ပြိုင်ပွဲစပြီ
Vol. 105 Ch. 1454
ကျန်းရီက အသံပို့လွှတ်လိုက်ခြင်း မဟုတ်သဖြင့် ပတ်ဝန်းကျင်တွင် ရပ်နေသူများအားလုံး သူ့စကားကို ကြားလိုက်ရ၏။ သူတို့သည် ကျန်းရီစကားကြောင့် မကျေမနပ်ဖြစ်သွားကြသည်။
ဝိညာဉ်မျိုးနွယ်မှ လူအချို့၏ မျက်နှာထားများ ရုတ်ခြည်း မည်းမှောင်သွားသည်။ သို့သော် အသက်လတ်ပိုင်းအရွယ် အမျိုးသားက မည်သို့မှ မတုံ့ပြန်ချေ။ သူ့ဘေးမှ လူကသာ အေးစက်စက် ပြောသည်။
“သခင်မလေးချင်ချန်... သူက ဘယ်သူလဲ။ ဘာလို့ စကားကို အဲ့လိုမျိုး ပြောရတာလဲ”
ချီချင်ချန်ကြောင့်သာ မဟုတ်လျှင် ဝိညာဉ်မျိုးနွယ်မှ လူများသည် ချက်ချင်း ဒေါသူပုန်ထသွားပြီဖြစ်သည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဘေးမှလူ ဝင်ပြောသည်ကို မတားလိုက်ပေ။ ထို့ကြောင့် သူကလည်း သိပ်သဘောမကျကြောင်း သိနိုင်ပေသည်။
ကျန်းရီ ခပ်မဲ့မဲ့ ပြုံးလိုက်၏။ သူ ပြန်ပြောလိုက်ခြင်းသော်လည်း ချီချင်ချန်က သူ့လက်ကို ဆုပ်ကိုင်၍ သူ့ကိုယ်တွင်းသို့ စွမ်းအင်တစ်ခု စေလွှတ်လိုက်၏။ ထို့နောက်မှ တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။
“အရှင်ရီ... ကျွန်မရဲ့ မိတ်ဆွေက စကားအပြောအဆို မတတ်လို့ပါ။ အရှင် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခပ်ရေးရေး ပြုံးပြလိုက်၏။ သို့သော် ကျန်းရီကိုတော့ ထပ်မကြည့်တော့ပေ။ ချီချန်ချန်က ကျန်းရီကိုယ်စား တောင်းပန်လိုက်ပြီဖြစ်၍ သူ ကျန်းရီကို ခွင့်လွှတ်ပေးရပေမည်။ ချီချင်ချန်က ပြုံး၍ ထပ်မံပြောသည်။
“အခု ကျွန်မတို့ ပြန်လိုက်ကြပါဦးမယ်။ မနက်ဖြန် ပြိုင်ပွဲကျမှ ပြန်တွေ့ကြတာပေါ့”
အသက်လတ်ပိုင်းအရွယ် အမျိုးသားက နှုတ်ခမ်းစေ့၍ ခေါင်းညိတ်ပြသည်။ ထို့နောက် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ချီချင်ချန်တို့အုပ်စုကို တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ အစီအရင်က လင်းလက်လာသောအခါ ချီချင်ချန်တို့ တောင်ခြေသို့ ပြန်၍တည်နေရာပြောင်းရွှေ့ခံလိုက်ကြရသည်။ ကျန်းရီသည် မလှုပ်နိုင်၊ စကားမပြောနိုင်သော်လည်း တောင်ခြေမှ အကြည့်မခွာချေ။ ရီဖျောင်ဖျောင်က တောင်အောက်တွင် အဖိခံထားရဆဲပင်။ သူမသည် ကျန်းရီက သူမနှင့် လက်မအနည်းငယ်အတွင်း ရောက်လာခဲ့သည်ကိုလည်း မသိလောက်ချေ။
“ကျန်းရီ ဘာဖြစ်လို့လဲ”
ချီချင်ချန်သည် တစ်စုံတစ်ခု မူမမှန်ကြောင်းကို အစောကတည်းက သတိပြုမိခဲ့သည်။ ထို့ကြောင့် သူမ ကျန်းရီကို ကြည့်၍ မေးလိုက်သည်။ ကျန်းရီက သူမကို ပြန်မဖြေဘဲ မျက်မှောင်သာကြုတ်နေ၏။ ထို့ကြောင့် သူမသည် မေးခွန်းများ ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်ပြီး နတ်ဘုရားလှေတစ်စင်းကို ထုတ်ကာ ကျန်းရီနှင့် တိလင်အာတို့ကို လှေထဲ ထည့်လိုက်သည်။ ထို့နောက် နတ်ဘုရားလှေ၏ အကာအရံများကို နှိုး၍ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ရှင်နဲ့ ရီဖျောင်ဖျောင်က ဘယ်လိုပတ်သတ်တာလဲ”
ကျန်းရီ စကားမပြောသေး။ ခေါင်းငုံ့၍သာ ထိုင်နေသည်။ သူ၏ပုံစံအရ သူက အလွန်ဝမ်းနည်းနေကြောင်း သိနိုင်သည်။ သူသည် အတန်ကြာ နှုတ်ဆိတ်နေပြီးမှ မော့ကြည့်ကာ ခါးသက်သက် ပြုံးလိုက်သည်။
“သခင်မလေးချင်ချန်... သခင်မလေးက ကျွန်တော့်ကို အကြွေးပြန်ဆပ်ပြီးသွားပါပြီ။ ဖြစ်ခဲ့တဲ့ ပြဿနာတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ နောက်ကျ အခွင့်အရေးရရင် ကျွန်တော် သေချာပေါက် ဒီကျေးဇူးကို ပြန်ဆပ်မှာပါ။ အခုတော့ ပြန်သွားကြစို့”
ချီချင်ချန်နှင့် တိလင်အာတို့၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေ၏။ သို့သော် ကျန်းရီက မည်သည်ကိုမှ မပြောလိုကြောင်း ပြသလိုက်ပြီဖြစ်၍ ထပ်မေးနေရန် မသင့်တော်တော့ပေ။ ချီချင်ချန်သည် နတ်ဘုရားလှေကို ကောင်းကင်ညှို့ဓာတ်မြို့သို့ တိတ်တဆိတ် ပဲ့ကိုင်မောင်းနှင်လိုက်၏။ လှေဝမ်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။ ကျန်းရီက စိတ်ဓာတ်ကျနေဟန်ဖြင့် မျက်လုံးမှိတ်ထား၏။ ထိုမြင်ကွင်းက တိလင်အာကို ရင်နာစေသည်။ သူမ၏ နှုတ်ခမ်းလေးများက တစ်စုံတစ်ခုကို ပြောလိုနေသကဲ့သို့ အကြိမ်အနည်းငယ် တုန်သွား၏။ သို့သော် နောက်ဆုံးတွင် သူမ မည်သို့မှ မပြောခဲ့ချေ။
ကောင်းကင်ညှို့ဓာတ်မြို့သို့ ပြန်ရောက်သောအခါ နတ်ဘုရားလှေက နှင်းလရဲတိုက်၏ အနောက်ဘက်ဥယျာဉ်ထဲတွင် ရပ်တန့်လိုက်၏။ ကျန်းရီသည် နတ်ဘုရားလှေထဲမှ ထွက်ပြီးနောက်တွင် မည်သူ့ကိုမှ မည်သည်မှမပြောဘဲ ရဲတိုက်ထဲ လျှောက်ဝင်သွားသည်။ တိလင်အာနှင့် ချီချင်ချန်တို့ သူ့နောက်သို့ ခပ်သွက်သွက် လိုက်သွားလိုက်ကြသည်။
ချီချင်ချန်သည် ကျန်းရီ၏ ကိုင်းနေသော နောက်ကျောပြင်ကို စိုက်ကြည့်နေ၏။ သူမ၏မျက်ဝန်းများထဲတွင် ရှုပ်ထွေးသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီက သူမ၏ မြင်ကွင်းထဲက ပျောက်ကွယ်သွားမှ သူမ ရေရွတ်လိုက်သည်။
“ကျန်းရီက သိပ်အသက်ကြီးသေးပုံ မပေါ်ဘူး။ ပြီးတော့ သူက တိရှဘုံက လာခဲ့တာ။ အဲ့တော့ ဖျောင်ဖျောင်နဲ့ ဘာပတ်သတ်မှုမှ မရှိသင့်ဘူး။ သူက... ဖျောင်ဖျောင်ကို စိတ်ဝင်စားနေတာလား”
***
“ကျန်းရီ...”
ဖုန်ဟွားရဲတိုက်သို့ ပြန်ရောက်သောအခါ တိလင်အာက ကျန်းရီကို ခေါ်လိုက်၏။ သို့သော် ကျန်းရီသည် စကားတစ်ခွန်းမပြောဘဲ သူ့အခန်းသို့ ပြန်သွားသည်။ ထို့နောက် အခန်း၏ အကာအရံများကို နှိုးကာ အခန်းတံခါးကို ပိတ်လိုက်လေသည်။
ဒုတ်...
ကျန်းရီသည် အခန်းထဲ ရောက်သည်နှင့် ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွား၏။ သူ မျက်နှာကို လက်ဖြင့်အပ်ထားသည်။ ထို့နောက် ဆံပင်များကို လက်နှစ်ဘက်ဖြင့် ဆွဲသည်။ အားဖြင့် ဆွဲခြင်းဖြစ်ရာ လက်တွင် သွေးကြောများပင် ပေါ်လာသည်။ သူသည် မျက်လုံးမှိတ်ထားပြီး စကားလည်းမပြောသလို ငိုလည်းမငိုပေ။ ငူငူကြီး ထိုင်နေခြင်းသာ။ သူ့ကြွက်သားအားလုံးကလည်း တုန်ယင်နေပေသည်။
ကျန်းရီကို ကောင်းစွာသိသူများသာ ထိုအခိုက်တွင် သူ့ကို မြင်လိုက်မည်ဆိုလျှင် ကျန်းရီက စိတ်ဓာတ်လဲပြိုသွားလုလု ဖြစ်နေကြောင်း သိပေလိမ့်မည်။ ကျန်းရီသည် သူ၏အားနည်းချက်ကို အပြင်လူများအား မပြသခဲ့ပေ။ သို့သော် ယင်းက သူ့ထံတွင် ကျောက်သားကဲ့သို့မာကြောသော နှလုံးသား ရှိသည်ဟူသော အဓိပ္ပာယ်မဟုတ်ပေ။ သူကလည်း လူသားတစ်ယောက်သာဖြစ်၍ ဝမ်းနည်းမှု၊ စိတ်ဓာတ်ကျမှုနှင့် မချင့်မရဲဖြစ်မှုတို့ကို ခံစားရသည်။ သူလည်း လဲပြိုတတ်ပေသည်။
ရီဖျောင်ဖျောင်က မြေဆွဲအား အဆတစ်သောင်း ပိုအားကောင်းသော အေးစက်စက် အကျဉ်းခန်းထဲတွင် တစ်ယောက်တည်း ရှိနေရသည်။ သူမတွင် စကားပြောဖော် မရှိပေ။ သူမက သူမ၏သားကို မည်မျှလွမ်းနေကြောင်း၊ မည်မျှစိုးရိမ်နေကြောင်း၊ သူ့အပေါ် မည်သို့မျှော်လင့်ထားကြောင်းများကို ရင်ဖွင့်စရာလူလည်း မရှိချေ။
ကျန်းရီသည် ရီဖျောင်ဖျောင်တစ်ယောက် မည်မျှခံစားနေရမည်ကို မသိသော်လည်း ရင်ထဲတွင် ထူးဆန်းသော အေးစက်မှုတစ်ခုကို ခံစားနေရသည်။ ထိုခံစားချက်က သူ့ကို အသက်မရှူနိုင်အောင် လုပ်နေသည်။ သူ အလွန်နာကျင်နေပေသည်။ ဝိညာဉ်မျိုးနွယ်၏ ရက်စက်မှုကို သူမုန်းသည်။ သူ၏အသုံးအကျမှုကို သူမုန်းသည်။ သူ ကောင်းကင်ကို မုန်းသည်။
သို့သော် ကျန်းရီ ထိုခံစားချက်များကို ချိုးနှိမ်ထားရပေမည်။ သူ မဆင်မခြင်လုပ်၍၊ လော၍ မရပေ။ ထိုအကြောင်များကို အခြားသူတစ်ယောက်အားလည်း သွားပြော၍ မဖြစ်ပေ။ မဟုတ်လျှင် ရီဖျောင်ဖျောင်၏ အခြေအနေက ပိုဆိုးသွားနိုင်ပေသည်။
ဘုတ်...
အတန်ကြာထိုင်နေပြီးနောက် ကျန်းရီ၏ခန္ဓာကိုယ်က ဘေးသို့ ရုတ်တရက် လဲကျသွားသည်။ သူ ရုတ်ခြည်း မေ့မြောသွားပေသည်။ သူသည် တမင် သူ့ကိုယ်သူ မေ့မြောသွားအောင် လုပ်လိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ ထိုသို့ဆက်ခံစားနေပါက သေချာပေါက် လဲပြိုသွားမည်ဖြစ်၍ပင်။
မည်မျှကြာကြာ မေ့မြောသွားသည်မသိ အခန်း၏ အကာအရံများ လင်းလက်လာခါမှ ကျန်းရီ နိုးလာသည်။ သူ ခေတ္တမျှ စောင့်ကြည့်လိုက်သော်လည်း အကာအရံများက ဆက်လင်းလက်နေဆဲပင်။ သူ စိတ်ရှုပ်စွာဖြင့် ထရပ်ကာ အကာအရံများကို ပိတ်လိုက်၏။ ထို့နောက် အပြင်မှလူအတွက် အခန်းတံခါး ဖွင့်ပေးလိုက်သည်။
အပြင်မှလူက မိုလင်းချိုးပင်။ ကျန်းရီသည် မိုလင်းချိုးကို မြင်သောအခါ သူ့ကိုယ်သူ ဣန္ဒြေဆည်လိုက်၏။ မိုလင်းချိုးက သူ တစ်ခုခုဖြစ်နေကြောင်း သတိပြုမိသွားမည်ကို သူ မလိုလားပေ။ သူ မဆင်မခြင် မလုပ်ပါဟု မိုလင်းချိုးကို ကတိပေးထားခဲ့သည် မဟုတ်ပါလား။
တိလင်အာကလည်း ကျန်းရီအကြောင်းကို မိုလင်းချိုးအား သွားမပြောမည်မှာ သေချာသည်။ ထို့ကြောင့် မိုလင်းချိုးသည် ကျန်းရီက ရီဖျောင်ဖျောင်ကိုတွေ့ရန် လျှို့ဝှက်၍ ထွက်သွားခဲ့ကြောင်းကို မသိချေ။
မိုလင်းချိုးသည် အခန်းထဲ ရောက်သောအခါ အတန်ငယ် အံ့အားသင့်နေသော မျက်နှာထားဖြင့် ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။
“ကျန်းရီ... ဘာဖြစ်လို့လဲ။ ဘာလို့ တံခါးဖွင့်ဖို့ ကြာနေရတာလဲ။ ပြီးတော့ ဘာလို့ မင်းက ဒီလောက်ထိုင်းမှိုင်းနေတာလဲ”
“ဘာမှ မဖြစ်ပါဘူး”
ကျန်းရီ အားတင်း၍ ပြုံးလိုက်၏။ ထို့နောက် စကားလမ်းကြောင်းပြောင်းရန် မေးလိုက်သည်။
“အရှင်မို ဘာကိစ္စရှိလို့ပါလဲ”
“ပြိုင်ပွဲစပြီ”
မိုလင်းချိုးက ကျန်းရီကို ဒုတိယအကြိမ် ခြေဆုံးခေါင်းဆုံးကြည့်၍ ပြောလိုက်၏။
“ဒီနှစ်ရဲ့ သိုင်းပြိုင်ပွဲကတော့ ကြည့်နေစရာတောင် လိုမယ်မထင်ဘူး။ ချီချင်ချန်က ဒုတိယယူမယ်ဆိုရင် ဘယ်သူက ပထမယူရဲမှာလဲ။ ဒါပေမဲ့ စွမ်းရည်ပြိုင်ပွဲကတော့ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်။ ဘုံအသီးသီးက ပါရမီရှင်တွေ လာပြိုင်ကြတာမလား။ သွားကြည့်ကြစို့”
“ကျွန်တော် မသွားတော့ဘူး”
ကျန်းရီတွင် ထိုပြိုင်ပွဲများကို ကြည့်လိုစိတ် ရှိမနေချေ။ သူ ထိုင်ခုံတစ်လုံးတွင် ထိုင်ကာ ခါးသက်သက် ပြုံးလိုက်သည်။
“ကျွန်တော် အရမ်းပင်ပန်းနေလို့ အနားယူချင်တယ်။ အရှင်မိုပဲ သွားလိုက်ပါ။ ကျွန်တော်က ဝင်ပြိုင်မှာလဲ မဟုတ်ဘူးမလား”
“မင်း ဝင်ပြိုင်လို့မရတာတော့ မဟုတ်ပါဘူး”
မိုလင်းချိုးက ခေတ္တမျှတွေး၍ ပြောလိုက်၏။
“မင်းက ငယ်သေးတယ်။ မင်းသာ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တွေကို ပြသနိုင်ရင် အမှတ်တွေ ပိုရနိုင်လိမ့်မယ်။ စွမ်းရည်ပြိုင်ပွဲမှာ ပထမရရင် ရှေးဦးဝိညာဉ်ရတနာတစ်ခုကို ရရုံတင်မကဘူး တိရှအရှင်နဲ့ စံအိမ်အရှင်တိတို့က မင်းကို ကောင်းကောင်း ဆုချီးမြှင့်လိမ့်မယ်။ ငါ့အထင်ပြောရရင် သူတို့က မင်းကို ရှေးဦးဆန်းကြယ်နယ်မြေ ဒါမှမဟုတ် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲကို နောက်တစ်ကြိမ် အလကားဝင်ခွင့် ပေးလောက်တယ်”
“ဗျာ...”
ကျန်းရီ၏ မျက်ဝန်းများက ပြန်၍ အသက်ဝင်လာ၏။ ဝိညာဉ်ဘုရင်က ရီဖျောင်ဖျောင်အပေါ် မသက်ညှာသဖြင့် သူ လုံးဝ မျှော်လင့်ချက်ကုန်ဆုံးနေခဲ့သည်။ ထိုဘိုးတော်ကြီးက အတာ်လေး ခေါင်းမာပေသည်။ ချီချင်ချန်က ရီပုဟွေအတွက် အသနားခံခဲ့သော်လည်း ဘိုးတော်ကြီးက လက်မခံခဲ့ဘဲ ရီပုဟွေကို ဖမ်းချုပ်လိုက်သည်။ ထို့ကြောင့် ကျန်းရီသည် သူ သူတော်စင်ဝိညာဉ်တောင်ခြေ၌ တစ်သက်လုံး ဒူးထောက်နေမည်ဆိုလျှင်ပင်၊ တိရှအရှင်ကိုယ်တိုင် ရောက်လာ၍ သူ့အတွက် တောင်းဆိုပေးမည်ဆိုလျှင်ပင် ဝိညာဉ်ဘုရင်က ဆုံးဖြတ်ချက် ပြောင်းလိမ့်မည်မဟုတ်ကြောင်း သိပေသည်။
သို့ဖြစ်၍ ကျန်းရီ ကိစ္စတစ်ခုအပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ ယင်းမှာ အကောင်းဆုံး ကျင့်ကြံ၍ သူ၏စွမ်းရည်များကို တိုးမြှင့်ရန်ဖြစ်သည်။ ထိုမှ သူ သူတော်စင်ဝိညာဉ်တောင်ပေါ် အတင်းတက်ကာ ရီဖျောင်ဖျောင်ကို အကြင်နာတရားကင်းမဲ့၍ ရက်စက်သော ဝိညာည်မျိုးနွယ်နှင့် သူတော်စင်ဝိညာဉ်ဘုံမှ ခေါ်ထုတ်လာနိုင်မည်ဖြစ်သည်။
ကျန်းရီသည် စွမ်းအားနှင့် စွမ်းရည်များကို ငတ်မွတ်နေ၏။ သူသည် ထိုသို့သော ငတ်မွတ်မှုကို ယခင်က တစ်ခါမှ မခံစားခဲ့ရဖူးချေ။ ယခုတွင် သူ၏စွမ်းရည်များကို တိုးတက်အောင် လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ပေါ်လာပေပြီ။ သူ ထိုအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။ ပထမဆုက ရှေးဦးဝိညာဉ်ရတနာတစ်ခု ဖြစ်သည်။ ထို့ပြင် သူသာ ပထမရလျှင် ရှေးဦးဆန်းကြယ်နယ်မြေ သို့မဟုတ် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲသို့ နောက်တစ်ကြိမ် အလကားဝင်ခွင့်လည်း ရနိုင်သေးသည်။ ၎င်းတို့က အလွန်အဖိုးတန်သော ဆုလာဘ်များ ဖြစ်ကြပေသည်။
‘ပထမလား...’
ကျန်းရီသည် စွမ်းအားကြီး ပါရမီရှင်များကို တွေးမိသောအခါ အကြည့် မည်းမှောင်သွား၏။ ဤပြိုင်ပွဲကို ဘုံအသီးသီးမှ ထိပ်တန်း သခင်လေးများနှင့် သခင်မလေးများက လာရောက်ယှဉ်ပြိုင်ကြသည်။ သူတို့၏ မျိုးနွယ်ကြီးများမှ ဆန်းကြယ်စွမ်းရည်များ၊ အတတ်များနှင့် စွမ်းအားတို့က သာမန်ထက် သာလွန်ကြ၏။ သို့ဖြစ်ရာ သူက အဘယ်သို့ ပထမရနိုင်ပါမည်နည်း။
‘မဟာနတ်ဘုရားအတတ်၊ ပုန်းကွယ်ခြင်းအတတ်၊ ပေါင်းစည်းမီးတောက်တွေ...’
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ၎င်းတို့ကို ထုတ်ပြ၍ မဖြစ်ကြောင်း သဘောပေါက်သွား၏။ သို့သော် သူ့တွင် ၎င်းတို့မှလွဲ၍ အခြားစွမ်းအားကြီး ဆန်းကြယ်စွမ်းရည်များ မရှိတော့ပေ။
‘ထားလိုက်ပါတော့... ငါ မဆုံးဖြတ်ခင် အရင်ဆုံး သွားကြည့်တာပေါ့’
ကျန်းရီ လက်မလျှော့လိုသေးပေ။ ဖြစ်နိုင်ခြေတစ်ခု ရှိနေသေးသည်။ ထို့ကြောင့် သူ ထရပ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ အရှင်မို... ကျွန်တော် အရှင်နဲ့အတူ လိုက်ကြည့်ပါမယ်”
***