← Chapters

မိုးကြိုးနတ်ဘုရားဂိုဏ်းထဲ ဝင်ရောက်သောင်းကျန်းခြင်း

Vol. 31 Ch. 423

မိုးကြိုးနတ်ဘုရားဂိုဏ်းထဲ ဝင်ရောက်သောင်းကျန်းခြင်း

Vol. 31 Ch. 423

လက်ရှိမှာတော့ ဂိုဏ်းအားလုံးဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းကို   ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ နံပါတ်၁ ဂိုဏ်းအဖြစ်  သတ်မှတ်ပေးထား ကြပါပြီ။

မိုးကြိုးတောင်တန်းရဲ့ အတွင်းပိုင်း တစ်နေရာ ...

ဂျိန်း ... ဒလိန်း ...

သည်နေရာကတော့ ၁၂ရာသီလုံးလိုလို  ခရမ်းရောင် မိုးကြိုးတွေ ပစ်ခတ်လေ့ ရှိတဲ့ နေရာတစ်ခုပါပဲ။

လူတွေ ပြောကျတာကတော့ သည်မိုးကြိုးတောင်တန်းကြီးရဲ့ဲ မြေအောက်တစ်နေရာမှာ ထူးခြား ဆန်းကြယ်လှတဲ့ သံလိုက်စက်ကွင်းကြီးတစ်ခု ရှိပါတယ်တဲ့။  အဲသည်သံလိုက်စက်ကွင်းက မိုးကြိုးတွေကို ဆွဲငင်ပေးတဲ့အတွက် သည်တောင်တန်းကြီးဟာ မိုးကြိုးချီတွေနဲ့ ပြည့်နှက်နေတဲ့ တောင်တန်းကြီး တစ်ခု ဖြစ်လာခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

မိုးကြိုးနတ်ဘုရားတောင်တန်းရဲ့ အမြင့်ဆုံး တောင်ကတော့ ပေခုနစ်သောင်း အမြင့်ရှိတဲ့ ကောင်းကင်မိုးကြိုး တောင်ထွတ်ပဲ ဖြစ်ပါတယ်။   သည်တောင်ထွတ်ဟာ  ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ဆက်သွယ် ပေးထားထဲ့ ဓားကြီးတစ်လက်လိုပါပဲ။  အဝေးကနေ ကြည့်လိုက်ရင်တောင်မှ တောင်ထွတ်ရဲ့ မျက်နှာပြင်မှာ ခရမ်းရောင် မိုးကြိုးချီတွေ ပြည့်နှက်နေတာကို တွေ့မြင်ရမှာပါ။

လီဖူချန်းကလည်း ပျံသန်းနေရင်းနဲ့ ကောင်းကင်မိုးကြိုး တောင်ထွတ်ကို သတိပြုမိ လိုက်ပါတယ်။

" ဒါက  နံပါတ်၁ ဂိုဏ်းတဲ့လား "

သည်မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အရှိန်အဝါက ဖုန်းရွှယ်ဂိုဏ်းတောင် ယှဉ်နိုင်စွမ်း မရှိပါဘူး။

" မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင်က ကောင်းကင်မိုးကြိုး တောင်ထွတ်မှာပဲ ရှိရမယ် "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

သူသိသလောက် ဆိုရင်တော့ သည်မိုးကြိုးနတ်ဘုရားဂိုဏ်းမှာ  ဝင်္ကပါ အစီအရင် နှစ်ခုရှိနေပါတယ်။  တစ်ခုကတော့ အကာအကွယ် ဝင်္ကပါ အစီအရင်ဖြစ်ပြီး နောက်တစ်ခုကတော့ တိုက်ခိုက်ရေး ဝင်္ကပါ အစီအရင်ပါ။   မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင်ကတော့ တိုက်ခိုက်ရေး ဝင်္ကပါ အမျိုးအစား ဖြစ်ပါတယ်။

မိုးကြိုးနတ်ဘုရားဂိုဏ်းက ဂိုဏ်းထဲကို ကျုးကျော်ဝင်ရောက် လာတဲ့သူတိုင်းကို တိုက်ခိုက်ချင်တယ် ဆိုရင်တော့ မိုးကြိုးမီးတောက် ဝင်္ကပါအစီအရင်ကို  အမြင့်ဆုံးတောင်ထွတ် ဖြစ်တဲ့  ကောင်းကင် မိုးကြိုးတောင်ထွတ်မှာ  ခင်းကျင်းထားမှ ရပါမယ်။

" အင်း  ...  အရင်ဆုံးအနေနဲ့ ငါ့ရဲ့ လီကလန်သားတွေကို အရင်ဆုံး ရှာရမယ် "

လီဖူချန်းက မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကို ပြောင်ပြောင်တင်းတင်း ဝင်သွားဖို့ မစဉ်းစားထားခဲ့ပါဘူး။  လူတစ်ယောက်တည်းနဲ့ ဂိုဏ်းတစ်ဂိုဏ်းလုံးကို  မျက်နှာချင်းဆိုင် စိမ်ခေါ် တိုက်ခိုက်တယ် ဆိုတာက အတော်လေးကို  ရူးမိုက်တဲ့ အလုပ်တစ်ခုပါပဲ။

သူတစ်ယောက်တည်းဆိုရင် ကိစ္စမရှိပေမယ့်လည်း လီကလန်သားတွေရဲ့ အသက်ကိုလည်း ထည့်တွက် ရပါဦးမယ်။

မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ မိုင်အနည်းမျှသာ ကွာဝေးတဲ့ နေရာကို အရောက်မှာတော့ လီဖူချန်းဟာ မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပါပြီ။  မြေပြင်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် သူက အချိန်ဆွဲမနေဘဲ အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်ကာ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါကို လေ့လာ ဆန်းစစ် လိုက်ပါတယ်။

အချိန်အတော်လေး အကြာမှာတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဖြတ်ကျော်ပြီး မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကို ဝင်ရောက်သွားနိုင်ခဲ့ပါပြီ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ ကောင်းကင် နယ်ပယ်မှာ ကတည်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေထက် သာလွန်ကောင်းမွန် နေတာပါ။  ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်အပြီးမှာ ဆိုရင်တော့ လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ယောက် မခြားနားတော့ပါဘူး။  အဲသည်အတွက် သူဟာ မိုးကြိုးနတ်ဘုရားဂိုဏ်း တစ်ခုလုံးရဲ့ အခြေအနေကို ကောင်းကောင်းကြီး သိမြင်နိုင်ပါတယ်။

" ကောင်းကင်မိုးကြိုးတောင်ထွတ်ရဲ့ အနောက်မှာပဲ "

သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ အသိစိတ် အာရုံဟာ လီကလန်သားတွေကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။

ကောင်းကင် မိုးကြိုးတောင်ထွတ်ရဲ့ အနောက်ဘက်မှာတော့ တံတိုင်း အမြင့်ကြီးတွေ ခတ်ထားတဲ့  ခြံဝင်းတစ်ခု ရှိနေပြီး အဲသည်ခြံဝင်းထဲမှာတော့ လီကလန်သားတွေကို ဖမ်းဆီး ထားပါတယ်။  ခြံဝင်း အပြင်မှာလည်း  အကာအကွယ် ဝင်္ကပါ အစီအရင်တစ်ခု ခင်းကျင်းထားတဲ့ အတွက် လီကလန်သားတွေဟာ ထွက်ပြေး ချင်ရင်တောင်မှ မထွက်ပြေးနိုင်ပါဘူး။

" အမေ "

လီဖူချန်းက သူ့ရဲ့မိခင်ဖြစ်သူ ရှန်းယုရန်ကိုလည်း အဖမ်းခံနေရတဲ့ လီကလန်သားတွေထဲမှာ  တွေ့လိုက်ရပါတယ်။  သူ့ရဲ့ဖခင်ဖြစ်သူ လီရှန်းဟန်ကတော့ သည်နေရာ ရှိမနေပါဘူး။  ကြည့်ရတာတော့ လီရှန်းဟန်က ဆန်းကြယ် ကိရိယာ ဂိုဏ်းထဲမှာ အဖမ်းခံထားရပုံပါပဲ။

လီကလန်သားတွေရဲ့ အခြေအနေကတော့ အတော်လေး ဆိုးနေကြပါပြီ ။  သူတို့တွေဟာ မျက်တွင်း ဟောက်ပက် ဖြစ်နေပြီး ခန္ဓာကိုယ်ဟာလည်း အရိုးပေါ်အရေတင်သာ ရှိနေပါတယ်။  သူတို့ရဲ့ မျက်လုံးတွေထဲမှာလည်း အသက်ဓာတ်တွေ ရှိမနေတော့ပါဘူး။  ငယ်ရွယ်တဲ့  လီကလန်သား တချို့ဆိုရင် မျှော်လင့်ချက် ကင်းမဲ့နေတဲ့ မျက်လုံးအစုံနဲ့ ကောင်းကင်ကို အကြောင်သား မော့ကြည့်ပြီး ထိုင်နေကြပါတယ်။

" ခွေးစာတွေ ရပြီဟေ့  ... ။   အမြန်လာပြီး စားကြ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ကြီးကြပ်ရေးမှုး တစ်ယောက်ဟာ  တံတိုင်းပေါ်ကနေပြီး  အော်ဟစ် လိုက်ပါတယ်။  သူ့ရဲ့ လက်ထဲမှာ ရှိနေတာကတော့  အစားအစားတွေ အပြည့် ထည့်ထားတဲ့  ရေစည်ပိုင်း တစ်လုံးပါပဲ။  ဒါပေမဲ့လည်း အဲဒါတွေက လူစားတာနဲ့ လုံးဝကို မတူပါဘူး။  ဒါက ထမင်းသိုး၊ ဟင်းသိုးတွေကို စုထည့်ထားတဲ့ ရေစည်ပိုင်းတစ်လုံး ဖြစ်ပါတယ်။  ရှင်းရှင်းပြောရမည် ဆိုရင်တော့ ဒါတွေက ခွေးစာ သာသာပါပဲ။

" တောက်  ... သည်ခွေးမသား အယုတ်တမာတွေ "

အဲသည်မြင်ကွင်းကို မြင်လိုက်ရတဲ့ လီဖူချန်းကတော့ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။

မိုးကြိုးနတ်ဘုရားဂိုဏ်းက ဂိုဏ်းကြီးတစ်ခုဖြစ်ပြီးတော့ သူတို့ရဲ့ နာမည်ဂုဏ်သိက္ခာကို လုံးဝ မစောင့်ထိန်းပါဘူး။  သူတို့တွေက လီကလန်သားတွေကို ခွေးတွေလို သဘောထားပြီး ဆက်ဆံနေပါတယ်။

" ဟေ့  ...  ခွေးကလေး။  မင်းဘာတွေ ရှာနေတာလဲ။  မင်းသည်နေ့ စားရမယ့် အလှည့် မဟုတ်ဘူး။   ရှူး ... ရှူး ...  သွားစမ်း "

ရွှမ်း ...

ကြာပွတ်ရိုက်သံ တစ်ခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ အသက် ရှစ်နှစ်အရွယ်  လီကလန်သား ကလေးငယ် တစ်ယောက်ဟာ မြေပြင်ပေါ်မှာ လူးလိမ့်သွားခဲ့ပါပြီ။

ဒါပေမဲ့ အဲသည် ကလေးငယ်ဆီကနေ  အော်သံလုံးဝ ထွက်မလာခဲ့ပါဘူး။  ကလေးငယ်က မျက်ရည် တသွင်သွင် စီးကျနေရင်းနဲ့  ကျာပွတ်ရိုက်ချက် ထိသွားတဲ့ သူ့ရဲ့ ဒဏ်ရာကိုသာ ပွတ်သပ်နေခဲ့ပါတယ်။

" မင်းတို့လို့ ခွေးတစ်သိုက်က  အခုထက်ထိ အမှတ်မရှိသေးပါလား။   မင်းတို့ အခုလို စားနေရတာ ကံကောင်းတယ် မှတ်လိုက်။  ငါ့စိတ်နဲ့ ဆိုရင်တော့ မင်းတို့အားလုံးကို သတ်ပစ်လိုက်ပြီးပြီ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ကြီးကြပ်ရေးမှူးက အော်ဟစ်ကြိမ်းမောင်း နေပြန်ပါတယ်။

သည်မြင်ကွင်းကို မြင်ပြီးတဲ့အခါမှာတော့ လီဖူချန်းဟာ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။  သူက မိုးကြိုးနတ်ဘုရား ဂိုဏ်းဆီကို အလျင်မြန်ဆုံး  ပျံသန်းသွားလိုက်ပါတယ်။ အခုချိန်မှာ သူအလုပ်ချင်ဆုံး ကတော့ လီကလန်သားတွေကို ကယ်ထုတ်ပြီး မိုးကြိုးနတ်ဘုရားဂိုဏ်း လက်တုံ့ပြန်ဖို့ပါပဲ။

"ပွင့်စမ်း "

လီဖူချန်းက သူရှာဖွေ တွေ့ရှိထားတဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့  အားနည်းချက်ရှိရာဆီကို ပျံသန်းသွားလိုက်ပြီး ဓားနဲ့ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ဝုန်း ...

နဂိုမူလတုန်းကတော့ မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ  မမြင်ရတဲ့ အစီအရင် တစ်ခုပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဓားချက်ထိအပြီးမှာတော့ အပြာရောင် အလင်းတန်းလွှာကြီး တစ်ခုဟာ မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ ကောင်းကင်ယံမှာ ထွက်ပါ်လာခဲ့ပါတယ်။

" ဘယ်သူက အကာအကွယ် ဝင်္ကပါ အစီအရင်ကို တိုက်ခိုက်နေတာလည်း "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကတော့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ အပြာရောင် အလင်းတန်းလွှာကြီးကို ကြောက်လန့်စွာနဲ့ မော့ကြည့်နေကြပါပြီ။

သူတို့က ရှင်းတိကောဝမ်ဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းကို  လာတိုက်ခိုက်ပြီလို့  ထင်နေကြပါတယ်။  သူတို့ ထင်မယ် ဆိုရင်လည်း ထင်ချင်စရာပါပဲ။  သည်အရှေ့ယူနီကွန်းတိုက်မှာတော့ ရှင်းတိကောဝမ်က လွဲပြီး အခြားဘယ်သူကမှ မိုးကြိုးဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါအစီအရင်ကို အတင့်ရဲစွာနဲ့  လာတိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။

" အာ ...   မရသေးဘူးလားဟ "

လီဖူချန်းက နေမင်းဇောအဟုန် အတွင်းအားနဲ့ မီးလျှံစွမ်းအားကို ထုတ်သုံးပြီး ခုတ်ပိုင်း ပစ်လိုက်တာပါ။  အဲသည်ဓားချက်က သူ့ရဲ့ အားကုန် ထုတ်သုံးထားတဲ့ ဓားချက် မဟုတ်ပေမယ့်လည်း သာမန် အဆင့်၉ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ ဓားချက်ထက် အများကြီး သာလွန်နေပါပြီ။   ဒါပေမဲ့လည်း အဲဒါက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကိုတော့  ချိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

" ပွင့်စမ်း "

လီဖူချန်းက  အကာအကွယ် ဝင်္ကပါအစီအရင်ကို နောက်ထပ် တစ်ကြိမ် ခုတ်ပိုင်း ပစ်လိုက်ပြန်ပါပြီ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားချက်ထဲမှာ နေမင်းဇောအဟုန် ချီအတွင်းအားတွေနဲ့ ကြေးဝါဓားချီတွေကို  ရောနှောထားခဲ့ပါတယ်။

ဖန်း ...

အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကို ဝင်ရောက် သွားနိုင်ခဲ့ပါပြီ။

ဟူး ... ဟူး ...

မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကို ဝင်ရောက်ပြီးသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ လီကလန်သားတွေကို ဖမ်းဆီးခံထားရတဲ့ နေရာကို တစ်ဟုန်ထိုး ပျံသန်း သွားပါတော့တယ်။

သူ့ရဲ့ ပထမဦးဆုံး ပစ်မှတ်ကတော့ လီကလန်သားတွေကို နှိပ်စက် ညှဉ်းဆဲနေတဲ့ မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့  ကြီးကြပ်ရေးမှုးပါပဲ။

ဖောင်း ...

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ကြီးကြပ်ရေးမှုဟာ အသံတောင် မထွက်လိုက်နိုင်ပါဘူး။  လီဖူချန်းရဲ့ ဓားချက်ဟာ သူ့ကို ပေါက်ကွဲထွက်ကာ ပြာကျ သွားစေခဲ့ပါပြီ။

ခြံဝင်းထဲမှာတော့ လီရှောင်ထန်ဟာ ခွက်ငယ်လေးတစ်ခုနဲ့ အစားအစာတွေကို ခပ်ယူပြီး ရှန်းယုရန်ကို ကျွေးဖို့ ကြိုးစားနေပါတယ်။

" မေမေ ...  အားရှိအောင် အရင်စားလိုက်ဦးလေ။  ရှောင်ထန်က ဗိုက်မဆာသေးလို့ပါ "

လီရှောင်ထန်က လီရှန်းဟန်နဲ့ ရှန်းယုရန်ကို မွေးစားမိဘတွေအဖြစ်  မှတ်ယူထားခဲ့ ပြီးပါပြီ။

ရှန်းယုရန်ကလည်း  လက်မခံပါဘူး။

" ရှောင်ထန်  ...  သမီး အရင်စားလိုက်ပါလား။  သမီးက တစ်ရက်လုံးလုံး ဘာမှ မစားရသေးဘူးလေ "

အဲသည်အချိန်မှာပဲ အသံတစ်သံဟာ ခြံဝင်းထဲကို လွင့်ပျံလာခဲ့ပါတယ်။

" အမေ ... ကျွန်တော် ဖူချန်းပါ "

စကားသံဆုံးတာနဲ့ တစ်ပြိုင်နက် လူရိပ်တစ်ရိပ်ဟာ ခြံဝင်းရဲ့ အထက်  ကောင်းကင်ပေါ်မှာ  ပေါ်လာခဲ့ပါတယ်။ အဲသည်လူရိပ်ကတော့ လီဖူချန်းပါပဲ။

လီကလန်သား အားလုံးကလည်း လီဖူချန်းကို မြင်တွေ့သွားကြပါပြီ။

" ဖူချန်း ... သားလေး  ...  "

ရှန်းယုရန်က  သူ့ရဲ့ မျက်ရည်တွေကို ထိန်းမထားနိုင်တော့ပါဘူး။  ရှန်းယုရန်က သည်ရက်တွေမှာဆိုရင် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ နေခဲ့ရတာပါ။  သူက ညဘက်တွေမှာ ဆိုရင်လည်း  လီဖူချန်း သေသွားပြီဆိုတဲ့ အိပ်မက်ဆိုးတွေကို မကြာခဏ လိုလို မက်ခဲ့ပါသေးတယ်။

" အစ်ကိုကြီး ဖူချန်း "

လီရှောင်ထန်ကလည်း အားရပါးရ ငိုကြွေးလာခဲ့ပါပြီ။  သူမကို ကြည့်ရတာက ရှန်းယုရန် ထက်တောင်မှ ဝမ်းနည်းနေတဲ့ ပုံပါပဲ။

"  အမေ နဲ့ လီကလန်က လူတွေအားလုံး ... ။  ခဏလောက် သည်းခံလိုက်ကြပါဦး။  ကျွန်တော် အပြင်မှာ ကိစ္စလေးတွေ ရှင်းလိုက်ပါဦးမယ် "

လီဖူချန်းက သည်ဝင်္ကပါ အစီအရင်ကို ဖျက်ဆီး နိုင်ပေမယ့်လည်း မဖျက်စီးသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့  မိုးကြိုးနတ်ဘုရား ဂိုဏ်းနဲ့ တိုက်ခိုက်တဲ့အခါကျရင် သည်အကာအကွယ် ဝင်္ကပါ အစီအရင်က လီကလန်သားတွေကို အကာအကွယ် ပေးထားနိုင်စွမ်း ရှိလို့ပါပဲ။

" ဖူချန်း ရောက်လာပြီဟေ့  ... ။  ငါတို့တော့ သည်ဒုက္ခတွင်းထဲကနေ လွတ်တော့မယ် "

" ဒါပေမဲ့ ဒါက မိုးကြိုးနတ်ဘုရားဂိုဏ်းလေ။  ဖူချန်းက ငါတို့ကို ဘယ်လို ကယ်နိုင်မှာလဲ "

လီကလန်သားတွေရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက် အလင်းရောင် မှိန်ပျပျလေး ထွက်ပေါ် လာခဲ့ပါပြီ။  ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ အဲသည် မျှော်လင့်ချက် အလင်းရောင် မှိန်ပျပျလေးဟာ ပြန်လည် ပျောက်ကွယ် သွားပြန်ပါတယ်။

" ဘယ်ကောင်က မိုးကြိုးနတ်ဘုရားဂိုဏ်းမှာ လာပြီး ရမ်းကားနေတာလဲကွ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ တုံ့ပြန်မှုကလည်း  မြန်ဆန်လွန်းလှပါတယ်။   မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြန်လည် ဝင်စားခြင်းနယ်ပယ် အယောက် ၅၀နီးပါးဟာ လီဖူချန်းဆီကို ပျံသန်းလာကြပါပြီ။

လီဖူချန်းကလည်း ကြောက်ရွံ့နေခြင်း အလျင်းမရှိပါဘူး။  သူက သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး  စိမ်ခေါ်လိုက်ပါတယ်။

" ငါက လီဖူချန်းပဲ  ... ။  သေချင်တဲ့ကောင် ငါ့ဆီ ဝင်လာခဲ့ "

" လီဖူချန်း ...  နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့။  ငါက မင်းကို  လီကလန်နဲ့ ပတ်သက်တာတွေ စွန့်လွှတ်ပြီး  ထွက်ပြေးသွားပြီ  ထင်နေတာ။  ဟား ... ဟား ... ။  မင်းသည်ကို ရောက်လာပြီးမှတော့ ထွက်သွားဖို့  မစဉ်းစားနဲ့တော့။   မဟူရာကောင်းကင် နယ်မြေက ရလာခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို အပ်စမ်း။  အဲသည်လို ဆိုရင် မင်းကို ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းက ကောင်းကောင်းမွန်မွန်နဲ့ သေခွင့်ပေး လိုက်မယ်။  မဟုတ်လို့ကတော့ မင်းသေသွားရင်တောင်မှ မင်းရဲ့ လီကလန်သားတွေကို ငါတို့က အလွတ်ပေးမှာ မဟုတ်ဘူး"

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်းနယ် ပညာရှင်တစ်ယောက်က လီဖူချန်းကို ခြိမ်းခြောက် လိုက်ပါတယ်။

" သေစမ်း "

လီဖူချန်းက ဘာမှပြန်မပြောတော့ပါဘူး။  သူက လက်သီးတစ်ချက် ထုတ်ပြီး အဲသည် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို ထိုးထည့် လိုက်ပါတယ်။

ဘန်း ...

လီဖူချန်းရဲ့ လက်သီးချက်ကို မိသွားတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ကတော့  တစ်စစီ ပေါက်ကွဲ ထွက်သွား ခဲ့ပါပြီ။

" ရဲတင်းလွန်းလိုက်တဲ့ကောင် "

" သေချင်နေတာပဲ "

" သည်ကောင့်ကို အရှင်ဖမ်းကြ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ငါးယောက်ဟာ လီဖူချန်းဆီကို တစ်ဟုန်ထိုး ပျံသန်း ဝင်ရောက်လာကြပါတယ်။

" အကုန် သေစမ်း "

လီဖူချန်းက မဟာဆင်ဝိညာဉ်နဲ့ မဟာကျားဝိညာဉ်ကို ဆင့်ခေါ်လိုက်ပြီး   လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတယ်။

ဘန်း ... ဘန်း ... ဘန်း ...  ...

ပေါက်ကွဲသံတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီး နောက်မှာတော့ အဲသည် ပြန်လည်ဝင်စားခြင်း နယ်ပယ် ငါးယောက်ဟာလည်း တစ်စစီ ပေါက်ကွဲ ထွက်သွား ခဲ့ပြန်ပါပြီ။

လီဖူချန်းရဲ့ လက်ရှိအစွမ်းနဲ့ ဆိုရင်တော့ အရှေ့ယူနီကွန်းတိုက်က ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ ပုရွက်ဆိတ်လေးတွေ သာသာပါပဲ။  သူက အရှေ့ယူနီကွန်းတိုက်မှာဆိုရင် ရှင်းတိကောဝမ်က လွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။

" ဘာ ... ဘာကြီးလဲ။  သည်ကောင်က  တကယ်ပဲ လီဖူချန်းလား။  သူက ဘယ်လိုလုပ်ပြီး သည်လောက်အထိ အစွမ်းထက်နေရတာလဲ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲခေါင်ချုပ်က မျက်လုံးအပြူးသားနဲ့ ရေရွတ် လိုက်ပါတယ်။

လီဖူချန်းတစ်ယောက်  ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်နေတာကတင် အတော်လေး အံ့သြစရာ ကောင်းလှပါပြီ။

အခုတော့ လီဖူချန်းက  ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်နိမ့်ပိုင်းမှာ ရှိနေတဲ့  အတွင်းစည်း အကြီးအကဲ ၅ယောက်ကိုတောင်မှ လက်သီးတစ်ချက်နဲ့ သတ်ပစ် လိုက်ပါသေးတယ်။

အစောပိုင်းတုန်းက လီဖူချန်းရဲ့ လက်သီးစွမ်းအားအရ ဆိုရင်တော့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်တောင်မှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

" အားလုံးပဲ ...  အတူတကွ ပူးပေါင်းပြီး တိုက်ကြ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်က အားလုံးကို အမိန့်ပေး လိုက်ပါတယ်။

အယောက်၅၀နီးပါးရှိတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေအားလုံး ပူးပေါင်းပြီး တိုက်မယ် ဆိုရင်တော့  ရှင်းတိကောဝမ်တောင်မှ အခက်ကြုံရမှာ အသေအချာပါပဲ။ အဲသည်အတွက် လီဖူချန်းလို ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ ပညာရှင်ကတော့ သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

" အားလုံးဖယ်ကြ ... ။  သူ့ကို ငါအဘိုးကြီး တာဝန်ယူလိုက်မယ် "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ယုလီနဲ့ အခြားသော အထွတ်ခေါင်ချုပ် အကြီးအကဲတွေဟာလည်း သည်နေရာကို ရောက်ရှိလာကြပါပြီ။

" အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ "

မိုးကြိုးနတ်ဘုရား ဂိုဏ်းက လူတွေအကုန်လုံးဟာ ယုလီကို ရိုသေလေးစားစွာနဲ့ အရိုအသေ ပေးလိုက်ကြပါတယ်။

အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ယုလီဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ နံပါတ်၁ အစွမ်းအထက်ဆုံး ပညာရှင်ပါ။  သူက အရှေ့ယူနီကွန်းတိုက်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ငါးဦး ထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး။

သူ့ထက်ပိုပြီး အစွမ်းထက်တာဆိုလို့ ရှင်းတိကောဝမ်၊ ရှီဟွာ ဘုရင်မနဲ့  သွေးနတ်ဆိုး တို့သာ ရှိပါတော့တယ်။

ယုလီက လီဖူချန်းကို သေသေချာချာ စိုက်ကြည့်ပြီး ကမ်းလှမ်း လိုက်ပါတယ်။

" လီဖူချန်း ... ငါမင်းကို သည်အထိ လာရဲမယ် လိမ့်မယ်လို့ မထင်ထားမိတာ အမှန်ပဲ။  ငါတို့ရဲ့ မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကိုတောင် ဝင်လာရဲတဲ့ မင်းရဲ့ သတ္တိကို လေးစားတဲ့အနေနဲ့  ငါမင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။  မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကနေ မင်းရခဲ့တဲ့ ရတနာပစ္စည်း အားလုံးကို ငါ့လက်ထဲ အပ်လိုက်။  ငါက မင်းကို မိုးကြိုးနတ်ဘုရား ဂိုဏ်းကနေ ထွက်ခွာခွင့် ပေးရုံမက မင်းရဲ့ လီကလန်သား တွေကိုလည်း လွှတ်ပေးမယ်။  ပြီးတော့ မင်းကိုလည်း ငါတို့ မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ ဧည့်သည်တော်အဖြစ် သတ်မှတ်ပေးမယ်။   ဘယ်လို သဘောရလဲ "

လီဖူချန်းက ယုလီရဲ့ ကမ်းလှမ်းချက်ကို လက်မခံပါဘူး။  သူက မဲ့ပြုံး ပြုံးလိုက်ပြီး ပြန်ပြော လိုက်ပါတယ်။

" ရတနာ ပစ္စည်းတွေဆိုတာ ထိုက်တန်တဲ့ သူတွေပဲ ရတတ်တဲ့ အမျိုးဆိုတာ လူတိုင်းအသိပဲ။   အဲဒါကို ခင်ဗျားက မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မ အကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကျုပ်ရဲ့ လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ကျုပ်ကို အကြပ်ကိုင်နေသေးတယ်။  ခင်ဗျားရဲ့ ပြောစကားကို အရူးမှပဲ ယုံလိမ့်မယ်။  ဟား ... ဟား ... "

" အခွင့်အရေးပေးတာကိုတောင် မယူတတ်တဲ့ကောင်။  ငါ့ကို အပ်မတင်နဲ့တာ့ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ယုလီဟာ မိုးကြိုးချီတွေကို ဖွဲ့စည်းလိုက်ပြီး မိုးကြိုးချပ်ဝတ် တန်ဆာအဖြစ် ဖန်တီးလိုက်ပါပြီ။

ဒါကတော့  မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ ကြောက်စရာ အကောင်းဆုံး မိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာ ချီအတွင်းအား ကျင့်စဉ်ပါပဲ။

သည်မိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာ ချီအတွင်းအားကျင့်စဉ်က တိုက်ခိုက်မှု အပိုင်းမှာကော ခုခံမှု အပိုင်းမှာ အသုံးပြုလို့ရတဲ့ ပညာရပ် တစ်ခုဆိုရင်လည်း မမှားပါဘူး။  သည်ပညာရပ်က အသုံးပြုသူရဲ့ ခံစစ်ကို ပိုပြီး အားကောင်း စေသလို   တိုက်ခိုက်မှုနှုန်းနဲ့ ရွေ့လျားမှုတွေကိုလည်း ပိုပြီး လျင်မြန် လာစေပါတယ်။

ဂျိန်း ... ဂျိန်း ... ဂျိန်း

မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ ကောင်းကင်ပေါ်မှာ တည်ရှိနေတဲ့ မိုးကြိုးတွေဟာလည်း တစ်စုံတစ်ရာရဲ့ ဆင့်ခေါ်မှုကို ရလိုက်တဲ့အလား ယုလီဆီကို ထိုးဆင်းလာပြီး  သူ့ရဲ့ မိုးကြိုးချပ်ဝတ် တန်ဆာနဲ့ ပေါင်းစပ် သွားခဲ့ပါပြီ။

ယုလီက အားရပါးရ ရယ်မော လိုက်ပါတယ်။

" ဟား ... ဟား ... ဟား ... ။  လီဖူချန်း ... လီဖူချန်း။  တကယ်တော့ မင်းက မိုးကြိုးနတ်ဘုရား ဂိုဏ်းကို မလာသင့်ဘူး။  သည်နေရာမှာဆိုရင် ငါ့ရဲ့  အစွမ်းတွေက သာမန်ထက် ၃၀ရာခိုင်နှုန်း ပိုကောင်းတယ်ကွ "

" အဲသည် မျိုးမစစ်လေးကတော့ သေချာပေါက် သေပြီ "

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲခေါင်ချုပ်က မှတ်ချက် ချလိုက်ပါတယ်။

" အင်း "

" ဟုတ်တယ် "

" သေချာတာပေါ့ "

အခြားသော အကြီးအကဲတွေကလည်း  သူရဲ့ မှတ်ချက်ကို မငြင်းကြပါဘူး။

***

All Chapters