← Chapters

ဘိုးတော်ကြီး

Vol. 104 Ch. 1453

ဘိုးတော်ကြီး

Vol. 104 Ch. 1453

“မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်ပြားလား”

ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အဘိုးအိုသည် အမိန့်ပြားကို ကြည့်၍ နားမလည်နိုင်ဖြစ်သွား၏။ ဝိညာဉ်မျိုးနွယ်တွင် ထိုအမိန့်ပြားက နှစ်ပြားသာရှိသည်။ ၎င်းတို့က အမြင့်ဆုံးအာဏာကို ကိုယ်စားပြုသည်။ အမိန့်ပြားကို မြင်ခြင်းက ဝိညာဉ်ဘုရင်ကို မြင်ခြင်းနှင့် ညီသည်။ ပြဿနာမှာ သူက ဝိညာဉ်ဘုရင်၏ မည်သူကိုမှ ရီဖျောင်ဖျောင်နှင့် တွေ့ခွင့်မပေးနှင့်ဟူသော အမိန့်အတိုင်း တာဝန်ထမ်းဆောင်နေရခြင်းဖြစ်၏။ ထို့ကြောင့် သူ နားမလည်နိုင်ဖြစ်သွားခြင်းပင်။

“ဟွန်း...”

ရီပုဟွေသည် ရပ်စောင့်နေရသည်ကို ရှက်လာ၍ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

“အကြီးအကဲ(၃၆)... မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်ပြားကို မြင်တာက မျိုးနွယ်ခေါင်းဆောင်ကို မြင်တာနဲ့ အတူတူပဲ။ ခင်ဗျားက သူ့အမိန့်ကို ဆန့်ကျင်ရဲတာလား။ တကယ်လို့ တစ်ခုခု ဖြစ်လာရင်လည်း ကျွန်တော်ပဲ တာဝန်ခံမှာပါ”

“ကျုပ် မဝံ့ရဲပါဘူး”

အဘိုးအိုမှာ ဝိညာဉ်မျိုးနွယ်မှဖြစ်သော်လည်း ဝိညာဉ်မျိုးနွယ်နှင့်‌ သွေးသာတော်စပ်မှု မရှိပေ။ မဟုတ်လျှင် သူက သူတော်စင်အကျဉ်းထောင်တွင် တံခါးစောင့်လုပ်နေရမည် မဟုတ်ချေ။ ရီပုဟွေက ဖြစ်သမျှကို တာဝန်ခံမည်ဟု ပြောလိုက်ပြီဖြစ်ရာ သူ ဆက်ပြောနေရန် မသင့်တော့ပေ။ သူ လက်တစ်ဘက်ဖြင့် တံခါးကို ရိုက်လိုက်၏။ တံခါးက အဖြူရောင်အလင်း လင်းလက်သွားပြီး အထက်သို့ ဖြည်းဖြည်းချင်း တက်သွားသည်။

ကျန်းရီသည် အကျဉ်းထောင်ထဲမှ မြေဆွဲအား၏ ဖိနှိပ်မှုကို ခံထားရသော်လည်း ထိုအခိုက်တွင် အလွန်ရင်ခုန်မြန်နေပေသည်။ သူ့နှလုံးသားက သူ့လည်ချောင်းမှတဆင့် အပြင်သို့ ခုန်ထွက်တော့မလိုပင်။ သူ တံတွေးမျိုချကာ အကျဉ်းထောင်ထဲသို့ လှမ်းကြည့်လိုက်၏။ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ခါလာသည်။

“အန်...”

ကျန်းရီ၏ ထူးခြားသော လှုပ်ရှားမှုများက ရီပုဟွေ၊ ချီချင်ချန်နှင့် တိလင်အာတို့ကို အာရုံစိုက်သွားစေ၏။ သူတို့သုံးယောက်စလုံး ကျန်းရီကို အံ့ဩတကြီးဖြင့် လှည့်ကြည့်ကြသည်။ ကျန်းရီ တုန်ယင်နေခြင်းမှာ မြေဆွဲအားကို မခံနိုင်တော့၍ ဖြစ်နိုင်သည်။ သို့သော် သူ့မျက်ဝန်းများထဲမှ အကြည့်က အလွန်ထူးဆန်းနေသည်။ ဆိုရလျှင် သူက စိတ်လှုပ်ရှားနေသကဲ့သို့ပင်။

ကျောက်ဂိတ်တံခါးက အထက်သို့ ဖြည်းဖြည်းချင်း တက်နေ၏။ မကြာခင်မှာပင် ကျန်းရီတို့အရှေ့၌ ကျောက်ခန်းမတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ရီပုဟွေတို့သည် ကျန်းရီ၏ ထူးဆန်းသော အပြုအမူများကို ဆက်အာရုံမစိုက်နိုင်ကြတော့ပေ။ သူတို့အားလုံး ကျောက်ခန်းမထဲကို ကြည့်ကာ အထဲမှ အကျဉ်းသားကို ရှာလိုက်ကြသည်။

ကျောက်ခန်းမက သိပ်မကြီးပေ။ ခန်းမလေးတစ်ခုနှင့် အခန်းတစ်ခန်းသာရှိသည်။ ခန်းမလေးထဲတွင် လိမ္မော်ဝါရောင် ခပ်မှိန်မှိန်လင်းနေသော ညလင်းပုလဲတစ်လုံးမှလွဲ၍ အခြားမည်သည့်အရာမှ မရှိချေ။ အခန်းတံခါးကိုလည်း ပိတ်မထားပေ။ ကျန်းရီတို့သည် သူတို့ရပ်နေသော နေရာမှနေ၍ အခန်း၏တစ်ဝက်လောက်ကို ခပ်ရေးရေး မြင်ရပေသည်။

ကျန်းရီသည် အခန်းတံခါးမှနေ၍ လူတစ်ယောက်၏ နောက်ကျောပြင်တစ်ခြမ်းကို မြင်ရ၏။ အခန်းထဲတွင် အမျိုးသမီးတစ်ယောက်သည် ဆုတောင်းဖျာပေါ်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူမ၏ခါးက အတန်ငယ် ကိုင်းနေသည်။ သူမသည်လည်း မြေဆွဲအားကို ခံနေရကြောင်း ထင်ရှားပေသည်။ သူမက ကျင့်ကြံနေခြင်းဖြစ်၍ ကျောက်ဂိတ်တံခါး ပွင့်သွားသည်ကို သတိမပြုမိခြင်းဖြစ်မည်။ ကျန်းရီတို့သည် သူမ၏ နောက်ကျောပြင်ကို မြင်နိုင်ကြသော်လည်း သူမ၏မျက်နှာကို မမြင်နိုင်ကြပေ။

‘အမေပဲ...’

ကျန်းရီသည် ထိုအမျိုးသမီး၏ နောက်ကျောပြင်ကို မြင်သည်နှင့် သူမက ရီဖျောင်ဖျောင်ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။ သွေးက စကားပြောပေသည်။ ကျန်းရီ၏ မျက်ဝန်းများ နီရဲလာ၏။ ရီပုဟွေ၊ ချီချင်ချန်နှင့် တိလင်အာတို့က အထဲသို့ လျှောက်သွားနေကြပေပြီ။ သို့သော် သူ ခြေလှမ်းတစ်လှမ်းပင် မလှမ်းနိုင်သေးဘဲ ထိုအမျိုးသမီး၏ နောက်ကျောပြင်ကိုသာ စိုက်ကြည့်နေမိလေသည်။

ဟူး...ဟူး...

ကျန်းရီသည် သူ့မျက်လုံးစွန်းမှ မျက်ရည်စများကို မကျသွားအောင် ထိန်း၍ အသက်ပြင်းပြင်းရှူသွင်းကာ အ‌ရှေ့သို့ လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍လည်း အခန်းကို အာရုံခံလိုက်သည်။

သို့သော်...

ထိုအခိုက်တွင် မျှော်လင့်မထားသော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။

ရီပုဟွေက ဂိတ်တံခါးကို ဖြတ်လိုက်သောအခါ ဂိတ်က လင်းလက်လာပြီး သူတို့အရှေ့၌ အကြည်ရောင် အကာအရံအလင်းလွှာတစ်ခု ထွက်ပေါ်၏။ ရုတ်ခြည်းပင် ရီပုဟွေ အနောက်သို့ ပြန်ကန်ထွက်သွားသည်။ သူ တိလင်အာကိုပင် ဝင်တိုက်မိ၍ သူမ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ချီချင်ချန် မျက်နှာထား ပြောင်းသွား၏။ သူမသည် တိလင်အာကို လက်တစ်ဘက်ဖြင့် ဖမ်းထားလိုက်၏။ ထိုစဉ် ဂိတ်တံခါးက ပြန်ကျဆင်းလာသည်ကို တွေ့လိုက်သောအခါ သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားလေသည်။

“အာ...”

ကျောက်ဂိတ်တံခါးတွင် လျှို့ဝှက်အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု ကျန်းရီ ထင်မထားခဲ့ပေ။ ကျောက်ဂိတ်တံခါး ကျဆင်းလာသောအခါ သူ တုန်လှုပ်သွားသည်။ သူ ချက်ချင်းပင် ချီချင်ချန်ကို လှည့်ကြည့်၍ အသံပို့လွှတ်လိုက်၏။

“သခင်မလေးချင်ချန်.. အဲ့ဂိတ်တံခါးကို ဖွင့်ပြီး ရီဖျောင်ဖျောင်ကို ကယ်တင်ဖို့ ကျွန်တော့်ကို ကူညီပေးပါ။ သခင်မလေးသာ ကူညီပေးမယ်ဆိုရင် ကျွန်တော် ကျန်းရီ တစ်ဘဝလုံး သခင်မလေးဆီမှာ ကျွန်ခံမယ်လို့ ကတိပေးပါတယ်”

ချီချင်ချန် ပို၍ပင် ခေါင်းရှုပ်သွား၏။ သူမ ကျန်းရီကို ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်မှ ရူးသွပ်မှုကို မျက်နှာဖုံးကို‌ဖောက်၍ မြင်လိုက်ရသည်။ သူမလက်ထဲတွင် သိမ်မွေ့သော အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ကျောက်ဂိတ်တံခါး မြေပြင်အထိ ကျဆင်းမလာအောင် တားဖို့ ဟန်ပြင်လိုက်ခြင်းပင်။

“ဟွန်း...”

သို့သော် ထိုအခိုက်တွင် အေးစက်စက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။ အားလုံး ရင်တုန်သွားကြသည်။ ကျန်းရီ၊ တိလင်အာနှင့် ရီပုဟွေတို့ တုန်ယင်သွားကြပြီး ခြေထောက်များ ပျော့ခွေကာ ချက်ချင်း မြေပြင်ပေါ် လဲကျသွားသည်။ ချီချင်ချန်၏ လက်မှ အဖြူရောင်အလင်းလည်း ပျောက်ကွယ်သွားသည်။ ပိတ်သွားပြီဖြစ်သော ကျောက်ဂိတ်တံခါးကို သူမ မချင့်မရဲ ကြည့်လိုက်သည်။ ၎င်းတံခါးပတ်ပတ်လည်မှ အကာအရံများကလည်း အဆက်မပြတ် လင်းလက်နေပေသည်။

“အဘိုး...”

ရီပုဟွေ မျက်နှာပျက်သွား၏။ ဝိညာဉ်ဘုရင်က အခန်းပတ်ပတ်လည်တွင် မမြင်နိုင်သော အစီအရင်တစ်ခု ဆင်ထားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ တစ်ယောက်ယောက်က အခန်းထဲသို့ ဝင်လိုက်သည်နှင့် ၎င်းအစီအရင်က နိုးထလာမည်ဖြစ်သည်။ ထိုအခါ ဝိညာဉ်ဘုရင်က ချက်ချင်း အာရုံရသွားပေလိမ့်မည်။

ဝိညာဉ်ဘုရင်က အလွန်ခေါင်းမာပြီး သူ၏မျိုးနွယ်ဝင်များနှင့် တပည့်များအပေါ်တွင်လည်း အလွန်စည်းကမ်းတင်းကြပ်သည်။ သူက သူချစ်ရသော အငယ်ဆုံးသမီးတော်ကိုပင် အပြစ်ပေးနိုင်လောက်အောင် အသည်းမာသူဖြစ်ရာ ရီပုဟွေသည် ချီချင်ချန်တို့အုပ်စုကို လျှို့ဝှက်ခေါ်လာမိသည့်အတွက် သူ မည်သို့သော အပြစ်ဒဏ်မျိုးကို ခံရမည်ကို တွေး၍ပင် မကြည့်ဝံ့ချေ။

ထင်ထားသလိုပင်...

အသံအိုတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“တစ်ယောက်ယောက်လာစမ်း... ရီပုဟွေကို ဆယ့်ငါးထပ်ဆီ ခေါ်သွားပြီး အဲ့မှာ တစ်လချုပ်ထားလိုက်”

ဝှစ်...ဝှစ်...

စင်္ကြံလမ်းအဆုံးမှနေ၍ သိမ်မွေ့သော လေညင်းနှစ်ချက် တိုက်ခတ်လာ၏။ လူနှစ်ယောက်သည် ဝိညာဉ်များကဲ့သို့ ရောက်ရှိလာပြီး မျက်နှာသေဖြင့် ရီပုဟွေကို ဖမ်းချုပ်လိုက်ကြသည်။ ရီပုဟွေသည် အသနားခံရန်ပင် မကြိုးစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ဘုရင် စိတ်ဆုံးဖြတ်ပြီးသွားလျှင် မည်သူကမှ သူ့စိတ်ကို ပြောင်းနိုင်မည် မဟုတ်ကြောင်း သိ၍ပင်။

“နေပါဦး”

ချီချင်ချန်က လှစ်ခနဲ ရွေ့လျားလိုက်ပြီး ကျန်းရီ၏ ပခုံးကို ပုတ်လိုက်၏။ ကျန်းရီ၏ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော စွမ်းအင်တစ်ခု ဝင်သွားသည်။ ကျန်းရီ မလှုပ်နိုင်၊ စကားမပြောနိုင်တော့ပေ။ ချီချင်ချန်သည် ကျန်းရီ၏ ရူးသွပ်သော မျက်နှာထားနှင့်၊ သူမအား အကူအညီတောင်းခဲ့သည့်ကိစ္စကို ပြန်တွေးမိလိုက်ပြီး သူ မဆင်မခြင်ပြုမူကာ ဝိညာဉ်ဘုရင်ကို ဒေါသထွက်အောင် လုပ်မိသွားမည်စိုး၍ သူ့ကို မလှုပ်နိုင်၊ စကားမပြောနိုင်အောင် လုပ်လိုက်ခြင်းပင်။

ချီချင်ချန်သည် ကျန်းရီဘေးတွင် ရပ်၍ အထက်သို့ လက်ဆုပ်ကာ ပြောလိုက်သည်။

“ချင်ချန် ဝိညာဉ်ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်။ ဒီနေ့ ကျွန်မကို ဒီကို ခေါ်လာပေးဖို့ သခင်လေးပုဟွေကို တောင်းဆိုခဲ့တဲ့သူက ကျွန်မပါ။ ဖျောင်ဖျောင်နဲ့ ကျွန်မနဲ့က အမြဲ ညီအစ်မတွေလို ရင်းနှီးခဲ့တာပါ။ အဲ့ဒါကြောင့် ကျွန်မ သူ့ကို လာတွေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဝိညာဉ်ဘုရင် အပြစ်ပေးချင်တယ်ဆိုရင် ချင်ချန်ကိုပဲ အပြစ်ပေးပါ။ ကျေးဇူးပြုပြီး သခင်လေးပုဟွေကို လွှတ်ပေးလိုက်ပါ”

ထိုအခိုက်တွင် ရီပုဟွေ ပြုံးလိုက်၏။ သူ ခေါင်းခါကာ ချင်ချန်ကို ကြည့်လိုက်သည်။

“ဒါက တစ်လလောက် အချုပ်ခံထားရရုံလေးပါပဲ။ စိတ်မပူပါနဲ့... ကျွန်တော်ခံနိုင်ပါတယ်။ ချင်ချန်ဆီက အဲ့စကားတွေကို ကြားရရုံနဲ့တင် ကျွန်တော် နောင်တမရှိဘဲ သေနိုင်ပါပြီ။ အဲ့ဘိုးတော်ကြီးကို သွားအသနားခံမနေပါနဲ့”

‘ဘိုးတော်ကြီးတဲ့လား’

ထိုအခိုက်တွင် ချီချင်ချန်နှင့် တိလင်အာတို့၏ ရီပုဟွေအပေါ် အမြင်က လုံးဝပြောင်းလဲသွား၏။ သူက ချီချင်ချန်ကို မျက်နှာလုပ်ရန် ကြိုးစားနေခြင်းဖြစ်စေ သို့မဟုတ် ဝိညာဉ်ဘုရင်အပေါ် မကျေနပ်ချက်အချို့ ရှိနေခြင်းဖြစ်စေ ဝိညာဉ်မျိုးနွယ်၏ဘုရင် သူ့အဘိုးကို ထိုသို့ခေါ်ဝံ့ခြင်းကပင် သူ့၌ သတ္တိရှိကြောင်း ပြသနေပေသည်။

“အတင့်ရဲလိုက်တာ”

အသံအိုတစ်သံက ရီပုဟွေကို ကြိမ်း‌မောင်းလိုက်၏။ ထိုအသံက ကောင်းကင်မှ မိုးချုန်းသံကဲ့သို့ပင်။ ရီပုဟွေတစ်ယောက် ရုတ်ခြည်း သတိလစ်သွားသည်။ ကျန်းရီနှင့် တိလင်အာတို့၏ နားစည်များလည်း တုန်ခါနာကျင်သွား၏။ ထို့နောက် သူတို့ အမြင်များ ဝေဝါးလာသည်။

အသံက ဆက်ပြောသည်။

“ချီမျိုးနွယ်က ကောင်မလေး... မင်းက ငါ့ပိုင်နက်ထဲမှာဆိုတော့ ငါ့ရဲ့စည်းမျဉ်းတွေကို လိုက်နာရမယ်။ မင်း ငါ့ကို အနိုင်မယူနိုင်ရင် အပိုစကားတွေ ပြောမနေနဲ့။ ရီဖန်... သူတို့ကို အပြင်ကို ပြန်ပို့ပြီး ရီပုဟွေကို ချုပ်ထားလိုက်”

ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားနှစ်ယောက်က ရီပုဟွေကို ချက်ချင်း အဝေးသို့ ခေါ်သွားကြ၏။ ချီချင်ချန် မချင့်မရဲဖြင့် သက်ပြင်းချလိုက်သည်။ သူမကလည်း အုပ်ချုပ်သူအဆင့် သိုင်းသမားဖြစ်၏။ သို့သော် သူမ ထိုအဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။ ဝိညာဉ်ဘုရင်၏ တိုက်ခိုက်စွမ်းရည်များနှင့်ဆိုလျှင် သူမ၏အဖေသည်ပင် သူ့ကို မနိုင်လောက်ချေ။ ထို့ကြောင့် ဝိညာဉ်ဘုရင်၏အရှေ့တွင် သူမကိုယ်သူမ အရှက်မခွဲနိုင်ပေ။

“သွားကြစို့”

ချီချင်ချန်သည် လက်တစ်ဘက်ဖြင့် ကျန်းရီ၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ကျန်တစ်ဘက်ဖြင့် တိလင်အာ၏လက်မောင်းကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူမတို့အားလုံး အထက်သို့ ပျံတက်ကာ လှစ်ခနဲ ပျံသန်းသွားကြသည်။ တဒင်္ဂအတွင်းမှာပင် သူမတို့က အပေါ်ဆုံးအထပ်သို့ ပြန်ရောက်သွားပြီး သူတော်စင်ဝိညာဉ်ထောင်ထဲမှ ထွက်သွားကြလေသည်။

သားနားသော ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ချီချင်ချန်တို့အုပ်စုကို အပြင်တွင် စောင့်နေပေပြီ။ သူသည် ချီချင်ချန် ထွက်လာသည်ကို မြင်လိုက်သောအခါ လက်ဆုပ်၍ ခါးသက်သက် ပြုံးလိုက်၏။

“သခင်မလေးချင်ချန်... ခမည်းတော်ရဲ့ ဒေါသက အဲ့လိုပါပဲ။ သခင်မလေး စိတ်ထဲမထားဖို့ ကျုပ် မျှော်လင့်ပါတယ်”

ချီချင်ချန်က ခပ်ရေးရေးပြုံးကာ စိတ်ထဲမထားကြောင်း ပြသလိုက်သည်။ ပြီးမှ သူမ အပြစ်ရှိဟန်ဖြင့် ပြောလိုက်၏။

“ကျွန်မ သခင်လေးပုဟွေကို ပြဿနာတက်စေမိပြီ”

“မစိုးရိမ်ပါနဲ့.. သူ အဲ့ထဲမှာ အချုပ်ခံထားရတုန်း သူ့ရဲ့ခန္ဓာကိုယ်ကို လေ့ကျင်နိုင်ပါတယ်။ အဲ့ဒါက သူ့ကို ပိုပြီးတောင် ရင့်ကျက်သွားစေနိုင်ပါသေးတယ်”

အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းခါကာ ခပ်သဲ့သဲ့ပြုံး၏။ ထို့နောက် သူသည် ချီချင်ချန်က ကိုင်ထားဆဲဖြစ်သော တိလင်အာနှင့် ကျန်းရီတို့ကို ကြည့်လိုက်၏။ ကျန်းရီကိုမြင်သောအခါ သူ အံ့အားသင့်သွားသည်။ သူ၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားမလောက်ပင်။ ထို့နောက် သူ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

“သခင်မလေးချင်ချန်... သခင်မလေးရဲ့ မိတ်ဆွေက အဆင်ပြေပါရဲ့လား။ သခင်မလေးတို့ ရဲတိုက်ထဲဝင်ပြီး ခဏလောက် အနားယူကြပါဦးလား”

ချင်ချန်သည် ကျန်းရီကို တစ်ချက်ကြည့်၍ စိုးရိမ်သောလေသံဖြင့် အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... ရှင်အဆင်ပြေရဲ့လား။ ကျွန်မတို့ ဒီမှာ ခဏလောက်နားပြီးမှ ပြန်ကျရင်ရော ဘယ်လိုလဲ”

ကျန်းရီ တဖြည်းဖြည်း အသိပြန်ကပ်လာသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းများထဲ၌ ကူကယ်ရာမဲ့မှုများနှင့် ခါးသီးမှုများ ပြည့်နှက်သွား၏။ သူ အသံပြန်မပို့လွှတ်လိုက်ဘဲ ခပ်လှောင်လှောင်ပြုံး၍ ပါးစပ်မှ ပြောလိုက်သည်။

“ကျွန်တော် ဒီအေးစက်၊ ရက်စက်တဲ့နေရာမှာ တစ်စက္ကန့်တောင် ထပ်မနေချင်တော့ဘူး။ သွားကြစို့... ကျွန်တော်တို့ ဒီကနေ ချက်ချင်းထွက်သွားကြမယ်”

All Chapters