သူတော်စင်အကျဉ်းထောင်
Vol. 104 Ch. 1451
ချီချင်ချန်က သူမတို့ မကြာခင်တွင် သွားကြမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း ကျန်းရီနှင့် တိလင်အာတို့ ဆယ်နာရီကြာအောင် စောင့်ခဲ့ရပေသည်။ ညကောင်းကင်တွင် ကြက်သွေးရောင်လနှစ်စင်း ထွက်ပါမှ ချီချင်ချန်က အခန်းထဲသို့ ပြန်ရောက်လာပြီး ယခု သွားကြတော့မည် ဖြစ်ကြောင်း သူတို့နှစ်ယောက်ကို ပြောလေသည်။
ချီချင်ချန်ထံ လာလည်သော ဧည့်သည်များစွာ ရှိပြီး ရီပုဟွေကလည်း စီစဉ်စရာအချို့ကို စီစဉ်နေရသဖြင့် ထိုမျှ နှောင့်နှေးကြန့်ကြာခဲ့ခြင်းဖြစ်သည်။ ဆယ်နာရီစောင့်ရခြင်းက ကျန်းရီအတွက် အလွန်ကြာခဲ့ပေသည်။ သူ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ချီချင်ချန် ပြန်ရောက်လာသောအခါ ထိုင်နေရာမှ ထခုန်မိတော့မလိုပင် ဖြစ်သွားခဲ့သည်။
“ညီမလေးတို့နှစ်ယောက် မမနောက်က လိုက်ခဲ့ပါ။ ဘာမှလည်း မပြောနဲ့၊ ဘာမှလည်း မဆင်မခြင် မလုပ်ပါနဲ့”
ချီချင်ချန်က ညွှန်ကြားစရာရှိသည်ကို ညွှန်ကြားလိုက်သောအခါ တိလင်အာနှင့် ကျန်းရီတို့ ခပ်သွက်သွက် ခေါင်းညိတ်လိုက်ကြသည်။ ချီချင်ချန်သည် သူတို့နှစ်ယောက်ကို အခန်းအပြင်သို့ ခေါ်သွား၏။ သူမတို့သည် အရှေ့တံခါးပေါက်သို့ မသွားဘဲ အနောက်ခြံဝန်းသို့ သွားလိုက်ကြသည်။
အနောက်ခြံဝန်းထဲတွင် ဥယျာဉ်လေးတစ်ခု ရှိသည်။ ထိုဥယျဉ်ထဲ၌ ရင်ပြင်လေးတစ်ခုလည်း ရှိသည်။ ဝတ်ရုံတစ်ထည် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ထိုရင်ပြင်ထဲ၌ ရပ်နေ၏။ သူက ခေါင်းငုံ့ထားပြီး လတ်ဆတ်သော အဝါရောင်ပန်းတစ်ပွင့်ကို နမ်းရှိုက်နေသည်။ ချီချင်ချန်တို့ ရောက်လာသံကို ကြားသောအခါ သူ ခေါင်းမော့၍ ပြုံးကာ ပြောလိုက်သည်။
“ချင်ချန်... ဒါက လရည်စက်ပန်းလေ...”
လူငယ်သည် တိလင်အာနှင့် ကျန်းရီတို့ကို တွေ့လိုက်သောအခါ စကားစရပ်သွား၏။ ထို့နောက် သူ ရှက်ရွံ့ဟန်ဖြင့် ပြုံး၍ စကားဆက်သည်။
“သခင်မလေးလင်အာလည်း ပါလာတာကိုး”
ချီချင်ချန်က ခပ်ရေးရေးပြုံးကာ ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။
“ညီမလေးလင်အာကလည်း သခင်လေးအဒေါ်ရဲ့ ပရိသတ်အကြီးစားတစ်ယောက်လေ။ သူကလည်း လိုက်ခဲ့ချင်တယ်ဆိုလို့...”
“အာ...”
ရီပုဟွေသည် ဤတစ်ခေါက်တွင် ချီချင်ချန်တစ်ယောက်တည်းကိုသာ ခေါ်သွားရမည်ဟု ထင်ခဲ့၏။ ထို့ကြောင့် သူမနှင့် နှစ်ကိုယ်တူ အချိန်ကုန်ဆုံးရလိမ့်မည်ဟု တွေးကာ ပျော်နေခဲ့သည်။ သို့သော် တိလင်အာသာမက ကျန်းရီလည်း ပါလာပေသည်။ သူ ကျန်းရီကို မသင်္ကာဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ညီမလေးလင်အာက လိုက်လာလို့ ရပါတယ်။ ဒါပေမဲ့ သူကတော့ လိုက်လာဖို့ မလိုဘူးမလား”
ကျန်းရီက အေးစက်စက် မျက်ဝန်းများဖြင့် ပြန်ပြောသည်။
“သခင်မလေး သွားတဲ့ နေရာတိုင်းကို ကျွန်တော်လိုက်ရမယ်”
တိလင်အာက ချီချင်ချန်ကို ကြည့်၍ စစ်ကူတောင်း၏။ ထို့ကြောင့် ချီချင်ချန်က ပြုံး၍ ဝင်ပြောလိုက်သည်။
“အဲ့ဒါက သခင်လေးရီအတွက် အခက်အခဲရှိတယ်ဆိုရင်လည်း... ထားလိုက်ပါတော့လေ”
“ဟာ.. မခက်ခဲပါဘူး...”
ရီပုဟွေ ပြာပြာသလဲဖြင့် ပြော၏။ ချီချင်ချန်က ယခုမှ ပထမဆုံး သူ့ကို အကူအညီတောင်းဖူးခြင်းဖြစ်သည်။ ထို့ပြင် သူမတောင်းသော အကူအညီမှာလည်း သူ၏အဒေါ်ကို တွေ့ခွင့်ရရန်ဖြစ်သည်။ သို့ဖြစ်ရာ ရီပုဟွေ ထိုတောင်းဆိုချက်ကို မည်သို့ ငြင်းနိုင်ပါမည်နည်း။ ချီချင်ချန်က သူ့ကို လာရှာခဲ့ခြင်းအတွက်ပင် သူ အလွန်ဝမ်းမြောက်နေပြီဖြစ်သည်။ ယင်းမှာ ချီချင်ချန်အနားသို့ ကပ်နိုင်မည့် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။
ရီပုဟွေသည် သူ၏သိုလှောင်လက်စွပ်ထဲမှနေ၍ လှပသော နတ်ဘုရားလှေတစ်စင်းကို ထုတ်လိုက်၏။ နတ်ဘုရားလှေ၏ ဦးပိုင်းတွင် ‘ရီ’ဆိုသော စာလုံးကြီးတစ်လုံး ရေးထိုးထားသည်။ ရီပုဟွေ ခပ်ရေးရေးပြုံး၍ ပြောလိုက်၏။
“သခင်မလေးချင်ချန်၊ သခင်မလေးလင်အာ... တက်ကြပါ”
ချီချင်ချန်က လှေပေါ်သို့ ခုန်တက်လိုက်၏။ တိလင်အာနှင့် ကျန်းရီတို့လည်း နောက်မှ ကပ်လိုက်သွားကြသည်။ ရီပုဟွေကို နောက်ဆုံးမှ လှေပေါ်သို့တက်၍ လှေတံခါးကို ပိတ်ကာ ချီချင်ချန်တို့သုံးယောက်ကို အရှေ့လှေဝမ်းထဲသို့ ခေါ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားလှေကို ထိန်းချုပ်၍ မြောက်ဘက်သို့ ခပ်ဖြည်းဖြည်း မောင်းနှင်လိုက်သည်။
ရွှီး...
ရီပုဟွေက နတ်ဘုရားလှေ၏ နံရံများထဲသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်ရာ နံရံများက အကြည်ဖြစ်သွား၏။ ထိုအခါ အပြင်ဘက်မှ လှပသော ညရှုခင်းကို ရှင်းလင်းလစွာ မြင်လာရသည်။ ကောင်းကင်ထက်ရှိ ကြက်သွေးရောင်လှနှစ်စင်းက မြေပြင်ကို နီကျင့်ကျင့်အလင်း ပေးနေ၏။ ထိုအလင်းအောက်တွင် မြို့က အလွန်လှပနေသည်။ မြို့ပတ်ပတ်လည်မှ တောင်များကလည်း ခံ့ညားနေသည်။ အဝေးရှိ စိမ်းစိုသော သစ်တောများနှင့် မြို့ရိုးအပြင်တွင် ဖူးပွင့်နေကြသော အဖြူရောင်ပန်းများကိုလည်း လှမ်းမြင်နေရသည်။ ဤနေရာက အလွန်လှပေသာ နေရာတစ်ခုပင်။
ရီပုဟွေသည် အားလုံးက အဖြူရောင်ပန်းများကို ငေးကြည့်နေကြောင်း တွေ့လိုက်သောအခါ ပြုံး၍ ရှင်းပြလိုက်၏။
“အဲ့ပန်းတွေက တောင်ပံဖြူပန်းတွေလေ။ ဟိုးအရင်တုန်းက ကျွန်တော့်ဒေါ်လေးက အဲ့ပန်းတွေကို စိုက်ခိုင်းခဲ့တာ။ ဝိညာဉ်မျိုးနွယ်မှာ အဲ့ပန်းတွေက ဖြူစင်တဲ့အချစ်ကို ကိုယ်စားပြုတယ်။ အရင်တုန်းက ကျွန်တော့်ရဲ့ ဒေါ်လေးက အချစ်က အချစ်ပဲလို့ ပြောခဲ့တယ်။ အချစ်မှာ အဆင့်အတန်းတွေ၊ နောက်ခံတွေ မရှိဘူးတဲ့။ လူနှစ်ယောက်က အမှန်တကယ် ချစ်ကြပြီဆိုရင် ကျန်တာတွေက အရေးမပါတော့ဘူးတဲ့...”
“အာ...”
ကျန်းရီသည် ထိုစကားများကို ကြားသောအခါ တုန်ယင်သွား၏။ သူက မျက်နှာဖုံးတပ်ထားသဖြင့် သူ့မျက်နှာထားကို မည်သူမှ မမြင်နိုင်ကြသော်လည်း သူ့ရင်ထဲတွင် အလွန်ဝမ်းနည်းခံစားနေရပေသည်။ ရီဖျောင်ဖျောင်က မြို့ရိုးထက်တွင် ရပ်၍ လူများက မြို့ပတ်ပတ်လည်တွင် ထိုပန်းများ စိုက်နေကြသည်ကို ပြုံး၍ ကြည့်နေပုံကို ကျန်းရီ အတွေးထဲတွင် ပုံဖော်ကြည့်နိုင်၏။
ချီချင်ချန်နှင့် တိလင်အာတို့လည်း အတန်ငယ် ရင်ထဲထိသွားကြ၏။ သူမတို့သည် မည်သည့်စကားမှ မပြောဘဲ အဖြူရောင်ပန်းခင်းကြီးကိုသာ ငေးကြည့်နေကြသည်။ ထိုပန်းများအပေါ်သို့ ကြက်သွေးရောင်လများ၏ နီကျင့်ကျင့်အလင်းရောင် ဖြာကျနေရာ မြင်ကွင်းက ပို၍ရုပ်လုံးကြွနေသည်။
“ဟူး...”
ရီပုဟွေသည် တိတ်တဆိတ်ရပ်နေသော ကျန်းရီကို ကြည့်၍ ခေါင်းငုံ့ကာ မသိမသာ သက်ပြင်းခိုးချလိုက်၏။ ကျန်းရီနှင့် တိလင်အာတို့သာ လိုက်မလာခဲ့လျှင် ဤညက သူ့အတွက် မည်မျှပျော်စရာကောင်းလိမ့်မည်နည်း။ သူ ချီချင်ချန်၏ နှလုံးသားထဲသို့ ဝင်ရောက်ကာ သူမ၏ ချစ်ခင်မှုကို ဖြည်းဖြည်းချင်း ရယူနိုင်လောက်သည်။ သို့သော် ကျန်းရီ ပါလာသဖြင့် ညှို့ဓာတ်ရှိသော ရှုခင်းနှင့် အငွေ့အသက်က လုံးဝ ပျက်စီးသွားရပေသည်။
နတ်ဘုရားလှေက အရှိန်တင်၍ ပျံသန်းနေပြီး ရီပုဟွေက အားလုံးကို လှပသောရှုခင်းများအကြောင်း ရှင်းပြနေသည်။ ရီပုဟွေက နှစ်လိုဖွယ်ကောင်းသော ယောက်ျားတစ်ယောက်ဖြစ်ကြောင်း မငြင်းနိုင်ပေ။ သူက သိမ်မွေ့ကြော့ရှင်းပြီး ယဉ်ကျေးမှုရှိသည်။ သူ၏ နောက်ခံကလည်း အရောင်တလက်လက်နှင့်ပင်။ သို့ဖြစ်၍ သူ့ကို သဘောကျနေကြသော မိန်းမပျိုလေးများစွာ ရှိပေသည်။
သို့သော် ကျန်းရီထံတွင် ရီပုဟွေ၏ ရှင်းပြချက်များကို နားထောင်လိုစိတ် ရှိမနေပေ။ သူသည် ခေါင်းငုံ့၍ တိလင်အာနောက်၌ ရပ်နေ၏။ ထို့ပြင် မြောက်ဘက်သို့လည်း မကြာမကြာ လှမ်းကြည့်နေသည်။ အဝေးမှ အရိပ်တစ်ခုကို လှမ်းမြင်နေရပြီဖြစ်၍ သူ ပို၍ စိတ်လှုပ်ရှားလာသည်။ သူတို့ နီးကပ်လာပေပြီ။
နောက်ဆုံးတွင် ကျန်းရီ၏ မျက်လုံးရှေ့၌ အထက်ဘုံ၏ နံပါတ်(၁) တောင်ဖြစ်သော သူတော်စင်ဝိညာဉ်တောင် ထွက်ပေါ်လာသည်။ တောင်ကြီးက မိုးကုပ်စက်ဝိုင်းအပြည့် ကြီးမားပေသည်။
‘အထက်ဘုံရဲ့ နံပါတ်(၁)တောင်ဆိုတဲ့ နာမည်နဲ့ တကယ်ထိုက်တန်တာပဲ’
ကျန်းရီ စိတ်ထဲမှ ချီးကျူးလိုက်၏။ သူသည် တောင်ထိပ်ကိုပင် လှမ်းမမြင်နိုင်ပေ။ ၎င်းက တိမ်များထဲတွင် ပုန်းကွယ်နေသည်။ ထို့ပြင် တောင်ထိပ်သို့ ရောက်သော လမ်းမရှိပေ။ သိုဖြစ်၍ တောင်ပေါ်သို့ ခြေလျင်မတက်နိုင်လောက်ပေ။ ထိုတောင်က အလွန်မြင့်မားရာ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် မဟုတ်လျှင် ထိပ်ဆုံးသို့ ရောက်အောင် သွားနိုင်လောက်မည် မဟုတ်ချေ။ သာမန်သိုင်းသမားများအနေဖြင့် တောင်ထိပ်သို့ သွားလိုလျှင် တောင်ကိုဖောက်ကာ လိုဏ်ခေါင်းတူး၍သာ သွားနိုင်လောက်သည်။ သို့သော် ထိုတောင်က ဝိညာဉ်မျိုးနွယ်၏ တော်ဝင်မိသားစု နေထိုင်ရာနေရာဖြစ်သဖြင့် သာမန်လူများဆိုလျှင် တောင်အနားပင် ကပ်နိုင်လိမ့်မည် မဟုတ်ချေ။
‘အမေက အဲ့သူတော်စင်ဝိညာဉ်တောင်အောက်မှာ အဖိခံထားရတာပဲ...’
ကျန်းရီသည် သူတော်စင်ဝိညာဉ်တောင်ခြေကို လှမ်းကြည့်ရင်း မျက်ရည်ကျမလိုပင် ဖြစ်သွား၏။ သို့သော် သူ့စိတ်ကိုသူ ပြန်ထိန်းလိုက်သည်။ အကယ်၍ ရီပုဟွေက မသင်္ကာစရာတစ်ခုကို တွေ့သွားလျှင် ကျန်းရီ တောင်အနားသို့ပင် ကပ်ခွင့်ရလိုက်မည် မဟုတ်ချေ။
နတ်ဘုရားလှေက ထပ်မံ၍ အတန်ငယ် အရှိန်တင်လိုက်၏။ သို့သော် ၎င်းက တောင်ထိပ်သို့ ချက်ချင်း ပျံတက်မသွားဘဲ တောင်ခြေရှိ ရင်ပြင်တစ်ခုထဲတွင် ဆင်းသက်လိုက်သည်။ ထိုရင်ပြင်ထဲတွင် မည်သည်အဆောက်အဦမှ မရှိဘဲ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုသာ ရှိသည်။
ချီချင်ချန်က ထိုနေရာသို့ ရောက်ခဲ့ဖူးလောက်၍ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သို့သော် တိလင်အာကမူ အတန်ငယ် ခေါင်းရှုပ်နေ၏။ ထို့ကြောင့် ရီပုဟွေက ပြုံးကာ ရှင်းပြသည်။
“အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားမှ မဟုတ်ရင် ဘယ်သူမှ သူတော်စင်ဝိညာဉ်တောင်ပေါ်ကို ကိုယ့်ဘာသာ မတက်နိုင်ဘူး။ လူတိုင်း တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးရတယ်”
“သခင်လေး(၇)နဲ့ သခင်မလေးတွေကို နှုတ်ခွန်းဆက်ပါတယ်”
တည်နေရာပြောင်းရွှေ့အစီအရင်ကို နတ်ဘုရားဧကရာဇ် ငါးယောက်က စောင့်ကြပ်နေ၏။ သူတို့သည် ရီပုဟွေက နတ်ဘုရားလှေထဲမှနေ၍ လူအချို့နှင့်အတူ ထွက်လာသည်ကို မြင်လိုက်သောအခါ ချက်ချင်း အရှေ့သို့ လာ၍ နှုတ်ဆက်လိုက်ကြသည်။ ရီပုဟွေသည် ချီချင်ချန်တို့သုံးယောက်ကို တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ခေါ်သွားပြီး အော်ပြောလိုက်၏။
“တည်နေရာပြောင်းရွှေ့”
ရွှီး...
အဖြူရောင်အလင်း လင်းလက်လာပြီး လေးယောက်သား တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပျောက်ကွယ်သွားကြ၏။ အဖြူရောင်အလင်း ပျောက်ကွယ်သွားသောအခါ ကျန်းရီသည် သူတို့က နိဗ္ဗာန်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့သည် တိမ်များ ဝန်းရံထားသော မြေပြင်ညီတစ်ခုပေါ်၌ ရပ်နေကြ၏။ အဝေးရှိ နန်းတော်တစ်ခုအား တိမ်များကို ဖြတ်၍ ခပ်ရေးရေး လှမ်းမြင်နေရသည်။ ဤနေရာက အမှန်တကယ် နိဗ္ဗာန်ပင်။
“လှလိုက်တာ...”
တိလင်အာက အံ့ဩတကြီး ရေရွတ်လိုက်၏။ သို့သော် ရီပုဟွေက အသံပို့လွှတ်လိုက်၏။
“ရှုခင်းတွေကို နောက်မှ အေးဆေးကြည့်နိုင်ပါတယ်။ အခု ကျွန်တော့်ဒေါ်လေးဆီ အရင် သွားကြတာပေါ့။ ကျွန်တော်တို့ ဒီမှာ ရှိနေတာကို ကျွန်တော့်အဘိုးသိသွားရင် ကျွန်တော်တို့ ပြဿနာတက်သွားလိမ့်မယ်”
သို့ဖြင့် အားလုံး ဆက်၍လှည့်ပတ်ကြည့်မနေကြတော့ဘဲ ရီပုဟွေနောက်သို့ လိုက်သွားလိုက်ကြ၏။ ရီမျိုးနွယ်မှ သခင်လေးတစ်ယောက်က ဦးဆောင်နေခြင်းဖြစ်ရာ မည်သူကမှ သူတို့ကို မေးခွန်းမထုတ်ရဲပေ။ စွမ်းအားကြီး ကောင်းကင်စိတ်အာရုံအချို့သာ ရောက်ရှိလာကြ၏။ သို့သော် ရီပုဟွေနှင့် ချီချင်ချန်တို့ကို အာရုံခံမိသောအခါ မည်သူကမှ သူတို့ကို ဆက်မနှောင့်ယှက်ဝံ့ကြတော့ပေ။
နောက်ဆုံးတွင် လေးယောက်သား နန်းတော်တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိသွား၏။ နတ်ဘုရားဧကရာဇ် နှစ်ယောက်က နန်းတော်တံခါးကို စောင့်ကြပ်နေကြသည်။ ရီပုဟွေက ဧည့်သည်သုံးယောက်ခေါ်၍ ရောက်လာကြောင်းကို တွေ့လိုက်သောအခါ နတ်ဘုရားဧကရာဇ် တစ်ယောက်က မျက်မှောင်ကြုတ်၍ လက်ဆုပ်ကာ ပြောလိုက်၏။
“သခင်လေး(၇)... သူတော်စင်အကျဉ်းထောင်က ကန့်သတ်နေရာပါ။ မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်မပါဘဲ ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး”
ရွှီး...
ရီပုဟွေက ရွှေရောင်အမိန်ပြားတစ်ပြားကို ထုတ်ပြလိုက်၏။ ထိုအခါ နတ်ဘုရားဧကရာဇ် နှစ်ယောက်သည် စကားများ ထပ်ပြောမနေကြတော့ဘဲ လက်ဆုပ်အရိုအသေပေး၍ နန်းတော်တံခါးကို ဖွင့်ပေးလိုက်သည်။ ရီပုဟွေသည် ချီချင်ချန်တို့သုံးယောက်ကို နန်းတော်ထဲ ခေါ်သွားလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်ပြားလား...”
နန်းတော်ထဲ ဝင်နေရင်းဖြင့် ချီချင်ချန်က စိတ်ဝင်တစား အသံပို့လွှတ်ကာ မေးလိုက်၏။
“သခင်လေးရီ... သခင်လေး အဲ့အမိန့်ပြားကို ဘယ်ကရခဲ့တာလဲ”
ရီပုဟွေက ခါးသက်သက် ပြုံးကာ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျွန်တော့်ရဲ့ အဘိုးနဲ့ အဖေမှာပဲ ဒီအမိန့်ပြားရှိတာ။ ကျွန်တော် အကြာကြီး တောင်းဆိုခဲ့လို့ ကျွန်တော့်အဖေက ကျွန်တော့်ကို အမိန့်ပြား တစ်ကြိမ်အသုံးပြုခွင့် ပေးခဲ့တာ။ သွားကြစို့... အဘိုးက အခန်းအောင်းကျင့်ကြံနေပေမဲ့ သူ ကျွန်တော်တို့ကို အာရုံရသွားရင် ကျွန်တော်တို့ သူတော်စင်အကျဉ်းထောင်ထဲ ဝင်နိုင်တော့မှာ မဟုတ်ဘူး”
ချီချန်သည် ထပ်မမေးတော့ဘဲ ရီပုဟွေနောက်သို့သာ လိုက်သွားလိုက်သည်။ နန်းတော်ထဲတွင် အလွန်ရှည်လျားသော အနက်ရောင်စင်္ကြံလမ်းတစ်ခုမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။ သူမတို့ စင်္ကြံလမ်းအဆုံးသို့ ရောက်သောအခါ ကြောင်လိမ်ကျောက်လှေကားတစ်ခုကို တွေ့လိုက်ရ၏။ အောက်ဘက်က မှောင်မည်းနေပြီး လှေကားက မည်သည့်အနက်အထိရောက်ကြောင်း မည်သူမှ မသိပေ။
“ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ သူတော်စင်အကျဉ်းထောင်ပဲ”
ရီပုဟွေသည် လှေကားထိပ်တွင် ရပ်၍ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်၏။
“ဒီသူတော်စင်အကျဉ်းထောင်က ဝိညာဉ်မျိုးနွယ်ရဲ့ အဆိုးဆုံး အပြစ်သားတွေကို ချုပ်ထားတဲ့နေရာတစ်ခုပဲ။ ဒီနေရာမှာ အထပ်ဆယ့်ရှစ်ထပ်ရှိတယ်။ အောက်ထပ်တွေကို ရောက်လာလေလေ၊ မြေဆွဲအားက ပိုအားကောင်းလာလေလေပဲ။ ခံစားရတဲ့ နာကျင်မှုကလည်း ပိုတိုးလာတယ်။ ကျွန်တော့်ရဲ့ ဒေါ်လေးက... ဆယ့်ရှစ်ထပ်မှာ အချုပ်ခံထားရတာ”
***