← Chapters

သိုင်းပြိုင်ပွဲ နံပါတ်တစ်

Vol. 105 Ch. 1457

သိုင်းပြိုင်ပွဲ နံပါတ်တစ်

Vol. 105 Ch. 1457

“ဝိုး...”

အားလုံး စတင် ပြောဆိုလိုက်ကြ၏။ ယခင်တွင် သိမ်းငှက်ဘုရင်လေးသည် သူက ချီချင်ချန်ကို ကြင်ရာတော်အဖြစ် လိုချင်ကြောင်း သခင်လေးများနှင့် သခင်မလေးများ၏ အရှေ့တွင် ပြောခဲ့သည်။ ယခုတွင် အထက်ဘုံတစ်ခုလုံးအရှေ့၌ သူက ချီချင်ချန်၏ နှလုံးသားနောက်ကို လိုက်နေကြောင်း ပြောလိုက်ပြန်သည်။

သို့သော် ချီချင်ချန်က မျက်နှာသေဖြင့်သာ ဆက်ရှိနေသည်။ သူမသည် အပိုစကားများ ပြောမနေဘဲ အရှိန်အဝါကို စတင်စုစည်းလိုက်သည်။ ထို့နောက် အေးစက်စက် ပြောလိုက်လေသည်။

“ရှင် လူကြားထဲမှာ အရှက်ကွဲချင်ရင် လာခဲ့ပါ”

ရွှီး...

သိမ်းငှက်ဘုရင်လေး၏ ခန္ဓာကိုယ်က အစိမ်းရောင်လင်းလက်သွား၏။ သူ၏ စစ်ချပ်ဝတ်က အထူးပြုလုပ်ထားသော ချပ်ဝတ်ဖြစ်၍ ချပ်ဝတ်နောက်ကျောဘက်က အလိုလို ပွင့်သွားပြီး အတောင်ပံနှစ်ဘက် ထွက်ပေါ်လာသည်။ သူ့နဖူးထိပ်မှ ဦးချိုနှစ်ချောင်းကလည်း စတင် လင်းလက်လာပြီး သူ့လက်များက သိမ်းငှက်လက်သည်းများဖြစ်သွားကာ မျက်ဝန်းများ အစိမ်းရောင်တောက်လာ၏။ သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု စတင်ထွက်လာသောအခါ လူများသည် သူက သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်ကဲ့သို့ပင်ဟု ခံစားလိုက်ကြရသည်။

“ချင်ချန်... သတိသာထားပေတော့”

သိမ်းငှက်ဘုရင်လေးက ကြောက်မက်ဖွယ်ပြုံး၍ လှစ်ခနဲ ပျံသန်းလိုက်၏။ စူးရှသော လေခွင်းသံတစ်သံ ထွက်ပေါ်လာသည်။ သိမ်းငှက်ဘုရင်လေးသည် အစိမ်းရောင်အလင်းတန်း တစ်တန်းအလား ချီချင်ချန်ထံသို့ တန်းတန်းမတ်မတ် ပျံဝင်သွားသည်။ သူ၏ အမြန်နှုန်းက အလွန်လျှင်မြန်သဖြင့် ပွဲကြည့်စင်သုံးဘက်မှ လူအများစုသည် သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ အစိမ်းရောင်အလင်း လက်သွားပြီး သိမ်းငှက်ဘုရင်လေးက ချီချင်ချန်၏ဘေးသို့ ရောက်သွားသည်ကိုသာ မြင်လိုက်ကြရသည်။ သူ၏ လက်သည်းစိမ်းများက ချီချင်ချန်၏ လက်မောင်းဆီ ဦးတည်နေပေပြီ။

“အာ...”

လူများစွာ ရင်ခုန်ရပ်သွား၏။ ထိုအခိုက်တွင် သူတို့သည် လက်သည်းစိမ်းများမှနေ၍ ပြိုင်ဘက်ကင်း အငွေ့အသက်တစ်ခုကို ခံစားလိုက်ကြရ၏။ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအ‌ဆောင်များ သို့မဟုတ် ရှေးဦးဝိညာဉ်ရတနာများနှင့် တာအိုကောင်းကင်ဝိညာဉ်ရတနာများပင် ထိုတိုက်ခိုက်မှုကြောင့် ပျက်စီးသွားလိမ့်မည်ဟု ထင်ရပေသည်။

“အံ့မခန်းပဲ”

ရီထူသည် မင်ရည်တောင်ပံမျိုးနွယ်နှင့် မစိမ်းသော်လည်း ထပ်၍ အထင်ကြီးသွားရသည်။ ရီထူမှာ ဘွဲ့ထူးရ နတ်ဘုရားဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး အုပ်ချုပ်သူအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် သူသာ သိမ်းငှက်ဘုရင်လေးနှင့် ယှဉ်ရမည်ဆိုလျှင် ထိုလက်သည်းချက်ကို ကာနိုင်လောက်မည် မဟုတ်ဟု သူယုံကြည်ပေသည်။

သို့သော်...

ဝိညာဉ်မျိုးနွယ်တွင်လည်း သူ့အားသာချက်နှင့်သူ ရှိသည်။ အကယ်၍ ရီထူက ပုန်းကွယ်ခြင်းအတတ်ကို သုံးလိုက်မည်ဆိုလျှင် သိမ်းငှက်ဘုရင်လေးသည် ရီထူကို လုံးဝရှာတွေ့လိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လာပါက ရီထူ အလစ်တိုက်ခိုက်နိုင်သည်။ သို့ဖြစ်ရာ မည်သူက အနိုင်ရလိမ့်မည်ကို အတပ်မပြောနိုင်ပါပေ။ သို့သော် ရီထူမှာ သိမ်းငှက်ဘုရင်လေးထက် အများကြီး ပိုအသက်ကြီးသူဖြစ်ရာ သိမ်းငှက်ဘုရင်လေးက အလွန်ပါရမီထူးသူဟု ဆိုရပေမည်။

ချီချင်ချန်က မလှုပ်သေးပေ။ သူမ၏ မျက်နှာကလည်း ကြောက်ရွံ့သည့် အရိပ်အယောင် တစ်ခုပင် မပြချေ။ သူမသည် လက်ချောင်းတစ်ချောင်းသာ ဆန့်ထုတ်လိုက်ပြီး သူမထံ ဦးတည်လာသည့် လည်သည်းစိမ်းများကို ညင်သာစွာ တို့လိုက်၏။ ပွဲကြည့်ပရိသတ်များ ပင့်သက်ရှိုက်လိုက်ကြသည်။ ချီချင်ချန်က ထိုမှထက်ရှသော လက်သည်းများကို ကာရန် အမှန်ပင် လက်ချောင်းတစ်ချောင်းသာ သုံးခဲ့ခြင်းလော။ သူမ၏ လှပသော လက်ချောင်းလေးက အပိုင်းပိုင်း ပြတ်မသွားနိုင်သလော။

ထန်း...

သိမ်းငှက်ဘုရင်လေးနှင့် ချီချင်ချန်တို့၏ တိုက်ခိုက်နှုန်းက အလွန်လျင်မြန်သဖြင့် လူအများစုသည် အလင်းတန်းများနှင့် သတ္တုချင်းထိတွေ့သံကဲ့သို့သော အသံတစ်သံကိုသာ ကြားလိုက်ရသည်။ လက်ချောင်းက အမှန်ပင် လက်သည်းစိမ်း၏ ဗဟိုကို ထိသွား၏။ သို့သော် လက်ချောင်းသည် အနည်းငယ်ပင် ထိခိုက်မသွားသလို ချီချင်ချန်၏ခန္ဓာကိုယ်ကလည်း ဆံချည်တစ်မျှင်မျှပင် ရွေ့မသွားချေ။ သိမ်းငှက်ဘုရင်လေးကမူ အနောက်သို့ လွင့်ပျံထွက်သွားပြီး လေထဲတွင် အကြိမ်အနည်းငယ် တုန်ယင်သွားသည်။ နောက်ဆုံးတွင် သိမ်းငှက်ဘုရင်လေးသည် တိုက်ပွဲစင်မြင့်ပေါ်သို့ ဒူးထောက်ပြုတ်ကျသွား၏။ တိုက်ပွဲကွင်းတစ်ကွင်းလုံးလည်း အတန်ငယ် တုန်ခါသွားသည်။

ရှူး...ရှူ...

ပွဲကြည့်စင်များမှနေ၍ ပင့်သက်ရှိုက်လိုက်သံများကို ထပ်မံကြားလိုက်ရ၏။ ပရိသတ်များသည် တိုက်ပွဲစင်မြင့်ပေါ်တွင် ‌ခေါင်းငုံ့၍ ဒူးထောက်ကျနေသော သိမ်းငှက်ဘုရင်လေးကို ကြည့်လိုက်ကြ၏။ ထို့နောက် လေထဲတွင် အေးအေးဆေးဆေး ရပ်နေသော ချီချင်ချန်ကို ဆက်ကြည့်လိုက်ကြသည်။ သူတို့ ကျောစိမ့်အောင် တုန်လှုပ်သွားကြပေသည်။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများက ထိုမျှပင် စွမ်းအားကြီးကြသည်လော။ သိမ်းငှက်ဘုရင်လေးက တိုက်ကွက်တစ်ကွက်သာ ထုတ်နိုင်လိုက်ပြီး ရှုံးသွားသည်လော။

ဝုန်း...

သိမ်းငှက်ဘုရင်လေးက အရှုံးပေးမည် မဟုတ်ချေ။ သူသည် တိုက်ပွဲစင်မြင့်ကို လက်ဖြင့်ပုတ်လိုက်ပြီး အတောင်များကို ဖြန့်ကာ အရှေ့သို့ ပျံသန်းသွားလိုက်၏။ သူသည် အစိမ်းရောင်အလင်းတန်း တစ်တန်းအလား ချီချင်ချန်ထံ ထပ်မံ ပျံဝင်သွားသည်။ သူ ချီချင်ချန်အနားသို့ လျင်မြန်စွာ ရောက်ရှိသွားသော်လည်း အစောမှအတိုင်း ချီချင်ချန်၏ လက်ချောင်းတစ်ချောင်းကြောင့် အနောက်သို့ လွင့်ပျံထွက်ကာ အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားရပြန်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ဖုန်း...ဖုန်း...ဖုန်း...

သိမ်းငှက်ဘုရင်လေးသည် အရှေ့သို့ အကြိမ်အနည်းငယ် အဆက်မပြတ် ထပ်ပျံသန်းသွားခဲ့၏။ သို့သော် အကြိမ်တိုင်း အနောက်သို့ ပြန်လွင့်ထွက်သွားသည်သာ။ သူ မည်မျှ မြန်လာပါစေ၊ မည်သည့်ထောင့်မှ တိုက်ခိုက်ပါစေ၊ မည်သည့်နေရာသို့ တိုက်ခိုက်ပါစေ ချီချင်ချန်၏ လက်ချောင်းချက်တစ်ချက်က သူ့ကို လွင့်ပျံထွက်သွားစေသည်ချည်းပင်။

ဝုန်း...

သိမ်းငှက်ဘုရင်လေး တိုက်ပွဲစင်မြင့်ပေါ်သို့ ထပ်မံ ပြုတ်ကျသွားသည်။ ဤတစ်ကြိမ်တွင် သူ စင်မြင့်ထက်၌ ဒူးထောက်၍ ချီချင်ချန်ကို မျက်နှာသေဖြင့် မော့ကြည့်လိုက်၏။ သူ ဆက်မတိုက်ခိုက်တော့ဘဲ ကြောက်မက်ဖွယ်ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ... အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က တကယ့်ကို စွမ်းအားကြီးတာပဲ။ ကျွန်တော် အနှစ်သာရတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းကို ဖမ်းဆုပ်မိထားပြီးပါပြီ... တစ်နှစ်အတွင်းမှာ ကျွန်တော်လည်း အုပ်ချုပ်သူအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ ချီချင်ချန်... ကျွန်တော် အဆင့်တက်သွားမဲ့အချိန်ကို စောင့်နေပါ။ အဲ့ကျရင် သခင်မလေးက ကျွန်တော့်ရဲ့ တိုက်ခိုက်မှုကို ကာနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့။ ဒီပွဲမှာ ကျွန်တော် ရှုံးပါတယ်”

ဝှစ်...

သိမ်းငှက်ဘုရင်လေးက နောက်လှည့်၍ ထွက်သွား၏။ သူသည် ပွဲကြည့်စင်သို့ မပြန်ဘဲ မြို့ဆီသို့သာ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။ သူက ချီချင်ချန်ထံတွင် ရှုံးနိမ့်ခဲ့သော်လည်း မာန်မာနအပြည့်နှင့် ရှိနေဆဲပင်။ သူ၏ နောက်ကျောပြင်က ထက်ရှသော ရတနာဓားတစ်လက်ကဲ့သို့ ဖြောင့်စင်းနေရာ အားလုံး အံ့ဩတကြီး ဖြစ်သွားရသည်။

ချီချင်ချန်က သိမ်းငှက်ဘုရင်လေးကို ပြန်မတုံ့ပြန်သလို ကြည့်လည်းမကြည့်လိုက်ပေ။ သူမ ခပ်လှမ်းလှမ်းရှိ ရီထူကိုသာ လှည့်ကြည့်လိုက်သည်။ ရီထူက ခေါင်းညိတ်၍ အော်ပြောလိုက်၏။

“ဘယ်သူ စိန်ခေါ်ချင်ပါသေးလဲ”

မည်သူမှ စိန်မခေါ်ဝံ့တော့ပေ။ သိမ်းငှက်ဘုရင်လေးပင် အရှုံးကို ဝန်ခံခဲ့ရရာ မည်သူက မိမိကိုယ်မိမိ အရှက်အကွဲခံ၍ စိန်ခေါ်ဝံ့ပါဦးမည်နည်း။

အ‌တော်ကြာအောင် စောင့်ပေးပြီးနောက် ရီထူ ကြေညာလိုက်သည်။

“ဒီလိုဆိုမှတော့ သိုင်းပြိုင်ပွဲရဲ့ နံပါတ်တစ်က ချီချင်ချန်ပါပဲ။ အခု နံပါတ်နှစ်နဲ့ နံပါတ်သုံးအတွက် ပြိုင်ပွဲစပါမယ်။ စည်းမျဉ်းတွေက အတူတူပါပဲ။ လူတိုင်း တစ်ကြိမ် ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ နောက်ဆုံးအထိ ကျန်ခဲ့တဲ့သူတွေကို နိုင်ပွဲအလိုက် အဆင့်ခွဲပါမယ်။ ဘယ်သူ အရင်စချင်ပါသလဲ”

“ကျွန်တော် စမယ်”

အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လေထဲ ပျံတက်လာပေသည်။ သူက အနက်ရောင်ဓားမြှောင်တစ်ချောင်းကို ကိုင်၍ ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် ရီဝူ အားလုံးနဲ့ လက်ရည်စမ်းကြည့်ချင်ပါတယ်”

ထုံးစံအရ ရီမျိုးနွယ်မှ လူများက ပြိုင်ပွဲကို စကြသည်ဖြစ်ရာ မည်သူမှ မအံ့ဩကြပေ။ ထိုရီဝူက ရီပုဟွေထက်ပင် ပါရမီထူးသည်။ သို့သော် သူက ရီမျိုးနွယ်၏ ပင်မမျိုးဆက်မှ မဟုတ်သဖြင့် သိပ်မကျော်ကြားချေ။ မည်သို့ပင်ဖြစ်စေ ဤနေရာက သူတော်စင်ဝိညာဉ်ဘုံဖြစ်၍ အိမ်ရှင်မှာ ရီမျိုးနွယ်ဖြစ်သည်။ ပွဲကြည့်စင်သုံးဘက်မှနေ၍ ရီဝူ၏ အမည်ကို အော်ကြွေးလိုက်သံများ အများအပြား ထွက်ပေါ်လာသည်။ မည်သူက ရှေ့ထွက်၍ ရီဝူနှင့် ယှဉ်ပြိုင်မည်ကို သူတို့ သိလိုနေကြပေသည်။

ဝှစ်...

မြောက်ဘက်ပွဲကြည့်စင်မှနေ၍ စစ်ချပ်ဝတ် ဝတ်ဆင်ထားသော ယောက်ျားတစ်ယောက်က အနက်ရောင်ဓားတစ်ချောင်းကို ဆွဲကိုင်၍ ပျံထွက်လာ၏။ သူ အေးစက်စက် လက်ဆုပ်ကာ ပြောလိုက်သည်။

“သူတော်စင်တစ်သောင်းဘုံက ကျူးချန်း သခင်လေးရီဝူနဲ့ လက်ရည်စမ်းချင်ပါတယ်”

ရွှီး...

ရီဝူက အဖြူရောင်အလင်း လက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွား၏။ ကျူးချန်းကလည်း ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ့ဓား လင်းလက်လာသည်။ တစ်စက္ကန့်အတွင်းမှာပင် သူ ဘယ်ဘက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်၏။ ထိုဘက်တွင် မီးပွားများ ထွက်လာပြီး အနက်ရောင်ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် ဓားမြှောင်သည် ရုတ်တရက် အလက်ထောင်ကျော် ကွဲထွက်သွား၏။ လေထဲတွင်လည်း ရီဝူများနှင့် ပြည့်နှက်သွားသည်။ သူတို့အားလုံးက ကျူးချန်းကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လိုက်ကြပေသည်။

“ကျား...”

ကျူးချန်းသည် လုံးဝတုန်လှုပ်မသွားဘဲ မာန်သွင်းအော်၍ လေထဲတွင် လှည့်ပတ်လိုက်၏။ သူ၏ဓားရှည်က တဝီဝီဖြင့် မွတ်နေအောင် လည်နေသည်။ သတ္တုချင်ထိခတ်သံများလည်း အဆက်မပြတ် ထွက်လာသည်။ ရီဝူများစွာနှင့် ဓားမြှောင်အားလုံး ပျောက်ကွယ်သွား၏။ နောက်ဆုံးကျန်ခဲ့သော ရီဝူက လျင်မြန်စွာ နောက်ပြန်ဆုတ်၍ လက်ဆုပ်ကာ ပြောလိုက်လေသည်။

“အစ်ကိုကျူး... ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

မျက်လုံးပေါင်းများစွာက ကျူးချန်းကို ကြည့်လိုက်ကြ၏။ ကျူးချန်း၏စစ်ချပ်ဝတ်နောက်ကျောဘက်တွင် ခုတ်ရာတစ်ချက် ရှိနေသည်။ အကယ်၍ ရီဝူကသာ မသက်ညှာခဲ့လျှင် ကျူးချန်း သေသွားခဲ့လောက်ပေသည်။ ကျူးချန်း ခေါင်းညိတ်လိုက်ပြီး သူ့ပွဲကြည့်ခန်းဆီသို့ ပြန်သွားလိုက်လေသည်။

ဝှစ်...

နောက်လူငယ်တစ်ယောက် ပျံထွက်လာ၏။ ပြိုင်ဘက်က အထက်ဘုံတစ်ခုလုံး၏ ဒုတိယအင်အားအကြီးဆုံး မျိုးနွယ်တစ်ခုမှဖြစ်သော်လည်း ယ‌နေ့ ဤနေရာရှိ ပါရမီရှင်များသည် အလွယ်တကူ အလျှော့ပေးကြမည် မဟုတ်ချေ။ သူတို့သည် လက်ရည်စမ်းရန် အလွန်စိတ်လှုပ်ရှားနေကြသည်။ ထို့ကြောင့်လည်း ဤသိုင်းပြိုင်ပွဲ ဖြစ်လာခဲ့ခြင်းပင်။

အပြင်တွင် တိုက်ပွဲများ ဖြစ်နေသော်လည်း ကျန်းရီ၏ မျက်နှာထားက မည်းမှောင်၍ တည်နေသည်။ သူသည် ပြိုင်ပွဲများကို လုံးဝစိတ်မဝင်စားပေ။ သူ ဝင်ပြိုင်လျှင်လည်း အနိုင်ရရန် အခွင့်အရေးမရှိကြောင်း သူသိသည်။

ကျန်းရီသည် စွမ်းရည်ပြိုင်ပွဲကို စောင့်၍ သူဝင်ပါရန် အခွင့်အရေးရှိမည်လောကို ကြည့်လိုနေသည်။ ယခုတွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိနေသည်။ သူ ပိုသန်မာလာရမည်။ ပိုသန်မာလာရန်အတွက် သူ လုံးဝအပါးခိုမည် မဟုတ်ချေ။ ထိုမှ သူ သူတော်စင်ဝိညာဉ်တောင်ကို ဖောက်ဝင်၍ ရီဖျောင်ဖျောင်ကို ကယ်နိုင်မည်၊ မင်ရည်တောင်ပံမျိုးနွယ်ကိုသွား၍ ကျန်းရှောင်နူကို ခေါ်ထုတ်နိုင်မည် ဖြစ်သည်။ သူ၏ကံကြမ္မာကို ပဲ့ကိုင်သူက သူသာဖြစ်ရမည်။ သူ့ကို တားသူတိုင်း သေရပေလိမ့်မည်။

***

All Chapters