သိုင်းပြိုင်ပွဲ
Vol. 105 Ch. 1456
မမျှော်လင့်ထားဘဲ ကျန်းရှောင်နူ ထွက်ပေါ်လာမှုက ကျန်းရီကို အံ့အားသင့်သွားစေခဲ့သည်။ သူ စိတ်ဓာတ်ကျနေရာမှနေ၍ ချက်ချင်း ပြန်တက်ကြွသွားသည်။
ကျန်းရီ၏ဘဝတွင် အရေးအကြီးဆုံးသူမှာ ကျန်းရှောင်နူဖြစ်သည်။ ရီဖျောင်ဖျောင်၊ ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် အခြားသူများပင် ကျန်းရှောင်နူ၏နောက်တွင် ဖြစ်ကြသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ငယ်စဉ်ကတည်းက အေးအတူပူအမျှ အတူနေခဲ့ကြ၏။ ထို့ကြောင့် ကျန်းရီသည် ကျန်းရှောင်နူကို သူ၏ အရင်းနှီးဆုံးဆွေမျိုးအဖြစ် မြင်ပေသည်။ သူတို့နှစ်ယောက်သည် အတူနေရသည်ကို အသားကျနေပြီဖြစ်၍ ခွဲခွာရသောအခါ သူတို့၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ကွဲထွက်သွားသည်ဟုပင် ခံစားကြရသည်။ ဤတစ်ချိန်လုံး ကျန်းရီ ကျန်းရှောင်နူအကြောင်းကို မတွေးဝံ့ခဲ့ပေ။ သူမအကြောင်းကို တွေးမိလျှင် ရူးမိုက်သည်များ လုပ်မိမည်ကို သူစိုးပေသည်။
ယမန်နေ့မှ စုဝေးပွဲတွင် သိမ်းငှက်ဘုရင်လေးသာ ရောက်လာခဲ့၍ ဤတစ်ကြိမ်တွင် ကျန်းရှောင်နူ ပါမလာလောက်ဟု ကျန်းရီ တွေးခဲ့သည်။ ယခုတွင်မူ သူသည် သူ့ခေါင်းသူ ထုရိုက်ပစ်ချင်စိတ် ပေါက်နေပေသည်။ ကျန်းရှောင်နူ၏ အကျင့်စရိုက်အရဆိုလျှင် သူမက ထိုကဲ့သို့သော စုဝေးပွဲမျိုးကို တက်ပါမည်လော။ ကျန်းရီ အသက်ရှူမြန်လာပြီး ရုတ်တရက် ထရပ်လိုက်၏။ သူ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူ အပြင်သို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ ကျန်းရှောင်နူထံ အသံပို့လွှတ်ရန် ဟန်ပြင်လိုက်သည်။
“ကျန်းရီ... မင်း ဘာလုပ်ဖို့ ကြံနေတာလဲ”
ထိုအခိုက်တွင် ကျန်းရီ၏ ခေါင်းထဲ၌ မိုလင်းချိုး၏ ရေခဲတမျှအေးစက်သော အသံ ထွက်ပေါ်လာ၏။ မိုလင်းချိုးက လေသံမာမာဖြင့် ဆက်ပြောသည်။
“အဲ့သခင်မလေးက မင်းရဲ့ အစေခံမလေး မဟုတ်တော့ဘူး။ အခု သူ့နာမည်က မုရှောင်ယွီဖြစ်နေပြီ။ သူက သိမ်းငှက်စိမ်းဘုရင်ရဲ့ အဖိုးတန် သမီးတော်ပဲ။ မင်း ရုတ်ရုတ်ရက်ရက်လုပ်ရင် ငါ မင်းကို သတိမေ့သွားအောင် လုပ်ပြီး လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်မယ်။ ပြီးတော့... ငါက ဘာမှ မလုပ်ဘူးဆိုရင်တောင် မင်း မုရှောင်ယွီနားကို ကပ်ဖို့လုပ်တာနဲ့ သိမ်းငှက်ဘုရင်လေးက မင်းကို နေရာမှာတင် သတ်ပစ်လိမ့်မယ်။ အဲ့ကျရင် ငါ မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ မင်း နားလည်လား...”
“နောက်တစ်ခုလည်း ရှိသေးတယ်...”
မိုလင်းချိုသည် ခေတ္တမျှ စကားရပ်ပြီးမှ ဆက်ပြော၏။
“ငါ ရထားတဲ့ သတင်းတွေအရဆိုရင် မုရှောင်ယွီက မင်ရည်တောင်ပံမျိုးနွယ်ကို ရောက်ရောက်ချင်း ပြဿနာကြီးတစ်ခု ရှာခဲ့လို့ သိမ်းငှက်စိမ်းဘုရင် ဒေါသထွက်သွားခဲ့တယ်တဲ့။ သိမ်းငှက်စိမ်းဘုရင်က သူ့ရဲ့ မှတ်ဉာဏ်တွေကို ချက်ချင်း ချိပ်ပိတ်ပစ်လိုက်တယ်။ အဲ့တော့ အခု သူက မင်းကို လုံးဝမှတ်မိမှာ မဟုတ်ဘူး။ မင်း သူ့ဆီ အသံပို့လွှတ်လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”
ဘုတ်...
ကျန်းရီ ကျောက်ထိုင်ခုံပေါ် ရုတ်ခြည်း ပြန်ထိုင်ချလိုက်၏။ ကျန်းရှောင်နူ၏ မှတ်ဉာဏ်များက ချိပ်ပိတ်ခံထားရသည်လော။ သူ၏ မျက်ဝန်းများက ခေတ္တမျှ ထပ်မံလင်းလက်လာ၏။ သူ ကျန်းရှောင်နူကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ သူ အချစ်ရဆုံး ညီမလေးက ယခု သူ့ကို မမှတ်မိတော့သည်လော။
ကျန်းရီ၏ ထူးဆန်းသော အပြုအမူများက မိုဟွိုက်စန်းတို့ကို အာရုံစိုက်သွားစေ၏။ တိလင်အာကလည်း စိုးရိမ်တကြီး ကြည့်လိုက်သည်။ ကျန်းရီသည် သူမတို့အားလုံးကို လျစ်လျူရှု၍ ကျန်းရှောင်နူကိုသာ ဆက်ငေးကြည့်နေ၏။ သူမက သိမ်းငှက်ဘုရင်လေးနှင့်အတူ ပွဲကြည့်ခန်းတစ်ခုထဲ ဝင်သွားတော့မှ သူ နာကျင်စွာ မျက်လုံးမှိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ရန် ဆုံးဖြတ်၍ အနက်ရှိုင်းဆုံးအဆင့်အထိ စိတ်နှစ်လိုက်လေသည်။
သိမ်းငှက်ဘုရင်လေးက ပွဲကြည့်ခန်းထဲသို့ ဝင်သွားသောအခါ တိုက်ပွဲကွင်းလည်း ပြန်တည်ငြိမ်သွား၏။ တစ်နာရီနီးပါး ကြာပြီးနောက် ချီချင်ချန် ရောက်ရှိလာသောအခါ ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွားပြန်သည်။ သို့သော် ချီချင်ချန်က အာရုံစိုက်ခံရခြင်းကို မကြိုက်သူဖြစ်၍ တစ်ချက်မှ မရပ်တန့်ဘဲ သူမ၏ ပွဲကြည့်ခန်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။
နောက်ထပ်တစ်နာရီ ကြာပြီးနောက် ပြိုင်ပွဲ စတင်လေသည်။
မြောက်ဘက်ပွဲကြည့်စင်၏ ထိပ်ဆုံးအထပ်မှနေ၍ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ပျံထွက်လာ၏။ သူသည် တိုက်ပွဲကွင်းအထက်ရှိ လေထဲတွင် ရပ်ကာ နေရာတစ်ခွင်လုံးကို ဝေ့ဝဲကြည့်လိုက်၏။ သူ လက်ဝှေ့ယမ်းလိုက်ရာ လူအုပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် သူ ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်လေသည်။
“အားလုံးပဲ... လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကောင်းကင်ဘုံက တိုက်ပွဲကြီးတစ်ပွဲ ထပ်တိုက်ခဲ့ရတယ်လို့ ကျုပ် သတင်းရခဲ့ပါတယ်။ ယန်မဟာဧကရာဇ်နဲ့ ဦးဆောင်မှုနဲ့ လူသားမျိုးနွယ်က အနိုင်ရခဲ့တယ်။ တမလွန်ဘုံဘုရင် သုံးဆယ့်ခြောက်ပါးထဲက တစ်ပါးဖြစ်တဲ့ မင်ယွီရဲ့ စစ်တပ်ကို အပြီးတိုင် ရှင်းပစ်နိုင်ခဲ့တယ်။ မင်ယွီကို သုတ်သင်ခဲ့တဲ့သူကတော့ ယန်မဟာဧကရာဇ်ကိုယ်တိုင်ပါပဲ”
“အာ... ကောင်းလိုက်တာ”
“အားလုံး ယန်မဟာဧကရာဇ်ကို ဦးညွှတ်ကြ”
“အားလုံး မဟာဧကရာဇ်လေးပါးကို ဦးညွှတ်ကြ၊ စစ်နတ်ဘုရားစံအိမ်ကို ဦးညွှတ်ကြ”
“အားလုံး အရှင်ရီထူကို ဦးညွှတ်ကြ”
“...”
ပွဲကြည့်စင်သုံးဘက်မှနေ၍ ရာချီ၊ ထောင်ချီသော လူများ၏ စိတ်လှုပ်တရှား အော်ဟစ်လိုက်သံများ ထွက်ပေါ်လာသည်။ လူငယ်များစွာကလည်း အလွန်စိတ်တက်ကြွစွာဖြင့် အောင်ပွဲခံနေကြသည်။ မိုဟွိုက်စန်းတို့လည်း အလွန်စိတ်လှုပ်ရှားလာကြသည်။ တိလင်အာဆိုလျှင် လက်သီးပင် ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူမ၏ မျက်နှာလေးကလည်း အတန်ငယ် နီမြန်းလာပေသည်။
တမလွန်ဘုံနှင့် လူသားမျိုးနွယ်ကြားမှ စစ်ပွဲတွင် အဖွဲ့အစည်းကွာခြားမှု မရှိပေ။ သူတို့အားလုံးက လူသားများသာ။ ကောင်းကင်ဘုံ ပြိုလဲသွားလျှင် လူသားမျိုးနွယ် အဆုံးသတ်သွားပေလိမ့်မည်။ အားလုံးလည်း တမလွန်ဘုံ၏ ထာဝရကျွန်ပြုခြင်းကို ခံရမည်ဖြစ်သည်။
ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခံ့ညားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ရီထူဟု ခေါ်သည်။ သူက ကျန်းရီနှင့် ချီချင်ချန်တို့ သူတော်စင်အကျဉ်းထောင်ထဲမှ ပြန်ထွက်လာပြီးနောက် တွေ့ခဲ့ရသူပင်။ ဝါစဉ်အရ ကျန်းရီသည် ထိုသူကို ဦးလေးဟု ခေါ်သင့်သည်။ သူက ဝိညာဉ်ဘုရင်၏ အကြီးဆုံးသားတော်ဖြစ်ပြီး ဝိညာဉ်ဘုရင်ကိုယ်စား ပြောရေးဆိုခွင့်ရသူလည်းဖြစ်သည်။
ရီထူက ထပ်မံ၍ လက်ဝှေ့ယမ်းလိုက်ရာ အော်သံများ ငြိမ်သွားသည်။ ထို့နောက် သူသည် အလွန်နာကျင်ခံစားနေရသော မျက်နှာထားဖြင့် ဆက်ပြောလိုက်၏။
“ဆိုးတာက ဒီတစ်ခေါက် ကျုပ်တို့ဘက်ကလည်း အများကြီးဆုံးရှုံးခဲ့ရတယ်။ နတ်ဘုရားဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား အယောက်တစ်သန်းနဲ့ ဘွဲ့ထူးရ နတ်ဘုရားဧကရာဇ်ခြောက်ရာ ကျဆုံးခဲ့တယ်။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ကိုးယောက်လည်း အသက်ဆုံးရှုံးခဲ့ရတယ်”
ရီထူ၏ စကားများက လူအုပ်ကို တိတ်ဆိတ်သွားစေ၏။ အားလုံး၏ မျက်နှာထားများလည်း အလွန်ဝမ်းနည်းဟန် ပေါက်သွားကြသည်။ ထိုစွမ်းအားကြီး သိုင်းသမားများက လူသားမျိုးနွယ်အတွက် သေဆုံးခဲ့ရသည်။ ထိုသူများကြောင့် သူတို့အားလုံးက အေးအေးချမ်းချမ်း ဆက်နေနိုင်ကြခြင်းပင်။ ဤပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်၊ လာရောက်ကြည့်ရှုနိုင်ကြခြင်းပင်။
ရီထူက ခေတ္တမျှ ရပ်တန့်ပြီးနောက် ဆက်ပြောသည်။
“ကျဆုံးသွားတဲ့သူတွေ အကုန်လုံးက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတွေပဲ။ ပြီးတော့ ကျုပ်တို့လည်း အနှေးနဲ့အမြန်ဆိုသလို ရှေ့တန်းထွက်ပြီး တမလွန်ဘုံကို ခုခံရလိမ့်မယ်။ ဒီတစ်ခေါက် ချီချင်ချန်က အုပ်ချုပ်သူအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်။ ဆောင်းဥတုအရှင်ကလည်း ချီချင်ချန် အဲ့အဆင့်ကို အခြေခိုင်အောင် လုပ်ပြီးတာနဲ့ သူကိုယ်တိုင် ဆောင်းဥတုဘုံက စွမ်းအားကြီး သိုင်းသမားတွေကို ဦးဆောင်ပြီးတော့ ကောင်းကင်ဘုံကို သွားပြီး တမလွန်ဘုံစစ်တပ်နဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်လို့ ကြေညာပြီးသွားပြီ...”
“တမလွန်ဘုံစစ်တပ်ကိုသာ ရှင်းမပစ်နိုင်ရင် သူ ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ ကျုပ်တို့ ဆောင်းဥတုအရှင်အတွက် လက်ခုပ်တီးလိုက်ကြရအောင်... ကျုပ်တို့အတွက် ဦးဆောင်ကာကွယ်ပေးတဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်ကြောင်း ပြသလိုက်ကြရအောင်”
“အားလုံး ဆောင်းဥတုအရှင်ကို ဦးညွှတ်ကြ... အားလုံး သခင်မလေးချင်ချန်ကို ဦးညွှတ်ကြ”
မိုးချုပ်သံကဲ့သို့ ကျယ်လောင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာရာ အားလုံးလည်း လိုက်၍ အော်လိုက်ကြသည်။ သို့သော် ထိုသတင်းမှာ မမျှော်လင့်ထားသောသတင်း မဟုတ်ပေ။ ဘုံတစ်ဘုံတွင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိလာသည်နှင့် ဘုံအရှင်က မိမိဘုံမှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ ကောင်းကင်ဘုံသို့သွားကာ စစ်ပွဲတွင် ပါဝင်ရမည်ဖြစ်သည်။ ဘုံအရှင်တစ်ယောက်သည် ဆက်ခံသူရပြီဆိုလျှင် တွေဝေနေတော့မည် မဟုတ်ပေ။ ပြီးခဲ့သော ဝိညာဉ်ဘုရင်ကလည်း ထိုသို့ လုပ်ဆောင်ခဲ့ခြင်းပင်။ ကျန်းရီ၏အဘိုးက အုပ်ချုပ်သူအဆင့်သို့ ရောက်သွားသောအခါ ပြီးခဲ့သော ဝိညာဉ်ဘုရင်က ချက်ချင်း ကောင်းက်ဘုံသို့ သွားခဲ့သည်။ နောက်ဆုံးတွင် သူ ကောင်းကင်ဘုံမှ တိုက်ပွဲတွင် ကျဆုံးခဲ့ပေသည်။
“ဒီနေ့ ကျုပ်တို့ ဒီမှာ ရပ်နေကြတယ်”
ရီထူက သူ၏လေသံကို မြှင့်၍ အော်ပြောလိုက်၏။
“ကျုပ်တို့ ယှဉ်ပြိုင်ကြမှာက ကိုယ့်ရဲ့ဆန်းကြယ်စွမ်းရည်တွေ၊ လျှို့ဝှက်အတတ်တွေနဲ့ ပါရမီတွေကို ကြွားဝါဖို့ မဟုတ်ဘူး။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က တစ်ယောက်ကိုတစ်ယောက် အားပေးဖို့ပဲ။ အဲ့ဒါမှ လူတိုင်းအတူ ပိုသန်မာလာနိုင်မယ်။ ကျုပ်တို့ ဒီပြိုင်ပွဲကို လာခဲ့ကြတာက အနာဂတ်ကို ကျုပ်တို့ပခုံးထမ်းမယ်ဆိုတာ တစ်လောကလုံးကို ပြသဖို့ပဲ...”
“ဒီနေရာမှာရှိနေတဲ့ သူတွေအကုန်လုံးက အထက်ဘုံတစ်ခုလုံးရဲ့ အထူးချွန်ဆုံး၊ ပါရမီအထူးဆုံးလူတွေပဲ။ မင်းတို့အားလုံးက လူသားမျိုးနွယ်ရဲ့ အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်တယ်။ မင်းတို့အားလုံး ပိုသန်မာလာမှ လူသားမျိုးနွယ်ကို ကာကွယ်နိုင်လိမ့်မယ်၊ တမလွန်ဘုံကို ရှင်းပစ်နိုင်လိမ့်မယ်။ ကောင်းကင်ဆန္ဒ ပြည့်ဝဖို့အတွက်၊ လူသားမျိုးနွယ် ထာဝရတည်ရှိဖို့အတွက်...”
“ကောင်းကင်ဆန္ဒ ပြည့်ဝဖို့အတွက်၊ လူသားမျိုးနွယ် ထာဝရတည်ရှိဖို့အတွက်...”
“ကောင်းကင်ဆန္ဒ ပြည့်ဝဖို့အတွက်၊ လူသားမျိုးနွယ် ထာဝရတည်ရှိဖို့အတွက်...”
ပြိုင်ပွဲကွင်းတစ်ခွင်လုံးတွင် ရာချီ၊ ထောင်ချီသော အော်သံများ ပြည့်နှက်သွား၏။ အားလုံး စိတ်ဓာတ် တက်ကြွလာသည်။ လူငယ်များဆိုလျှင် ချက်ချင်းပင် ကောင်းကင်ဘုံသို့တက်ကာ တမလွန်ဘုံစစ်တပ်ကို ရှင်းပစ်၍ လူသားမျိုးနွယ်၏ သူရဲကောင်းများအဖြစ် ထာဝရမှတ်ကျောက်အတင်ခံလိုသွားကြသည်။
“ကောင်းပြီ... အခု ပြိုင်ပွဲစတင်ပါပြီ”
ရီထူက မြောက်ဘက်သို့ ကြည့်၍ အော်ပြောလိုက်သည်။
“သိုင်းပြိုင်ပွဲနဲ့ စကြတာပေါ့။ ချီချင်ချန် ကြွပါ”
ဝှစ်...
ကျန်းရီတို့၏ ပွဲကြည့်ခန်းနှင့် မလှမ်းမကမ်းရှိ ပွဲကြည့်ခန်းတစ်ခန်းထဲမှနေ၍ ချီချင်ချန်က လေညင်းလေးကဲ့သို့ ပျံထွက်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ ရီထူ၏ မျက်နှာချင်းဆိုင်သို့ ရောက်သွားသည်။ ချီချင်ချန်က သူတော်စင်တစ်ယောက်ကဲ့သို့ တည်ငြိမ်အေးဆေးနေ၏။ ထို့ပြင် သူမ၏ခန္ဓာကိုယ်မှနေ၍ အလွန်သက်တောင့်သက်သာရှိသော အရှိန်အဝါတစ်ခု ထွက်နေသည်။ ထိုအရှိန်အဝါက ယောက်ျားများစွာကို ရင်ထဲဗလောင်ဆူသွားစေပေသည်။
ဆောင်းဥတုအရှင်က ကောင်းကင်ဘုံသို့ သွားတော့မည်ဖြစ်၍ မကြာခင်တွင် ချီချင်ချန်က ဆောင်းဥတုအရှင်မ ဖြစ်လာတော့မည် ဖြစ်သည်။ သူမကို လက်ထပ်နိုင်သူ မည်သူမဆို မိန်းမလှလေးကို ပိုင်ဆိုင်နိုင်ကာ ဆောင်းဥတုဘုံအား အုပ်စိုးရပေလိမ့်မည်။
ရီထူသည် ချီချင်ချန်ကို ကြည့်၍ အပိုစကားများ ပြောမနေတော့ဘဲ လက်မြှောက်ကာ လူအုပ်ကို တိတ်စေလိုက်သည်။ ထို့နောက် သူ ရှင်းပြသည်။
“သိုင်းပြိုင်ပွဲက အားလုံး အချင်းချင်း ယှဉ်ပြိုင်နိုင်မဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ ချီချင်ချန်က မမျှော်လင့်ဘဲ အုပ်ချုပ်သူအဆင့်ကို ရောက်သွားတော့ ဒီနေ့သိုင်းပြိုင်ပွဲရဲ့ ရလဒ်က ထင်ရှားနေပါပြီ။ အဲ့ဒါကြောင့် ကျုပ်တို့ ဒိုင်ဆယ့်ရှစ်ယောက်က ဆွေးနွေးပြီး အစီအစဉ်တွေကို အရှိန်မြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...”
“ချီချင်ချန်ကို အနိုင်ယူနိုင်မယ်လို့ထင်တဲ့ ဘယ်သူမဆို ယှဉ်ပြိုင်ဖို့ အရှေ့ကို ထွက်ခဲ့ပါ။ တစ်ယောက်မှ မရှိဘူးဆိုရင်တော့ ချီချင်ချန်က ဒီပွဲစဉ်ရဲ့ အနိုင်ရသူ ဖြစ်သွားမှာပါ။ သိုင်းပြိုင်ပွဲရဲ့ ဆုကလည်း သူ့ဆီကို ရောက်သွားပါလိမ့်မယ်”
ပြိုင်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ပွဲကြည့်ခန်းများထဲက မည်သူမှ မလှုပ်ကြပေ။ အားလုံးက ကြိုးစားရန် ကြောက်ရွံ့နေခြင်း မဟုတ်ချေ။ ချီချင်ချန်ကို မယှဉ်နိုင်ကြခြင်းသာ။ ဘွဲ့ထူးရ စစ်နတ်ဘုရားများနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများမှလွဲ၍ ချီချင်ချန်ကို သူတင်ကိုယ်တင် ယှဉ်နိုင်မည့်သူ မရှိချေ။ သူမနှင့်တိုက်ရမည့်အရေးမှာ သိုးတစ်ကောင်က နဂါးကို တုပြိုင်ရသကဲ့သို့ ဖြစ်နေ၍ မည်သူမှ ကြိုးစားရန်ပင် လုပ်မနေတော့ပေ။
“ဟားဟားဟား”
အတော်ကြာပြီးနောက် ပြိုင်ပွဲခန်းတစ်ခန်းထဲမှနေ၍ အစိမ်းရောင်အရိပ်တစ်ခု ပျံထွက်လာ၏။ သူက သိမ်းငှက်ဘုရင်လေးပင်။
သိမ်းငှက်ဘုရင်လေးက ချီချင်ချန်ကို ကြည့်၍ ပြောလိုက်သည်။
“သခင်မလေးချင်ချန်.. မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို အပိုင်ရဖို့ အဲ့မိန်းမကို တိုက်ပွဲမှာ အရင်အနိုင်ယူနိုင်ရမယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ သခင်မလေးက အုပ်ချူပ်သူအဆင့်မှာ ဆိုပေမဲ့ ကျွန်တော် ကြိုးစားယှဉ်ပြိုင်ကြည့်ချင်ပါသေးတယ်”
***