သူနှင့်သာ ထိုက်တန်သည်
Vol. 105 Ch. 1459
တိလင်အာက လေထဲတွင် ရပ်မနေဘဲ တိုက်ပွဲစင်မြင့်ပေါ်သို့ သွားလိုက်၏။ ဝိညာဉ်မျိုးနွယ်မှ လူများသည် တိုက်ပွဲစင်မြင့်ပေါ်မှ သွေးများကို ဆေးကြောထားပြီးဖြစ်သည်။ တိလင်အာသည် စင်မြင့်ပေါ်သို့ ရောက်သောအခါ လက်စွပ်ထဲမှနေ၍ သစ်သားစားပွဲတစ်လုံးနှင် ခွေးခြေခုံတစ်လုံးကို ထုတ်လိုက်၏။ သူမသည် ခွေးခြေခုံပေါ်၌ ထိုင်ကာ ဗျပ်စောင်းကို စားပွဲပေါ်တင်၍ ခေါင်းမော့ပြုံးပြလိုက်သည်။
တိလင်အာက အလွန်လှပသူတစ်ယောက်ဟု မဆိုသာသော်လည်း သူမ၏ အငွေ့အသက်မှာ အသိအမှတ်ပြုဖွယ်ပင်။ သူမသည် အိမ်နီးချင်း၏သမီးကဲ့သို့ ချိုသာသည့်အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုအခိုက်တွင် လေညင်းလေးတစ်ခုက သူမ၏ဝတ်စုံကို ဝဲလွင့်သွားစေ၏။ ထို့နောက် သူမ၏ လှပသောလက်ချောင်းလေးများက ဗျပ်စောင်းအိုကို စတင်တီးခတ်လေသည်။ ထိုမြင်ကွင်းမှာ ရင်ထဲကိုထိစေသော မြင်ကွင်းတစ်ခုပင်။
တင်...တောင်...
တိလင်အာက စောင်းကြိုးတစ်ချောင်းကို တီးခတ်လိုက်ရာ စောင်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ ယင်းနောက် သူမ မျက်စိမှိတ်၍ တေးသွားတစ်ပုဒ်ကို အေးချမ်းစွာ စတင်တီးခတ်လိုက်သည်။ တိုင်ပွဲကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ သို့သော် လူများစွာသည် စတင်၍ စိတ်ဝင်စားလာကြ၏။ ဤမတိုင်ခင်တွင် ထူးခြားသော ဆန်းကြယ်စွမ်းရည်များစွာကို ပြသခဲ့သည်။ အဘယ်ကြောင့် ထိုသခင်မလေးက စောင်းတီးပြနေသနည်း။ ထို့ပြင် သူမ တီးခတ်နေပုံတွင် မည်သည့်ထူးခြားမှုမှလည်း ရှိမနေချေ။ သူမက သခင်လေးအချို့၏ အာရုံစိုက်မှုကို ခံရအောင် လုပ်နေခြင်းလော။
‘နတ်ဘုရားအသံကောင်းကင်အတတ်’
သို့သော် ကျန်းရီကမူ တိလင်အာ၏ တီးခတ်မှုမှနေ၍ ထင်ရှားသောကွဲပြားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမ၏တီးခတ်မှုထဲတွင် ခံစားချက်အနည်းငယ်ပါသော်လည်း ထိုခံစားချက်ကို အလွန်ကောင်းမွန်စွာ ဝှက်ထားခြင်းပင်။ ကျန်းရီသည် နတ်ဘုရားအသံကောင်းကင်အတတ်ကို အဆင့်တစ်ခုရောက်အောင် တတ်မြောက်ထား၍ ၎င်းခံစားချက်ကို ချက်ချင်းအာရုံရလိုက်ရခြင်းဖြစ်သည်။ စိတ်ဝိညာဉ် မသန်မာသည့် သိုင်းသမားများက ထိုအသံ၏ တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။
မျှော်လင့်ထားသကဲ့သို့ပင်။
အချိန်ကြာလာသည်နှင့်မျှ လူများသည် ရုတ်တရက် ရီဝေလာကြ၏။ တေးသွားက အလွန်စိတ်ညှိုးနွမ်းဖွယ်ကောင်းသည်။ ၎င်းတေးသွားက တစ်ဘက်သတ်အချစ်ဇာတ်လမ်းတစ်ခုကို ပြောရန်ကြိုးစားနေသည်ဟု အားလုံးခံစားသွားရသည်။
တိလင်အာက မျက်လုံးမှိတ်ထားပြီး ချိုသာစွာ ပြုံးထားသည်။ သို့သော် အားလုံးသည် သူမထံမှနေ၍ အထီးကျန်မှုနှင့် ခါးသီးမှုတို့ကို ခံစားနေရသည်။ ထိုတေးသွားက သူမ၏ မစခင်မှာပင် ဆုံးခဲ့သည့် အချစ်ဇာတ်လမ်းလေးကို ပြောပြနေသကဲ့သို့ပင်။ မျိုးနွယ်ကြီးများမှ သခင်မလေးများ၏ မိမိတို့၏ အိမ်ထောင်ရေးကို မိမိတို့ဘာသာ မထိန်းချုပ်နိုင်မှုအတွက် ညည်းတွားနေသလိုပင်။ သူမတို့သည် သူမတို့ မချစ်မနှစ်သက်သော သူများနှင့်သာ လက်ထပ်ကြရပေသည်။
‘သိမ်းငှက်ဘုရင်လေး’
ကျန်းရီသည် မောက်မာ၍ ထက်မြတ်သော ယောက်ျားတစ်ယောက်ကို တွေးလိုက်မိ၏။ သိမ်းငှက်ဘုရင်လေး၏ လူပုံအလယ်တွင် ချီချင်ချန်ကို ချစ်ရေးဆိုခဲ့မှုက သခင်မလေးများစွာကို အသည်းကွဲသွားစေခဲ့ပုံပင်။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်သောအခါ မျိုးနွယ်ကြီးများနှ သခင်မလေးများက တိတ်တဆိတ် ငိုကြွေးနေကြပြီး သခင်လေးများက တိုက်ပွဲစင်မြင့်ပေါ်ရှိ အထီးကျန်နေသော မိန်းမပျိုလေးကို သနားစွာ ကြည့်နေကြသည်။ သူတို့သည် သူမကို ဖက်၍ အနွေးဓာတ်အချို့ပေးလိုနေကြပုံလည်း ပေါ်ပေသည်။
လူများ၏ အကြည့်များက စတင်ရီဝေလာကြသောအခါ ကျန်းရီသည်လည်း အတန်ငယ် သက်ရောက်ခံလိုက်ရသည်။ သူက နတ်ဘုရားအသံကောင်းကင်အတတ်ကို ကောင်းစွာခုခံနိုင်သော်လည်း လက်ရှိမြင်ကွင်းက ခံစားချက်များကို ပံ့ပိုးပေးထားပေသည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ ရီချန်နှင့် အခြားသူများအကြောင်းကို တွေးမိလာပြီး ပြန်သွားလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ ကျန်းရှောင်နူက သူနှင့် အလွန်နီးကပ်နေသော်လည်း သူ့ကို မမှတ်မိခြင်းနှင့် ရီဖျောင်ဖျောင်ကို သူတော်စင်အကျဉ်းထောင်၏ ဆယ့်ရှစ်ထပ်မြောက်တွင် တွေ့ခဲ့ရခြင်းတို့ကို တွေးမိသောအခါ သူ့မျက်ဝန်းများလည်း ရီဝေလာတော့သည်။
တိလင်အာ၏ နတ်ဘုရားအသံကောင်းကင်အတတ်က မြင့်မားသောအဆင့်သို့ မရောက်သေးပေ။ သူမသည် ကျန်းရီလောက်လည်း နက်နက်ရှိုင်းရှိုင်း မသိမြင်နားမလည်သေးပေ။ သို့သော် သူမ၏စိတ်ဝိညာဉ်က အလွန်သန်မာရာ သူမ၏အတတ်ကို ကောင်းစွာဖုံးကွယ်ထားနိုင်သဖြင့် လူများစွာသည် မသိလိုက်ဘဲ သက်ရောက်ခံလိုက်ကြရလေသည်။ တိလင်အာ၏တေးသွား မဆုံးသေးခင်မှာပင် ပွဲကြည့်စင်သုံးဘက်၌ အသိစိတ်ကပ်နေသေးသူ အနည်းငယ်သာ ကျန်တော့ပေသည်။ ထိုလူအနည်းငယ်သည်လည်း အနည်းငယ် သက်ရောက်ခံရကာ လွမ်းဆွတ်နေကြပုံပေါ်လေသည်။
မြောက်ဘက်ရှိ ပွဲကြည့်ခန်းများထဲမှ သခင်မလေးများ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ လျှံတက်နေကြသည်။ မိုဟွိုက်စန်း၏ ဝတ်စုံသည်လည်း မျက်ရည်ရွှဲနေပေပြီ။ မူလတွင် တိလင်အာအပေါ် ခံစားချက် သိပ်မရှိခဲ့သော ကျိုးထျန်းဝမ်နှင့် ချိုးဟွမ်တို့သည်ပင် ယခု၌ သူမအပေါ် အမြင်ပြောင်းလာသည်။ သူတို့က သူမ၏ ညှို့ငင်မှုကို နက်နက်ရှိုင်းရှိုင်း ခံနေရပေသည်။
တေးသွားအဆုံးသတ်သွားသောအခါ တိလင်အာက ချိုသာစွာပြုံး၍ ဗျပ်စောင်းကိုကိုင်ကာ ထရပ်လိုက်ပြီး အားလုံးကို ဦးညွှတ်လိုက်သည်။
လူများသည် လျင်မြန်စွာ အသိပြန်ကပ်လာကြ၏။ ထို့နောက် ပွဲကြည့်စင်သုံးဘက်မှသာ မဟုတ်ဘဲ မြောက်ဘက်ရှိ ပွဲကြည့်ခန်းများမှနေ၍လည်း ကျယ်လောင်သော လက်ခုပ်လက်ဝါးတီးသံများ ထွက်ပေါ်လာသည်။ တိလင်အာ၏ ဆန်းကြယ်စွမ်းရည်က စွမ်းအားအကြီးဆုံး မဟုတ်သော်လည်း အကျယ်ဆုံး လက်ခုပ်သံများကို ရရှိခဲ့ပေသည်။
တိလင်အာသည် အတန်ငယ် ရှက်ရွံ့သွားဟန်ဖြင့် ထပ်မံ၍ ဦးညွှတ်ကာ သူမ၏ ပွဲ့ကြည့်ခန်းသို့ ပြန်သွားလိုက်၏။ သူမ ပွဲကြည့်ခန်းထဲသို့ ရောက်သောအခါ ကျန်းရီက မျက်လုံးမှိတ်ထားဆဲဖြစ်ကြောင်း မြင်လိုက်၍ အံ့အားသင့်သွားသည်။ မိုဟွိုက်စန်းတို့က အသိပြန်ကပ်နေကြပြီဖြစ်သည်။ ယခုတွင် သူမတို့သည် တိလင်အာကို ကွဲပြားသော အကြည့်များနှင့် ကြည့်နေကြပေပြီ။ ဤမတိုင်ခင်က ရွှမ်ယွမ်ဝူတိတို့သည် တိလင်အာက မိုဟွိုက်စန်းထက် တစ်ဆင့်နိမ့်သည်ဟု တွေးခဲ့ကြသည်။ ယခုတွင်မူ သူတို့သည် တိလင်အာက သူတို့နှင့် ပခုံးခြင်းယှဉ်နိုင်သည်ဟု ခံစားနေကြရပေသည်။
“ဟေ့...”
တိလင်အာသည် ထိုင်လိုက်ပြီးနောက် ကျန်းရီကို ပုတ်နှိုးရန် လုပ်လိုက်၏။ သို့သော် သူမ၏ခေါင်းထဲတွင် မိုလင်းချိုး၏အသံ ထွက်ပေါ်လာသည်။
“သူ့ကို မထိနဲ့... သူက တစ်ခုခုကို သိမြင်နားလည်သွားတာ”
‘တစ်ခုခုကို သိမြင်နားလည်သွားတာလား’
တိလင်အာ အံ့ဩသွား၏။ ယခုကဲ့သို့သော အချိန်တွင် ကျန်းရီကို တစ်စုံတစ်ခုကို သိမြင်နားလည်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ သူမ၏ တေးသွားက တစ်စုံတစ်ခုကို နှိုးဆွနိုင်ခဲ့ခြင်းလော။ သူမသည် အကြောင်းကို မတွေးနိုင်သော်လည်း ကျန်းရီကို မနှောင့်ယှက်တော့ဘဲ တိတ်တဆိတ်သာ ထိုင်နေလိုက်လေသည်။
မိုဟွိုက်စန်းတို့ကလည်း မိုလင်းချိုး၏ အသံပို့လွှတ်မှုကို ကြားခဲ့ပုံပင်။ သို့သော် သူမတို့သည် အစကတည်းက ကျန်းရီကို စကားပြောရန် စိတ်ကူး မရှိပါပေ။ သူမတို့က အပြင်ဘက်မှ စွမ်းရည်ပြသမှုများကိုသာ ပြန်ကြည့်နေကြပေသည်။
အချိန်ကုန်လာသည်နှင့်အမျှ ရှေ့ထွက်လာသူများ နည်းလာသည်။ စိတ်တက်ကြွနေသူများလည်း များစွာမရှိတော့ပေ။ အရှေ့တွင် ပြသသွားခဲ့သော ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များက အလွန်စွမ်းအားကြီးရာ ကျန်လူများသည် ၎င်းတို့ကို ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိကြပေ။ သူတို့ ရှေ့ထွက်လိုက်လျှင် သူတို့ကိုယ်သူတို့ အရှက်ခွဲသလိုသာ ဖြစ်နေပေလိမ့်မည်။
အစတွင် ရွှမ်ယွမ်ဝူတိတို့သည် သူတို့၏ စွမ်းရည်များကို ပြသလိုခဲ့ကြ၏။ သို့သော် နောက်ဆုံး၌ ဤတစ်ကြိမ်တွင် ပွဲကြည့်ပရိသတ်သာ လုပ်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ ရှေ့ထွက်လာသူအရေအတွက်က နည်းလာသော်လည်း ပြသသော ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များမှာ အစွမ်းထက်နေဆဲဖြစ်သည်။ ကျန်းရီက မျက်လုံးမှိတ်ကာ ဆင်ခြင်သုံးသပ်နေသဖြင့် ၎င်းတို့ကို ကြည့်၍မသင်ယူနိုင်ခဲ့ခြင်းမှာ နှမြောစရာပင်။
နှစ်နာရီကြာပြီးနောက် စွမ်းရည်ပြိုင်ပွဲတွင် လူတစ်ရာကျော် ပါဝင်ခဲ့ပြီးပေပြီ။ ယခု ငါးမိနစ်စောင့်ပြီးနောက်၌ပင် လူအသစ် ထပ်ထွက်မလာတော့ပေ။ ရီထူသည် တစ်ခဏ ထပ်စောင့်လိုက်ပြီးနောက် အရှေ့သို့ ပျံသန်းကာ လေထဲတွင်ရပ်ကာ မေးလိုက်၏။
“ဘယ်သူ ပြိုင်ချင်ပါသေးလဲ”
လုံးဝတိတ်ဆိတ်နေ၏။ ရီထူသည် ဝေ့ဝဲကြည့်လိုက်ပြီးနောက် မြောက်ဘက်ပွဲကြည့်စင်၏ အမြင့်ဆုံးအထပ်မှ ပွဲကြည့်ခန်းဆယ့်ရှစ်ခန်းကို လှမ်းကြည့်ကာ ပြောလိုက်၏။
“ဘယ်သူမှ ရှေ့ထွက်မလာတော့ဘူးဆိုတော့ အဆင့်ခွဲဖို့ စကြတာပေါ့”
“နေပါဦး”
မြောက်ဘက်ပွဲကြည့်စင် ဒုတိယအတန်း အလယ်လောက်ရှိ ပွဲကြည့်ခန်းတစ်ခန်းထဲမှနေ၍ အသံတစ်သံ ထွက်လာ၏။ ထို့နောက် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက် ပျံထွက်လာသည်။ သူ ဝတ်ဆင်ထားသော ငွေမျက်နှာဖုံးက နေရောင်အောက်တွင် တလက်လက်တောက်ပနေရာ သူက အလွန်ခံ့ညားနေပေသည်။
“ကျန်းရီ... မင်း ဘာလုပ်ဖို့ ကြံနေပြန်ပြီလဲ။ မင်း ရုတ်ရုတ်ရက်ရက်လုပ်ရင် ငါ မင်းကို ချက်ချင်း သတိမေ့သွားအောင် လုပ်လိုက်မှာနော်”
မိုလင်းချိုး၏ အသံပို့လွှတ်မှုက ရုတ်ခြည်း ရောက်ရှိလာ၏။ ကျန်းရီသည် အထက်ရှိ ပွဲကြည့်ခန်းတစ်ခန်းထဲရှိ မိုလင်းချိုးကို လှမ်းကြည့်၍ အသံပြန်ပို့လွှတ်လိုက်၏။
“မစိုးရိမ်ပါနဲ့ အရှင်မို... ကျွန်တော် ဒီကိုလာခဲ့တာ ပေါက်ကရတွေလုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူဆိုတာလည် မပေါ်စေရပါဘူး။ ကျွန်တော်က စွမ်းရည်ပြိုင်ပွဲမှာ ပထမရချင်ရုံပါ”
“အာ...”
မိုလင်းချိုး အတန်ငယ် ဆွံ့အသွား၏။ ထိုကောင်လေးက ရူးသွားပြီလော။ အလွန်ထူးခြားသော ဆန်းကြယ်စွမ်းရည်းများစွာကို မြင်ပြီးနောက် မိုလင်းချိုးနှင့် အခြားဒိုင်များသည် ထိပ်တန်းသုံးခုကို ဆုံးဖြတ်ရွေးချယ်ထားပြီးဖြစ်သည်။ သို့သော် ကျန်းရီက သူ၏ ပါချီပါချက် စွမ်းရည်များကို ပြသလိုနေသည်လော။
“ဝိုး...”
ကျန်းရီ ထွက်လာသောအခါ မြောက်ဘက်ရှိ ပွဲကြည့်ခန်းများထဲတွင် ဆူညံသွား၏။ စုဝေးပွဲနေ့တွင် ချီချင်ချန်က ထိုသူ၏ဘေးတွင် ထိုင်ခဲ့သည် မဟုတ်လော။ သိမ်းငှက်ဘုရင်လေးကပင် သူ့ကို အာရုံစိုက်ခဲ့သေးသည် မဟုတ်လော။ ယင်းအပြင် ထိုဆန်းကြယ်သောမျက်နှာဖုံးက အလွန်ထူးဆန်းသဖြင့် လူများစွာသည် သူ့အပေါ်တွင် နက်ရှိုင်းသောအမြင် ရှိကြပေသည်။
“သူက တကယ်ပဲ ရှေ့ထွက်သွားတာလား။ သူ့ကိုယ်သူ အရှက်ခွဲချင်နေတာလား”
မိုဟွိုက်စန်းက အေးစက်စက် ရေရွတ်လိုက်၏။ ကျိုးထျန်းဝမ်တို့ကလည်း မျက်လုံးပင့်လိုက်ကြသည်။ ကျန်းရီက လွန်ခဲ့သော ရက်ပိုင်းကမှ အထက်ဘုံသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ သူက တိရှဘုံကို အရှက်ရစေတော့ပေမည်။
ရီထူသည် ကျန်းရီကို အကြိမ်အနည်းငယ် ကြည့်ပြီးနောက် အတန်ငယ် စိတ်မသက်မသာ ဖြစ်သွား၏။ ကျန်းရီက ရလဒ်ကြေညာတော့မည့် အချိန်မှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်လော။ သို့သော် ရှေ့ရက်တွင် ကျန်းရီက ချီချင်ချန်နှင့်အတူ ရှိနေခဲ့သူဖြစ်၍ ရီထူ ချီချင်ချန်၏ မျက်နှာကို ထောက်ထားရပေမည်။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ... မင်းကလည်း စွမ်းရည်ပြသချင်မှတော့ စပါ”
ကျန်းရီ တိုက်ပွဲစင်မြင့်ဆီသို့ ပျံဆင်းသွားလိုက်သည်။ ထို့နောက် သူ ခေတ္တမျှ တွေးတောလိုက်ပြီး သူ၏ပွဲကြည့်ခန်းကို ပြန်ကြည့်၍ ပြောလိုက်၏။
“သခင်မလေးလင်အာ.. ကျွန်တော် သခင်မလေးရဲ့ ဗျပ်စောင်းအိုကို ငှားလို့ရမလား”
“အဟင်း...”
ပွဲကြည့်စင်သုံးဘက်မှ လူများစွာသည် ကျန်းရီကို စတင် လှောင်ပြောင်လိုက်ကြ၏။ သူက ကိုယ်ပိုင်ဗျပ်စောင်းမရှိဘဲနှင့်ပင် ဗျပ်စောင်းတီးခတ်လိုနေသေးသည်လော။ သူက ဟာသလုပ်ရန် ရှေ့ထွက်လာခဲ့ခြင်းလော။
“လူထုရေးရာ မဟာဝန်မင်း... ဒီမှာပါ”
တိလင်အာသည် ပွဲကြည့်ခန်းထဲမှ ပျံထွက်၍ သူမ၏ဗျပ်စောင်းကိုထုတ်ကာ ပစ်ပေးလိုက်၏။ ကျန်းရီက ဗျပ်စောင်းကို လက်နှစ်ဘက်ဖြင့် ဖမ်းလိုက်သည်။ သူသည် သူ့လက်စွပ်ထဲမှနေ၍ စားပွဲတစ်လုံးကိုပင် ထုတ်မနေတော့ဘဲ စင်မြင့်ပေါ်တွင်ပင် ထိုင်ချကာ ဗျပ်စောင်းကို သူ့ပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် သူ စောင်းကြိုးစမ်းလိုက်ရာ နားမခံသာသောအသံတစ်သံ ထွက်ပေါ်လာလေသည်။
လူများစွာသည် ကျန်းရီ စောင်းကြိုးစမ်းနေပုံကို ကြည့်ရင်း ဆွံ့အနေကြသည်။ ကျန်းရီက ဗျပ်စောင်းမတီးတတ်ပါပေ။ သို့ဆိုလျှင် သူက ပြဿနာရှာရန် ထွက်လာခြင်းလော။
ရီထူသည် အတန်ကြာ ကြည့်နေပြီးနောက် ကျန်းရီက ယခုမှ ဗျပ်စောင်းကို မည်သို့တီးရမည်ကို လေ့ကျင့်နေကြောင်း တွေ့သောအခါ စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ ပါးစပ်ဟတော့မည့်အချိန်တွင် သူ့ခေါင်းထဲ၌ ချီချင်ချန်၏အသံ ထွက်ပေါ်လာ၏။
“သူ့ကို မနှောင့်ယှက်ပါနဲ့။ ကျွန်မထင်တာ မမှားဘူးဆိုရင် စွမ်းရည်ပြိုင်ပွဲရဲ့ ပထမနေရာက သူနဲ့ပဲ ထိုက်တန်လိမ့်မယ်”
***