← Chapters

ငရဲဆယ့်ရှစ်ထပ်

Vol. 104 Ch. 1452

ငရဲဆယ့်ရှစ်ထပ်

Vol. 104 Ch. 1452

‘ငရဲဆယ့်ရှစ်ထပ်’

ကျန်းရီ မျက်နှာပျက်သွားသည်။ သို့သော် သူက မျက်နှာဖုံးတပ်ထားသဖြင့် သူမျက်နှာပျက်သွားသည်ကို မည်သူမှ မမြင်လိုက်ပေ။ ထို့ပြင် ချီချင်ချန်နှင့် တိလင်အာတို့လည်း မျက်နှာပျက်သွားရာ ရီပုဟွေက ကျန်းရီကို ကြည့်ပင်မကြည့်အားဘဲ သူမတို့နှစ်ယောက်ကိုသာ အရေးစိုက်နေလေသည်။

ကျန်းရီသည် ရီပုဟွေ၏ အာရုံစိုက်မှုကို ခံရမည်စိုး၍ တံတွေးမျိုချကာ အသံမထွက်မိအောင် ကြိုးစားနေရသည်။ ရီပုဟွေ ကျောက်လှေကားက စဆင်းတော့မှ သူ နောက်လှည့်ကာ မျက်လုံးမှိတ်၍ အသက်ပြင်းပြင်း ရှူးသွင်းလိုက်၏။ ထို့နောက် ရီပုဟွေတို့နောက်သို့ လိုက်ဆင်းသွားလိုက်သည်။

ကျောက်လှေကားထစ်များကို ခပ်မှိန်မှိန်သာ တွေ့ရ၏။ အထစ်တစ်ရာပြည့်တိုင်း ညလင်းပုလဲလုံးတစ်လုံးစီ ထားထားသော်လည်း ၎င်းပုလဲလုံးများက လိမ္မော်ဝါရောင်အလင်းကို ထုတ်လွှတ်နေရာ ထိုနေရာတစ်ခုလုံးက မကောင်းသော နမိတ်ကို ပေးပေသည်။ ကျောက်လှေကားထစ်များက အောက်ဘက်သို့ ကြောင်လိမ်ပုံစံ ဆင်းသွားပြီး အဆုံးမရှိသကဲ့သို့ပင်။

လေးယောက်သည် အောက်သို့ ခပ်မှန်မှန် ဆင်းနေကြ၏။ သူတို့ လှေကားထစ်ငါးထောင်မြောက်သို့ ရောက်သောအခါ ဧရာမကျောက်ခန်းမကြီးတစ်ခု ပေါ်လာ၏။ ထိုကျောက်ခန်းမမှနေ၍ စင်္ကြံလမ်းသုံးလမ်း ထွက်သွားသည်။ လမ်းနှစ်လမ်းက အဝေးသို့ ဦးတည်ပြီး ကျန်တစ်လမ်းက အောက်ဘက်သို့ ဆက်သွားသည်။

“ချင်ချန်၊ သခင်မလေးလင်အာ... သတိထားပါ။ ပထမအထပ်ရဲ့ မြေဆွဲအားက အပြင်ဘက်ကထက် အဆတစ်ရာ ပိုအားကောင်းတယ်”

ကျောက်ခန်းမထဲသို့ မဝင်ခင် ရီပုဟွေက အားလုံးကို ရှင်းပြသည်။ ချီချင်ချန်က ပခုံးတွန့်လိုက်ပြီး ကျောက်ခန်းမထဲသို့ ဝင်လိုက်၏။ တိလင်အာလည်း စိတ်ကိုပြင်ဆင်၍ ဝင်လိုက်သည်။ သူမက အဆင်ပြေပုံပင်။ သို့သော် ကျန်းရီ ဝင်လိုက်သောအခါတွင် သူ့အပေါ် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ သူ ချက်ချင်းခံစားလိုက်ရသည်။

‘ပထမအထပ်ရဲ့ မြေဆွဲအားက ပုံမှန်ထက် အဆတစ်ရာ ပိုအားကောင်းတယ်ဆိုတော့ ဒီအထပ်မှာ အချုပ်ခံထားရတဲ့သူတွေက နေ့ညမပြတ် အဆတစ်ရာ ပိုအားကောင်းတဲ့ မြေဆွဲအားကို ခံနေရတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ဒီလိုဆို ဆယ့်ရှစ်ထပ်က မြေဆွဲအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ’

ကျန်းရီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။ သူ့လက်များလည်း စတင် လှုပ်ရှားလာသည်။ တော်သေးသည်မှာ ရီပုဟွေက ချီချင်ချန်နှင့် တိလင်အာတို့ကိုသာ အာရုံစိုက်နေ၍ သူ့ကို အရေးမစိုက်နိုင်ခြင်းပင်။ သူတို့ထံသို့ စွမ်းအားကြီး ကောင်းကင်စိတ်အာရုံနှစ်ခုတော့ ရောက်လာ၏။ သို့သော် ရီပုဟွေကို အာရုံခံမိကြသောအခါ ၎င်းတို့ ချက်ချင်း ပြန်ဆုတ်သွားကြသည်။

ကျန်းရီ နောက်မှ ခပ်သွက်သွက် လိုက်သွားလိုက်သည်။ ထူးဆန်းသည်မှာ သူတို့ ကျောက်ခန်းမထဲမှ ထွက်၍ အောက်ဘက်သို့ ဆက်ဆင်းလိုက်သောအခါ မြေဆွဲအားက ပျောက်ကွယ်သွားခြင်းပင်။ မြေဆွဲအားသည် ကျောက်လှေကားထစ်များတွင် မရှိဘဲ အထပ်များတွင်သာ ရှိပုံပင်။

ထင်ထားသလိုပင်...

ဒုတိယအထပ်သို့ ရောက်သောအခါ မြေဆွဲအား ပြန်ပေါ်လာသည်။ ဤတစ်ကြိမ် မြေဆွဲအားက ပုံမှန်ထက် အဆနှစ်ရာ ပိုအားကောင်းသည်။ ထိုပမာဏက ကျန်းရီတို့အပေါ် ဆိုးဆိုးဝါးဝါး မသက်ရောက်သေးသော်လည်း သူတို့ ထိုနေရာ၌ ကြာရှည်နေမည်ဆိုလျှင် မသက်မသာ ခံစားလာရလောက်သည်။ ကျန်းရီ ပို၍ရင်လေးလာကာ နာကျင်လာရ၏။ သူ အောက်သို့ ဆက်မဆင်းနိုင်လုနီးပါးပင်။

တတိယအထပ်၊ အဆသုံးရာမြေဆွဲအား...

စတုတ္ထအထပ်၊ အဆလေးရာမြေဆွဲအား...

“သတိထားပါ”

ငါးထပ်မြောက်သို့ ရောက်သောအခါ ရီပုဟွေက ရုတ်တရက် ရပ်တန့်၍ ပြောလိုက်၏။

“ဒီအထပ်က မြေဆွဲအားက ချက်ချင်း ထိုးတက်သွားတာ... ပုံမှန်ထက် အဆတစ်ထောင် ပိုအားကောင်းတယ်”

‘အဆတစ်ထောင်...’

ကျန်းရီ ကြက်သီးထသွား၏။ ဆယ့်ရှစ်ထပ်မြောက်မှ မြေဆွဲအားက မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကို သူ တွေးမကြည့်နိုင်တော့ပေ။ သူ့မျက်နှာကလည်း ဖြူဖျော့လာသည်။ ချီချင်ချန်သည် ကျန်းရီက တစ်ခုခု ဖြစ်နေကြောင်းကို သတိပြုမိလိုက်၍ အသံပို့လွှတ်လိုက်၏။

“ကျန်းရီ... ရှင် အဆင်ပြေရဲ့လား”

ကျန်းရီသည် အသံပြန်မပို့လွှတ်ဘဲ ချီချင်ချန်ကို လှမ်းကြည့်၍ သူအဆင်ပြေကြောင်း ခေါင်းဆတ်ပြလိုက်သည်။ သူက အားနည်းနေသေးသဖြင့် မဆင်မခြင် အသံမပို့လွှတ်ဝံ့ပေ။ ရီပုဟွေက ယင်းကို သတိပြုမိသွားလျှင် မခက်ပေလော။ သူတို့ အောက်သို့ ဆက်ဆင်းကြ၏။ ငါးထပ်သည် အဆတစ်ထောင်၊ ခြောက်ထပ်က အဆတစ်ထောင့်တစ်ရာ၊ ခုနစ်ထပ်က အဆတစ်ထောင့်နှစ်ရာ စသည်ဖြင့် တိုးသွားသည်။

ဆယ်ထပ်မြောက်သို့ ရောက်သောအခါ မြေဆွဲအားက ပုံမှန်ထက် အဆနှစ်ထောင် ပိုအားကောင်းသွားသည်။ ကျန်းရီသည် ဆယ်ထပ်မြောက်ကျောက်ခန်းမထဲသို့ ဝင်လိုက်သောအခါ အတန်ငယ် ခါးကိုင်းသွား၏။ သူ့အတွက် လမ်းလျှောက်ရန်ပင် ခက်ခဲလာသည်။ သို့သော် ချီချင်ချန်နှင့် ကျန်နှစ်ယောက်ကမူ ယခုအထိ ပြဿနာမရှိသေးပေ။

“အာ...”

နောက်ဆုံးတွင် ရီပုဟွေသည် ကျန်းရီက အခက်အခဲအချို့ တွေ့နေကြောင်း သတိပြုမိသွား၏။ သူ ကျန်းရီကို ကြည့်ကာ မေးလိုက်သည်။

“သူ ဆက်လိုက်နိုင်သေးရဲ့လား။ မလိုက်နိုင်တော့ရင်လည်း ကျောက်လှေကားထစ်တွေပေါ်မှာ စောင့်နေနိုင်ပါတယ်”

ချီချင်ချန်နှင့် တိလင်အာတို့လည်း ကျန်းရီ၏ အခက်အခဲကို သတိပြုမိခဲ့သည်။ ထိုစဉ် ကျန်းရီက အံကြိတ်၍ အေးစက်စက် ပြောလိုက်သည်။

“သခင်မလေးသွားတဲ့နေရာတိုင်းကို ကျွန်တော်လိုက်ရမယ်”

“အဲ့ဒါဆိုလည်း သွားကြစို့”

ရီပုဟွေက မည်သို့မှ မပြောတော့ဘဲ ခပ်ရေးရေးသာ ပြုံးလိုက်သည်။ သူ ခြေလှမ်းသွက်သွက် လှမ်းကာ အားလုံးကို အောက်ဘက်သို့ ဆက်ခေါ်သွား၏။ သို့ဖြင့် သူတို့ ဆယ့်ငါးထပ်သို့ ရောက်လာကြသည်။ ထိုအထပ်မှ မြေဆွဲအားက ပုံမှန်ထက် အဆသုံးထောင် ပိုအားကောင်းသည်။

“ခင်ဗျား ဆက်သွားနိုင်သေးရဲ့လား”

ရီပုဟွေက ကျောက်ခန်းမထဲတွင် တမင်ရပ်တန့်၍ ကျန်းရီကို မေးလိုက်၏။

“လူတွေ မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး”

“အဟင်း...”

ချီချင်ချန်နှင့် တိလင်အာတို့က ခပ်အုပ်အုပ် ရယ်လိုက်ကြ၏။ တိလင်အာ အတန်ငယ်လည်း ရှက်သွေးဖြာသွားသည်။ ရီပုဟွေက ကျန်းရီ၏စကားကို ကြားသောအခါ ပြုံး၍ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ကောင်းပြီလေ.. ဆက်သွားကြတာပေါ့”

ရီပုဟွေသည် ရုတ်တရက် အရှိန်မြှင့်၍ အောက်ဘက်သို့ ဆက်ဆင်းသွားလိုက်၏။ ကျန်လူများက သူ့နောက်သို့ အမှီလိုက်ရပေသည်။ သူတို့ ဆယ့်ခြောက်ထပ်သို့ ရောက်သောအခါ ရီပုဟွေသည် မည်သို့မှ မပြောဘဲ ဆယ့်ခုနစ်ထပ်သို့ ချက်ချင်း ဆက်သွားလိုက်သည်။ ကျန်းရီနှင့် သခင်မလေးနှစ်ယောက်တို့ အမှီလိုက်ကြရပြန်သည်။

သို့သော်...

ဆယ့်ခြောက်ထပ်၏ မြေဆွဲအားက အဆသုံးထောင့်တစ်ရာမဟုတ်ဘဲ အဆလေးထောင် ပိုအားကောင်းနေ၍ ကျန်းရီ၏ ခြေထောက်များက ခွေလာ၏။ သို့သော် သူ မိုးမြေစွမ်းအားကို ထုတ်သုံးလိုက်ရာ သူ၏ခန္ဓာကိုယ်က ရုတ်ခြည်း အဆတစ်ရာ ပိုသန်မာသွားသည်။ သူ၏ညွတ်ခွေနေသော ခြောက်ထောက်များက ချက်ချင်း ပြန်ဖြောင့်သွားပြီး သူ ကျောက်ခန်းမထဲမှနေ၍ အခက်အခဲမရှိ ထွက်နိုင်လိုက်သည်။

“အာ...”

ရီပုဟွေ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ချီချင်ချန်နှင့် တိလင်အာတို့သည်လည်း ထိုနေရာမှ မြေဆွဲအားက ကျန်းရီအတွက် အားကောင်းလွန်းသည်ဟု တွက်ထားကြသဖြင့် ကျန်းရီက အခက်အခဲမရှိ ထွက်လာနိုင်သည်ကို တွေ့သောအခါ သူ့အား ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။ ကျန်းရီ၏ ရုပ်ခန္ဓာက ရုတ်ခြည်း များစွာသန်မာလာလိမ့်မည်ဟု သူမတို့ မျှော်လင့်မထားကြပေ။ ကျန်းရီ၏ခန္ဓာကိုယ်မှ ထွက်နေသော ထူးဆန်းသည် အရှိန်အဝါတစ်ခုကို သူမတို့အားလုံး ခံစားနိုင်နေသည်။ အစောတွင် သူက များစွာပိုသန်မာသွားခဲ့ကြောင်း ထင်ရှားပေသည်။

ထိုအဖြစ်တွင် အရေးအကြီးဆုံးမှာ ကျန်းရီက မည်သည့်ဆေးလုံးမှ မသောက်ခဲ့ခြင်းပင်။ သို့ဆိုလျှင် သူ့ခန္ဓာကိုယ်က အဘယ်သို့ သန်မာလာရသနည်း။ ရီပုဟွေ၊ ချီချင်ချန်နှင့် တိလင်အာတို့အားလုံး ကျန်းရီကို ကြည့်နေကြ၏။ ငွေမိစ္ဆာမျက်နှာဖုံးတပ်ထားသော ကျန်းရီက အလွန်လျှို့ဝှက်ဆန်းကြယ်နေပေသည်။

ထိုအခိုက်တွင် ကျန်းရီက ရုတ်တရက် အလွန်ဆန်းကြယ်သွားခဲ့သည်။ သူက စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း သူ၏အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သလိုမျိုးပင်။

“သွားကြစို့...”

ရီပုဟွေသည် ဆက်စူးစမ်းမနေလိုတော့သဖြင့် ချီချင်ချန်တို့ကိုခေါ်၍ အောက်ဘက်သို့ ဆက်သွားလိုက်၏။ ဆယ့်ခုနစ်ထပ်မှ မြေဆွဲအားက ပုံမှန်ထက် အဆငါးထောင် ပိုအားကောင်းပေသည်။ ကျန်းရီ မျက်လုံးမှိတ်လိုက်၏။ ဆယ့်ရှစ်ထပ်မှ မြေဆွဲအားက အဆခြောက်ထောင် သို့မဟုတ် အဆခုနှစ်ထောင်သို့ ရောက်သွားမည်လော။ သူ မတွေးဝံ့ပေ။

ဆယ့်ခုနစ်ထပ်သို့ ရောက်သောအခါ ရီပုဟွေ၏ မျက်နှာက မည်းမှောင်လာ၏။ ချီချင်ချန်နှင့် တိလင်အာတို့၏ မျက်နှာထားကလည်း ဝမ်းနည်းပုံ ပေါ်လာသည်။ ဆယ့်ခုနစ်ထပ်မှ မြေဆွဲအားကပင် ပုံမှန်ထက် အဆငါးထောင် ပိုအားကောင်းနေပြီဖြစ်သည်။ ဤအထပ်တွင် အသက်ရှူရန်ပင် ခက်ခဲသည်။ လမ်းလျှောက်ရန်မူ ပြောနေရန်ပင် မလိုပေ။ ဤနေရာတွင် မြေဆွဲအားကို ဆန့်ကျင်နိုင်ရန် ခန္ဓာကိုယ်တွင်း၌ ကောင်းကင်စွမ်းအားကို အဆက်မပြတ် လည်ပတ်နေစေရမည်ဖြစ်သည်။ ယင်းက သေလောက်အောင် ပင်ပန်းသည် မဟုတ်လော။

‘အမေ...’

ကျန်းရီသည် ရီဖျောင်ဖျောင်အတွက် နာကျင်ခံစားနေရ၏။ ကျောက်လှေကားထစ်များတွင် မြေဆွဲအားကို မခံစားရသော်လည်း သူ့ခြေလှမ်းများ လေးလံလာသည်။ သူ့ရင်ခုန်နှုန်းလည်း မြန်လာသည်။ ထိုအခိုက်တွင် သူ မွန်းကြပ်နေရပေသည်။

နောက်ဆုံး၌...

ကျန်းရီတို့ ဆယ့်ရှစ်ထပ်သို့ ရောက်သွား၏။ အားလုံး၏ ခန္ဓာကိုယ်များ အတန်ငယ် ကိုင်းသွားကြသည်။ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်သော တိလင်အာပင် အတန်ငယ် ခါးကိုင်းသွားပြီး ခြေထောက်များ တုန်ယင်သွား၏။ ကျန်းရီ၏ ရုပ်ခန္ဓာက အဆတစ်ရာ ပိုသန်မာနေသော်လည်း ထိုအဆင့်က နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်လောက်သာ ရှိသေးရာ သူ အတော်လေး ခါးကိုင်းနေသည်။ သူ့နှုတ်ခမ်းစွန်းမှလည်း သွေးအနည်းငယ် စီးကျလာသည်။ သူ တုန်တုန်ယင်ယင်ဖြင့် လမ်းလျှောက်နေရပေသည်။

ဆယ့်ရှစ်ထပ်၏ မြေဆွဲအားက အဆတစ်သောင်းဖြစ်သည်။

ရီပုဟွေနှင့် တိလင်အာတို့၏ ခြေလှမ်းများ သိသိသာသာ နှေးသွားကြသည်။ သို့သော် ချီချင်ချန်ကမူ အတန်ငယ်ပင် သက်ရောက်ခံရပုံ မပေါ်ချေ။ အရှေ့တွင် လမ်းနှစ်လမ်းသာ ရှိတော့၏။ဤအထပ်က အောက်ဆုံးအထပ်ဖြစ်ကြောင်း ထင်ရှားသည်။ ချီချင်ချန်သည် ခပ်မှိန်မှိန်လင်းနေသော စင်္ကြံလမ်းနှစ်လမ်းကို ကြည့်၍ မေးလိုက်၏။

“ဘယ်လမ်းက ရီဖျောင်ဖျောင်ဆီ ရောက်တာလဲ”

“ဒီဘက်လမ်းပါ”

ရီပုဟွေက ဘယ်ဘက်မှ စင်္ကြံလမ်းကို ကြည့်လိုက်ပြီး လေးလံသော ခြေလှမ်းများဖြင့် အားလုံးကို ဦးဆောင်ကာ အရှေ့သို့ လျှောက်သွားလိုက်သည်။ စင်္ကြံလမ်းက အလွန်ရှည်လျားသည်။ သူတို့ ခြေလှမ်းတစ်သောင်းနီးပါး လျှောက်ပြီးနောက်မှ အခြားတံခါးတစ်ချပ်ကို မြင်ရ၏။ တံခါးအရှေ့တွင် ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က တင်ပျဉ်ခွေထိုင်နေ၏။ ရီပုဟွေတို့အုပ်စု လျှောက်လာသည်ကို မြင်လိုက်သောအခါ အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။

“သခင်လေး(၇) သခင်မလေးဖျောင်ဖျောင်ဆီ ဘယ်သူမှ မလာရဘူးလို့ မျိုးနွယ်ခေါင်းဆောင်က အမိန့်ပေးထားပါတယ်”

“ကျွန်‌တော် သိပါတယ်”

ရီပုဟွေက ခေါင်းညိတ်၍ ပြောလိုက်၏။ ထို့နောက် သူ လက်ဆန့်ထုတ်ကာ အမိန့်ပြားကို ပြ၍ ဆက်ပြောလိုက်လေသည်။

“ဒီအမိန့်ပြားနဲ့ဆိုရင်ရော...”

***

All Chapters