သားရဲလေးကောင်၏ တညီတညွတ်တည်းဟိန်းသံ
Vol. 105 Ch. 1461
မျက်ရည်များက အလိုလို ကျလာခြင်းပင်။ ရီထူသာမဟုတ် ချီချင်ချန်မှလွဲ၍ ပြိုင်ပွဲကွင်းထဲရှိ အသိရှိနေကြသေးသူများအားလုံး စတင်ငိုကြွေးခဲ့ကြသည်။ လူတော်တော်များများသည် သူတို့ မျက်ရည်ကျနေသည်ကိုပင် သတိမပြုမိခဲ့ကြပေ။
စွမ်းအားကြီး စိတ်ဝိညာဉ်ရှိသည့် ဘွဲ့ထူးရ စစ်နတ်ဘုရားမှလွဲ၍ ကျန်လူအားလုံး ငြိမ်သက်နေကြ၏။ သူတို့သည် ဗျပ်စောင်းသံကို နားဆင်ရင်း အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။ သူတို့က ကလေးအရွယ်သို့ ပြန်ရောက်သွားကာ သူတို့၏အမေကို သူတို့ထံမှ ဆွဲခေါ်သွားသည်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။ သူတို့ မည်မျှကြိုးစားရှာဖွေပါစေ သူတို့၏ အမေများက အဝေးတွင် ပျောက်ကွယ်သွားသည်သာ။ ထို့ကြောင့် သူတို့က အသည်းအသန် ပြေးလွှားငိုကြွေးရင်း ကျန်ခဲ့ကြသည်။
ဤပြိုင်ပွဲကွင်းထဲတွင် ထိုင်နိုင်သူများက စိတ်ဓာတ်မာကြောသူများသာ ဖြစ်ကြသည်။ လူအများစုသည် လောကဓံအနိမ့်အမြင့်များကို တွေ့ကြုံပြီးသူများဖြစ်ကြသဖြင့် ပုံမှန်ဆိုလျှင် ဗျပ်စောင်းသံလေးလောက်က သူတို့ကို လူကြားထဲတွင် ငိုကြွေးအောင်လုပ်နိုင်ဖို့ မဆိုထားနှင့် ဝမ်းနည်းစိတ်ပင် ဖြစ်စေမည် မဟုတ်ချေ။
ရီထူလည်း ထိုအတွက် အတော်လေး အံ့အားသင့်နေသည်။ သူသည် တစ်ခဏမျှ တွေးတောပြီးနောက် ကျန်းရီ၏ တီးခတ်ပုံတွင် ထူးခြားမှုတစ်ခု ရှိနေပြီး ၎င်းက လူတစ်ယောက်၏ ခံစားချက်များနှင့် အတွေးများအပေါ် လွှမ်းမိုးနိုင်ခြင်းဟု ကောက်ချက်ချလိုက်သည်။
‘အဲ့တေးသွားကလည်း ထူးဆန်းနေတယ်...’
ရီထူသည် အတန်ကြာအောင် ဆက်နားထောင်ပြီးနောက် ထူးဆန်းမှုတစ်ခုကို ရှာတွေ့လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းရောင် လက်သွားသည်။ ထို့နောက် သူ ချီချင်ချန်၏ ပွဲကြည့်ခန်းကို လှမ်းကြည့်ကာ အသံပို့လွှတ်လိုက်လေသည်။
“သခင်မလေးချင်ချန်.. အဲ့ကောင်လေးက တကယ်ပဲ အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားတာလား”
“သိမြင်နားလည်သွားတယ်လို့တော့ ကျွန်မ မပြောချင်ဘူး...”
ချီချင်ချန်က အသံပြန်ပို့လွှတ်ကာ ရှင်းပြလိုက်သည်။
“သူက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာ ကံကောင်းပြီး စည်းချက်တစ်ခုကို မှတ်သားနိုင်ခဲ့တယ်။ သူကိုယ်တိုင်တော့ အဲ့စည်းချက်နောက်ကွယ်က အနှစ်သာရအစစ်အမှန်ကို နားမလည်လောက်သေးဘူးလို့ ကျွန်မထင်တယ်။ သူက အဲ့ဒါကို အခုတေးသွားထဲမှာ ထည့်ပေါင်းပြီး တေးသွားကို ပိုစွမ်းအားကြီးအောင် လုပ်နေတာပဲ။ သူ့ရဲ့ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်က အရမ်းမြင့်တဲ့အဆင့်ကို ရောက်နေပြီ။ သူသာ အဲ့အနှစ်သာရကို နားလည်သွားရင် သူ့အနာဂတ်က တိုင်းဆလို့မရအောင် တောက်ပနေမှာပဲ”
“အဲ့ကောင်လေးက တကယ့်ကို ကံကောင်းတာပဲ”
ရီထူသည် ကျန်းရီကို အားကျမှုနှင့် ကြည့်လိုက်၏။ ရီထူ နတ်ဘုရားဧကရာဇ် အထွတ်အထိပ်အဆင့်၌ ရှိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူသည် အနှစ်သာရတစ်ခုကို မသိမြင်နားမလည်သေးသဖြင့် အုပ်ချုပ်သူအဆင့်သို့ မတက်လှမ်းနိုင်သေးချေ။ သူ၏ဖခင် ဝိညာဉ်ဘုရင်က အကယ်၍ နောက်ဆယ်နှစ်အတွင်း သူ အနှစ်သာရတစ်ခုကို နားမလည်နိုင်သေးလျှင် သေသည်အထိ နားလည်နိုင်တော့မည်မဟုတ်ဟု ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် သူ ယခုထက်ပို၍ စွမ်းအားကြီးလာနိုင်တော့မည် မဟုတ်ချေ။
ရီထူ အသံပို့လွှတ်မှုကို ရပ်တန့်လိုက်ပြီး ကျန်းရီ၏ တေးသွားကိုသာ အာရုံပြန်စိုက်၍ ၎င်းတေးသွားမှနေ၍ အနှစ်သာရတစ်ခုကို နားလည်နိုင်ပါစေဟု မျှော်လင့်လိုက်သည်။
ထိုအခိုက်တွင် သတိမေ့နေသူများမှလွဲ၍ သခင်လေးများနှင့် သခင်မလေးများအားလုံး မိန်းမောနေကြသည်။ ထိုသူများထဲတွင် ကျန်းရှောင်နူလည်း ပါဝင်၏။ သခင်မလေးများ၏ မျက်ဝန်းများထဲမှနေ၍ မျက်ရည်များက မြစ်ရေကဲ့သို့ စီးကျနေပေသည်။
ချီချင်ချန်၏ မျက်ဝန်းများကလည်း အရောင်လက်နေ၏။ သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းသည့် အရိပ်အယောင်တစ်ခု ရှိနေပေသည်။
ချီချင်ချန်သည် စောင်းသံ၏ လွှမ်းမိုးမှုကို မခံရသော်လည်း နောက်ဆုံးတွင် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ တေးသွား၏ နောက်ကွယ်မှ အဓိပ္ပာယ်၊ အဘယ်ကြောင့် ကျန်းရီက ရီဖျောင်ဖျောင်ကို တွေ့လိုခဲ့ရခြင်းနှင့် အဘယ်ကြောင့် သူတော်စင်အကျဉ်းထောင် ဆယ့်ရှစ်ထပ်မြောက်၌ ကျန်းရီတစ်ယောက် ထူးထူးဆန်းဆန်း ပြုမူခဲ့ရခြင်းတို့ကို သိသွားသည်။
ရီဖျောင်ဖျောင်က ချီချင်ချန်၏ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ချီချင်ချန် မွေးလာချိန်တွင် ရီဖျောင်ဖျောင်က အထက်ဘုံ၏ နံပါတ်တစ် အလှပဂေးတစ်ယောက် ဖြစ်နေပေပြီ။ သူမက အလွန်ပါရမီထူးပြီး သူမ၏အကျင့်စရိုက်က အလွန်တက်ကြွသည်။ သူမသည် အံ့အားသင့်ဖွယ်၊ မယုံနိုင်ဖွယ်ကိစ္စများစွာကို လုပ်ခဲ့သည်။ ချီချင်ချန်သည် ရီဖျောင်ဖျောင်၏ ဇာတ်လမ်းများကို နားဆင်ရင်း ကြီးပြင်းခဲ့ရသူဖြစ်၍ ရီဖျောင်ဖျောင်ကို သူမ၏စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။ တစ်နေ့တွင် ရီဖျောင်ဖျောင်ကဲ့သို့သော လူတစ်ယောက် ဖြစ်လာနိုင်ရန်အတွက်လည်း ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် ချီချင်ချန် အောင်မြင်ခဲ့ပေသည်။ သူမသည် ရီဖျောင်ဖျောင်၏ နံပါတ်တစ်အလှပဂေးဆိုသော ဂုဏ်ပုဒ်ကို အရယူနိုင်ခဲ့ရုံသာမက ရီဖျောင်ဖျောင်နှင့်လည်း ညီအစ်မများ ဖြစ်လာခဲ့သည်။ သူမတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ခဲ့သည်။ နောက်ပိုင်းတွင် ရီဖျောင်ဖျောင် မည်သို့ဆက်ဖြစ်သွားကြောင်းကိုလည်း သူမ ကောင်းစွာသိသည်။ ရီဖျောင်ဖျောင်က အနိမ့်ဘုံမှ သေမျိုးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး လက်ထပ်ကာ သားတစ်ယောက် မွေးခဲ့သည်။
ယခု ကျန်းရီ တီးခတ်နေသော တေးသွားသည် မိခင်ပျောက်သော ကလေးတစ်ယောက်က သူ့မိခင်ကို အသည်းအသန်လိုက်ရှာနေသည့် မြင်ကွင်းတစ်ခုကို ပုံဖော်နေသည်။ ထိုတေးသွားထဲတွင် မခံမရပ်နိုင်သော နာကျင်မှု၊ မုန်းတီးမှုနှင့် လွမ်းဆွတ်မှုတို့ ရှိနေပေသည်။
ချီချင်ချန်သည် အပိုင်းအစများကို ဆက်စပ်ကြည့်လိုက်သောအခါ နောက်ဆုံးတွင် ကျန်းရီက ရီဖျောင်ဖျောင်၏သားဖြစ်ကြောင်း နားလည်သွားတော့သည်။ သူမ အလွန်ဝမ်းနည်းသွား၏။ သူမက ကျန်းရီ၏ခံစားချက်ကို အတန်ငယ် နားလည်နေသလိုပင်။ ကျန်းရီ၏ ခရီးက မည်မျှခက်ခဲခဲ့မည်၊ သူက မည်မျှ ကူကယ်ရာမဲ့ခဲ့ကာ နာကျင်ဝမ်းနည်းခဲ့ရမည်၊ သူ့အမေက တောင်အောက်တွင် ဖိခံထားရသည်ကို သူက မည်သို့မှ လုပ်မပေးနိုင်သဖြင့် မည်မျှ မချင့်မရဲဖြစ်နေမည်ကို သူမ သိပေသည်။
ရွှီး...
ရုတ်တရက်...
တောင်ဘက်ရှိ သူတော်စင်ဝိညာဉ်တောင်မှနေ၍ အလင်းတစ်ခု လင်းလက်လာ၍ ရီထူ၊ ချီချင်ချန်နှင့် အခြားသူများ အံ့ဩသွားကြ၏။ ရီထူက ချက်ချင်း ကောင်းကင်စိတ်အာရုံထုတ်လွှတ်ကာ အာရုံခံလိုက်သည်။ ထို့နောက် သူ မျက်နှာထား ပြောင်းသွားလေသည်။ ချီချင်ချန်သည် ယင်းကို သတိပြုမိလိုက်၍ အသံပို့လွှတ်ကာ မေးလိုက်၏။
“ဘာဖြစ်တာလဲ”
“ကျုပ်လည်း မသေချာဘူး”
ရီထူက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတော၍ အသံပြန်ပို့လွှတ်လိုက်၏။
“အခု သူတော်စင်အကျဉ်းထောင်ထဲက တစ်ယောက်ယောက်က အကျဉ်းထောင်တံခါးကို အပြင်းအထန် တိုက်ခိုက်နေပုံပဲ။ အဲ့ဒါကြောင့် သူတော်စင်ဝိညာဉ်တောင်ပေါ်က အကာအရံတွေ လင်းလက်လာတာ။ ကျုပ်ညီမလေးက... ရူးသွားပြီလား”
ရွှီး...
ထိုအခိုက်တွင် ကျန်းရီ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ တီးခတ်နေမှုလည်း ရပ်တန့်သွားသည်။ သူသည် တောက်ပနေသော သူတော်စင်ဝိညာဉ်တောင်ကိုကြည့်၍ တုန်ယင်လာလေသည်။ ရုတ်တရက် သူ့နှုတ်ခမ်းစွန်းတွင် ကလေးတစ်ယောက်၏ အပြုံးကဲ့သို့သော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
ရီဖျောင်ဖျောင်က သူ၏တေးသွားကို ကြားသွားပြီဖြစ်ကြောင်း ကျန်းရီ သိပေသည်။ ယခုတွင် သူက သူမအတွက် ရောက်လာကြောင်းကို ရီဖျောင်ဖျောင် သိသွားပေပြီ။
သူတော်စင်ဝိညာဉ်တောင်ပေါ်မှ အကာအရံများက ခေတ္တမျှ လင်းလက်နေပြီးနောက် ပြန်မှိန်သွား၏။ ထိုမှ ကျန်းရီသည် ဗျပ်စောင်းကို ပြန်တီး၍ အလွန်ကြွပ်ဆတ်သော အသံတစ်သံ ဖန်တီးလိုက်၏။ သူ သူတော်စင်ဝိညာဉ်တောင်ကို လွမ်းမောစွာ ငေးကြည့်၍ အမျိုးသမီးတစ်ယောက်က အကျဉ်းခန်း၏ နံရံကို တဘုန်းဘုန်းထုနှက်ကာ သူ့အမည်ကို အော်ခေါ်နေသည့်ပုံစံကို အတွေးထဲတွင် ပုံဖော်လိုက်သည်။
ယောက်ျားတစ်ယောက်က အလွယ်တကူ မငိုသင့်ပေ။
ကျန်းရီသည် သူ၏အားနည်းသောအပိုင်းကို အခြားသူများအား ပြသရသည်ကို မည်သည့်အခါတွင်မှ မကြိုက်ခဲ့ပေ။ သို့သော် ရီဖျောင်ဖျောင်က သူတော်စင်အကျဉ်းထောင်းထဲတွင် သူ့အမည်ကို တကြော်ကြော်ခေါ်နေသည့် ပုံရိပ်ကို အတွေးထဲတွင် ပုံဖော်မိသောအခါ သူ့မျက်ဝန်းများထဲမှ မျက်ရည်များ လျှံတက်လာသည်။ ရုတ်တရက် ကျန်းရီ၏ရင်ထဲတွင် ဒေါသများ ပြည့်နှက်သွားတော့သည်။ သူ့မျက်ဝန်းများ နီရဲလာပြီး သူ ဗျပ်စောင်းကို ထပ်မံ၍ ပြင်းထန်စွာ တီးခတ်လိုက်လေသည်။
လွန်စွာခက်ထန်သောတေးသွား ထပ်မံထွက်ပေါ်လာသည်။ ဤတစ်ခေါက်တွင် တေးသွားက အကန့်အသတ်မဲ့သော ဒေါသ၊ အမုန်းတရားနှင့် သတ်ဖြတ်အရှိန်အဝါတို့ကို သယ်ဆောင်လာသည်။ ကျန်းရီသည် ထိုတေးသွားအား အသုံးပြု၍ သူ၏အမျက်ဒေါသကို ဝိညာဉ်မျိုးနွယ်တစ်ခုလုံးကို ပြသလိုနေပေသည်။
“ကျန်းရီ ရပ်လိုက်...”
မိုလင်းချိုးက အသံလှမ်းပို့လွှတ်လိုက်၏။ ရီထူကလည်း အော်ပြောလိုက်သည်။
“ကောင်းပြီ... ရပ်လိုက်တော့”
ကျန်းရီသည် ထိုနှစ်ယောက်ကို အရေးမစိုက်ဘဲ ပိုလျင်မြန်စွာ တီးခတ်လိုက်၏။ မိုလင်းချိုးနှင့် ရီထူတို့၏ အော်သံများ ထပ်မံထွက်ပေါ်လာသည်။
“မင်း ရူးနေလား။ မြန်မြန်ရပ်လိုက်တော့”
ဝှစ်...
မိုလင်းချိုးသည် သူ၏ပွဲကြည့်ခန်းထဲမှ ပျံထွက်လာ၏။ ရီထူကလည်း အရှိန်အဝါထုတ်လွှတ်၍ ကျန်းရီကို တားရန် ဟန်ပြင်လိုက်သည်။ ယခုတွင် သူတို့နှစ်ယောက် တစ်ခုခုလုပ်ရပေမည်။ ပွဲကြည့်ပရိသတ်များစွာက စတင်သောင်းကျန်းကြတော့မည်ဖြစ်သည်။ ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများပင် ထိုတေးသွားကို ကြာရှည်မခံနိုင်လောက်တော့ပေ။ ဤအတိုင်းသာ ဆက်သွားပါက တိုက်ပွဲကွင်းတစ်ခုလုံး သွေးလွှမ်းသွားပေလိမ့်မည်။
“ဖူး...”
ကျန်းရီသည် ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်၍ သွေးအန်လိုက်၏။ ဗျပ်စောင်းကို တီးခတ်နေသော သူ၏လက်ချောင်းများကလည်း အလွန်လျင်မြန်လာသည်။ ထိုအခိုက်တွင် သူ့အတွေးထဲ၌ အလင်းတစ်ချက် လက်သွားသလိုပင်။ တံဆိပ်စာလုံးများ စတင် ထွက်ပေါ်လာကာ ရီထူနှင့် မိုလင်းချိုးတို့၏ အမြန်နှုန်းက ရုတ်ခြည်း နှေးကွေးသွားသည်။ သူတို့၏ စိတ်ဝိညာဉ်များက စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ ထိုတိုက်ခိုက်မှုက အလွန်သက်ရောက်မှုကြီးမားပေသည်။
ဝှစ်...
ချီချင်ချန်သည် သူမ၏ပွဲကြည့်ခန်းထဲမှ ပျံထွက်လာပြီး ကျန်းရီထံ ဦးတည်ပျံသန်းသွားလိုက်၏။ သူမ ကျန်းရီကို တားဖို့လုပ်ခြင်းမှာ အဓိကရုဏ်းတစ်ခု ဖြစ်လာတော့မည်မို့ မဟုတ်ပေ။ ကျန်းရီက ချီဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်းကို ကြုံတွေ့ရတော့မည်ဖြစ်၍ပင်။ သူသာ ဆက်တီးခတ်နေလျှင် သေသွားလောက်ပေသည်။
ရွှမ်း...
ချီချင်ချန်က ကျန်းရီဆီ မရောက်သေးခင်မှာပင် စောင်းကြိုးများ ပြတ်သွားပြီး ကျန်းရီ ဗျပ်စောင်းပေါ်သို့ သွေးအန်ချလိုက်သည်။ ထိုဗျပ်စောင်းက အလွန်စွမ်းအားကြီးသော ရတနာတစ်ခုဖြစ်သည်။ သို့ပင်လျှင် ကျန်းရီ၏ တီးခတ်မှုကို ကြာရှည်မခံနိုင်ခဲ့ပေ။ စောင်းကြိုးများ ပြတ်သွားသည်နှင့် အောက်ဘက်မှ စောင်းခုံကလည်း စတင်အက်ကွဲလာကာ နောက်ဆုံးတွင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားလေသည်။
ဟိန်း...ဝူ...ချီ...အူ...
မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံများ တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။ ဟိန်းသံ၊ အော်သံများက အလွန်ကျယ်လောင်သဖြင့် ၎င်းအသံများကို ကီလိုမီတာငါးသန်းအတွင်း ကြားနိုင်ပေသည်။ ထိုအသံများကြောင့် သူတော်စင်ဝိညာဉ်တောင်ပင် အတန်ငယ် တုန်ခါသွားသည်။ ကြောက်မက်ဖွယ် သားရဲအရှိန်အဝါများကလည်း ကီလိုမီတာငါးသန်း အဝန်းအဝိုင်းကို လွှမ်းခြုံသွားသည်။
ဝိညာဉ်ဘုရင်ဟောင်း ကျဆုံးသွားကတည်းက အိပ်စက်နေခဲ့ကြသော နတ်သားရဲလေးကောင်သည် ယခုတွင် နိုးထလာပြီး တညီတညွတ်လည်း ဟိန်းအော်လိုက်ကြပေသည်။
***