← Chapters

ဝါစဉ်

Vol. 104 Ch. 1450

ဝါစဉ်

Vol. 104 Ch. 1450

နှင်းလရဲတိုက်က အမှန်ပင် ဖုန်ဟွားရဲတိုက်နှင့် နီးပေသည်။

သို့သော် ရဲတိုက်နှစ်ခု၏ အသက်ဝင်မှုက သိသိသာသာ ကွာခြားသည်။ မိုဟွိုက်စန်းက တိရှအရှင်၏ မြေးတစ်ယောက် ဖြစ်သော်လည်း ချီချင်ချန်မှာမူ အနာဂတ် ဆောင်းဥတုအရှင် ဖြစ်ပေသည်။ ထို့ကြောင့် သူမကို ပိုးပန်းလိုသော သခင်လေးများအပြင် သူမအား မျက်နှာလိုမျက်နှာရ လုပ်လိုသော အရာရှိ၊ အရာခံများစွာလည်း ရှိနေပေသည်။

နှင်းလရဲတိုက်အရှေ့တွင် ရထားလုံးများ ပျားပန်းခတ် စည်းကားနေသည်။ သို့သော် ချီချင်ချန်သည် ဧည့်သည့်တိုင်းကို ခြွင်းချက်မရှိ ငါးမိနစ်သာ တွေ့ပြီး ပြန်လွှတ်လိုက်သည်သာ။ ချီချင်ချန်က အေးအေးဆေးဆေးနေတတ်သူ ဖြစ်သည်။ သို့ရာတွင် သခင်လေးများနှင့် သခင်မလေးများကို အပြစ်ပြုမိမည်စိုးရသဖြင့် လူတိုင်းကို လက်ခံတွေ့ဆုံပေးနေရပေသည်။

ဂျုန်း...ဂျုန်း...ဂျုန်း...

နောက်ထပ် စစ်ရထားလုံးတစ်စီးက နှင်းလရဲတိုက်အပြင်ဘက်တွင် ရပ်တန့်လိုက်ပြန်၏။ ထို့နောက် ရထားလုံးထဲမှနေ၍ ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်နှင့် အနက်ရောင်စစ်ချပ်ဝတ်၊ ငွေမျက်နှာဖုံးတို့ကို ဝတ်ဆင်ထားသော ယောက်ျားတစ်ယောက် ထွက်လာကြသည်။ ထိုအခါ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အ‌ရှေ့သို့ ခပ်သွက်သွက် လျှောက်လာ၍ သူမတို့ကို ကြိုဆိုလိုက်၏။ အမျိုးသမီးက ဖော်ရွေစွာ ပြောလိုက်သည်။

“သခင်မလေးလင်အာ ရောက်လာပါပြီလား။ အရှင်တိရော နေကောင်းပါရဲ့လား”

ဆောင်းဥတုဘုံ၏ ချီမျိုးနွယ်က မိစ္ဆာသတ်ဖြတ်စံအိမ်အတွက် အင်အားကြီးထောက်တိုင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုအသတ်လတ်ပိုင်း အမျိုးသမီးက တိလင်အာကို သိခြင်းမှာ မထူးဆန်းပေ။ တိလင်အာက မျက်လုံးလေးများ လခြွမ်းကွေးဖြစ်သွားအောင် ပြုံးလိုက်ပြီး ခေါင်းညိတ်၍ ပြန်ပြော၏။

“ဘိုးဘိုးက နေကောင်းပါတယ်။ အခုလို မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မမချင်ချန် ရှိပါသလား။ ကျွန်မ သူနဲ့ တွေ့ချင်လို့ပါ”

“ရှိပါတယ်”

ချီချင်ချန်က အခြားသူများကို တွေ့ရန် စိတ်မပါလောက်သော်လည်း တိလင်အာမှာ မိစ္ဆာသတ်ဖြတ်စံအိမ်မှဖြစ်၍ သူမကို မတွေ့လိုဟု ငြင်းလိုက်လျှင် တိမင်၏မျက်နှာကို မထောက်သလို ဖြစ်သွားပေလိမ့်မည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကျန်းရီကို ကြည့်၍ မေးလိုက်၏။

“သခင်မလေးလင်အာ.. သူက...”

“သူက တိရှဘုံ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လူထုရေးရာ မဟာဝန်မင်းပါ။ ဒီတစ်ခေါက် ဘိုးဘိုးက ကျွန်မကို ကာကွယ်ပေးဖို့ သူ့ကို ထည့်ပေးလိုက်တာပါ”

တိလင်အာက အတိုချုံး မိတ်ဆက်ပေးလိုက်သည်။ ထိုမှ အမျိုးသမီးက ယဉ်ကျေးပျူငှာစွာ ပြုံး၍ တိလင်အာတို့နှစ်ယောက်ကို ဘေးခန်းမတစ်ခုဆီသို့ ခေါ်သွား၍ ထိုအခန်းထဲ၌ ခေတ္တမျှ ထိုင်စောင့်နေရန် ပြောလိုက်သည်။ ချီချင်ချန်က အခြားဧည့်သည်များနှင့် တွေ့နေဆဲဖြစ်၍ တစ်ခဏလောက်နေမှ ရောက်လာလိမ့်မည်ဟုလည်း ပြောသည်။

“လူထုရေးရာ မဟာဝန်မင်း... မမချင်ချန်က ကူညီလိမ့်မယ်လို့ ရှင် သေချာရဲ့လား”

အမျိုးသမီး ထွက်သွားသောအခါ တိလင်အာက စိတ်ဝင်တစားဖြင့် မျက်တောင်ပုတ်ခတ်၍ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ ကျန်းရီက ယုံကြည်မှုရှိရှိ အသံပြန်ပို့လွှတ်လိုက်၏။

“သခင်မလေးသာ ကျွန်တော်ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် သခင်မလေးချင်ချန်က သေချာပေါက် ကျွန်တော်တို့ကို ရီဖျောင်ဖျောင်နဲ့ တွေ့ရဖို့ ခေါ်သွားပေးမှာပါ”

“ကောင်းပြီလေ...”

တိလင်အာ ဝမ်းသာသွားသည်။ ရီဖျောင်ဖျောင်က အထက်ဘုံတွင် အလွန်ကျော်ကြားသော အလှပဂေးတစ်ယောက်ဖြစ်သည်။ အထက်ဘုံတစ်ခုလုံးတွင် သူမ၏အလှက နံပါတါ(၂)ပင်။ ထို့ပြင် သခင်မလေးများစွာက သူမ၏ သတ္တိနှင့် လုပ်ရပ်များကို လေးစားအထင်ကြီးကြပေသည်။

ရီဖျောင်ဖျောင်သည် မျိုးနွယ်က စီစဉ်သော မင်္ဂလာပွဲမှ လွတ်နိုင်ရန် အနိမ့်ဘုံသို့ ထွက်ပြေးသွားခဲ့သည်။ အနိမ့်ဘုံတွင် သူမက ယောက်ျားတစ်ယောက်နှင့် လက်ထပ်ကာ သားတစ်ယောက် မွေးခဲ့သည်။ သို့သော် နောက်ဆုံးတွင်မူ ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက သူမကို ပြန်ဖမ်းမိခဲ့ပေသည်။ မူလတွင် ဝိညာဉ်မျိုးနွယ်သည် ရီဖျောင်ဖျောင်သွားခဲ့သော ဘုံကို ဖျက်ဆီးပစ်လိုခဲ့သည်။ သို့သော် ရီဖျောင်ဖျောင်က ထိုဘုံကို ကာကွယ်ရန်၊ သူမ ချစ်ရသော ယောက်ျားနှင့် သားကို ကာကွယ်ရန်အတွက် သူတော်စင်ဝိညာဉ်တောင်အောက်တွင် ဆယ်နှစ်အဖိခံထားဖို့ သဘောတူခဲ့သည်။

တိလင်အာသည် ရီဖျောင်ဖျောင်ကို မမြင်ဖူးသော်လည်း ရီဖျောင်ဖျောင်၏အကြောင်းများကို ကြားခဲ့ဖူးသည်။ ရီဖျောင်ဖျောင်၏သတ္တိကို သူမ အလွန်လေးစားပေသည်။ မျိုးနွယ်ကြီးများမှ သခင်မလေးများသည် သူမတို့ လက်ထပ်ရမည့်သူကို ရွေးချယ်ရခဲသည်။ တိလင်အာသည် သိမ်းငှက်ဘုရင်လေးကို အလွန်သဘောကျသော်လည်း သူမ၏အဆင့်အတန်းက သူ့ထက်နိမ့်၍ မျှော်လင့်ချက်မရှိကြောင်း သိပေသည်။ နောက်ဆုံးတွင် သူမက သူမ၏မျိုးနွယ် စီစဉ်ပေးသော လူတစ်ယောက်နှင့် လက်ထပ်ကာ တစ်ဘဝလုံး စိတ်ဆင်းတရဲ နေရမည်ကိုလည်း သူမသိသည်။

ယခုတွင် ကျန်းရီသည် သူက ရီဖျောင်ဖျောင်ကို သွားတွေ့လိုကြောင်း ပြောလာခဲ့၏။ တိလင်အာသည် မေးခွန်းများစွာ မေးလိုနေသော်လည်း ကျန်းရီက ပြောပြလိုပုံ မပေါ်သဖြင့် မည်သို့မှ မမေးခဲ့ပေ။ ထို့ပြင် ရီဖျောင်ဖျောင်ကို သွားတွေ့ရမည့်ကိစ္စက အ‌တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းသဖြင့် ကျန်းရီ၏ တောင်းဆိုချက်ကို သူမ ချက်ချင်း သဘောတူခဲ့ပေသည်။

ရှပ်...ရှပ်...ရှပ်...

မကြာခင်မှာပင် မိန်းမလှလေးတစ်ယောက်က အခန်းထဲ ဝင်လာ၏။ တိလင်အာ ချက်ချင်း ထရပ်၍ ချိုသာစွာပြုံးကာ ပြောလိုက်သည်။

“မင်္ဂလာပါ မမချင်ချန်”

ကျန်းရီလည်း ထရပ်လိုက်သည်။ သို့သော် သူသည် မည်သို့မှမပြောဘဲ ချီချင်ချန်ကို ခေါင်းဆတ်ပြရုံသာပြလိုက်၏။ ချီချင်ချန်က နှစ်လိုဖွယ်ပြုံးကာ တိလင်အာ၏ ခေါင်းလေးကို ပွတ်သပ်ပေး၍ ပြန်ပြော၏။

“ညီမလေးလင်အာ... မမတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက ညီမလေးက ကလေးပဲ ရှိသေးတယ်။ အခုတော့ ညီမလေးက အလှလေးတစ်ယောက် ဖြစ်လာပြီပဲ”

တိလင်အာ အတန်ငယ် ရှက်သွေးဖြာသွား၏။

“မမချင်ချန်ကမှ တကယ်လှတာပါ။ အထက်ဘုံတစ်ခုလုံးမှာ မမက နံပါတ်တစ်ပဲ”

‘နံပါတ်တစ်လား’

ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ အဆိပ်ဝိညာဉ်သည် ရီဖျောင်ဖျောင်က နံပါတ်နှစ်ဟု ပြောခဲ့သည်။ ချီချင်ချန်က နံပါတ်တစ်ဆိုလျှင် သူမနှင့် ရီဖျောင်ဖျောင်တို့က မျိုးဆက်တစ်ခုတည်းမှဆိုသော အဓိပ္ပာယ်မဟုတ်လော။ သို့ဆိုလျှင် သူက ချီချင်ချန်ကို ‌ဒေါ်လေးဟု ခေါ်သင့်သလော။

ကျန်းရီသည် ထိုအကြောင်းကို တွေးမိသောအခါ သူ့ဘာသာ ရယ်ချင်သွား၏။ အထက်ဘုံမှ မျိုးဆက်များနှင့် ဝါစဉ်များက အလွန်ရှုပ်ထွေးနေပေသည်။ အချို့က စောစောအိမ်ထောင်ကျကြပြီး အချို့က နောက်ကျမှ အိမ်ထောင်ကျကြသည်။ ထို့ပြင် အထက်ဘုံတွင် လက်မထပ်ရသေးလျှင်၊ အသက်နှစ်ဆယ်အောက်ဆိုလျှင် ဆယ်ကျော်သက်တစ်ယောက်အဖြစ် သတ်မှတ်ခံရပေသည်။

အထက်ဘုံအချိန် နှစ်နှစ်ဆယ်မှာ အနိမ့်ဘုံအချိန် နှစ်နှစ်ထောင်ဖြစ်သည်။ ထိုအချိန်အတွင်း မျိုးဆက်ဆယ်နှင့်ချီ၍ မွေးထုတ်နိုင်ပေသည်။ ဥပမာအနေဖြင့် တိလင်အာကို ကြည့်ပါ။ သူမက ကလေးတစ်ယောက်နှင့် တူသော်လည်း အသက်ခုနစ်နှစ်ကျော် ရှစ်နှစ်လောက် ရှိနေပေပြီ။ အနိမ့်ဘုံအချိန်နှင့်တွက်လျှင် သူမ၏အသက်က နှစ်ခုနစ်ရာကျော် ရှစ်ရာနီးပါး ရှိပေပြီ။ သူမသာ အနိမ့်ဘုံတွင်ဆိုလျှင် မျိုးဆက်ဆယ်နှင့်ချီ၍ ရှိနေလောက်ပြီဖြစ်သည်။ သို့သော် အထက်ဘုံတွင်မူ သူမက ကလေးတစ်ယောက်သာ။

ရီဖျောင်ဖျောင်နှင့် ချီချင်ချန်တို့က အဆင့်နှစ်နှင့် အဆင့်တစ်တို့ ဖြစ်ကြ၍ မျိုးဆက်တစ်ခုတည်းမှ ဖြစ်နိုင်သည်။ သို့‌သော် ရီဖျောင်ဖျောင်၏တူ ဖြစ်သော ရီပုဟွေက ယခုတွင် ချီချင်ချန်ကို ပိုးပန်းနေသည်။

ကျန်းရီသည် တွေးရင်းတွေးရင်းဖြင့် ပို‌ခေါင်းရှုပ်လာ၏။ အထက်ဘုံမှ ဝါစဉ်အကြောင်းကို သူ မတွေးလိုတော့ပေ။ ချီချင်ချန်နှင့် တိလင်အာတို့ အပြန်အလှန် ချီးမွမ်းခန်းဖွင့်ကြပြီး နောက်တွင် ချီချန်ချန်က ကျန်းရီကို လှမ်းကြည့်၍ တိလင်အာကို ထိုင်ခိုင်းလိုက်၏။ ထို့နောက် သူမ ပြုံးကာ မေးလိုက်သည်။

“မမ ညီမလေးလင်အာအတွက် ဘာလုပ်ပေးရမလဲ”

“အာ... မမက ဘယ်လိုလုပ် သိနေတာလဲ”

တိလင်အာ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သို့သော် ကျန်းရီက ခါးသက်သက် ပြုံးလိုက်သည်။ ဤတစ်ခေါက် အကူအညီလို၍ ရောက်လာသူမှာ ကျန်းရီဖြစ်ကြောင်း သူမသိပေသည်။ တိလင်အာမှာ ကျန်းရီ၏ အကူအညီတောင်းမှုကို ဖုံးကွယ်ရန် အသုံးချခံသာဖြစ်ကြောင်းကိုလည်း သူမ ခန့်မှန်းမိလောက်သည်။

ချီချင်ချန်က ကျန်းရီကို မသိမသာ တစ်ချက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“ညီမလေးလင်အာ... မမလုပ်ပေးနိုင်တဲ့ကိစ္စဆိုရင် အားနာမနေဘဲ ပြောပါ”

တိလင်အာက ကျန်းရီကို တစ်ချက်လှည့်ကြည့်၍ ပြောလိုက်၏။

“ညီမ သခင်မလေးရီဖျောင်ဖျောင်ကို သွားတွေ့ချင်လို့ပါ။ မမချင်ချန်မှာ နည်းလမ်းရှိပါသလား”

“ဖျောင်ဖျောင်လား”

ချီချင်ချန်၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင် ထွက်ပေါ်လာ၏။ ထို့နောက် သူမ ကျန်းရီကို ကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“ရှင်က ဖျောင်ဖျောင်ကို တွေ့ချင်တာလား။ သူနဲ့ ရှင်က ဘာပတ်သတ်လဲ။ ဒီကိစ္စက အ‌တော်လေးထိရှလွယ်တဲ့ ကိစ္စပဲ”

ကျန်းရီသည် ချီချင်ချန်ကို ဆက်ဖုံးကွယ်မထားနိုင်တော့သဖြင့် အသံပြန်ပို့လွှတ်လိုက်ရသည်။

“သခင်မလေးချင်ချန်... သခင်မလေးက ကျွန်တော့်အပေါ် အကြွေးတစ်ခု တင်နေတယ်လို့ ပြောခဲ့တယ်မလား။ သခင်မလေးသာ ကျွန်တော့်ကို ရီဖျောင်ဖျောင်နဲ့ တွေ့ရဖို့ ခေါ်သွားပေးမယ်ဆိုရင် အဲ့အကြွေးကျေပြီလို့ သတ်မှတ်လိုက်ပါမယ်။ ပြီးတော့ ကျွန်တော်က သခင်မလေးကို အမြဲ ကျေးဇူးတင်နေမှာပါ”

ချီချင်ချန် နှုတ်ဆိတ်သွားပြီး အတော်ကြာအောင် တွေးတောလိုက်၏။ ထို့နောက် သူမ အသံမပို့လွှတ်တော့ဘဲ ပါးစပ်မှ ပြောလိုက်သည်။

“တကယ်တော့ မမလည်း ဖျောင်ဖျောင်ကို အရမ်းတွေ့ချင်နေခဲ့တာပါ။ ဒါပေမဲ့ လောလောဆယ် ဝိညာဉ်မျိုးနွယ်က အရမ်းဒေါသထွက်နေတယ်။ အဲ့ဒါကြောင့် မမ အဲ့ကြောင်းကို ထုတ်မပြောခဲ့တာ။ မမ တစ်နည်းနည်း စဉ်းစားပါဦးမယ်။ ဒီမှာထိုင်ပြီး စောင့်နေကြပါ... ခဏနေရင် မမပြန်လာခဲ့မယ်။ ဒီကိစ္စ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာတော့ မမတို့ရဲ့ ကံအပေါ်မှာပဲ မူတည်တယ်”

“ကျေးဇူးအများကြီးတင်ပါတယ် မမ”

တိလင်အာက နာခံစွာ ထရပ်လိုက်၏။ ကျန်းရီကလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ချီချင်ချန် ထွက်သွားပြီးနောက် ကျန်းရီသည် ခေတ္တမျှ တွေးတောကာ သူ့စိတ်ထဲတွင်ရှိသည်ကို မေးရန် ဆုံးဖြတ်လိုက်လေသည်။

“သခင်မလေးလင်အာ... အထက်ဘုံမှာ ဝါစဉ်က ဘယ်လိုပါလဲ။ သခင်မလေးချင်ချန်နဲ့ ရီဖျောင်ဖျောင်တို့က မျိုးဆက်တစ်ခုတည်းကမလား။ ဒါပေမဲ့ ရီပုဟွေကကျ ရီဖျောင်ဖျောင်ရဲ့တူလေ။ အဲ့လိုဆို သခင်မလေးတို့က သခင်မလေးချင်ချန်ကို ဒေါ်လေးလို့ ခေါ်သင့်တယ် မဟုတ်ဘူးလား”

“ခစ်ခစ်...”

တိလင်အာက ခိုးခိုးခစ်ခစ် ရယ်ကာ ပြောလိုက်၏။

“အထက်ဘုံမှာ ဝါစဉ်က တကယ့်ကို အရမ်းရှုပ်ထွေးနေတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကတော့ အသားကျနေပါပြီ။ တစ်ဘက်လူက ကိုယ်နဲ့ အသက်သိသိသာသာ မကွာရင် မျိုးဆက်တစ်ခုတည်းလို့ သတ်မှတ်ကြတာပဲ။ ရှုပ်တာတော့ တော်တော်ရှုပ်တယ်”

“အရမ်းရှုပ်တယ်...”

ကျန်းရီသည် တိလင်အာ၏ စကားက အမှန်ပင်ဟု တွေးလိုက်၏။ ထို့နောက် သူတို့ စကားဆက်မပြောဖြစ်ကြတော့ပေ။

တစ်နာရီကြာပြီးနောက်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ ချီချင်ချန်က ရွှင်ပြစွာပြုံး၍ လျှောက်ဝင်လာသည်။

“ကိစ္စက အဆင်ပြေသွားပြီ။ ရီပုဟွေက မမတို့ကို ခိုးပြီး‌ခေါ်သွားပေးမယ်လို့ ကတိပေးလိုက်ပြီ။ ခဏနေရင် မမတို့ သွားကြမယ်”

***

All Chapters