ပြန်လည်တွေ့ဆုံပြီ
Vol. 105 Ch. 1455
ကျန်းရီ၏ အထင်က မှားခဲ့သည်။
ပြိုင်ပွဲက သူတော်စင်ဝိညာဉ်တောင်ထိပ်တွင် ကျင်းပခြင်း မဟုတ်ဘဲ တောင်ခြေ၌ ကျင်းပခြင်းပင်။ သို့သော် ကျန်းရီတို့ တည်နေရာပြောင်းရွှေ့ခဲ့သော ရင်ပြင်ထဲတွင်တော့ မဟုတ်ပေ။ မြောက်ဘက်ရှိ တိုက်ပွဲကွင်းတွင် ကျင်းပခြင်းဖြစ်သည်။ ထိုတိုက်ပွဲကွင်းသည် ဆယ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော ဘုံတစ်သောင်းပြိုင်ပွဲအတွက် အထူးတည်ဆောက်ထားခြင်း ဖြစ်ပေသည်။
တမလွန်ဘုံ၏ စစ်တပ်က ကောင်းကင်ဘုံမှ ဘုံအများစုကို သိမ်းပိုက်ထားပြီးပေပြီ။ ဘုံတစ်ခုသာ တဲတဲလေး တောင့်ခံထားနိုင်သည်။ တမလွန်ဘုံစစ်တပ်က အထက်ဘုံကို အတိအလင်း မကျူးကျော်လာသေးသော်လည်း ကောင်းကင်ဘုံ ပြိုလဲသွားလျှင် အထက်ဘုံလည်း သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။
ဘုံတစ်သောင်းပြိုင်ပွဲ၏ ရည်ရွယ်ချက်တစ်ခုမှာ အထက်ဘုံမှ ပါရမီရှင်များကို ကြိုးစားကျင့်ကြံဖို့ အားပေးရန် ဖြစ်သည်။ ထိုမှ ပါရမီရှင်လူငယ်များက စွမ်းအားကြီး သိုင်းသမားများ ဖြစ်လာကြမည်ဖြစ်သည်။ အခြားရည်ရွယ်ချက်မှာမူ အထက်ဘုံတစ်ခုလုံးမှ အင်အားကို စုဝေးရန်ဖြစ်သည်။ သို့မှလည်း အထက်ဘုံက စည်းလုံးလာပြီး တစ်နေ့တွင် ကောင်းကင်ဘုံသို့သွားကာ တမလွန်ဘုံစစ်တပ်ကို ပြန်တွန်းလှန်နိုင်ပေလိမ့်မည်။
တိုက်ပွဲကွင်းက ကြီးမားသည်။ ၎င်းကို တောင်တန်းဒေသအထက်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အချင်းကီလိုမီတာသုံးဆယ် ကျယ်သည်။ တိုက်ပွဲကွင်းကို အလင်းလွှာတစ်ခုက ကာရံထားသည်။ ပွဲကြည့်စင်ကိုမူ ကွင်းကိုပတ်၍ တည်ဆောက်ထားသည်။ ကျန်းရီတို့ ရောက်လာချိန်တွင် ပွဲကြည့်စင်သုံးဘက်က လူပြည့်နေပြီဖြစ်သည်။ ပွဲကြည့်ပရိသတ်များမှာ သူတော်စင်ဝိညာဉ်ဘုံ၏ စီရင်စုနယ်များမှ စွမ်းအားကြီး သိုင်းသမားများနှင့် မျိုးနွယ်ကြီးများမှ သခင်လေးများ၊ သခင်မလေးများ ဖြစ်ကြသည်။ သူတို့သည် နေရာကောင်းကောင်းရရန် စောစောလာရောက်ကာ နေရာယူထားကြခြင်းပင်။
သို့သော် မြောက်ဘက်မှ ပွဲကြည့်စင်က ပို၍ ခမ်းနား၏။ ပွဲကြည့်စင်တွင် အခန်းငယ်လေးများလည်း ခွဲထားသည်။ ထိုအခန်းငယ်လေးများက အထက်ဘုံမှ အရေးကြီးပုဂ္ဂိုလ်များနှင့် ဘုံအသီးသီးမှ ပါရမီရှင်လူငယ်များအတွက်ဖြစ်ကြောင်း ထင်ရှားပေသည်။
ဝှီး...ဝှီး...ဝှီး...
နတ်ဘုရားလှေများ တစ်စီးပြီးတစ်စီး ရောက်လာကြပြီး တိုက်ပွဲကွင်းအထက်၌ ရပ်တန့်လိုက်ကြ၏။ ထို့နောက် ၎င်းတို့ ပျောက်ကွယ်သွားကြပြီး ဘုံအသီးသီးမှ စွမ်းအားကြီး သိုင်းသမားများနှင့် ပါရမီရှင်လူငယ်များ ထွက်ပေါ်လာကာ မြောက်ဘက်ရှိ ပွဲကြည့်စင်သို့ တိုက်ရိုက်ပျံသန်းသွားလိုက်ကြသည်။ ဝိညာဉ်မျိုးနွယ် စွမ်းအားကြီး သိုင်းသမားများက ထိုလူများကို ကြိုဆို၍ သူတို့၏ ပွဲကြည့်ခန်းလေးများသို့ ခေါ်သွားပေးလိုက်ကြလေသည်။
“တိုက်ပွဲကွင်းက တော်တော်ကြီးတာပဲ”
ကျန်းရီတို့သည်လည်း နတ်ဘုရားလှေဖြင့် ရောက်လာခဲ့ကြသည်။ တိလင်အာသည် ယခုမှ ပထမဆုံးအကြိမ် ပြိုင်ပွဲတွင် ဝင်ပြိုင်ရမည်ဖြစ်ရာ အလွန်စိတ်လှုပ်ရှားနေပေသည်။ သူမ၏ မျက်လုံးရွဲကြီးများက ပတ်ဝန်းကျင်ကို မပြတ်ကြည့်ရှုနေသည်။ နောက်ဆုံးတွင် သူမ၏ အကြည့်က တိုက်ပွဲကွင်း၏ လေးဘက်လေးတန်အပေါ် ကျရောက်သွားသောအခါ သူမ ရုတ်တရက် အံ့အားသင့်သွားလေသည်။
“အဲ့ဒါက ဘာလဲ”
ကျန်းရီက နတ်ဘုရားလှေထဲတွင် တိတ်တဆိတ်သာ ထိုင်နေသည်။ သူပုံစံက အတန်ငယ် အသက်ကင်းမဲ့နေပေသည်။ သို့သော် တိလင်အာ၏ အံ့အားသင့်သော အသံကို ကြားလိုက်သောအခါ သူ အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူလည်း မျက်လုံးပြူးသွား၏။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲကွင်း၏ ထောင့်လေးထောင့်တွင် ထုလုံးရှည်ပုံ ထောက်တိုင်ကြီးလေးတိုင်ရှိနေ၏။ ၎င်းထောင်တိုင်တစ်တိုင်စီပေါ်၌ ဧရာမသားရဲကြီးတစ်ကောင်စီ ရှိနေကြသည်။ ၎င်းတို့က ရုပ်တုများနှင့် တူ၏။ သို့သော် သေချာကြည့်မည်ဆိုလျှင် ၎င်းတို့က ဟွင့်သွမ့်သားရဲအစစ်အမှန်များဖြစ်ကြောင်း သိနိုင်ပေသည်။
“သူတို့က သူတော်စင်ဝိညာဉ်တောင်ရဲ့ နတ်သားရဲအစောင့်အရှောက်လေးဖော်ပဲ”
မိုလင်းချိုးက ရှင်းပြသည်။
“ဝိညာဉ်မျိုးနွယ်ရဲ့ ပြီးခဲ့တဲ့ မျိုးနွယ်ဘုရင်က သားရဲထိန်းဆန်းကြယ်စွမ်းရည်တစ်ခုကို ကောင်းကောင်းတတ်ခဲ့တယ်။ သူက သက်တမ်း နှစ်ဆယ်သန်းရှိတဲ့ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲလေးကောင်ကို ယဉ်ပါးအောင်လုပ်ပြီး တောင်ကို စောင့်ကြပ်ခိုင်းခဲ့တာ။ သူက ကောင်းကင်ဘုံမှာ မမျှော်လင့်ဘဲ သေသွားခဲ့ရတာ နှမြောစရာပဲ။ အဲ့ဒါကြောင့် အဲ့ဆန်းကြယ်စွမ်းရည်ကို လက်ဆင့်မကမ်းနိုင်ခဲ့ဘူး။ အခုတော့ အဲ့ဆန်းကြယ်စွမ်းရည်က တိမ်ကောသွားပြီ။ ဒီသားရဲလေးကောင်လည်း သူတို့ရဲ့ပိုင်ရှင် တိုက်ပွဲမှာ ကျဆုံးသွားကတည်းက အိပ်စက်သွားခဲ့တာပဲ...”
“သက်တမ်း နှစ်ဆယ်သန်းရှိတဲ့ ကမ္ဘာဦးအဆင့် ဝိညာဉ်သားရဲတွေလား”
ကျန်းရီတို့ အံ့ဩတကြီးဖြင့် မျက်လုံးပြူးသွားကြ၏။ လူတစ်ယောက်က သက်တမ်း နှစ်ဆယ်သန်းရှိသော ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများကို အမှန်ပင် ယဉ်ပါးသွားအောင် လုပ်နိုင်သည်လော။
ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများက အလွန်စွမ်းအားကြီးကြသည်။ ထိုကဲ့သို့သော နတ်သားရဲလေးကောင်က သူတော်စင်ဝိညာဉ်တောင်ခြေတွင် ရှိနေလျှင် အင်အားတစ်သန်းရှိသော စစ်တပ်တစ်တပ်က စောင့်ကြပ်နေသကဲ့သို့ ရှိပေလိမ့်မည်။
သို့သော် နတ်သားရဲလေးကောင်းက အိပ်မောကျနေဆဲပင်။ ထို့ကြောင့် ၎င်းတို့၏ သားရဲအရှိန်အဝါက သိပ်အားကောင်းမနေကြပေ။ ကျန်းရီတို့သည် သားရဲများကို အတန်ကြာ ကြည့်ပြီးနောက် ဆက်၍ အာရုံမစိုက်ကြတော့ဘဲ မြောက်ဘက်ရှိ ခမ်းနားသော ပွဲကြည့်ခန်းလေးများကိုသာ ကြည့်လိုက်ကြသည်။
မြောက်ဘက်မှ ပွဲကြည့်စင်တွင် အထပ်ကိုးထပ်ရှိသည်။ ထိပ်ဆုံးမှ အထပ်တွင် ပွဲကြည့်ခန်း ဆယ့်ရှစ်ခန်းရှိ၏။ အောက်ထပ်များတွင်မူ စုစုပေါင်း ပွဲကြည့်ခန်း တစ်ထောင်ရှိသည်။ နတ်ဘုရားလှေက တိုက်ပွဲကွင်းသို့ ရောက်သောအခါ မိုလင်းချိုးက လေသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်။
“ဒီနှစ် ဘုံတစ်သောင်းပြိုင်ပွဲမှာ ငါက ဒိုင်တစ်ယောက်ပဲ။ ဟွိုက်စန်း... မင်းတို့တွေက အောက်ဘက်က ပွဲကြည့်ခန်းတွေမှာ သွားထိုင်လိုက်ပါ။ ငါ မင်းတို့ဆီ အသံပို့လွှတ်လိုက်မှ လှုပ်ရှားကြပါ”
မိုလင်းချိုးသည် ညွှန်ကြားပြီးနောက် ကျန်းရီကို ကြည့်၍ အလွန်တင်းကြပ်သော လေသံဖြင့် အသံပို့လွှတ်လိုက်၏။
“ကျန်းရီ... ဘာပဲဖြစ်လာဖြစ်လာ မင်း ငါ့အမိန့်တွေကို နာခံရမယ်။ မင်း တစ်ခုခု အလျင်စလို လုပ်လိုက်မယ်ဆိုရင် တိရှအရှင်ရဲ့ အမိန့်အတိုင်း ငါ မင်းကို သတိမေ့သွားအောင်လုပ်ပြီး လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်မယ်”
“မစိုးရိမ်ပါနဲ့ အရှင်မို...”
ကျန်းရီ ခါးသက်သက် ပြောလိုက်၏။ အလျင်စလို လုပ်ခွင့်မရှိသည်လော။ သူကလည်း အဘယ်သို့ လုပ်နိုင်ပါမည်နည်း။
ကျန်းရီ အသက်ကိုရင်း၍ စွန့်စားမည်ဆိုလျှင်ပင် ရီဖျောင်ဖျောင်ကို ကယ်ရန်မဆိုထားနှင့် တွေ့ပင်တွေ့လိုက်ရမည် မဟုတ်ချေ။ ဝိညာဉ်ဘုရင်၏ အကျင့်စရိုက်နှင့်ဆိုလျှင် သူ ရူးမိုက်သည့်ကိစ္စတစ်ခုခု လုပ်လိုက်မိသည်နှင့် ရီဖျောင်ဖျောင်၏ ဘဝက ပိုခက်ခဲသွားနိုင်ပေသည်။
မိုလင်းချိုးက ခေါင်းညိတ်၍ ကျန်းရီတို့အုပ်စုကို နတ်ဘုရားလှေအပြင်သို့ ထုတ်၍ မြောက်ဘက်သို့ ပျံသန်းသွားလိုက်၏။ မိုလင်းချိုးသည် ထိပ်ဆုံးအထပ်ရှိ ခမ်းနားသော ပွဲကြည့်ခန်းများသို့ သူ့ဘာသာ ပျံသန်းသွား၏။ ကျန်းရီနှင့် ကျန်လူများက ဝိညာဉ်မျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ခေါ်သွားပေးသော ဒုတိယအထိပ် အလယ်နားရှိ ပွဲကြည့်ခန်းသို့ လိုက်သွားကြသည်။ ပွဲကြည့်ခန်းက မကြီးပေ။ အခန်းထဲတွင် ထိုင်ခုံဆယ်ခုံသာရှိသည်။ သူတို့သည် ပွဲကြည့်ခန်း၏ အကာအရံကိုလည်း နှိုးနိုင်၏။ ထိုအကာအရံနှင့်ဆိုလျှင် သူတို့က အပြင်ဘက်ကို မြင်နိုင်သော်လည်း အပြင်ဘက်မှ လူများက အထဲကို မြင်နိုင်မည် မဟုတ်ချေ။
မိုဟွိုက်စန်းသည် အုပ်စုကို ဦးဆောင်၍ ပွဲကြည့်ခန်းထဲဝင်ကာ ဘယ်ဘက်ရှိ ပထမဆုံးထိုင်ခုံတွင် ထိုင်လိုက်သည်။ ရွှမ်ယွမ်ဝူတိ၊ ချင်ဟွမ်နှင့် ကျိူးထျန်းဝူတို့က သူမ အနားတွင် လိုက်ထိုင်ကြသည်။ ကျန်းရီကမူ ညာဘက်ခြမ်းတွင် ထိုင်သည်။ တိလင်အာသည် ခေတ္တမျှ စဉ်းစားနေပြီးနောက် ကျန်းရီဘေးတွင် ထိုင်ရန် ဆုံးဖြတ်လိုက်သည်။
အစေခံမလေးတစ်ယောက်က ကျန်းရီတို့အတွက် ရနံ့မွှေးပျံ့သော လက်ဖက်ရည် ယူလာပေး၏။ အပြင်ဘက်တွင် နတ်ဘုရားလှေများ အဆက်မပြတ် ရောက်ရှိလာနေဆဲပင်။ ပြိုင်ပွဲကို ဘုံတစ်သောင်းပြိုင်ပွဲဟု ခေါ်သော်လည်း ပါဝင်သည့်ဘုံများက ဘုံတစ်သောင်းမပြည့်လောက်ဟု ကျန်းရီ ခန့်မှန်းသည်။ ဤနေရာတွင် အလွန်ဆုံးမှ ဘုံတစ်ထောင်ကျော်လောက်မှ လူများသာ ရှိလောက်သည်။ ဘုံငယ်လေးများက စွမ်းအားကြီး ပါရမီရှင်များ မရှိ၍ မိမိကိုယ်ကိုယ် အရှက်ခွဲသလို မဖြစ်ရန် ပြိုင်ပွဲဝင်များ မစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
အရှေ့ဘက် ကောင်းကင်မှနေ၍ နေမင်းကြီး ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးကို အနီရောင် ခြယ်သလိုက်၏။ နှင်းကဲ့သို့ ဖြူဆွတ်သော ကျောက်စိမ်းဖြူ တိုက်ပွဲရင်ပြင်မှနေ၍ ထိုအနီရောင်အလင်း ရောင်ပြန်ဟပ်သောအခါ နတ်သားရဲလေးကောင်က ကြောက်မက်ဖွယ် သားရဲအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြ၏။ တောင်ဘက်ကို ကြည့်လျှင်မူ မိုးထိအောင် မြင့်မားသော သူတော်စင်ဝိညာဉ်တောင်ကြီးကို မြင်ရသည်။ ထိုမြင်ကွင်းမှာ အလွန် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပင်။
နတ်ဘုရားလှေများက တစ်စီးပြီးတစ်စီး လေကိုခွင်း၍ ရောက်ရှိလာကြ၏။ သားနားစွာ ဝတ်ဆင်ထားသော သခင်လေးများနှင့် သခင်မလေးများလည်း တစ်သုတ်ပြီးတစ်သုတ် ပျံဆင်းလာကြသည်။ သခင်လေးများက ခံ့ညားကြပြီး သခင်မလေးများက လှပကြသည်။ သူတို့အားလုံးက အလွန်ထည်ဝါနေကြပေသည်။ မြောက်ဘက်မှ ပွဲကြည့်ခန်းများက တိတ်ဆိတ်နေကြသော်လည်း အခြားသုံးဘက်မှ ပွဲကြည့်စင်များမှာမူ အလွန်ဆူညံနေကြ၏။ ပွဲကြည့်ပရိသတ်များသည် သခင်လေးများနှင့် သခင်မလေးများ ပျံဆင်းလာကြသည်ကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် ဤကဲ့သို့ ကြီးကျယ်သည့် ပွဲကြီးတစ်ပွဲသို့ တက်နိုင်ခြင်းအတွက် အချိန်အတော်ကြာသည်အထိ ကြွားဝါနေနိုင်မည်ဖြစ်သည်။
ကျန်းရီသည် သခင်လေးများနှင့် သခင်မလေးများကို လုံးဝမကြည့်ဘဲ တိတ်တဆိတ်သာ ထိုင်နေ၏။ သူ၏အကြည့်က သူတော်စင်ဝိညာဉ်တောင်သို့သာ ရောက်နေသည်။ ထိုအခိုက်တွင် ဤသို့ လာခဲ့ခြင်းက ခြေလှမ်းမှားတစ်ခုဟု သူခံစားနေရ၏။ သူ သူတော်စင်ဝိညာဉ်တောင်ကို မြင်တိုင်း အထဲတွင် ပိတ်မိနေသော ရီဖျောင်ဖျောင်အကြောင်းကို တွေးမိပေသည်။ သူမ၏ ကိုင်းနေသော ခါးလေးကိုလည်း သူ ပြန်အမှတ်ရမိသည်။ ထို့ကြောင့် သူ့ရင်ထဲတွင် စူးရှသော နာကျင်မှုကို ထပ်ခံစားလိုက်ရလေသည်။
မိုဟွိုက်စန်းတို့သည် ကျန်းရီကို လုံးဝအရေးမစိုက်ပေ။ တိလင်အာတစ်ယောက်သာ သူ့ကို အာရုံစိုက်နေသည်။ သူမသည် သူ့မျက်ဝန်းများထဲမှ အနီရောင်အလင်းနှင့် မမှားနိုင်သော နာကျင်မှုကို မြင်လိုက်သောအခါ စိုးရိမ်သံဖြင့် အသံပို့လွှတ်လိုက်၏။
“ကျန်းရီ... ရှင် အဆင်ပြေရဲ့လား”
“ပြေပါတယ်”
ကျန်းရီက ခပ်ဖွဖွ ခေါင်းညိတ်၍ အသံပြန်ပို့လွှတ်လိုက်သည်။ ထို့နောက် သူ သူတော်စင်ဝိညာဉ်တောင်ကို မကြည့်လိုတော့သဖြင့် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ဆက်ကြည့်မိနေလျှင် သူ စိတ်မထိန်းနိုင်တော့ဘဲ ရူးရူးမိုက်မိုက် လုပ်မိလိုက်မည်ကို စိုးရိမ်ရပေသည်။
ဝှစ်...
အဝေးမှ ထွက်ပေါ်လာသော လေခွင်းသံတစ်သံကို ကြားလိုက်ရ၏။ လူတစ်ယောက်က အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းလာသည်။ အစောတွင် သူက အဝေးမှ အစက်အပျောက်တစ်ခုသာ ဖြစ်ခဲ့သော်လည်း ယခုတွင် စင်မြင့်ထက်၌ ရပ်နေပေပြီ။ သူက အရပ်မြင့်ပြီး သန်မာကာ ဆံပင်အစိမ်းရောင်ရှိသည်။ သူ့ဆံပင်များက လေထဲတွင် ဝဲလွင့်နေပေသည်။ သူ၏ မျက်နှာထားက ကြမ်းတမ်းသည်။ သူ့အနောက်တွင် အတောင်ပံနှစ်ဘက် လှုပ်ယမ်းနေသည်။ သူ၏ မျက်ဝန်းများက ဓားများကဲ့သို့ စူးရှပြီး သူ့အကြည့်က အခြားသူများကို ရင်တုန်သွားစေသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခက်ထန်သော စွမ်းအင်တစ်ခု ထွက်နေသည်။ အခြားသူများသည် ထိုသူအား ဒူးထောက်ကာ ကိုးကွယ်လိုစိတ်ပင် ပေါက်လာကြပေသည်။
“သိမ်းငှက်ဘုရင်လေး... သိမ်းငှက်ဘုရင်လေး...”
ပွဲကြည့်စင်တစ်ခုပေါ်မှ မိန်းမပျိုလေးအချို့က စတင် ဟစ်အော်လိုက်ကြ၏။ ရုတ်ခြည်းပင် အခြားပွဲကြည့်စင်နှစ်ခုမှ မိန်းမပျိုလေးများကလည်း လိုက်အော်ကြသည်။ ယောက်ျားများစွာသည် အားကျ၊ မနာလိုမှုများဖြင့် သက်ပြင်းချလိုက်ကြ၏။ ထိုသိမ်းငှက်ဘုရင်လေးက အလွန်စွမ်းအားကြီးကာ ဟိတ်ဟန်အပြည့်ဖြင့်ပင်။ သူတို့က တစ်သက်လုံး သိမ်းငှက်ဘုရင်လေး၏လောင်းရိပ် မိနေတော့မည်ဖြစ်သည်။
ကျန်းရီသည် အော်သံများကြောင့် အသိပြန်ကပ်လာ၏။ သူ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် လေးစားသည့်အရိပ်အယောင် တစ်ခုမှ မရှိပေ။ ထိုအခိုက်တွင် အဝေးမှနေ၍ နတ်ဘုရားလှေတစ်စင်း ပျံသန်းလာပြီး သိမ်းငှက်ဘုရင်လေးဘေးတွင် ရပ်တန့်လိုက်၏။ ၎င်းလှေမှနေ၍ လူငါးယောက် ဆင်းလာသည်။ သူတို့အားလုံး၏ ဦးခေါင်းထက်တွင် ဦးချိုလေးများ ရှိကြပေသည်။ ထို့ကြောင့် သူတို့က မင်ရည်တောင်ပံမျိုးနွယ်မှ ဖြစ်ရမည်ဟု ကျန်းရီတွေးလိုက်သည်။
“အာ...”
ကျန်းရီ၏ အကြည့်က ထိုလူငါးယောက်၏ အလယ်ရှိ သေးသွယ်သော လူတစ်ယောက်ပေါ်သို့ ကျရောက်သွား၏။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့မျက်ဝန်းများက မယုံနိုင်ဟန်ဖြင့် ပြူးကျယ်သွားသည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော သိမ်မွေ့၍ အားနည်းပုံပေါ်သည့် မိန်းမပျိုလေးတစ်ယောက်က မင်ရည်တောင်ပံမျိုးနွယ်စုမှ စွမ်းအားကြီး ကိုယ်ရံတော်လေးယောက်၏ အလယ်တွင် ရပ်နေပေသည်။ သူမက မျက်နှာကို ပိုးပဝါဖြင့် ကာထားသည်။ သို့သော် ကျန်းရီ သူမကို ချက်ချင်း မှိတ်မိပါ၏။ သူမက ကျန်းရှောင်နူပင်။
***