← Chapters

စွမ်းရည်ပြိုင်ပွဲ

Vol. 105 Ch. 1458

စွမ်းရည်ပြိုင်ပွဲ

Vol. 105 Ch. 1458

ခြောက်နာရီကြာပြီးနောက် သိုင်းပြိုင်ပွဲ ပြီးဆုံးသွားသည်။ မိုဟွိုက်စန်း၊ ရွှမ်ယွမ်ဝူတိ၊ ကျိုးထျန်းဝမ်နှင့် ချင်ဟွမ်တို့အားလုံး ဝင်ပြိုင်ခဲ့သည်။ သို့သော် သူတို့ အနိုင်မရခဲ့ပေ။ ထို့ကြောင့် ရီဝူက သိုင်းပြိုင်ပွဲ နံပါတ်နှစ် ဖြစ်ခဲ့ပြီး ဘုံအသေးလေးတစ်ခုမှ ပါရမီရှင်တစ်ယောက်က နံပါတ်သုံး ဖြစ်ခဲ့သည်။

သို့သော် မည်သူကမှ အလွန်နောင်တရ၊ မချင့်မရဲ ဖြစ်မနေကြပေ။ ဘုံတစ်သောင်းပြိုင်ပွဲ၏ ရည်ရွယ်ချက်က လက်ရည်စမ်းခြင်းထက် ပိုပေသည်။ ဥပမာအားဖြင့် လူငယ်များက သူတို့၏ အရည်အချင်းများကို ထုတ်ပြခွင့်ရခြင်း၊ လက်ထပ်မဟာမိတ်ဖွဲ့ရန် ကြင်ဖက်ရှာနိုင်ခြင်းတို့ဖြစ်ကြသည်။

မျိုးနွယ်ကြီးများမှ သခင်မလေးအများစုသည် သူမတို့၏ဘုံမှ သခင်လေးများနှင့် လက်မထပ်ကြပေ။ ပုံမှန်အားဖြင့် သူမတို့သည် အခြားဘုံ၏ မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်ယောက်နှင့်သာ လက်ထပ်ကြသည်။ ထိုမှ မျိုးနွယ်နှစ်ခုစလုံးသည် ဘုံနှစ်ခုမှ အရင်းအမြစ်များ၊ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို ဝေမျှနိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် ရီထူကိုကြည့်ပါ။ သူ၏ဇနီးက ဝိညာဉ်မျိုးနွယ်မှ မဟုတ်ဘဲ အခြားဘုံကြီးတစ်ခုမှ ဘုံအရှင်၏မျိုးနွယ်မှ ဖြစ်သည်။ တိရှအရှင်၏ ဇနီးမှာလည်း ထို့အတူသာဖြစ်ပေသည်။

ဤနေရာရှိ သခင်လေးအများစုနှင့် သခင်မလေးအများစုတို့က ယနေ့ပြိုင်ပွဲတွင် ဝင်ပါခဲ့ပြီဖြစ်၍ ပြိုင်ပွဲ၏ရည်ရွယ်ချက်က ပြည့်ဝသွားပြီဟု ဆိုနိုင်သည်။ အားလုံးသည် အလွန်ရည်မွန်ခဲ့ကြပြီး သူတို့ အနိုင်ရကြောင်း ထင်ရှားသည်နှင့် တစ်ဘက်သူကို မထိခိုက်စေဘဲ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ကြသည်။ ဒဏ်ရာရသွားသူ အနည်းငယ် ရှိခဲ့သော်လည်း သေဆုံးသူတော့ မရှိခဲ့ပေ။ ထို့ကြောင့် ဤပြိုင်ပွဲက အောင်မြင်ပြီဟု ဆိုနိုင်ပေသည်။

ရီထူသည် အတန်ကြာ စောင့်ပေးပြီးသည်အထိ စိန်ခေါ်သူအသစ် ထွက်မလာ‌သဖြင့် ရလဒ်နှင့် အဆင့်များကို ကြေညာလိုက်သည်။ ပြီးနောက် သူ ဆက်ပြောသည်။

“စွမ်းရည်ပြိုင်ပွဲ စကြစို့”

“ဟေး...”

သိုင်းပြိုင်ပွဲနှင့် ယှဉ်လျှင် စွမ်းရည်ပြိုင်ပွဲက ပို၍စိတ်လှုပ်ရှားစရာ ကောင်းသည်။ သိုင်းပြိုင်ပွဲတွင် အကန့်အသတ်များရှိရာ သခင်လေးများနှင့် သခင်မလေးများသည် ပြိုင်ဘက်ကို မတော်တဆ သတ်မိမည်စိုးသဖြင့် အစွမ်းကုန် ထုတ်မသုံးကြပေ။ ထို့ကြောင့် သိုင်းပြိုင်ပွဲက စိတ်လှုပ်ရှားစရာ သိပ်မကောင်းချေ။ ကစားပွဲတစ်ခုနှင့် ပိုတူသည်။ သို့သော် စွမ်းရည်ပြိုင်ပွဲမှာ အကန့်အသတ်နည်းပေသည်။

စွမ်းရည်ပြိုင်ပွဲသည် စွမ်းအားအမျိုးမျိုး၊ ဆန်းကြယ်စွမ်းရည်အမျိုးမျိုးနှင့် လျှို့ဝှက်အတတ်အမျိုးမျိုးကို ထုတ်ပြရန်အချိန်ဖြစ်သည်။ နောက်ဆုံးတွင် ဒိုင်ဆယ့်ရှစ်ယောက်၏ အမှတ်များကို ပေါင်း၍ စွမ်းအားအကြီးဆုံး ဆန်းကြယ်စွမ်းရည်သုံးမျိုးနှင့် လျှို့ဝှက်အတတ်သုံးမျိုးကို ရွေးချယ်မည်ဖြစ်သည်။ စွမ်းရည်ပြိုင်ပွဲမှ ဆုလာဘ်များက သိုင်းပြိုင်ပွဲမှ ဆုလာဘ်များထက် များစွာပိုအဖိုးတန်သည်။ ယင်းမှာ လူငယ်များကို ဆန်းကြယ်စွမ်းရည်အမျိုးမျိုးနှင့် လျှို့ဝှက်အတတ်အမျိုးမျိုးကို ကျင့်ကြံချင်လာ‌အောင် အားပေးရန်ဖြစ်သည်။ ထို့ပြင် ပရိသတ်များက ပြိုင်ပွဲဝင်များ၏ စွမ်းရည်များကို ကြည့်ရင်း အကြံဉာဏ်အသစ်များ ရရှိလာစေရန်လည်းဖြစ်သည်။

“အရင်ဆုံး ဒီတစ်ခေါက် စွမ်းရည်ပြိုင်ပွဲရဲ့ ဆုတွေကို ကြေညာပါမယ်”

ရီထူ ‌အော်ပြောလိုက်သည်။

“စွမ်းရည်ပြိုင်ပွဲရဲ့ တတိယနေရာအတွက် ထိပ်တန်းအဆင့် နတ်ဘုရားဓားတစ်လက်ကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒုတိယနေရာအတွက်က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်နဲ့ နတ်ဘုရားအမြစ်သန်းသုံးဆယ်ပါ။ ပထမနေရာအတွက်ကတော့ နတ်ဘုရားအမြစ်သန်းငါးဆယ်၊ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်နဲ့ ရှေးဦးဝိညာဉ်ရတနာတစ်ခုကို ချီးမြှင့်မှာပါ။ အဲ့တော့... အဲ့ဆုတွေကို ရချင်တဲ့သူတိုင်း အစွမ်းကုန်သုံးပြီး ကိုယ့်ရဲ့ စွမ်းအားအကြီးဆုံး ဆန်းကြယ်စွမ်းရည်တွေနဲ့ လျှို့ဝှက်အတတ်တွေကို ပြသကြပါ”

“ဝိုး...”

ပြိုင်ပွဲကွင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ပွဲကြည့်ခန်းများထဲမှ သခင်လေးများနှင့် သခင်မလေးများလည်း စိတ်လှုပ်ရှားသွားကြသည်။ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များနှင့် နတ်ဘုရားအမြစ်များက သူတို့အတွက် မက်လောက်စရာ မဟုတ်ကြသော်လည်း ရှေးဦးဝိညာဉ်ရတနာမှာမူ မျက်စိကျစရာပင်။ မိုဟွိုက်စန်းကဲ့သို့သော သခင်မလေးများထံတွင်ပင် ရှေးဦးဝိညာဉ်ရတနာ မရှိကြပေ။ ၎င်းရတနာများကိုရရှိရန် အလွန်ခက်ခဲသည်။ ထို့ပြင် ရှေးဦးဝိညာဉ်ရတနာအများစုက အသိဉာဏ်ရှိကြ၍ ပိုင်ရှင်လွှဲပြောင်းမှုမျိုး မလုပ်နိုင်ကြပေ။

‘ရှေးဦးဝိညာဉ်ရတနာ’

ကျန်းရီ ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် မီးဝင်းဝင်းတောက်နေသည်။ ရှေးဦးဝိညာဉ်ရတနာက မည်မျှစွမ်းအားကြီးကြောင်းကို သူ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ပြီးပေပြီ။ ယခုတွင် ကောင်းကင်ဝါးမျိုသားရဲက အိပ်မောကျနေဆဲဖြစ်သော်လည်း ၎င်းနိုးထလာသည်နှင့် အနက်ရောင်မိုးကျောက်များ၊ ရွှေရောင်မီးကျောက်များကို စားကာ ဆက်ကြီးထွားလာမည်ဖြစ်သည်။ ၎င်း ပိုကြီးထွားလာသည်နှင့် မည်သည့်ဆန်းကြယ်စွမ်းရည်မျိုးကို ပိုင်ဆိုင်လာမည်ကို မည်သူက သိပါမည်နည်း။ အကယ်၍ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်စုကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မျိုးဖြစ်နေလျှင် အလွန်ကောင်းပေလိမ့်မည်။

ဝှစ်...

သခင်မလေးတစ်ယောက်က ပျံထွက်သွားသဖြင့် ကျန်းရီ သူမကို လှမ်းကြည့်လိုက်သည်။ အတန်ကြာ ကြည့်ပြီးနောက် ကျန်းရီ စိတ်ဓာတ်ထပ်ကျသွားသည်။ သူ မဟာနတ်ဘုရားအတတ်၊ ပေါင်းစည်းမီးတောက်များနှင့် ပုန်းကွယ်ခြင်းအတတ်တို့ကို ထုတ်မပြလျှင် ပထမအဆင့်ရရန် မဆိုထားနှင့် အဆင့်ကောင်းကောင်းရရန်ပင် ခက်ပေလိမ့်မည်။

ပုန်းကွယ်ခြင်းအတတ်မှာ ဝိညာဉ်မျိုးနွယ်၏ ဆန်းကြယ်စွမ်းရည်ဖြစ်သည်။ အကယ်၍ ကျန်းရီသာ ၎င်းကို အသုံးပြုလိုက်လျှင် သူမည်သူဖြစ်ကြောင်း ချက်ချင်း ပေါ်သွားပေလိမ့်မည်။ ထို့ပြင် ပုန်းကွယ်ခြင်းအတတ်မှာ ဝိညာဉ်မျိုးနွယ်မှလူတိုင်း အသုံးပြုနိုင်သော အတတ်ဖြစ်၍ မည်သို့မှ မထူးခြားပေ။ မဟာနတ်ဘုရားမျိုးနွယ်ကိုလည်း မျိုးနွယ်ရာဂဏန်းအနည်းငယ်က အင်အားပူးပေါင်း၍ ရှင်းပစ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင်လည်း မဟာနတ်ဘုရားမျိုးနွယ်၏ မျိုးဆက်အချို့တော့ ရှိနေနိုင်သေးသည်။ အကယ်၍ ကျန်းရီက မဟာနတ်ဘုရားအတတ်ကို ထုတ်သုံးလိုက်လျှင် မဟာနတ်ဘုရားမျိုးနွယ်၏ မျိုးဆက်တစ်ယောက်ဟု အမြင်ခံရကာ အသတ်ခံရပေလိမ့်မည်။

ပေါင်းစည်းမီးတောက်များမှာမူ စွမ်းအားကြီးသော်လည်း ပထမဆုံး ပျံထွက်လာသော ထိုသခင်မလေး၏ ဆန်းကြယ်စွမ်းရည်နှင့် မယှဉ်နိုင်ပေ။

ထိုသခင်မလေးက ပိုးစတစ်စကို ထုတ်၍ လေထဲတွင် ဝှေ့ယမ်းကာ ကခုန်လိုက်၏။ သူမ စတင်ကခုန်လိုက်သောအခါ ကောင်းကင်ထဲတွင် မရေတွက်နိုင်သော လေနဂါးများထွက်ပေါ်လာပြီး လှည့်ပတ်ပျံသန်းကာ ပွဲကြည့်စင်များပတ်ပတ်လည်တွင် လေပြင်းများ တိုက်ခတ်သွားစေ၏။ အင်အားမကြီးသော ပရိသတ်များသည် မတ်မတ်မရပ်နိုင်ကြတော့ပေ။ သူတို့၏ ဆံပင်များနှင့် ဝတ်ရုံများကလည်း လေထဲတွင် ဝဲလွင့်သွားကြပေသည်။

သို့သော် ထိုအဖြစ်များက ကြောက်စရာအကောင်းဆုံးအပိုင်း မဟုတ်သေး။ ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ထိုလေနဂါးများက စူးရှသော အော်သံများ ထုတ်လွှတ်လိုက်သောအခါ နတ်ဘုရားဧကရာဇ်အဆင့်အောက်ရှိ သိုင်းသမားအားလုံး အပြင်းအထန် ခေါင်းကိုက်သွားခြင်းပင်။ နတ်ဘုရားဧကရာဇ်များပင် အတန်ငယ် နာကျင်သွားကြသည်။ ထိုလေနဂါးအော်သံများက စိတ်ဝိညာဉ်တိုက်ခိုက်မှုပင်။ ထိုသခင်မလေးက ၎င်းဆန်းကြယ်စွမ်းရည်ကို အသုံးပြု၍ နတ်ဘုရားဧကရာဇ်အဆင့်အောက်ရှိ သိုင်းသမားတိုင်းကို ယှဉ်နိုင်လောက်သည်။ ထို့ပြင် သာမန်နတ်ဘုရားဧကရာဇ်များကလည်း သူမကို အလွယ်တကူ ကိုင်တွယ်နိုင်မည် မဟုတ်ချေ။

ကျန်းရီ၏ ပေါင်းစည်းမီးတောက်များက မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ထိုလေနဂါးများကဲ့သို့ပင် စွမ်းအားကြီးသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုသခင်မလေးက ပထမဆုံး စွမ်းရည်ပြသသူဖြစ်သည်။ သို့ဖြစ်ရာ သူမနောက်မှ စွမ်းရည်ပြသမည့်သူများ၏ ဆန်းကြယ်စွမ်းရည်များက မည်မျှပို၍ ကြောက်မက်ဖွယ်ကောင်းမည်နည်း။ တွေးကြည့်၍ပင် မရနိုင်ပေ။

မှန်၏။

ဒုတိယမြောက် ရှေ့ထွက်လာသူမှာ သခင်လေးတစ်ယောက်ဖြစ်သည်။ သူက အလွန်ထူးခြားသော စွမ်းရည်တစ်ခုကို ပြသလိုက်သည်။ သူ ကောင်းကင်စွမ်းအားလုံးများကို ကောင်းကင်ထဲ ပစ်လွှတ်လိုက်သောအခါ ကောင်းကင်တစ်ခုလုံး ရုတ်ခြည်း မှိန်သွားသည်။ ထို့နောက် တိုင်ပွဲကွင်းတစ်ခုလုံး ပျောက်ကွယ်သွားသည်ဟု ထင်လိုက်ရသည်။ ကျန်းရီ၊ တိလင်အာ၊ မိုဟွိုက်စန်းနှင့် အခြားသူများသည် သူတို့က ထူးဆန်းသော နယ်မြေတစ်ခုထဲ ရောက်သွားသည်ဟု ခံစားလိုက်ကြရ၏။ သို့သော် ရုတ်ခြည်းအတွင်းမှာပင် အားလုံး တိုက်ပွဲကွင်းထဲသို့ ပြန်ရောက်လာကြပေသည်။

ထိုသခင်လေးက သူ၏စွမ်းအားကို အသုံးပြု၍ ရာချီ၊ ထောင်ချီသော လူများကို ပုံရိပ်ယောင်နယ်မြေတစ်ခုထဲ ပို့လိုက်ခြင်းပင်။

တတိယတစ်ယောက်ကမူ သစ်သားဓာတ် ဆန်းကြယ်စွမ်းရည်တစ်ခုကို ပြသ၍ ကျန်းရီ၏အမြင်ကိုဖွင့်ပေးခဲ့၏။ ကျန်းရီသည် ထိုကဲ့သို့သော ဆန်းကြယ်စွမ်းရည်မျိုးကို ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ဤတိုက်ပွဲကွင်း၏ အောက်တွင် စွမ်းအားကြီး အကာအရံများ ရှိ၏။ သို့သော် ထိုသခင်လေး၏ ဆန်းကြယ်စွမ်းရည် ထွက်ပေါ်လာသည်နှင့် အောက်မှ အကာအရံများက စတင်လင်းလက်လာပြီး မြေကြီးထဲမှနေ၍ မရေမတွက်နိုင်သော သစ်ပင်ကြီးများ စတင် ပေါက်လာကြသည်။ တစ်မိနစ်အတွင်းမှာပင် တိုက်ပွဲကွင်းတစ်ခုလုံးက တောအုပ်ကြီးတစ်ခု ဖြစ်သွားလေသည်။

စတုတ္ထမြောက် ထွက်လာသူက ကျန်းရီကို လုံးဝမျှော်လင့်ချက်ကုန်သွားစေသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ လေထဲသို့ ပျံတက်သွားပြီး ဓားတစ်လက်ကို ထုတ်၍ သူ့ဘယ်ဘက်ခြေထောက်ကို ခုတ်ဖြတ်လိုက်သည်။ ခြေပြတ်က အောက်ဘက်သို့ ပြုတ်ကျသွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာပြီး ခြေထောက်က ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပြန်ပေါက်လာသည်။ သို့သော် ထိုသခင်လေး၏ ဓားက မရပ်တန့်သေးပေ။ သူက သူ၏ညာဘက်ခြေထောက်ကိုလည်း ဆက်ခုတ်ဖြတ်လိုက်သည်။ ညာဘက်ခြေထောက် ပြန်ပေါက်လာသောအခါတွင် ဘက်ဘက်ခြေထောက်ကို ထပ်ဖြတ်ပြန်သည်။

ဘုန်း...ဘုန်း...ဘုန်း...

လေထဲမှနေ၍ ခြေပြတ်များ တစ်ချောင်းပြီးတစ်ချောင်း ကျဆင်းလာသည်။ အောက်ဘက်မှ တောအုပ်က ပျောက်သွားပြီးပြီဖြစ်၍ ယခုတွင် အောက်ဘက်၌ သွေးချင်းချင်းရဲနေသော ခြေပြတ်များနှင့် ပြည့်နှက်နေပေသည်။ ခြေပြတ်သုံးဆယ်ကျော်လာသောအခါ ရီထူသည်ပင် ဆက်မကြည့်နိုင်တော့ချေ။ သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“တော်ပြီ... မင်း ဆက်ပြသစရာ မလိုတော့ပါဘူး။ မင်းရဲ့ဆန်းကြယ်စွမ်းရည်က... အရမ်းကောင်းတယ်။ အရမ်းအစွမ်းထက်တယ်”

“အဲ့ဒါက ဘာဆန်းကြယ်စွမ်းရည်အမျိုးအစားလဲ”

ကျန်းရီသည် ခြေပြတ်များကို ကြည့်၍ တိလင်အာကို မေးလိုက်၏။ တိလင်အာက အန်ချင်သလို မျက်နှာထားဖြင့် အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ ပြန်ဖြေ၏။

“အဲ့ဒါက အလင်းဓာတ် စည်းမျဉ်းလျှို့ဝှက်အတတ် ဖြစ်လောက်တယ်။ အဲ့အတတ်ရဲ့ ကုသစွမ်းရည်က အရမ်းစွမ်းအားကြီးတယ်။ ဦးနှောက်က အစိတ်စိတ်အမွှာမွှာ အလုပ်မခံရသေးဘူးဆိုရင်၊ စိတ်ဝိညာဉ်က တစ်စုတစ်စည်းတည်း ရှိနေဦးမယ်ဆိုရင် ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ချက်ချင်း ပြန်ဖန်တီးနိုင်တယ်”

“ရူးချင်စရာပဲ”

ကျန်းရီ နှာခေါင်းကုတ်လိုက်၏။ ထောင်ချီသော ဘုံးများတွင် အမှန်ပင် အံ့အားသင့်ဖွယ်အရာများစွာ ရှိပေသည်။ ထိုသခင်လေးက သတ်၍မရနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ပင်။ သူသည် တိုက်ပွဲတွင် တမင် ရန်သူကို သူ၏ခေါင်းကို ဖြတ်ခွင့်ပေးနိုင်ပေသည်။ ပြီးနောက်မှ ခန္ဓာကိုယ်ကို ရုတ်တရက် ပြန်ဖန်တီးကာ အလစ်တိုက်ခိုက်နိုင်လေသည်။

သခင်လေးများနှင့် သခင်မလေးများက သူတို့၏ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို တစ်လှည့်စီ ပြသနေကြ၏။ ကျန်းရီ လုံးဝ စိတ်ဓာတ်ကျနေပေပြီ။ သူ၏လက်ရှိစွမ်းရည်နှင့် သူ့ကိုယ်သူ အရှက်မခွဲရန် ဆုံးဖြတ်လိုက်သည်။ သူ မဟာနတ်ဘုရားအတတ်ကို သုံး၍ သူ့ခန္ဓာကိုယ်ကို အဆတစ်ရာပိုသန်မာသွားအောင် လုပ်ပြလိုက်လျှင်ပင် ထိုသခင်လေးများ၊ သခင်မလေးများ ပြသနေသော စွမ်းရည်များနှင့် ယှဉ်နိုင်ဦးမည် မဟုတ်ချေ။

“ကျန်းရီ... ကျွန်မလည်း ဝင်ပြိုင်မှာ။ ရှင် ကျွန်မအတွက် လက်ခုပ်တီးပေးရမယ်နော်”

တိလင်အာ၏ လက်ထဲတွင် ဗျပ်စောင်းအိုတစ်ခု ထွက်ပေါ်လာ၏။ သူမ ကျန်းရီကို ပြုံးပြလိုက်ပြီး မိုဟွိုက်စန်းနှင့် အခြားသူများကို ခေါင်းဆတ်ပြကာ အပြင်သို့ ပျံထွက်သွားလိုက်သည်။ အဘယ်ကြောင့် တိလင်အာက သိုင်းပြိုင်ပွဲတွင် ဝင်မပြိုင်ခဲ့ဘဲ ယခု စွမ်းရည်ပြိုင်ပွဲတွင်မှ ဝင်ပြိုင်ရသနည်း။ သူမတွင် အလွန်စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်အချို့ ရှိနေသည်လော။

***

All Chapters