← Chapters

နေရာကို ထိန်းချုပ်ထား

Vol. 105 Ch. 1460

နေရာကို ထိန်းချုပ်ထား

Vol. 105 Ch. 1460

‘စွမ်းရည်ပြိုင်ပွဲရဲ့ ပထမနေရာလား’

ထိုသို့ပြောခဲ့သူက ချီချင်ချန်သာ မဟုတ်လျှင် ရီထူ နှာခေါင်းရှုံ့မိသွားပေလိမ့်မည်။ သူ၊ မိုလင်းချိုးနှင့် အခြားဒိုင်များသည် ခြေထောက်များကို ပြန်ပေါက်အောင် လုပ်နိုင်ခဲ့သူကို စွမ်းရည်ပြိုင်ပွဲ၏ ပထမနေရာပေးရန် ဆွေးနွေးဆုံးဖြတ်ထားခဲ့ပြီးပေပြီ။

ထိုလူက အလွန်ခက်ခဲသော ဆန်းကြယ်စွမ်းရည်တစ်ခုကို ကျွမ်းကျင်အဆင့်ရောက်အောင် ကျင့်ကြံထားနိုင်သည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်းက မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ ထို့ကြောင့် ဒိုင်များသည် သူ့ကို ပထမပေးကာ ဆက်၍ပျိုးထောင်ပေးရန် ကြံရွယ်ထားကြသည်။ သူ အဆင့်တစ်ခုသို့ ရောက်သွားလျှင် သူတို့ သူ့ကို ‌ကောင်းကင်ဘုံသို့ စေလွှတ်နိုင်ပေသည်။ ကောင်းကင်ဘုံမှ သိုင်းသမားများနှင့် တမလွန်ဘုံစစ်တပ်တို့ တိုက်ခိုက်ရာတွင် သူ့ကဲ့သို့သော လူတစ်ယောက် ရှိနေလျှင် သူတို့ဘက်က အဆုံးအရှုံး နည်းပေလိမ့်မည်။ သူတစ်ယောက်က တပ်သားတစ်သန်းနှင့် ညီမျှပေသည်။

ချီချင်ချန်ကဲ့သို့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ထိုပါရမီရှင်၏ အရေးပါပုံကို သေချာပေါက် နားလည်ပေလိမ့်မည်။ သို့ပင်လျှင် အဘယ်ကြောင့် သူမက ကျန်းရီသာ ပထမနေရာနှင့် ထိုက်တန်သည်ဟု ပြောရသနည်း။ သို့သော် ချီချင်ချန်က ထိုသို့ပြောခဲ့ပြီဖြစ်၍ ရီထူ ကျန်းရီကို နှောင့်ယှက်ရန် မလုပ်တော့ပေ။ ထိုအစား ကျန်းရီက မည်သည့်ဝှက်ဖဲကို ထုတ်ပြမည်နည်းဟုသာ စိတ်ဝင်တစား စောင့်နေလိုက်လေသည်။

ဒန်...ဒုန်... ချန်...

ကျန်းရီက ဗျပ်စောင်းတီးနိုင်ရန် ခေါင်းငုံ့၍ ကြိုးစားနေဆဲပင်။ သူကအမှန်ပင် ဗျပ်စောင်းမတီးတတ်ခြင်းပင်။ အတိတ်တွင် သူသည် နတ်ဘုရားအသံလှိုင်းတောင်ကြား၌ တေးသွားတစ်ပုဒ်တီးခတ်ခဲ့ဖူးသော်လည်း ထိုစဉ်က သစ်ရွက်ကို တူရိယာအဖြစ် အသုံးပြုခဲ့ခြင်းပင်။ သို့သော် သူက မြင်ဖူးသည်ကို တုပနိုင်သူဖြစ်၍ မကြာခင်မှာပင် ဗျပ်စောင်းကို အသံမှန်မှန်ထွက်အောင် တီးနိုင်လာလေသည်။

ဟူး...ဟူး...

ကျန်းရီသည် သူ့ပတ်ပတ်လည်မှ ရေရွတ်သံများ၊ စကားပြောသံများကို လျစ်လျူရှု၍ ခေါင်းမော့ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် သူ တောင်ဘက်ရှိ သူတော်စင်ဝိညာဉ်တောင်ခြေကို ငေးကြည့်လိုက်သည်။ သူ၏အကြည့်က အလွန်နက်ရှိုင်းလာ၏။ သူက တောင်ကိုဖောက်၍ အကျဉ်းခန်းထဲ၌ တင်ပျဉ်ခွေထိုင်နေသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို မြင်နေရသကဲ့သို့ပင်။ ထိုအမျိုးသမီးသည် မြေဆွဲအားကြောင့် ခါးပင်မတ်မတ်မထားနိုင်ချေ။

“အမေ... ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မတွေ့နိုင်သေးပေမဲ့၊ ကျွန်တော့်မှာ အမေ့ကို ကယ်နိုင်မဲ့နည်းလမ်း မရှိသေးပေမဲ့၊ ဒီတေးသွားကို နားထောင်ပြီးရင်... ကျွန်တော် အမေ့အတွက် ရောက်လာတယ်ဆိုတာကို အမေသိသွားမှာပါ”

ကျန်းရီ တီးတိုးရေရွတ်ကာ မျက်လုံးမှိတ်လိုက်၏။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ သူ့ပေါင်ပေါ်ရှိ ဗျပ်စောင်းကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းကို အတန်ငယ် လှုပ်ရှား၍ တတိယစောင်းကြိုးကို ကုပ်လိုက်၏။ ကြွတ်ဆတ်နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အဝေးသို့ ပဲ့တင်ထပ်သွားကာ အားလုံး၏ နားထဲတွင် မြည်ဟီးသွားသည်။

“...”

တိုက်ပွဲကွင်းတစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်သွား၏။ လူများစွာသည် သူတို့၏စိတ်ဝိညာဉ် တုန်ယင်သွားသည်ကို ခံစားလိုက်ကြရ၏။ စောင်းသံက သူတို့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင် မြည်ဟီးသွားသကဲ့သို့ပင်။ ထိုအသံသည် စောင်းသံနှင့်ပင် မတူပင် ကျယ်လောင်သော ဟိန်းသံတစ်သံကဲ့သို့ ထင်ရပေသည်။

“အန်...”

ရီထူ၏ မျက်လုံးများ အရောင်လက်လာ၏။ သူသာမဟုတ် မြောက်ဘက်ပွဲကြည့်စင်၏ အမြင်ဆုံးအထပ်မှ အရေးကြီးပုဂ္ဂိုလ်ဆယ့်ခုနစ်ယောက်သည်လည်း ခါးမတ်သွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်များလည်း သက်ရောက်ခံလိုက်ရသည် မဟုတ်ပါလား။ ထိုအသံတွင် အလွန်စွမ်းအားကြီးသော စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ပါဝင်ပေသည်။

“တကယ်ပဲ...”

ချီချင်ချန်က ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်သဖြင့် ထိပ်ဆုံးအထပ်တွင် မထိုင်ဘဲ ဒုတိယတန်း အလယ်နားလောက်မှ ပွဲကြည့်ခန်းတစ်ခန်းတွင် ထိုင်သည်။ သူမ၏ တည်ငြိမ်နေသော မျက်နှာက ရုတ်တရက် ပြုံးသွားသည်။ သူမ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး ထိုအံ့အားသင့်ဖွယ်တေးသွားကို နားဆင်ရန် ဟန်ပြင်လိုက်လေသည်။

“ကျန်းရီရဲ့ သိမြင်နားလည်မှုက အဲ့လောက်နက်ရှိုင်းတဲ့အဆင့်ကို ရောက်နေပြီလား”

တိလင်အာ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု၊ ဝမ်းမြောက်မှုတို့နှင့် ပြည့်နှက်သွား၏။ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်က အလွန်ထူးခြားကြောင်း သူမ ကောင်းစွာသိသည်။ ၎င်းစွမ်းရည်ကို သိသူများစွာ ရှိသော်လည်း နက်ရှိုင်းသောအဆင့်အထိရောက်အောင် သိမြင်နားလည်နိုင်ရန် အလွန်ခက်ခဲပေသည်။ တိရှဘုံထဲတွင် ထိုစွမ်းရည်ကို အနက်ရှိုင်းဆုံးနားလည်သူမှာ သူမဖြစ်နိုင်သည်ဟု တိမင်က တိလင်အာကို ပြောခဲ့သည်။ သို့သော် သူမထက်ပို၍ နက်ရှိုင်းစွာ နားလည်ထားသူတစ်ယောက် ရှိနေပေသည်။

တုံ...

ကျန်းရီသည် ဗျပ်စောင်းကို ဖြည်းဖြည်းချင်း တီးခတ်နေသည်။ သို့သော် သူက ကျွမ်းကျွမ်းကျင်ကျင် မတီးခတ်တတ်သေး၍ အသံက မှန်သော်လည်း နားထောင်၍တော့ မကောင်းသေးပေ။ မည်သို့ပင်ဖြစ်စေ စောင်းသံထွက်ပေါ်လာတိုင်း လူများစွာ၏ စိတ်ဝိညာဉ်များက တုန်ယင်သွားကြသည်သာ။ သူတို့သည် စူးရှသော ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ကြရပေသည်။

တဖြည်းဖြည်းဖြင့်....

ကျန်းရီ၏ တီးခတ်နှုန်းက လျင်မြန်လာ၏။ သူက တီးခတ်နိုင်စွမ်းက လျင်မြန်စွာ တိုးတက်လာသည်။ သို့ဖြင့် တေးသွားက စည်းချက်ကျလာပြီး တေးသံတိုင်းက ကြွရွလာသည်။ ထိုတေးသွားသည် လူများစွာကို သွေးဆူလာစေပေသည်။ သူတို့သည် မုန်တိုင်းထန်နေသော မည်းမှောင်သည့်နေရာတစ်ခုထဲသို့ ရောက်သွားသည်ဟု ခံစားနေရပြီး အသက်ရှူသံများ မမှန်ကြတော့ပေ။

နောက်ဆုံးတွင် အားလုံးသည် ကျန်းရီကို ကွဲပြားသော အကြည့်များဖြင့် ကြည့်လာကြသည်။ မည်သူကမှ သူ့ကို လှောင်ပြောင်မနေတော့ချေ။ ကျန်းရီ၏ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်က တိလင်အာ၏ ဆန်းကြယ်စွမ်းရည်ထက် ပိုအစွမ်းထက်ကြောင်း ထင်ရှားနေသည်။ သူက ဗျပ်စောင်းမတီးတတ်ခြင်းသာ။

တင်...တုံ...ရွှမ်...ရွှမ်...

ကျန်းရီသည် ဗျပ်စောင်းကို လက်နှစ်ဘက်ဖြင့် လျင်မြန်စွာ တီးလိုက်၏။ တေးသွားသံက ပိုသွက်လာသည်။ အစောတွင် ထန်နေခဲ့သော မုန်တိုင်းက ယခု တညီတညွတ်တည်း ချီတက်လာသော စစ်တပ်ကြီးတစ်တပ်အဖြစ် ပြောင်းလဲသွား၏။ လူများစွာ၏ ခန္ဓာကိုယ်များမှနေ၍ သတ်ဖြတ်အရှိန်အဝါများ စတင်ထွက်လာကြသည်။ ကျန်းရီ၏ တီးခတ်မှုကလည်း ပို၍ပြင်းထန်လျင်မြန်လာသည်။ စိတ်ဝိညာဉ်အားနည်းသော သိုင်းသမားအချို့၏ မျက်ဝန်းများက စတင်နီရဲလာ၏။ သူတို့ သောင်းကျန်းမိတော့ပေမည်။

ကျန်းရီ၏ တီးခတ်နှုန်းက လုံးဝနှေးမသွားသေးဘဲ ပို၍ပင်လျင်မြန်လာပြီး အထွတ်အထိပ်သို့ ဆက်တက်နေသည်။ ဒိုင်ပွဲကြည့်ခန်းသုံးခန်းမှနေ၍ စွမ်းအားကြီး သိုင်းသမားသုံးယောက် ပျံထွက်လာပြီး ပွဲကြည့်စင်တစ်စင်စီသို့ သွားလိုက်ကြ၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်၍ ကျန်းရီ၏ တေးသွားသံအများစုကို ဦးတည်ချက်ပြောင်းလိုက်ကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

တစ်ချိန်တည်းမှာပင် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက ပွဲကြည့်စင်တိုင်းတွင် ထွက်ပေါ်လာပြီး မျက်လုံးများနီရဲနေသူအချို့ကို မေ့မြောသွားအောင် လုပ်လိုက်ကြ၏။ ထို့နောက် သူတို့၏ ကောင်းကင်စွမ်းအားကို လည်ပတ်စေကာ သူတို့၏လက်နက်များကို ဆုပ်ကိုင်ထားလိုက်ကြသည်။ ထိုစဉ် စွမ်းအားကြီး သိုင်းသမားများစွာ၏ ခေါင်းထဲတွင် မာကြောသောအသံတစ်သံ ထွက်ပေါ်လာ၏။

“နေရာကို ထိန်းချုပ်ထား။ စောင်းတီးတာကို ဘယ်သူကမှ မနှောင့်ယှက်ရဘူး။ စောင်းသံကို မခံနိုင်တော့တဲ့သူတွေကို သတိမေ့သွားအောင် လုပ်လိုက်”

အသံပို့လွှတ်လိုက်သူမှာ ရီထူပင်။ သူက သူတာ်စင်ဝိညာဉ်ဘုံတွင် ဝိညာဉ်ဘုရင်ပြီးသည်နှင့် ဒုတိယအာဏာအရှိဆုံးသူဖြစ်၍ ပွဲကြည့်စင်များပေါ်ရှိ မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများသည် ချက်ချင်းထရပ်ကာ အသင့်ပြင်လိုက်ကြသည်။ တစ်စုံတစ်ယောက်က စောင်းသံ၏ လွှမ်းမိုးမှုအောက်သို့ ရောက်သွားလျှင် သူတို့သည် ထိုလူကို သတိမေ့သွားအောင် လုပ်လိုက်ကြသည်။ မည်သူကမှ ကျန်းရီ၏ တီးခတ်မှုကို နှောင့်ယှက်၍မရပေ။

ကျန်းရီ၏ လက်ချောင်းများက ပို၍ပင် လျင်မြန်စွာ လှုပ်ရှားလာ၏။ လူများစွာသည် သူ၏ တီးခတ်ပုံကိုပင် မမြင်နိုင်တော့ပေ။ အကယ်၍ ထိုဗျပ်စောင်းကသာ ရတနာတစ်ခု မဟုတ်လျှင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီးလောက်ပေပြီ။

အစောတွင် ဗျပ်စောင်းမှ တေးသွားက တညီတညွတ်တည်း ချီတက်လာသော စစ်တပ်ကြီးတစ်တပ် ဖြစ်ခဲ့လျှင် ယခု၌ ၎င်းက အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားလာသော ဧရာမဆူနာမီလှိုင်းလုံးကြီးတစ်ခု ဖြစ်သွားပေပြီ။ စကြဝဠာနဂါးငွေ့တန်းက တုန်ခါလာပြီး တောင်များကို ထက်ခြမ်းခွဲနိုင်သည့် ငလျင်တစ်ခု လှုပ်ခတ်လာသလိုမျိုးပင်။ မလှမ်းမကမ်းရှိ သူတော်စင်ဝိညာဉ်တောင်ကလည်း ပြိုကျတော့မလိုပင်။

ပွဲကြည့်စင်များမှ လူအများစုသည် မျက်လုံးများ နီရဲလာကြပြီး သူတို့၏ ကောင်းကင်စွမ်းအားကို လည်ပတ်စေကာ သူတို့၏လက်စွပ်များထဲမှနေ၍ လက်နက်များ ထုတ်လိုက်ကြသည်။ အချို့ဆိုလျှင် သူတို့ဘေးမှ လူများကို နှလုံးသားကင်းမဲ့စွာ စတင်တို်ကခိုက်လိုက်ကြသည်။ ယခုတွင် မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများသည်လည်း စောင်းသံ၏ လွှမ်းမိုးမှုကို ခံလာရသဖြင့် အခြားသူများကို သတိမေ့အောင်လုပ်ကာ နေရာကိုထိန်းချုပ်ရန် မဆိုထားနှင့် သူတို့ကိုယ်တိုင်ပင် မလှုပ်နိုင်ကြတော့ချေ။

ရွှီး...ရွှီး...

ပွဲကြည့်စင်တစ်ခုစီ၏ အရှေ့တွင် ရပ်နေကြသော စွမ်းအားကြီး သိုင်းသမားသုံးယောက်သည် သူတို့၏ အရှိန်အဝါများကို လျင်မြန်စွာ ထုတ်လွှတ်၍ လူအုပ်ကို ဖိနှိပ်ထားလိုက်ကြ၏။ သူတို့သည် အားနည်းသော သခင်လေးများနှင့် သခင်မလေးများအားလုံးကိုလည်း သတိမေ့သွားအောင် လုပ်လိုက်ကြသည်။ သူတို့သာ မလှုပ်ရှားခဲ့လျှင် ပွဲကြည့်စင်သုံးစင်၌ သွေးထွက်သံယို ဖြစ်သွားပေလိမ့်မည်။

ထန်...

အကြွင်းမဲ့ စွမ်းအားကြီးသော သိုင်းသမားသုံးယောက်က မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများကို သတိမေ့သွားအောင် လုပ်သင့်၊ မလုပ်သင့် တွေးတောနေစဉ်တွင် ကျန်းရီ၏ တီးခတ်နှုန်းက ရုတ်တရက် နှေးသွားပြီး အလွန်လွမ်းမောဖွယ်ကောင်းသော တေးသွားတစ်ခု ထွက်ပေါ်လာ၏။ ရီထူနှင့် စွမ်းအားကြီး သိုင်းသမားသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်အေးသွားဟန် သက်ပြင်းချလိုက်ကြ၏။ သူတို့၏ နဖူးထက်တွင် ဇောချွေးများ ပြန်နေပေပြီ။

ထိုသို့ဇောချွေးပြန်ရခြင်းမှာ တိုက်ပွဲကွင်းကို မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်၍ မဟုတ်ပေ။ ထိုအခိုက်တွင် သူတို့ကိုယ်တိုင်ပင် အသိလွတ်လာသလို ခံစားလာရသောကြောင့်သာ။ ကျန်းရီသာ အထွတ်အထိပ်အထိရောက်အောင် ဆက်တီးနေလျှင် သူတိုကိုယ်တိုင်လည်း လူများကို လိုက်သတ်မိပေလိမ့်မည်။

‘ကြောက်စရာပဲ...’

လေးယောက်သား ကျန်းရီကို လှမ်းကြည့်ကာ ကြောက်ရွံ့သွားကြသည်။ ထိုငွေမျက်နှာဖုံးနှင့်လူက အလွန်စွမ်းအားကြီးလွန်းသည်။ သူက လူအုပ်တစ်ခုလုံးကို ရူးသွားအောင် လုပ်မိလုနီးပါးပင်။ မြောက်ဘက်ပွဲကြည့်စင်တွင်လည်း ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများသည် သခင်လေး၊ သခင်မလေးများစွာကို သတိမေ့သွားအောင် လုပ်ခဲ့ရသည်။ ထိုသခင်လေး၊ သခင်မလေးတော်တော်များများက နတ်ဘုရားဧကရာဇ်အဆင့် ရှိကြသူများပင်။

ထိုအခိုက်တွင် ရီထူသည် အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ကျန်းရီကို ဆက်မတီးတော့ရန် အတင်းတားလိုစိတ်ပေါ်လာ၏။ မဟုတ်လျှင် ဤတိုက်ပွဲကွင်းက အမှန်ပင် တိုက်ပွဲပြင်တစ်ခု ဖြစ်သွားပေလိမ့်မည်။ သို့သော် သူသည် ကျန်းရီ၏ တေးသွားက မည်သို့သော သက်ရောက်မှုမျိုး ဆက်ဖြစ်စေမည်ကို သိလိုနေသဖြင့် တားလည်းမတားလိုချေ။

မည်သို့သော သက်ရောက်မှုမျိုး ဆက်ဖြစ်စေသည်ကို ရီထူ မကြာခင်မှာပင် သိလိုက်ရသည်။

ကျန်းရီ၏ တီးခတ်နှုန်းက နှေး၍ နှေး၍လာသည်။ တေးသွားကလည်း မှိုင်းညို့၍ လာသည်။ ရီထူတစ်ယောက် ထိုတေးသွားကို နားထောင်နေရင်း တဖြည်းဖြည်း စိတ်ညှိုးငယ်လာသည်။ ငါးမိနစ်ကြာပြီးနောက် ရီထူ ရုတ်တရက် အသိဝင်လာ၏။ သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အလွန်အံ့အားသင့်သွားသည်။

သူ့မျက်ဝန်းမှနေ၍ မျက်ရည်များ စီးကျနေပေသည်။

***

All Chapters