ။ သူက ငါ့ရဲ့ မိန်းကလေးပဲ။ မဟုတ်လို့ကတော့... အကျိုးဆက်တွေကို ခံစားရမယ်”

‘လခွမ်းကွာ...’

သိမ်းငှက်ဘုရင်လေးက သူနှင့် ချီချင်ချန်တို့ အပြန်အလှန် အသံပို့လွှတ်ခဲ့သည်ကို သတိပြုမိသွားကြောင်း ကျန်းရီ သေချာသွားသည်။ ထို့ကြောင့် သူ စိတ်ပျက်စွာဖြင့် စိတ်ထဲမှ ဆဲလိုက်သည်။ ထိုကိစ္စက သူနှင့် မည်သို့မှ မသက်ဆိုင်ပေ။ သူက ချီချင်ချန်အပေါ်တွင်လည်း မည်သည့်စိတ်မှ မရှိချေ။ လက်ရှိ သူ၏အင်အားနှင့်ဆိုလျှင် ချီချင်ချန်ကဲ့သို့သော အမျိုးသမီးတစ်ယောက်ကို မရနိုင်ပါပေ။ ထို့ပြင် သူက အလကားယူတတ်သူတစ်ယောက်လည်း မဟုတ်ချေ။

***

All Chapters