ထုတ်ပြော၍မရနိုင်သော ဆက်ဆံရေးတစ်ခု
Vol. 104 Ch. 1449
ချီချင်ချန်နှင့် သိမ်းငှက်ဘုရင်လေးတို့၏ ထူးဆန်းသော အပြုအမူများက ခန်းမထဲရှိ လူအားလုံး၏ သိလိုစိတ်ကို နှိုးဆွလိုက်ကြသည်။
ထိုနှစ်ယောက်က အဆင့်အတန်းမြင့်သူများဖြစ်ကြ၍ ပုံမှန်ဆိုလျှင် သာမန်မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများကို အရေးမစိုက်ကြချေ။ ချီချင်ချန်က ကျန်းရီဘေးတွင်ထိုင်ရန် ရွေးချယ်ခဲ့ခြင်းကပင် လူများစွာကို သံသယဖြစ်စေခဲ့ပြီဖြစ်သည်။ ယခု သိမ်းငှက်ဘုရင်လေးကလည်း ကျန်းရီကို စိုက်ကြည့်နေသည်။ သို့ဖြစ်ရာ လူများ၏ အာရုံစိုက်မှုကို မခံရရန် ခက်ခဲပေသည်။
ထို့ပြင် လက်ရှိ၌ ကျန်းရီက ငွေမိစ္ဆာမျက်နှာဖုံးကို ဝတ်ထားသည်။ ချီချင်ချန်မှလွဲ၍ မည်သူကမှ သူ၏ အင်အားအစစ်အမှန်နှင့် ရုပ်သွင်အစစ်အမှန်ကို မမြင်နိုင်ပေ။ ငွေမိစ္ဆာမျက်နှာဖုံးက ကျန်းရီကို ဆန်းကြယ်၍ ဩဇာရှိသော အရှိန်အဝါတစ်ခုကို ပေးနေ၏။ ထိုအခိုက်တွင် ကျန်းရီသည် လူများစွာ၏ အာရုံစိုက်မှုကို ခံနေရပေသည်။ အချို့လူများက အချင်းချင်း အသံပို့လွှတ်၍ ကျန်းရီအကြောင်းကို မေးမြန်းနေကြလေသည်။
မိုဟွိုက်စန်းတို့သည် ကျန်းရီက မည်သူဖြစ်ကြောင်း မဖော်ရန် မိုလင်းချိုး၏ သတိပေးမှုကို ခံထားရသဖြင့် မည်သို့မှ မပြောနိုင်ကြပေ။ ထို့ကြောင့် လူများသည် ကျန်းရီက တိလင်အာ၏ ကိုယ်ရံတော်ဖြစ်ပြီး တိရှဘုံ၏ မိစ္ဆာသတ်ဖြတ်စံအိမ်တွင် လူထုရေးရာ မဟာဝန်မင်း အဆင့်အတန်းရှိကြောင်းကိုသာ သိကြရ၏။ ထိုအရာများမှလွဲ၍ ကျန်းရီထံတွင် အခြားထူးခြားမှု မရှိပါပေ။
သိမ်းငှက်ဘုရင်လေး ထွက်သွားပြီးနောက်တွင် အားလုံးလည်း စတင် လူစုခွဲလာကြသည်။ မိုဟွိုက်စန်းတို့သည် အလွန်သိချင်နေကြသော်လည်း လူကြားထဲတွင် မေးရန် မသင့်တော်သဖြင့် စစ်ရထားလုံးများပေါ်တက်ကာ ဖုန်ဟွားရဲတိုက်သို့ ပြန်သွားလိုက်ကြ၏။ ‘ဖုန်ဟွားရဲတိုက်’ဟူသော ဆိုင်းဘုတ်ကို တွေ့သောအခါ ကျန်းရီ တစ်ခု တွေးလိုက်မိ၏။ နှင်းလရဲတိုက်က အနီးတွင် ရှိနေနိုင်သလော။
ကျန်းရီသည် ခေတ္တမျှ တွေးပြီးနောက် ဆက်မတွေးဝံ့တော့ပေ။ နှင်းလရဲတိုက်တွင် ဧည့်သည်များစွာ ရှိနေနိုင်သည်။ အစောတွင်လည်း သူက လူများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သူသာ ယခု နှင်းလရဲတိုက်ကို သွားလိုက်မည်ဆိုလျှင် သိမ်းငှက်ဘုရင်လေးက သူ့ကို ပြဿနာရှာလောက်သည်။ ထိုသို့မဖြစ်လျှင်ပင် သူ မည်သူဖြစ်ကြောင်း တစ်နည်းနည်းဖြင့် ပေါ်သွားပါက မိုလင်းချိုးသည် သူ့ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲသို့ ချက်ချင်း ထည့်လိုက်ပေလိမ့်မည်။
“ဟေ့...”
ရဲတိုက်ထဲသို့ ရောက်သောအခါ မိုဟွိုက်စန်းက ကျန်းရီကို ရုတ်တရက် လှမ်းခေါ်လိုက်၏။ သူမသည် သူ့ကို မည်သို့ ခေါ်ဝေါ်ရမည် မသိ၍ ပုံမှန်အတိုင်းသာ ပြောလိုက်သည်။
“လူထုရေးရာ မဟာဝန်မင်း... ခုနတုန်းက သိမ်းငှက်ဘုရင်လေးက ရှင့်ဆီကို အသံပို့လွှတ်ခဲ့တာလား”
“မဟုတ်ပါဘူး”
ကျန်းရီက ပြတ်သွားစွာ ပြန်ဖြေ၏။
“သခင်မလေးမိုက ဘာလို့အဲ့လို မေးတာပါလဲ”
မိုဟွိုက်စန်း၊ ကျိုးထျန်းဝမ်၊ ရွှမ်ယွမ်ဝူတိနှင့် ကျန်လူအားလုံး အတန်ငယ် အံ့ဩသွားကြ၏။ ကျိုးထျန်းဝမ်က ထိုအကြောင်းကို တွေးတော၍ မေးလိုက်သည်။
“အဲ့ဒါဆို ဘာလို့ သခင်မလေးချင်ချန်က ခင်ဗျားဘေးမှာ ထိုင်ရတာလဲ”
“အဲ့ဒါကို ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ။ ခင်ဗျား သူ့ကို သွားမေးကြည့်ပေါ့”
ကျန်းရီသည် ကျိုးထျန်းဝမ်အပေါ် အမြင်မကြည်သဖြင့် သူနှင့် စကားများများပြောကာ လေမဖြုန်းလိုပေ။ ထို့နောက် ကျန်းရီ သူ့အခန်းသို့ သွားလိုက်သည်။ တိလင်အာက ကျန်းရီနောက်မှ ခပ်သွက်သွက်လိုက်လာပြီး ကျန်းရီ၏ခန်းထဲ လိုက်ဝင်လိုက်၏။
ကျန်းရီသည် တိလင်အာက မြေခွေးလေးတစ်ကောင်ကဲ့သို့ သူ့အနောက်မှ လိုက်လာပြီး သူ့အား မသင်္ကာဟန်ဖြင့် ကြည့်နေကြောင်းကို တွေ့လိုက်သောအခါ မေးလိုက်၏။
“သခင်မလေးလင်အာ... ဘာလို့ ကျွန်တော့်အခန်းထဲ လိုက်ဝင်လာတာလဲ”
တိလင်အာက မျက်တောင်ပုတ်ခတ်၍ မေးသည်။
“လူထုရေးရာ မဟာဝန်မင်း... ကျွန်မကို အမှန်အတိုင်းပြောပါ။ ရှင်နဲ့ သခင်မလေးချင်ချန်မှာ ထုတ်ပြောလို့မရတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာလား”
“ထုတ်ပြောလို့မရတဲ့ ဆက်ဆံရေးဆိုတာ ဘာကို ဆိုလိုတာလဲ...”
ကျန်းရီ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်၏။ သို့သော် သူ တိလင်အာကို မလိမ်လိုသဖြင့် ပြန်ပြောလိုက်သည်။
“သခင်မလေးလင်အာ... ကျွန်တော် ထုတ်ပြောလို့မရတဲ့ တချို့ကိစ္စလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က သခင်မလေးချင်ချန်နဲ့ ဘာမှ မပတ်သတ်ပါဘူး”
“အို့..အို့...”
တိလင်အာသည် ကျန်းရီက သူမကို လိမ်နေခြင်းမဟုတ်ကြောင်း သိသဖြင့် ဆက်မမေးတော့ပေ။ သို့သော် သူမ တစ်ခဏမျှတွေးတော၍ သူ့ကို အကြံပေးလိုက်သည်။
“ကျန်းရီ... ရှင် သခင်မလေးချင်ချန်အပေါ် တခြားစိတ်တွေ ရှိလို့မဖြစ်ဘူး။ သူက အထက်ဘုံတစ်ခွင်လုံးမှာရှိတဲ့ သခင်လေးတွေရဲ့ ရင်ထဲက နတ်ဘုရားမလေးပဲ။ ရှင် သူ့ကို စိတ်ဝင်စားရင် သခင်လေးတွေက ရှင့်ကို လာပြဿနာရှာကြလိမ့်မယ်...”
“အဟင်း...”
ကျန်းရီ ခါးသက်သက် ရယ်လိုက်၏။ သူ များစွာရှင်းပြမနေလိုသဖြင့် ခေါင်းညိတ်၍သာ ပြောလိုက်သည်။
“အခုလို သတိပေးတဲ့အတွက် သခင်မလေးလင်အာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် မှတ်သားထားပါမယ်”
“အွန်း...”
တိလင်အာက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြောလိုက်သည်။
“အို့.. ဟုတ်သား... ရီပုဟွေက ကျွန်မတို့ကို လုံချွမ်မြစ်မှာ ရှုခင်းသွားကြည့်ဖို့ ဖိတ်ထားတယ်။ အဲ့ကမြစ်ရေစီးသံက နဂါးဟိန်းသံလိုပဲတဲ့။ လုံချွမ်မြစ်ထဲမှာလည်း မိုးမြေစည်းမျဉ်းတချို့ ရှိပုံရတယ်။ ရှင် သွားကြည့်ချင်လား”
“ကျွန်တော် မလိုက်တော့ပါဘူး”
ကျန်းရီ ခေါင်းခါ၍ ပြတ်သားစွာ ပြောလိုက်၏။
“ကျွန်တော်က အဲ့လိုတွေသွားရတာကို မကြိုက်ဘူး။ သခင်မလေးတို့ပဲ သွားပြီးပျော်ခဲ့ကြပါ”
အစောမှ စုဝေးပွဲတွင် အခြေအနေ ဆိုးသွားတော့မလို ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် လူရှုပ်ရှုပ်ကြားထဲ ထပ်မသွားဝံ့တော့ပေ။ သူ သူတော်စင်ဝိညာဉ်တောင်ကို သွားလိုသေးသည်။ ထို့ပြင် မိုလင်းချိုး၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲလည်း ဝင်မနေလိုသလို ဘုံတစ်သောင်းပြိုင်ပွဲ မစခင် တိရှဘုံသို့ ပြန်ပို့ခံရမည်ကိုလည်း မလိုလားပေ။
တိလင်အာ ထွက်သွား၏။
ကျန်းရီ သူ့အခန်း၏ အကာအရံများကို နှိုးကာ စတင် ကျင့်ကြံလိုက်သည်။ သို့သော် သူ စိတ်မတည်ငြိမ်နိုင်ပေ။ ရီပုဟွေနှင့် သိမ်းငှက်ဘုရင်လေးတို့ကို တွေ့ခဲ့ရခြင်းက သူ့ကို ရီဖျောင်ဖျောင်နှင့် ကျန်းရှောင်နူတို့အား သတိရသွားစေ၏။ သူတော်စင်ဝိညာဉ်တောင်က ဤမြို့၏ မြောက်ဘက် ကီလိုမီတာငါးသိန်းအကွာတွင် ရှိသည်။ ထိုတောင်က လက်တစ်ကမ်းအကွာသို့ ရောက်နေပေပြီ။ သို့သော် ကျန်းရီ မြို့ထဲမှ တစ်ယောက်တည်း ထွက်မသွားဝံ့ပေ။ ထို့ကြောင့် ရီဖျောင်ဖျောင်ကို ကယ်တင်ရန် မဆိုထားနှင့် သွား၍ပင် မတွေ့နိုင်ချေ။
‘အမေ... ကျွန်တော်က အသုံးမကျပါဘူး’
ကျန်းရီသည် ရီဖျောင်ဖျောင်အကြောင်း တွေးမိသောအခါ ပို၍ရင်နာလာပြီး နေမထိထိုင်မသာ ဖြစ်လာသည်။ သူသည် ရီဖျောင်ဖျောင်နှင့် တွေ့ဆုံရသည်ဟု ညပေါင်းများစွာ အိပ်မက်မက်ခဲ့သည်။ ယခုတွင် သူတော်စင်ဝိညာဉ်တောင်က အလွန်နီးကပ်နေပြီဖြစ်သော်လည်း သူ ထိုင်ဆွေးနေရုံသာ တတ်နိုင်ပေသည်။
‘ငါ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ငါ့အမေကို တွေ့နိုင်မဲ့ နည်းလမ်းတစ်ခု ရှာရမယ်’
ကျန်းရီ၏ မျက်ဝန်းများ တောက်ပလာ၏။ ထို့နောက် သူ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်သည်။ နှစ်နာရီကြာပြီးနောက် မည်သည့်နည်းလမ်းမှ မရှိကြောင်း ကျန်းရီ သိလိုက်၏။ သူ မိုလင်းချိုးကို သွားအကူအညီတောင်းလျှင်လည်း အဆင်ပြေမည် မဟုတ်ပေ။ မနက်ဖြန် ဘုံတစ်သောင်းပြိုင်ပွဲကို သွားကြည့်ချိန်တွင် ရီဖျောင်ဖျောင်နှင့် တွေ့နိုင်မည့်အခွင့်အရေး ရမည်မဟုတ်ချေ။
အတိတ်တွင် ရီဖျောင်ဖျောင်က ပြဿနာကြီးတစ်ခု ရှာခဲ့၍ ဝိညာဉ်မျိုးနွယ်ဘုရင်က လုံးဝအရှက်ရခဲ့ရသည်။ တိရှအရှင်ကိုယ်တိုင် ရောက်လာ၍ ဝိညာဉ်မျိုးနွယ်ဘုရင်ကို ဖျောင်းဖျမည်ဆိုလျှင်ပင် ဝိညာဉ်မျိုးနွယ်ဘုရင်က ရီဖျောင်ဖျောင်ကို လွှတ်ပေးမည် မဟုတ်ပေ။ သို့ဖြစ်ရာ မိုလင်းချိုးဆိုလျှင် ပြောနေစရာပင် မရှိတော့ချေ။
မိုဟွိုက်စန်းတို့ထံ အကူအညီတောင်းရန်ကိုမူ ထည့်တွေ့နေရန်ပင် မလိုပေ။ မနက်ဖြန်က ဘုံတစ်သောင်းပြိုင်ပွဲနေ့ဖြစ်ပြီး အားလုံးက သူတော်စင်ဝိညာဉ်တောင်ကို သွားကြမည်ဖြစ်သော်လည်း ယင်းတို့က မည်သို့အထောက်အကူ ဖြစ်ပါသနည်း။ သူတို့က သူတော်စင်ဝိညာဉ်တောင်ထိပ်သို့ သွားကြမည်ဖြစ်ပြီး ရီဖျောင်ဖျောင်က တောင်အောက်တွင် ပိနေခြင်းပင်။ ကျန်းရီက သူမကို ရှာရန် လိုဏ်ခေါင်းတစ်ခု တူးသွား၍ မရပေ။ ထို့ပြင် သူတော်စင်ဝိညာဉ်တောင်က ဝိညာဉ်မျိုးနွယ်၏ တော်ဝင်မိသားစု နေထိုင်ရာနေရာဖြစ်သည်။ ထိုနေရာတွင် မည်သူမှ အလွယ်တကူ လိုဏ်ခေါင်းတူးနိုင်မည် မဟုတ်ချေ။ မဟုတ်လျှင် ဝိညာဉ်မျိုးနွယ် ပျက်သုဉ်းသွားသည်မှာ ကြာခဲ့လောက်ပေပြီ။
‘ငါ ဘာလုပ်သင့်လဲ၊ ငါ ဘာလုပ်သင့်လဲ’
ကျန်းရီသည် စိတ်မချင့်မရဲ ဖြစ်လာ၍ သူ့ဆံပင်များကို ဆွဲနှုတ်ပစ်ချင်စိတ်ပင် ပေါက်လာသည်။ သူ သူတော်စင်ဝိညာဉ်ဘုံသို့ လာခဲ့ခြင်းမှာ တွေ့ဆုံစုဝေးပွဲများတက်ရန်၊ ပြိုင်ပွဲကြည့်ရန်တို့အတွက် မဟုတ်ပေ။ သူ ရီဖျောင်ဖျောင်နှင့် မတွေ့နိုင်လျှင် ဤသို့ လာခဲ့ခြင်းက အချည်းနှီးဖြစ်သွားပေလိမ့်မည်။
‘ကျွန်မက နှင်းလရဲတိုက်မှာ တည်းနေတယ်။ ရှင် အကူအညီလိုရင် ကျွန်မကို လာရှာပေါ့။ ကျွန်မက ရှင့်အပေါ် အကြွေးတစ်ခု တင်နေတယ်လို့ ကျွန်မ ပြောခဲ့တယ်မလား’
ရုတ်တရက် ကျန်းရီ၏ အတွေးထဲ၌ ချီချင်ချန်ပြောခဲ့သောစကား ထွက်ပေါ်လာ၏။ သူ့မျက်လုံးများ လင်းလက်သွားသည်။ ထို့နောက် သူ သူ့ပေါင်သူ ရိုက်ကာ ပြုံးလိုက်၏။ အကြံကောင်းတစ်ခု ရပေပြီ။ ချီချင်ချန်ကို အကူအညီသွားတောင်းရပေမည်။
ချီချင်ချန်က အုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ပြင် သူမက ဆောင်းဥတုဘုံအရှင်၏ တစ်ဦးတည်းသော သမီးတော်လည်းဖြစ်သည်။ အရေးအကြီးဆုံးမှာ ရီပုဟွေက သူမကို အလွန်သဘောကျနေခြင်းပင်။ အကယ်၍ ချီချင်ချန်က ကျန်းရီကိုခေါ်ကာ ရီဖျောင်ဖျောင်နှင့် တွေ့လိုသည်ဟု ဆိုလျှင် တွေ့ခွင့်ရနိုင်မည့် အခွင့်အရေးတစ်ခု ရှိနိုင်လောက်သည် မဟုတ်ပါလော။
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား... ထိုအဆင့်မှာ ဝိညာဉ်မျိုးနွယ်ဘုရင်၏အဆင့်နှင့် အတူတူပင်။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ်ဘုရင်ပင် ချီချင်ချန်ကို လေးလေးစားစား ဆက်ဆံရမည်ဖြစ်သည်။ ချီချင်ချန်ကသာ ရီပုဟွေကို သွားရှာလိုက်လျှင် ရီပုဟွေသည် ချီချင်ချန်ကို ရီဖျောင်ဖျောင်နှင့် တွေ့ရရန် ခေါ်သွားပေးလောက်ပေသည်။
‘မဟုတ်သေးဘူး... နေဦး...’
ကျန်းရီသည် ထိုအကြံကို ပြန်စီစစ်ကြည့်လိုက်သောအခါ ပြဿနာတစ်ခုကို ရှာတွေ့လိုက်၏။ ချီချင်ချန်က ရီဖျောင်ဖျောင်ကို အရိုအသေပေးလိုသည်ဟု အကြောင်းပြကာ သွားတွေ့နိုင်သည်။ သို့သော် ကျန်းရီပါ လိုက်သွားလျှင် ယင်းက ထူးဆန်းမနေလော။ သူက မည်သူနည်း။ ချီချင်ချန်နှင့်အတူ လိုက်သွားရအောင် သူ့တွင် မည်သည့်အခွင့် ရှိသနည်း။ ယင်းက ရီပုဟွေကို ပိုသံသယဖြစ်သွားစေမည်ဖြစ်သည်။ အကယ်၍ ထိုအကြောင်းကို သိမ်းငှက်ဘုရင်လေးလည်း သိသွားလျှင် သူက ကျန်းရီကို ချက်ချင်း လာရှာပေလိမ့်မည်။
ရွှီး...
အခန်း၏ အကာအရံများ လင်းလက်လာသဖြင့် ကျန်းရီ လန့်သွား၏။ အကာအရံများကို ပိတ်လိုက်သောအခါ ရောက်လာသူက တိလင်အာဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ကျန်းရီ အပြင်သို့ ထွက်ကာ ပြောလိုက်သည်။
“သခင်မလေးလင်အာ... သခင်မလေးက လုံချွမ်မြစ်ကို သွားကြည့်မယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့ ဒီမှာပဲ ရှိနေရသေးတာလဲ”
“ကျွန်မ မသွားတော့ဘူး”
တိလင်အာက အခန်းထဲသို့ ဝင်လာပြီး အတန်ငယ် စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။
“ရီပုဟွေက သခင်မလေးချင်ချန်နဲ့ သွားတွေ့နေတာ။ ကျွန်မတို့ကို လုံချွမ်မြစ်ဆီ လိုက်ပို့ဖို့ကိုကျ သူ့ညီလေးကိုပဲ လွှတ်လိုက်တယ်။ မမဟွိုက်စန်းက ရီပုဟွေရဲ့ ညီလေးနဲ့အတူ သွားဖို့က သူ့အဆင့်ထက် နည်းနည်းနိမ့်နေလို့ မသွားတော့ဘူးဆိုပြီး ငြင်းလိုက်တယ်။ လူထုရေးရာ မဟာဝန်မင်း... ရှင်က ကျွန်မရဲ့ ကိုယ်ရံတော်ဆိုတော့ ကျွန်မနဲ့ အပြင်လိုက်ခဲ့ပါ။ ဒီမှာနေရတာ ပျင်းစရာကြီး”
“ကိုယ်ရံတော်လား”
ကျန်းရီ ရင်ခုန်မြန်သွား၏။ သူ ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို တွေးမိလိုက်ပေပြီ။ အပေါ်ယံတွင် သူက တိလင်အာ၏ ကိုယ်ရံတော် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ တိလင်အာကို အကြောင်းပြ၍ ရပေသည်။ တိလင်အာနှင့် ချီချင်ချန်တို့ကို ရီပုဟွေအား သွားရှာ၍ ရီဖျောင်ဖျောင်နှင့် တွေ့ခွင့်ပေးဖို့ တောင်းဆိုရန် သူ အကူအညီတောင်းနိုင်သည်။ ထို့နောက် သူက ကိုယ်ရံတော်တစ်ယောက်အနေနှင့် လိုက်သွား၍ ရပေသည်။
ကျန်းရီ ရုတ်ခြည်း တက်ကြွသွားပြီး ပြောလိုက်၏။
“သခင်မလေးက အပြင်သွားချင်လို့လား။ သွားချင်ရင် သွားရမှာပေါ့။ ကျွန်တော်တို့ သူတော်စင်ဝိညာဉ်တောင်ကို သွားလည်မယ်ဆိုရင် ဘယ်လိုလဲ”
***